Breaking News

သီအိုဇော် - မလေးရှား ရွေးကောက်ပွဲနှင့် နိုင်ငံရေးအပြောင်းအလဲများ ( ၁ )

သီအိုဇော် - မလေးရှား ရွေးကောက်ပွဲနှင့် နိုင်ငံရေးအပြောင်းအလဲများ ( ၁ )

(မိုးမခ) ဒီဇင်ဘာ ၃၊ ၂၀၂၂


မလေးရှားနိုင်ငံရဲ့ ကျင်းပခဲ့ပြီးသမျှ ရွေးကောက်ပွဲတွေထဲမှာ ဒီ (၁၅) ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲကို ပိုစိတ်ဝင်စားမှု ရှိမိပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ပတ်သက်ပြီး ယခင် အာဏာသိမ်းဖြစ်စဥ်နဲ့ ကွဲပြားမှုများ တွေ့မြင်လာရတယ်လို့ ဆိုနိုင်တဲ့ မလေးရှားအစိုးရ(ဟောင်း)ရဲ့ ရပ်တည်မှု၊ အထူးသဖြင့် NUG အစိုးရနဲ့ ပေါ်ပေါ်တင်တင် တွေ့ဆုံမှုများ ပြုလုပ်လာတဲ့ နိုင်ငံခြားရေးဝန်ကြီး(ဟောင်း) ‘ဆိုင်ဖူဒင် အဗ္ဗဒူလာ’ (Saifuddin Abdullah) သတင်းများကြောင့်လို့လည်း ဆိုရပါမယ်။ အာဆီယံဒေသတွင်း နိုင်ငံချင်းလည်း ဖြစ်တဲ့အတွက် ရွေးကောက်ပွဲရလဒ် ကွက်ကွက်လေးကိုသာမက နောက်ခံအကြောင်း အချို့ကိုလည်း စူးစမ်းသင့်တယ်လို့ ထင်မိပါတယ်။

မလေးရှား နိုင်ငံရေးပါတီ အင်အားစုများ

မလေးရှားအဓိက နိုင်ငံရေးပါတီအင်အားစုများ အကြောင်းကတဆင့် ခြေရာပြန်ကောက်ကြည့်ရင်ဖြင့် သူတို့တတွေရဲ့ လာရာနဲ့ လားရာကို ပိုမြင်နိုင်မှာ ဖြစ်သလို၊ မတူကွဲပြားကြတဲ့ ပါတီများရဲ့  သမိုင်းနောက်ခံကိုလည်း ပိုပြီးရှင်းလင်းစေလိမ့်မယ်လို့ ယူဆမိပါတယ်။ ဒါပေမဲ့ သိပ်ဝေးဝေးလံလံအထိတော့လည်း နောက်ကြောင်းပြန်မှာ မဟုတ်ပါဘူး။

မျက်မှောက်ကာလမှာ ရွေးကောက်ပွဲကို ပါတီတခုတည်းအနေနဲ့ ဝင်ရောက်ယှဥ်ပြိုင်ကြတာထက် မဟာမိတ် တပ်ပေါင်းစုသဏ္ဌာန်စုဖွဲ့မှုတွေ ပြုပြီး ဝင်ပြိုင်လာကြပါတယ်။ အစိုးရဖွဲ့နိုင်လောက်တဲ့ အနေအထားရှိတယ်လို့ သတ်မှတ်နိုင်တဲ့ အဓိကပါတီအစုအဖွဲ့ကြီး ၃ ခု ရှိပါတယ်။ သက်တမ်းအရှည်အကြာပေါ် မူတည်ပြီး စီစဥ်ရေးသားရရင်တော့  ‘Barisan Nasional’(BN)၊ ‘Pakatan Harapan’(PH) နဲ့ ‘Perikatan Nasional’ (PN) လို့  ဆိုရပါမယ်။

‘BN’ မဟာမိတ်ပါတီကြီးရဲ့ အဓိကဦးဆောင်ပါတီကတော့ ‘United Malays National Organization’(UMNO) ပါတီပါ၊ ၁၉၅၇ ခုနှစ် ပထမဦးဆုံးဝန်ကြီးချုပ်ကစလို့  ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲမတိုင်မီအထိ ဝန်ကြီးချုပ် အားလုံးဟာ ‘UMNO’ ပါတီကပဲ ဖြစ်ပါတယ်။ ‘မဟာသီယာမိုဟာမက်’ (Mahathir Mohamad) တယောက် (၁၉၈၁-၂၀၀၃) ခုနှစ်အထိ မလေးရှားနိုင်ငံရဲ့ ၄ ကြိမ်မြောက် ဝန်ကြီးချုပ်အဖြစ် ၂၂ နှစ် ဆက်တိုက် လုပ်ခဲ့စဥ်တုန်းကလည်း သူက ‘UMNO’ပါတီဝင် အနေနဲ့ ‘BN’ ညွန့်ပေါင်းပါတီကို ဦးဆောင်ခဲ့တာပါ။

ဒီလို မလေးရှားနိုင်ငံရေးကို ကြီးစိုးထားခဲ့တဲ့ ‘BN’ မဟာမိတ်ပါတီဟာ ၂၀၁၈ ရွေးကောက်ပွဲမှာတော့ ရွေးကောက် ပွဲရှုံးတဲ့ အရသာကို ပထမဦးဆုံး ခံစားခဲ့ရပါတယ်။ ၂၀၁၆ ခုနှစ်က ‘UMNO’ က နုတ်ထွက်သွားခဲ့တဲ့ ‘မဟာသီယာ’ ဦးဆောင်တဲ့ ‘PH’ ညွန့်ပေါင်းပါတီကို ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ခြင်းပါ။ သူ့ရဲ့မိခင်ပါတီကတော့ ‘Malaysian United Indigenous Party’ (BERSATU) ဖြစ်ပြီး ‘PH’ အလံအောက်က ရွေးကောက်ပွဲဝင်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ‘မဟာသီယာ’က အသက် (၉၃) နှစ်နားကပ်နေပြီဖြစ်လို့ ကမ္ဘာ့အသက်အကြီးဆုံး အစိုးရအဖွဲ့ခေါင်းဆောင် အဖြစ် စာရင်းဝင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ ကျင်းပတဲ့ (၁၄) ကြိမ်မြောက် ရွေးကောက်ပွဲဟာ ‘PH’ ညွန့်ပေါင်းပါတီအနေနဲ့  ပထမဆုံး ရွေးကောက်ပွဲလို့ ဆိုနိုင်ပေမယ့် ‘PH’ မှာ အဓိကပါဝင်တဲ့ ‘People Justice Party’ (‘Parti Keadilan Pakyat’ သို့မဟုတ်  ‘PKR’)၊’ Chinese Democratic Action Party’ (DAP) ပါတီတို့က ‘Pan-Malaysian Islamic Party’(Parti Islam Se-Malaysia or ‘PAS’)တို့နဲ့ ပူးပေါင်းပြီး ‘Pakatan Rakyat’(PR) မဟာမိတ်အနေနဲ့ လှုပ်ရှားခဲ့ဖူးပါတယ်။

‘PKR’က ဝန်ကြီးချုပ်သစ်‘အန်နဝါ အီဘရာဟင်’(Anwar Ibrahim)ရဲ့ ပြုပြင်ပြောင်းလဲရေး ရှေ့တန်းတင်တဲ့ ပါတီ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ‘DAP’ဟာ တရုတ်နွယ် မလေးရှားလူမျိုးများ ထောက်ခံကြတဲ့ပါတီဖြစ်ပြီး ‘PAS’နဲ့ ‘DAP’ကြား သဘောထားမတိုက်ဆိုင်မှုတွေ ရှိလာကြပြီးတဲ့နောက် (PR) မဟာမိတ်လည်း တခန်းရပ်ခဲ့ပါတယ်။ ‘PKR’နဲ့ ‘DAP’ကတော့ ‘PH’ညွန့်ပေါင်းအဖွဲ့ရဲ့ အမာခံပါတီများအဖြစ် ဆက်လက်ရပ်တည်ကြပါတယ်။ အခု ‘PAS’ ကတော့ ‘PN မဟာမိတ်အင်အားစုရဲ့ အဓိက ပါတီတခုအဖြစ် ရပ်တည်နေပါတယ်။ ၂၀၁၈ ရွေးကောက်ပွဲမှာ  ‘PH’ ညွန့်ပေါင်းပါတီထဲက အမတ် (၁၀) နေရာနဲ့အထက် အနိုင်ရရှိတဲ့ပါတီများကတော့ ‘PKR’၊‘DAP’၊‘BERSATU’နဲ့ ‘Parti Amanah Negara’ (AMANAH) ပါတီတို့ ဖြစ်ပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ ‘BN’ ညွန့်ပေါင်းအာဏာရနေတာကို ယှဥ်ပြိုင်နိုင်ဖို့အတွက် ကျန်တဲ့အတိုက်အခံပါတီတွေကလည်း တွဲလိုက်၊ ကွဲလိုက် သံသရာထဲ တဝဲလည်လည် ဖြစ်ခဲ့ရတာ မလေးရှားနိုင်ငံရေးမှာ မျက်စိလည်စရာပါပဲ။ ဒါ့ကြောင့် သက်ဆိုင်မယ် ထင်သလောက်ကိုပဲ ကောက်နုတ်ဖော်ပြ သွားလိုပါတယ်။ ဒီလိုမှ မဟုတ်လို့ကတော့ အတွဲ၊ အကွဲ နာမည်များနဲ့တင် မလေးရှားနိုင်ငံရေးကို စိတ်ကုန်သွားလောက်ပါတယ်။

မလေးရှားနိုင်ငံရေးလောကမှာ ပါတီတွေ တွဲလိုက် ခွဲလိုက်ဖြစ်ကြတဲ့အပြင် အမတ်များကိုယ်တိုင်ကလည်း ပါတီ တခုကနေ တခု ကူးကြ ပြောင်းကြ ဖြစ်လေ့ရှိပါတယ်။ မဲဆန္ဒရှင်တွေခမျာလည်း ကိုယ် သဘောကျတဲ့ပါတီ ဆိုလို့ သာ မဲထည့်လိုက်ရတယ်၊ နောက်ကျတော့ ကိုယ် မဲထည့်ရွေးချယ်လိုက်တဲ့ အမတ်က ကိုယ်မကြိုက်တဲ့ ပါတီကို ခုန်ကူးသွားတာ စိတ်မသက်မသာနဲ့ တွေ့ရတတ်ပြန်ပါတယ်။

ဒါကို စကားသက်သက်အဖြစ်နဲ့သာ ပြောတာမဟုတ်ပါဘူး။ ဒီကိစ္စတွေ ဘယ်လောက်အထိ ရှုပ်ထွေးလာသလဲ ဆိုရင် ‘Anti-Hopping Law’ဆိုပြီး အမတ်များ ပါတီတခုကနေ နောက်တခု ပြောင်းတာကို တားမြစ်ဖို့ ရည်ရွယ်တဲ့ ဥပဒေတရပ်အတွက် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄၉) ကို ဖြည့်စွက်ပြင်ဆင်ပေးခဲ့ရပြီး အောက်တို ဘာလ ၅ ရက်နေ့က စတင်အသက်ဝင်ခဲ့ပါပြီ။ ဒီဥပဒေကလည်း ဟာကွက်တွေတော့ ရှိနေဆဲပါ။ ပြီးတော့ ပါတီ တရပ်အနေနဲ့ ညွန့်ပေါင်းလုပ်ထားရာကနေ နုတ်ထွက်သွားတာမျိုးကိုလည်း မတားဆီးနိုင်ဘူးလို့ ဆိုပါတယ်။

ဒီလို ပါတီအကူးအပြောင်းတွေက နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်ပေါ်ခဲ့စေပါတယ်။ နီးနီးကပ်ကပ် ဥပမာပေးရရင် ၂၀၁၈ ရွေးကောက်ပွဲနိုင်ပြီး ‘PH’ အစိုးရဖွဲ့လာနိုင်ခဲ့ပေမယ့် ‘Malaysian United Indegenous Party’ (BERSATU) ပါတီ ‘PH’ကနေ ထွက်သွားခဲ့တာကလည်း ‘PH’ ကို အထိနာစေပါတယ်။ ပြီးတော့ ‘အန်နဝါ’ရဲ့ ‘PKR’ပါတီက ဒု- ဥက္ကဋ္ဌတဦးဖြစ်သူ ‘အာ့ဇ်မင်အာလီ’ (Azmil Ali) အပါအဝင် အမတ် ၁၁ ဦးလည်း ထွက်ကြနဲ့ ‘PH’ ညွန့်ပေါင်း အစိုးရလည်း (၂၂) လပဲ ခံခဲ့ပြီး ‘PN’ ညွန့်ပေါင်းအစိုးရ ပေါ်ပေါက်လာပါတယ်။

ထွက်သွားတဲ့ အမတ် ၁၁ ဦးထဲမှာ NUG နဲ့ တွေ့ဆုံမှုတွေလုပ်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီး(ဟောင်း) ‘ဆိုင်ဖူဒင် အဗ္ဗဒူ လာ’လည်း ပါဝင်ပါတယ်။ ‘PH’ ညွန့်ပေါင်းအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့သူ ‘ဆိုင်ဖူဒင်’က နောက်ပိုင်း ‘BERSATU’ ပါတီကို ဝင်လိုက်ပြီး ‘PN’ ညွန့်ပေါင်းအစိုးရမှာ ‘ဆက်သွယ်ရေးနဲ့မီဒီယာ’ဝန်ကြီးဖြစ်လာပါတယ်။ ‘PN’ ညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ်ဖြစ်လာသူကတော့ ‘PH’က နုတ်ထွက်သွားတဲ့ ‘BERSATU’ ခေါင်းဆောင် ‘မူဟစ်ဒင် ယာဆင်’ (Muhyiddin Yassin)ပဲ ဖြစ်ပါတယ်။  ‘PN’ ညွန့်ပေါင်းပါတီက အခု (၁၅) ကြိမ် မြောက်ရွေးကောက်ပွဲမှာ ဒုတိယ အမတ်နေရာအများဆုံးရရှိခဲ့ပြီး ‘PH’ ညွန့်ပေါင်းအစိုးရထဲမှာ မပါဝင်ဘဲ အတိုက်အခံအဖြစ်နဲ့သာ ရပ်တည် သွားမယ်လို့ ဆိုထားပါတယ်။

နဂိုကတည်းက သပွတ်အူလို ရှုပ်ထွေးတဲ့ မလေးရှားနိုင်ငံရေးလောကအကြောင်းဖြစ်လို့ အချို့အကြောင်းအရာတွေကို အသေးမစိတ်တော့ပါဘူး။ ‘PH’ အစိုးရ ဘယ်လိုပြိုကွဲခဲ့ရတယ်ဆိုတဲ့အကြောင်း ထဲထဲဝင်ဝင် သိလိုသူများ အနေနဲ့ကတော့ ‘ရှယ်ရတန်အရွှေ့’ (Sheraton Move)လို့ အမည်တွင်ခဲ့တဲ့ ပါတီအတွင်းလူများ၊ အတိုက်အခံများ Sheraton ဟိုတယ်မှာ တွေ့ဆုံတိုင်ပင်ကြတဲ့ ကိစ္စကို ဆက်လက် လေ့လာသင့်တယ်လို့ မြင်ပါတယ်။ 

‘PH’ ညွန့်ပေါင်းအစိုးရနောက်က တက်လာတဲ့  ‘PN’ ညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ် ‘မူဟစ်ဒင် ယာဆင်’ရဲ့ သက်တမ်းကလည်း ၁၇ လခန့်ပဲကြာပါတယ်။ရွေးကောက်ပွဲမတိုင်မီက ‘BN’ ညွန့်ပေါင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်‘ အစ္စ မေးလ် ဆပ်ဘရီယာကွတ်’(Ismail Sabri Yaakob)ရဲ့  သက်တမ်းက ၁၅ လလောက်ပဲဆိုတော့ ပိုလို့တောင် တိုတောင်းခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ၁၄ ကြိမ်မြောက် မလေးရှားပါလီမန်သက်တမ်း ၄ နှစ်ကျော်အတွင်းမှာ မတူညီတဲ့ ညွန့်ပေါင်းမဟာမိတ်ပါတီ ၃ ခုက ဝန်ကြီးချုပ် ၃ ဦးကို မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ပဲ ပြောရလိမ့်မယ် ထင်ပါတယ်။ 

သက်တမ်းရာနဲ့ချီတဲ့ ပါလီမန်ဒီမိုကရေစီစနစ်များမှာတောင် မတူကွဲပြားတဲ့ ပါတီတွေစုစည်း ဖြစ်ပေါ်လာတဲ့ ညွန့် ပေါင်းအစိုးရများ အတော်လေးကို ရုန်းကန်လှုပ်ရှားကြရတာ မြင်သိထားရလေတော့ ‘မလေးရှားလည်း ဘာသားနဲ့ ထုထားပေလို့လဲ’ လို့သာဆိုရတော့မှာပါ။

နိုင်ငံရေး အပေးအယူ၊ နောက်ကျောဓားနဲ့ထိုးမှု၊ ပါဝါလွန်ဆွဲမှု၊ ကျောချမ်းစရာ နိုင်ငံရေးလှည့်ကွက်များနဲ့   ဖြစ်ရပ်မှန် ဇာတ်လမ်းတပုဒ်၊ မလေးရှားနိုင်ငံရေး ဦးဆောင်အသိုင်းအဝိုင်းအကြား စိတ်ကူးယဥ် လျှို့ဝှက်ဆန်းကြယ်ဝတ္ထု လိုက်မမီအောင် ဖြစ်ပျက်ခဲ့တာပါ။ ဒါတွေကို မျက်မြင်ကိုယ်တွေ့  ကြုံကြိုက်ကြရပြီးတဲ့နောက် ‘အရစ္စတိုတယ်’ (Aristotle)နဲ့ ‘မက်ခီယာဗယ်လီ’ (Niccolo Machiavelli) ဘယ်သူ့ရဲ့ နိုင်ငံရေးပုံစံခွက်ထဲ  ထည့်သင့်သလဲဆိုတာကိုတော့ ကာယကံရှင် မလေးရှားနိုင်ငံသားတွေ ကိုယ်တိုင်ကပဲ ဆုံးဖြတ်သင့်တယ် ထင်ပါတယ်။

‘အန်နဝါ’ရဲ့ပါတီ ‘PKR’ရဲ့ သတင်းအချက်အလက်ဆိုင်ရာ အကြီးအကဲလည်းဖြစ်၊ ဒီ(၁၅) ကြိမ်မြောက် ရွေးကောက် ပွဲမှာ အမတ်တဦးအဖြစ် ဆက်လက်ရွေးချယ်ခံရသူလည်းဖြစ်တဲ့ ‘ဖာမီဖာဇေးလ်(Fahmi Fadzil)ကတော့ ဒီကိစ္စ နောက်ကွယ်မှာ လက်သည်အနေနဲ့ ‘PH’က နုတ်ထွက်သွားတဲ့ ‘မူဟစ်ဒင်ယာဆင်’၊ ‘အာ့ဇ်မင်အာလီ’ တို့သာမက နိုင်ငံခြားရေးဝန်ကြီး (ဟောင်း) ‘ဆိုင်ဖူဒင် အဗ္ဗဒူလာ’လည်း ပါဝင်တယ်လို့ ဆိုခဲ့ပါတယ်။ 

‘အာ့ဇ်မင်အာလီ’က ‘မူဟစ်ဒင်’ရဲ့ ‘PN’ ညွန့်ပေါင်းအစိုးရမှာ ကက်ဘိနက်ဝန်ကြီးတဦးဖြစ်ခဲ့သလို ‘မူဟစ်ဒင်’ ပြုတ် ကျပြီး ‘အစ္စမေးလ် ဆပ်ဘရီ ရဲ့  ‘BN’ ညွန့် ပေါင်းအစိုးရမှာလည်း အကြီးတန်းဝန်ကြီး ဆက်ဖြစ်ခဲ့ပါသေးတယ်။ ‘ဆိုင်ဖူဒင်’ကတော့ သိကြတဲ့အတိုင်း နိုင်ငံခြားရေးဝန်ကြီးအဖြစ် ‘BN’ညွန့်ပေါင်းအစိုးရမှာ ပါဝင်ခဲ့ပါတယ်။ ရွေးကောက်ပွဲကြို ကာလတုန်းက ‘အာ့ဇ်မင်အာလီ’ရဲ့ မဲဆန္ဒနယ် မြေမှာ ‘ဖာမီဖာဇေးလ်’က ‘သစ္စာဖောက်တို့ရဲ့ ဖခင်ကြီး ‘အာ့ဇ်မင်အာလီ’ရဲ့  နိုင်ငံရေးသမားဘဝကို အဆုံးသတ်ပေးကြပါ’ ဆိုပြီးမဲဆွယ်စည်းရုံးခဲ့ပါတယ်။ 

ရွေးကောက်ပွဲရလဒ် ထွက်ရှိလာတဲ့အခါမှာတော့ ‘အန်နဝါ’နဲ့ ‘ဖာမီဖာဇေးလ် တို့ရဲ့ ‘PKR’ပါတီကို ကိုယ်စားပြု အမတ်လောင်းက ရွေးချယ်ခံခဲ့ရပြီး ‘အာ့ဇ်မင်အာလီ’ ရှုံးနိမ့်ခဲ့ပါတယ်။ အာဏာရပါတီပြန်ဖြစ်လာတဲ့ ‘PH’ ညွန့်ပေါင်းအစိုးရနဲ့  မဟာမိတ် ‘PKR’ပါတီ အတွက်တော့ ချိုမြိန်တဲ့ လက်စားချေမှုလို့ ဆိုကာ ကျေနပ်နေလေမလား။

ဒီဆောင်းပါး ပထမပိုင်းကို အဆုံးသတ်နေစဥ်မှာပဲ ဝန်ကြီးချုပ် ‘အန်နဝါ အီဘရာဟင်’ရဲ့ အစိုးရအဖွဲ့သစ်ကို ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့အစိုးရထက် ၄ နေရာပိုနည်းတဲ့ ၂၈ ဦးပါ ကက်ဘိနက်မှာ သူကိုယ်တိုင် ဘဏ္ဍာရေးဝန်ကြီး တာဝန်ယူထားပါတယ်။  နိုင်ငံခြားရေးဝန်ကြီးရာထူးကိုတော့ သူ့ရဲ့ ‘PH’ ညွန့်ပေါင်းအစိုးရမှာ အဓိက မဟာမိတ်အဖြစ် ပူးပေါင်းလာတဲ့ ‘BN’ရဲ့ လက်ရှိပါတီအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ ယခင် ‘Perak’ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ‘ဇမ်ဘရီ အဗ္ဗဒူ ခဒီရာ’ (Zambry Abdul Kadir) ဖြစ်ပါတယ်။ နိုင်ငံရေးအတွေးအမြင်နဲ့ပတ်သက်ပြီး Temple University (USA)ကနေ ပါရဂူဘွဲ့ ယူထားသူတဦးလို့ သိရပါတယ်။ အစိုးရသစ်ရဲ့ ကက်ဘိနက်ရာထူးများနဲ့ ပတ်သက်ပြီး ငြင်းခုံဝေဖန်ကြတာတွေ ထပ်မံပေါ်ထွက်လာဦးမှာကတော့ အထူးမှန်းဆစရာ လိုမယ်မထင်ပါဘူး။ 

တခါတလေတော့လည်း အဝေးကလို့ ပြောရမယ့် အနောက်အုပ်စုများရဲ့ နိုင်ငံရေးအခင်းအကျင်းတွေကို ကျော်ကြည့်ပြီး စိတ်ဝင်တစား ဟာခနဲ ဟင်ခနဲ ဖြစ်မိတတ်ကြပါတယ်။ တကယ်က နီးနီးကပ်ကပ် နေရာများမှာလည်း အံ့ဩမှင်တက်စရာတွေ ရှိခဲ့၊ ရှိနေကြတာပါပဲ။ သင်ခန်းစာယူစရာ များစွာရှိသလို မြန်မာနိုင်ငံသား အမြောက်အမြား ရောက်ရှိနေတဲ့နေရာ ဖြစ်လို့ မလေးရှားနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲများကို စိတ်ဝင်တစား စောင့်ကြည့်သင့်တယ် ထင်ပါတယ်။ 

(ဆက်လက်ဖော်ပြပါဦးမည်)

သီအိုဇော်



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar