Breaking News

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁၅ရက် မြောက်နေ့ မြင်ကွင်း ...



မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁၅ရက် မြောက်နေ့ မြင်ကွင်း ...

(မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂၀၂၁

အရေးတော်ပုံ အောင်ရမည် မဟုတ်ဘူး။ အောင်ကို အောင်ရမည် ....

မြန်မာပြည်သူတဝှမ်းလုံးက ဒီနေ့ကို အထွေထွေဝန်ထမ်းသပိတ် တဆင့်တိုးမြှင့်ဖို့ တိုက်ပွဲခေါ်ထားတာပါ။ မနေ့က အင်တာနက်တွေဖြတ် စစ်တပ်က တင့်ကားတွေပါ ခေါ်ပြီး မြို့ရွာတွေထဲ လှည့် နေရာယူ။ ညဖက်မှာ ခြိန်းခြောက် ဖမ်းဆီးတာတွေ လုပ်ဖို့ ကြိုးစား။ ဒါတွေကို တိုးပြီး လုပ်ထားတယ်။ ဒါပေမယ့် ၁၅ရက်နေ့ မနက်ခင်းမှာတော့ ပြည်သူတွေက လမ်းပေါ်မှာ ရောက်နေကြပြီ။ အင်တာနက်ဖွင့်လိုက်ချိန်မှာ လူတွေက မကြောက်တရားကို ထွန်းညှိပြီး အမှောင်ထဲမှာ ကြံ့ကြံ့ခံနေကြတယ်ဆိုတာ ထုတ်ပြလိုက်ကြပါတယ်။

ဒိနေ့မှာ အစိုးရဘဏ်တွေ စီဒီအမ်မှာ ပါဝင်ဖို့ တောင်းဆိုကြတဲ့ လူငယ်တွေ ပြည်သူတွေကို တွေ့ရတယ်။ ရန်ကုန်က ဗဟိုဘဏ်အပါအဝင် အစိုးရဘဏ်တွေကို လူထုက ပိတ်ဆို့ပြီး ဝန်ထမ်းသပိတ်မှောက်ဖို့ ထုတ်ဖော်ကြပါတယ်။ ပုဂ္ဂလိကဘဏ်လုပ်ငန်းတွေ ရပ်လိုက်ပြီလို့ သတင်းတက်လာပြီးနောက် ဘဏ်လုပ်ငန်း၏ ဝန်ထမ်းသပိတ်ဟာ အောင်မြင်မှုတွေ နောက်တဆင့် ခြေလှမ်းလှမ်းလိုက်ပြီ ဆိုတာကို ထင်ရှားသွားပါတော့တယ်။

မနေ့က ဆန်းဒေးမှာ မလွှကုန်းက မီးရထားအိမ်ရာက အစပြုပြီး တပြည်လုံး အစိုးရမီးရထားဝန်ထမ်းတွေက အလုပ်မဆင်းကြောင်း သပိတ်ကို ထုတ်ဖော်ခဲ့ကြတယ်။ စစ်တပ်နဲ့ ရဲတွေက အင်အားပြခြီန်းခြောက်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ဘူး။ ပြည်သူက ညီညွတ်တော့ ဒါကို စစ်တပ်က မထိုးဖောက်နီုင်ပါဘူး။ မနေ့က မြစ်ကြိးနားမှာ လျပ်စစ်ဓာတ်အားပေးရုံးကို စစ်တပ်ကသိမ်း၊ လူထုနဲ့ သတင်းထောက် ၅ ဦးကို ဖမ်းခဲ့ဆယ်။ အခု သတင်းအဖွဲ့အစည်းတွေ ပြည်သူတွေ တောင်းဆိုလို့ ဒီနေ့မှာ သူတို့ (အကုန်အစင်တော့ မသိ) ပြန်လွတ်လာတယ်။ နေပြည်တော်စစ်တပ်ကလည်း ဖမ်းထားတဲ့ သပိတ်မှောက်ပြည်သူအချို့ကို ပြန်လွှတ်ပေးတယ် ဆိုပါတယ်။

မန္တ လေးအပါအဝင် နယ်မြို့တွေအချို့မှာ စစ်တပ်က အကြမ်းဖက် ဖြိုခွဲတယ်၊ လူထုထဲကို သေနတ်နဲ့ ပစ်ခတ်မှုတွေ ဖြစ်ပါတယ်။ အဲသည်အတွက် လူထုဆီက တင်းမာမှုတွေ ပိုမြင့်မားလာတာကို တွေ့ရပါတယ်။ ရန်ကုန်က တင့်ကားတွေကိုလည်း လူထုက မှုပုံမရပါဘူး။ ရန်ကုန် NLD ရုံးချုပ်ကို စစ်တပ်က ပိတ်ဆို့ထားလို့ လူထုက ဝိုင်းပြီး ကန့်ကွက်ကြတယ်။ လူထုပင်လယ်ကြီးက လာဝိုင်းတဲ့ စစ်တပ်ကိုပါ ထပ်ပြီး နောက်က ဝိုင်းထားလို့ စစ်တပ်က နောက်ဆုတ်သွားတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ စစ်တပ်က လူထုကို ကြောက်ပြီး နောက်တွန့်သွားအောင် လုပ်ပြနေပေမယ့် လူထုက ရှေ့တိုးနေပြီ ဖြစ်ပါတယ်။

ဒီနေ့မှာ လူထုစိတ်ဝင်စားတဲ့ သတင်းကတော့ တရုတ်နဲ့ မြန်မာစစ်ကောင်စီ ဆက်ဆံရေးဖြစ်ပါတယ်။ စစ်တပ်က ရန်ကုန်မြို့ထဲ တင့်ကားတွေ ခေါ်တာဟာ ထိုင်းလို တရုတ်ပြည် (ဟောင်ကောင်) မှာလို လုပ်တဲ့ ပုံစံပါပဲ။ မနေ့ညက အင်တာနက်တွေ ဖြတ်ပြီး တရုတ်ပြည် ကူမင်းနဲ့ လေယျာဉ်ပျံတွေ ပျံသန်းကြတယ်လို့ သတင်းတွေ တက်လာပါတယ်။ နိုင်ငံတကာက မြန်မာစစ်ကောင်စီနဲ့ ဆက်ဆကံရေးတွေ ရပ်တန့်နေချိန်မှာ တရုတ်ပြည်တပြည်တည်းက မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးဆက်လက်ဆောင်ရွက်နေတာဟာ သိသာထင်ရှားတဲ့ အချက်ဖြစ်ပြီး ပြည်သူတွေနဲ့ နိုင်ငံတကာက အမြဲသတိပြုနေရတာကို ပိုပြီး ထင်ရှားသွားစေပါတယ်။ ကောက်ချက်တခုကတော့ မြန်မာတိုင်းရင်းသားလက်နက်ကိုင်တွေကော မြန်မာစစ်အာဏာရှင်တွေကောက တရုတ်ကွန်မြူနစ်အစိုးရ၏ သဘောထားမပါရင် ဘာခြေလှမ်းမှ မလုပ်ဘူးလို့ မှတ်သားရတော့မှာ ဖြစ်ပါတယ်။

ဒီနေ့မှာ စိတ်ဝင်စားစရာသတင်းတွေ ဆွေးနွေးချက်တွေကတော့ ဘဏ်လုပ်ငန်းသပိတ်အောင်မြင်မှုလိုမျိုး အစိုးရဌာနတွေ၏ အထွေထွေဝန်ထမ်းသပိတ်ကို ဆက်လက်ချဲ့ထွင်နိုင်ရေးဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်း ဆေးရုံ ဆေးခန်း သပိတ်တွေဟာ ပထမဆုံးပစ်လွှတ်လိုက်တဲ့ တိုက်ပွဲခေါ် မီးရှူးတိုင်ဖြစ်ပါတယ်။ အဲသည်နောက်နေ ကျောင်းဆရာတွေ ၊ အင်ဂျင်နီယာတွေ၊ မီးရထား၊ ဘဏ်လုပ်ငန်းနဲ့ အထွေထွေ ရုံးဌာနတွေက ဝန်ထမ်းတွေ သပိတ်တိုက်ပွဲ ဆင်နွှဲလာကြပါတယ်။ အစိုးရယန္တရားကြီးက ခုချိန်မှာ ၅၀% ဝန်းကျင် ရပ်တန့်နေပြီလို့ ဆိုနိုင်ပါတယ်။ လတ်တလော ပြောဆိုနေုကြတာက စည်ပင်သာယာဝန်ထမ်းတွေ ဘယ်တော့ သပိတ်ထဲ ဝင်လာမလဲ ဆိုတာ ဖြစ်ပါတယ်။ စစ်အစိုးရယန္တယား ရပ်တန့်သွားအောင် ဝိုင်းလုပ်ကြတဲ့နေရာမှာ ဆရာဝန်တွေ သူနာပြုတွေတောင် ရပ်တည်နေကြချိန်မှာ စည်ပင်ဝန်ထမ်းတွေကလည်း မိမိတို့ ခံယူချက် ရပ်တည်ချက်နဲ့ ထုတ်ဖော်ကြရမှာ ဖြစ်တယ်လို့ သဘောထားပေးကြတာကို တွေ့ရပါတယ်။

ဒီနေ့မှာ သတင်းသမားတွေနဲ့ တိုက်ရိုက်သက်ဆိုင်တာ တခုကတော့ စစ်ကောင်စီက နက်ဖြန် ၂ နာရီမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို မြန်မာစာနယ်ဇင်း သတင်းထောက်များက တက်ရောက်ရေးလား ဆန့်ကျင်ရေးလား ဖြစ်ပါတော့တယ်။ အချို့က စစ်ကောင်စီသတင်းစာရှင်းလင်းပွဲကို သပိတ်မှောက်ဖို့ ပြောဆိုကြပါတယ်။ သတင်းထောက်တွေက အစိုးရမဟုတ်တဲ့ လွတ်လပ်တဲ့သတင်းဌာနလုပ်ငန်းဖြစ်တဲ့အတွက် အစိုးရဝန်ထမ်းသပိတ် CDM နဲ့ မဆိုင်ပါဘူး။ သို့သော်လည်း စစ်ကောင်စီ၏ သတင်းစာလွတ်လပ်ခွင့် သတင်းသမားများ လွတ်လပ်စွာ သတင်းယူခွင့်ကို ပိတ်ဆို့ ခြိမ်းခြောက် ဖမ်းဆီး နှိပ်ကွပ်နေမှုတွေကြောင့် ကန့်ကွက်တဲ့အနေနဲ့ တဦးချင်း ဖြစ်စေ၊ လုပ်ငန်းအနေနဲ့ ဖြစ်စေ မတက်ရောက်ဘဲ ဆန္ဒထုတ်ဖော်တာကိုတော့ လုပ်ခွင့်ရှိမယ် ထင်ပါတယ်။ နိုင်ငံခြားသတင်းထောက်တွေ သံတမန်တွေကတော့ သူတို့နိုင်ငံ၏ သဘောထားနဲု့အညီ ရပ်တည်ကြရမှာ ဖြစ်ပါတယ်။ ယခုအချိန်မှာ သတင်းထောက်တွေအနေနဲ့ သတင်းယူခွင့် မေးမြန်းခွင့် စစ်ကောင်စီ၏ သဘောထားနဲ့ တုန့်ပြန်ချက်များကို တိုက်ရိုက်ဆုံတွေ့ စိစစ်ထုတ်ဖော်ခွင့် ပြည်သူကို တင်ပြခွင့် စစ်အာဏာသိမ်းပြီး နောက် ပထမဆုံးအကြိမ် ရမယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။ လူထုတွေ၏ သဘောထားကိုလည်း သတင်းထောက်တွေက တင်ပြပြီး စစ်အာဏာရှင်တွေ၏ ဖြေကြားမှုကို မှတ်တမ်းတင်ထားနိုင်ပါတယ်။ တက်ရောက်ခဲ့ရင်လည်း သတင်းထောက်တွေ၏ အရည်အသွေးကို ပြည်သူတွေ မြင်ခွင့်ရမယ် အကဲဖြတ်ခွင့်ရမယ်။ သတင်းဌာနတွေက ဘယ်လိုသတင်းရေးသားကြတယ်ဆိုတာကိုလည်း လူထုက တွေ့ကြရမှာ ဖြစ်ပါတယ်။

အရေးတော်ပုံ အောင်ရမည် မဟုတ်ဘူး။ အောင်ကို အောင်ရမည် ပဲ လို့ ပြည်တွင်းက မိတ်ဆွေတဦးက မှတ်ချက်ပေးပါတယ်။