Breaking News

လက်နက်ကိုင် အဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု နဲ့ တော်လှန်ရေးရဲ့ ပုံရိပ်

မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၃ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၂၂


လက်နက်ကိုင် အဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု နဲ့ တော်လှန်ရေးရဲ့ ပုံရိပ်

လက်နက်ကိုင် အဖွဲ့တွေက လက်နက်မဲ့ အရပ်သားတွေကို သတ်ဖြတ်ခြင်းဟာ ယေဘုယျအားဖြင့် ရာဇဝတ်မှုသာဖြစ်ပြီး တဦးမက သတ်ဖြတ်တာမျိုး အစုလိုက်အပြုံလိုက် သတ်ဖြတ်တာမျိုး ဆိုခဲ့ရင် စစ်ရာဇဝတ်မှုအဖြစ်နဲ့ အကြမ်းဖျင်းသတ်မှတ်ကြလိမ့်မှာဖြစ်ပါတယ်။ 

စစ်ကောင်စီက လူ့အခွင့်အရေး ချိုးဖောက်မှုရော စစ်ရာဇဝတ်မှုပါ ကျူးလွန်နေတယ်ဆိုတာ အငြင်းပွားစရာ မရှိပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုကျူးလွန်တိုင်း ကျူးလွန်တဲ့ လက်နက်ကိုင် အဖွဲ့ဟာ ချက်ချင်း အင်အားချည့်နဲ့သွားတာမျိုး လူထုထောက်ခံမှု ကျဆင်းသွားတာမျိုး မဟုတ်ဘဲ ကျူးလွန်မှု အရေအတွက် အတိုင်းအတာ၊ နိုင်ငံရေး အရကျဆုံးမှု၊ စစ်ရေးကျဆုံးမှုတွေ ထပ်ဆင့်လာတဲ့နောက်မှာ တဖြည်းဖြည်းအင်အားချည့်နဲ့တာ၊ စစ်ရေးအရ ကျဆုံးမှုတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက လွတ်လပ်ရေးတိုက်ပွဲကနေ မွေးဖွားလာတဲ့ စစ်တပ်ကို ပြန်ဆန်းစစ်ကြည့်ရင် ဖက်ဆစ်ဝါဒနဲ့ နယ်ချဲ့တဲ့ ဂျပန်တွေက စစ်ပညာလေ့ကျင့်ပေးခဲ့ပြီး လူ့အခွင့်အရေး၊ နိုင်ငံတကာ ဥပဒေစံနှုန်း လိုမျိုးတွေနဲ့ စတင်သင်ကြား လေ့ကျင့်ခဲ့တာမဟုတ်ပါဘူး။ နိုင်ငံရေး ရည်မှန်းချက်မှာ ကိုလိုနီလက်အောက်က လွတ်မြောက်ဖို့ မွန်မြတ်တဲ့ ရည်မှန်းချက်ဖြစ်ခဲ့ပေမယ့် လက်တွေ့ကျင့်သုံးမှုအပိုင်းမှာ နိုင်ငံတကာ ဥပဒေတွေ ကျင့်ဝတ်တွေကို သင်ကြားလိုက်နာခဲ့ရတာမျိုး မဟုတ်ပါဘူး။ 

ဖဆပလ ခေတ် ဗကပတွေနဲ့ တိုက်ခိုက်ခဲ့ရာမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ခိုက်ခဲ့ရာမှာ အထက်ကလို စံချိန် စံနှုန်းတွေ ကျင့်ဝတ်တွေနဲ့ ကျင့်သုံးပြီးတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဗမာ့တပ်မတော်ဟာ လက်ဝဲဝါဒ ကိုင်စွဲတဲ့ လက်နက်ကိုင်တွေနဲ့ ပတ်သက်လို့ဖြစ်စေ တိုင်းရင်းသားလူနည်းစုတွေ နဲ့ ပတ်သက်လို့ဖြစ်စေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများအပြားရှိခဲ့တာ ဖြစ်ပါတယ်။ ၁၉၅၀ ပြည့်နှစ်နဲ့ ၆၀ ပြည့်နှစ်တွေက ဗကပ တွေနဲ့ တိုက်ခိုက်ရာမှာ သူပုန်ဆို ရှေ့တန်းမှာမိရင် အရှင်ဖမ်းမလာနဲ့ ၊ စစ်မေးစရာရှိ စစ်မေးပြီး အစဖျောက်ခဲ့ဆိုတာမျိုး စာအုပ်ထဲ ဥပဒေထဲ ရေးသားမှတ်တမ်းတင်မထားပေမယ့် အားလုံးသိတဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိခဲ့တာလို့ ကြားသိရပါတယ်။ 

ဗကပ လက်နက်ကိုင် အဖွဲ့ထဲက နာမည်ကြီးစာရေးဆရာ တဦးကို တိုက်ပွဲမှာ လက်ရဖမ်းဆီးရမိစဥ်မှာ ဗိုလ်ကြီးဖြစ်သူက အဆိုပါ စာရေးဆရာရဲ့ စာဖတ်ပရိသတ်၊ စာရေးဆရာကို လေးစားသူဖြစ်နေတာကြောင့် အရှင်ဖမ်းလာပြီး နောက်တန်းကို အပ်ခဲ့တယ် ဆိုပါတယ်။ အဆိုပါစာရေးဆရာကို အရှင်ဖမ်းလာတဲ့အတွက် အဆိုပါ စစ်ဗိုလ်ကို အထက်က အလုပ်ရှုပ်အောင် လုပ်တယ်ဆိုပြီး နောက်ပိုင်း အပြစ်တင်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်တွေဟာ ဗမာ့တပ်မတော် တနည်းအားဖြင့် ဒီနေ့အထိမြန်မာ့နိုင်ငံရေးမှာ အာဏာရယူထားတဲ စစ်တပ်ရဲ့ အစဥ်အလာ ဖြစ်ပြီး ယနေ့ကာလကတော့ ရုပ်အဆိုးဆုံးကာလကိုရောက်နေတာ ဖြစ်ပါတယ်။ 

ဝေးဝေးပြန်ပြောင်းမကြည့်ဘဲ အနီးဆုံး ဖြစ်ရပ်တွေကိုကြည့်ရင် ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ ခုနှစ်တွေ တုန်းကလည်း ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ သိန်းနဲ့ချီ ထွက်ပြေးရတဲ့ ဖြစ်စဥ်တွေဖြစ်လာစေတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ၊ နိုင်ငံတကာတရားရုံးမှာ မျိုးတုန်းသတ်ဖြတ်မှုလို့ စွဲဆိုခံရတဲ့ ကိစ္စတွေ ဖြစ်ခဲ့သလို အေအေ နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာလည်း အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာ ပစ်ခတ်သတ်ဖြတ်တာတွေ အများအပြားရှိခဲ့သလို မုဒိမ်းကျင့်တဲ့ ဖြစ်ရပ်များစွာထဲက ဖြစ်ရပ်တခုကို တရားရုံးရောက်ပြီး ပြစ်ဒဏ်ချမှတ်ခံရတဲ့ အထိ ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။ 

အဆိုပါ ၂၀၁၇/ ၁၈/၁၉ ခုနှစ်တွေ မတိုင်ခင် ၁၉၉၀ ပြည့်နှစ်များအတွင်း ဗမာ့တပ်မတော်ရဲ့ ရှမ်းပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ၊ ကရင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှု အပြစ်မဲ့တဲ့ အရပ်သားတွေ ကိုသတ်ဖြတ်မှု၊ အမျိုးသမီးတွေအပေါ် မုဒိမ်းကျင့်မှုတွေက အစီရင်ခံစာတွေထဲ မှတ်တမ်းမှတ်ရာတွေ နဲ့ ရှိခဲ့ပြီးဖြစ်ပါတယ်။ 

ဗမာ့တပ်မတော်ရဲ့ ရည်မှန်းချက်က လွတ်လပ်ရေးသာဖြစ်ပြီး လူ့အခွင့်အရေး စံနှုန်း၊ နိုင်ငံတကာ ဥပဒေ၊ တိုင်းရင်းသားလူမျိုးစုတွေ အမျိုးသမီး၊ ကလေးသူငယ်တွေ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ အခွင့်အရေးတွေကို လေးစားလိုက်နာရကောင်းမှန်း စည်းကမ်း ချမှတ်လိုက်နာစေတဲ့ တပ်မတော်မဟုတ်ခဲ့ပါဘူး။ အခြားတဖက်မှာ အဓမ္မလုပ်အားစေခိုင်းမှုတွေ ဖြစ်တဲ့ ပေါ်တာ ခိုင်းတာ၊ အချို့အခြေအနေမှာ ပေါ်တာတွေကို သတ်ဖြတ်တာ၊ ကျေးလက်နဲ့ မြို့ပေါ်တွေမှာ အရပ်သားတွေကို လုံခြုံရေးစည်းမျဥ်း ချိုးဖောက်တယ်ဆိုပြီး ရိုက်နှက် ညှဉ်းဆဲတာ ဒဏ်ပေးတာတွေ ခေတ်အဆက်ဆက်မှာ ကျူးလွန်ခဲ့ကြလို့ ၄င်းတို့အဖို့ ဒီလိုကျင့်သုံးတာဟာ မှန်တယ်လို့တောင် ထင်မြင်ယူဆနေကြတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ 

ဒီနေ့ ပြောချင်တဲ့ ကိစ္စက ဗမာ့တပ်မတော် လို့ဆိုတဲ့ စစ်အာဏာရှင် တပ်မတော်အကြောင်းထက် စစ်အာဏာသိမ်းပြီး ပေါ်ထွက်လာတဲ့ ယေဘုယျအမည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေအကြောင်း ဖြစ်ပါတယ်။ ယေဘုယျ အမည်အနေနဲ့ PDF လို့ခေါ်ဆိုကြပေမယ့် ဒေသအလိုက် မိမိတို့ အဖွဲ့အမည်ကို အမျိုးမျိုးပေးထားကြတာ ဖြစ်ပြီး ခြုံပြောရင် နဂိုရှိပြီး တိုင်းရင်းသားလက်နက်ကိုင်မဟုတ်တဲ့ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ အဖွဲ့တွေကို PDF လို့ ခေါ်ဆိုကြတာ ဖြစ်ပါတယ်။ 

PDF တွေအနေနဲ့ တဖက်က စစ်အာဏာရှင်တပ်တွေ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မကျူးလွန်မိအောင် ကျူးလွန်ခဲ့ရင် အပြစ်ပေး အရေးယူတဲ့ စည်းမျဥ်းစည်းကမ်း၊ စနစ်တွေ ရှိဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်ပါတယ်။ လတ်တလော ပျံ့နှံ့နေတဲ့ ဗီဒီယို ကလစ်တခုမှာ သတင်းပေးလို့ စွပ်စွဲခံရတဲ့ အမျိုးသမီးတဦးကို PDF တပ်ဖွဲ့ဝင်တွေက လမ်းပေါ်မှာ ညှင်းပန်းနှိပ်စက်ပြီး ပစ်သတ်လိုက်တဲ့ အဖြစ်အပျက်ကို မှတ်တမ်းအဖြစ် တွေ့ရပါတယ်။

 ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ၆ လခန့်က ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းတွေက ဆိုကြပြီး တမူး PDF တပ်ရင်း တရင်းက တပ်ဖွဲ့ဝင်တွေ ကျူးလွန်ခဲ့ကြတယ်လို့ ယူဆရပါတယ်။ ဒီအဖြစ်အပျက်ဟာ လက်နက်မဲ့ အရပ်သား တဦးလည်းဖြစ် ဒိထက်ဆိုရရင် အမျိုးသမီးတဦးကို သတင်းပေးလို့ စွပ်စွဲပြီး ညှဉ်းဆဲသတ်ဖြတ်ခဲ့တာ ဖြစ်လို့ PDF အဖွဲ့တွေရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်တာ အမှန်ပဲဖြစ်ပါတယ်။ 

အရေအတွက်အားဖြင့် ရာဂဏန်း ထောင်ဂဏန်းချီတဲ့ သတ်ဖြတ်မှုတွေ နေအိမ်မီးရှို့မှုတွေလို စစ်ကောင်စီ ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ နှိုင်းယှဥ်စရာ မဟုတ်ပေမယ့် သတင်းပေး ၊ ဒလန် ၊ စစ်ကောင်စီ ဒေါက်တိုင်လို့ စွပ်စွဲပြီး လုပ်ကြံသတ်ဖြတ်တာ ၊ ညှဉ်းဆဲသတ်ဖြတ်တာတွေဟာလည်း လက်နက်မဲ့ အရပ်သားတွေအပေါ် ကျူးလွန်တာ ဖြစ်လို့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ များပြားလာတဲ့အနေအထားမှာ စစ်ရာဇဝတ်မှုတွေအဖြစ် သတ်မှတ်ခံရနိုင်တာဖြစ်ပါတယ်။ 

တမူးက ဖြစ်ရပ်အပေါ်မှာ NUG အနေနဲ့ တိုက်ရိုက်တာဝန်ခံရမယ်လို့ ဆိုလိုတာမဟုတ်သော်လည်း မူဝါဒအရ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စစ်ရာဇဝတ်မှုတွေကို အရေးယူ အပြစ်မပေးနိုင်ခဲ့ရင် နောက်ထပ် မဖြစ်ပေါ်အောင် မတားဆီးနိုင်ခဲ့ရင် ဂုဏ်သိက္ခာအားဖြင့် ဖက်ဒရယ်ဒီမိုကရေစီ တော်လှန်ရေး ရဲ့ ပုံရိပ်ကို ထိခိုက်လိမ့်မှာ အသေအချာဖြစ်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar