Breaking News

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၁) အပိုင်း (၁၁)

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၁) အပိုင်း (၁၁)
(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၁၉

● ရှမ်းအရှေ့အကြမ်းပြင်းအခြေအနေ
အထက်တွင်ဖေါ်ပြခဲ့သော မြို့နယ်အလိုက် အခြေအနေအချက်အလက်များမှာ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ခရိုင် ၃ ခု၊ မြို့နယ် ၉ ခုအခြေအနေများအား သက်ဆိုင်ရာမြို့နယ်အလိုက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၏ ၂၀၁၇ စက်တင်ဘာ ၃၀ ရက်၊ ၂၀၁၇ အောင်တိုဘာ ၂ ရက်နေ့ ရက်စွဲများဖြင့် ထုတ်ပြန့်သည့် မြို့နယ်အလိုက်ဒေသဆိုင်ရာ အချက်အလက်များ အစီရင်ခံစာများနှင့် ရွေးကောက်ပွဲကော်မရှင်၏ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ ဆန္ဒမဲရရှိမှု အခြေအနေထုတ်ပြန်ချက်များမှ အချက်အလက် ကိန်းဂဏန်းများကို၎င်း၊ မြေပြင်ကွင်းဆင်းလေ့လာမှုနှင့်တွေ့ဆုံမေးမြန်းမှုများရရှိသည့် အချက်အလက်များကို၎င်း အခြေပြုပါသည်။

● ရေမြေတောတောင်
ရှမ်းအရှေ့သည် တောတောင်ထူထပ်သောဒေသဖြစ်သည်ကို တွေ့ရမည်။ ရှမ်းအရှေ့ရှိ မြို့ပြများကို တောင်ကြားလွင်ပြင် များတွင် တည်ထားသည်ကို တွေ့ရမည်ဖြစ်သည်။ ပေ ၃၀၀၀ မှ သည် ပေ ၈၀၀၀ ကျော်မြင့်သည့် မတ်စောက်မြင့်မားသည့် တောင်တန်းများသည် ရှမ်းအရှေ့၏ ဧရိယာအများစုကိုလွှမ်းမိုးထားသည်။ မိုင်းယောင်းမြို့ နယ်တွင်းရှိ အမြင်ပေ ၈၄၅၇ ပေ (၂၅၆၃ မီတာ) ရှိသော လွယ်ပန်နောင်းတောင်သည် ရှမ်းပြည်နယ်အတွင်း ဒုတိယအမြင့်ဆုံးတောင်ဖြစ်ပါသည်။ ယေဘုယျ အားဖြင့် ရှမ်းအရှေ့၏ ဧရိယာတဝက်ခန့်သည် သစ်တောများဖုံးလွှမ်းနေသည်ဟု ဆိုနိုင်သည်။ ထိုတောတောင်များတွင် အဖိုးတန်သည့် ကျွန်း၊ ပိတောက်၊ တမလန်း၊ ပျဉ်းကတိုးမှသည် သစ်ဝါးမျိုးစုံ ပေါက်ရောက်လျက်ရှိသကဲ့သို့ ထိုတောတောင် များတွင် ကျား၊ ကျားသစ်၊ ဝက်ဝံ၊ တောင်ဆိတ်၊ တောဝက်၊ ဆတ်၊ သမင်၊ ဂျီ၊ မျောက်အမျိုးစသည့် တောကောင်မျိုးစုံ ကျက်စားလျက်ရှိသည်ကို တွေ့ရှိရပါသည်။

ရှမ်းအရှေ့၏ အရှေ့ဖက် အနားသတ်တွင် တရုတ်ပြည်မှသည် အာဆီ ယံနိုင်ငံများထံသို့ စီးဆင်းလာသည့် မဲခေါင်မြစ်ရှိသည်။ တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအိုနိုင်ငံများကို ရေကြောင်းဖြင့် ကူးလူးဆက်ဆံနိုင်သည်။ ရှမ်းအရှေ့၏ အနောက်ဖက် အနား သတ်တွင် သံလွင်မြစ်စီးဆင်းနေသည်။ မြစ်ကြီးနှစ်သွယ်အပြင် ဒေသတွင်း၌လည်း မြစ်ချောင်းများစွာစီးဆင်းနေသည်။ မြင့် မားမတ်စောက်သော တောတောင်များကို ဖြတ်သန်းစီးဆင်းရသဖြင့် ဒေသတွင်းမြစ်ချောင်းများသည် ရေစီးသန်သည်။ ရေတံခွန်များဖြစ်ပေါ်သည်။ မိုးအခါ၌ ရေများပြီး နွေအခါ၌ ရေနဲပါးသည်။ ထို့ကြောင့် မဲခေါင်နှင့် သံလွင်မြစ်နှစ်စင်းမှအပ ဒေသတွင်းရှိမြစ်ချောင်းများသည် ကူးသန်းသွားလာရေးအတွက် အသုံးပြု၍ မရသော်လည်း ရေချိုချောင်းများဖြစ်၍ စိုက်ပျိုး ရေးအတွက်အသုံးဝင်သည်။

ဤသို့ရေမြေတောတောင်၌ ရှမ်းအရှေ့တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးများအတွက် အသက်ရှင်သန်မှုအတွက် သစ်တောနှင့် တောရိုင်း တိရိစ္ဆာန်တို့သည် မူလ သဘာဝရင်းမြစ်များဖြစ်သည်ဟုဆိုရပါမည်။ ထိုအတူတောင်ကြားလွင်ပြင်များ၊ မြစ်ချောင်းများကလည်း စိုက်ပျိုးမြေများ ဖြစ်လာရေးအတွက် ရေခံမြေခံများဖြစ်ခဲ့သည်။ ထိုရေမြေတောတောင်တို့တွင် တိုင်းရင်းသားလူမျိုးများစွာ ရုန်းကန် ရှင်သန်နေထိုင်ခဲ့ကြပေသည်။

● တိုင်းရင်းသားလူမျိုးများ
ရှမ်းအရှေ့ပိုင်း၏ ပြည်နယ်ခွဲရုံးအား ကျိုင်းတုံ၌ အခြေပြုပြီး ခရိုင် ၃ ခု၊ မြို့ နယ် ၉ ခု ဖွဲ့စည်းထားသည်။ ထိုမြို့နယ် ၉ ခုတွင် မြို့နယ်ခွဲနှင့် မြို့ စုစုပေါင်း ၁၆ မြို့ ဖွဲ့စည်းထားပြီး မြို့ပေါ်ရပ်ကွက် ၇၅ ခုရှိသည်။ ကျေးလက်တွင် ကျေးရွာအုပ်စု ၁၈၃ အုပ်စုရှိပြီး ကျေးရွာ ၂၃၃၅ ရွာရှိသည်။ စုစုပေါင်း လူဦးရေ ၆၆၂၃၈၅ ဦးရှိသည်။ အဓိကလူဦးရေများပြားသည့် တိုင်းရင်း သားလူမျိုးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ရှမ်း ၂၆၁၆၈၉ ဦး
၂။ လားဟူ ၁၆၄၄၇၁ ဦး
၃။ အာခါ ၉၇၁၅၅ ဦး
၄။ ဝ ၈၄၀၃၀ ဦး
၅။ ဗမာ ၄၄၅၇၆ ဦး
၆။ လွယ် ၁၀၄၀၁ ဦး

အထက်ပါ လူမျိုး ၆ မျိုးမှာ အဓိက လူဦးရေများပြားသည့် လူမျိုးများဖြစ်ကြသည်။ ကျန်တိုင်းရင်းသားလူမျိုးများစွာနေထိုင်ကြသော်လည်း လူဦးရေ ထောင်ဂဏန်း ရာဂဏန်းမျှသာရှိကြသည်။ အထက်ပါ လူမျိုး ၆ မျိုးအနက် ရှမ်း၊ လားဟူ၊ အာခါ၊ ဝ၊ လွယ်တို့မှာ မူရင်းဒေသခံတိုင်းရင်းသားများဖြစ်ကြသည်။ ရှမ်းအရှေ့သို့ ရှေးဦးရောက်ရှိသော ဗမာများမှာ အစိုးရအမှုထမ်းများ၊ တပ်မတော်သားများနှင့် ၎င်းတို့မိသားစုများဖြစ်ကြသည်။ သို့သော်အနီးခေတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပွင့်လာ ၍၎င်း၊ ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်အရ၎င်း ဗမာလူမျိုးများ ရှမ်းအရှေ့သို့ ပြောင်းရွှေ့အခြေချခြင်းများလာခဲ့သည်။ ဗမာလူမျိုးလူဦးရေအများစာသည် တာချီလိတ်နှင့် ကျိုင်းတုံတွင်နေထိုင်ကြသည်။

ဒေသခံတိုင်းရင်းသားလည်းဖြစ် လူဦးရေအရလည်း များပြားသည့် အဓိက တိုင်းရင်းသားလူမျိုးများမှာ ရှမ်း၊ လားဟူ၊ အာခါ၊ ဝ လူမျိုး ၄ မျိုးဖြစ်သည်ဟု ဆိုရမည်။ ထိုဒေသ၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုရေးနယ်ပယ်တွင် အရေးပါသည့် ထည့် သွင်းစဉ်းစားရမည့် တိုင်းရင်းသား လူမျိုး ၄ မျိုးဟုဆိုရပါမည်။

ဤနေရာတွင် အငြင်းပွါးဖွယ်ရာ အချက်တချက်ရှိသည်မှာ တိုင်းရင်းသားလူမျိုးများက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖေါ်ပြသည့်စာရင်းမှာ မပြည့်စုံဟု ဆိုကြခြင်းဖြစ်သည်။ ၎င်းတို့တိုင်းရင်းသားလူမျိုးများတွင် မှတ်ပုံတင်မရှိသူ၊ သန်းခေါင်စာ ရင်း မရှိသူများရှိနေဆဲဖြစ်ပြီး ထိုသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းတွင် မပါဝင်ကြရာ ထိုစာရင်းမှာ လိုအပ်ချက်များရှိနေသည်ဟုဆိုပါသည်။ သို့သော် လက်ရှိအချိန်တွင် တရားဝင်လည်းဖြစ်၊ အနီးစပ်ဆုံးလည်းဖြစ်သော ထွေ အုပ်နှင့် ရွေးကောက်ပွဲကော်မရှင်၏စာရင်းဇယားတို့အား မလွဲမရှောင်သာ အခြေတည်ပြုစုရခြင်းဖြစ်ပါသည်။ ထို့ပြင် ရွေး ကောက်ပွဲနိုင်ငံရေးတွင် ထိုစာရင်းရှိသူများသာ မဲပေးခွင့်ရှိသည်ကို သတိချပ်ရန်လိုပါသည်။

● အသက်မွေးဝမ်းကြောင်း
ဒေသခံများအတွက် မိရိုးဖလာ အသက်မွေးဝမ်းကြောင်းမှာ လယ်ယာ၊ တောင်ယာ၊ ဥယျာဉ်ခြံမြေ စိုက်ပျိုးရေး၊ တပိုင်တနိုင် မွေးမြူရေးနှင့် အမဲလိုက်ခြင်းဖြစ်သည်။ ယနေ့ခေတ်ကာလနှင့်အညီ လယ်ယာလုပ်ငန်းတွင် မိရိုးဖလာ ကွဲျနွားအသုံးပြုမှုအပြင် လက်တွန်းလယ်ထွန်စက်၊ ရိတ်သိမ်းစက်၊ ချွေလှေ့စက်များအသုံးပြုလာနိုင်သည်ကို တွေ့ရသည်။ လယ်စပါး၊ တောင်ယာ စပါးတို့အပြင် ဆီထွက်သီးနှံများအဖြစ် မြေပဲ၊ နှမ်းတို့လည်း စိုက်ပျိုး သည်။ ထို့ပြင် ပဲပုပ်၊ ပြောင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အားလူး၊ ငရုတ်စသည်တို့ကိုလည်း အများအပြားစိုက်ပျိုးသည်ကို တွေ့ရသည်။ ထို့ပြင် နှစ်ရှည်သီးနှံများအဖြစ် ရာဘာ၊ လက်ဖက်၊ ကော်ဖီတို့အား စိုက်ပျိုးလာကြသည်ကို တွေ့ရပါသည်။

ရှမ်းအရှေ့ရှိ မြို့နယ်တိုင်းလိုလို ဆန်ဖူလုံမှုရှိသည့်ပြင် ပိုလျံ ကြပါသည်။ ဒေသတခုလုံး၏ ပျမ်းမျှဆန်ဖူလုံမှု မှာ ၂၀၁.၄၅ % ရှိပြီး ပျမ်းမျှ ဆီဖူလုံမှု မှာ ၆၇.၅၃ % ရှိပါသည်။ ဒေသတွင်း မွေးမြူ ထားကြသည်မှာ
၁။ ကျွဲ ၁၄၈၆၁၂ ကောင်
၂။ နွား ၁၃၀၈၀၀ကောင်
၃။ ဝက် ၃၃၂၄၂၉ ကောင်
၄။ သိုး/ဆိတ် ၂၁၈၁၅ ကောင်
၅။ ကြက် ၂၅၅၃၈၄၉ ကောင်
၆။ ဘဲ ၂၀၄၀၅၄ ကောင်ရှိသည်ဟု ဆိုသည်။

သို့ဖြစ်ရာ ဒေသတွင်း အသားလိုအပ်ချက်အား ဖြည့်စွမ်းပေးနိုင်သည်ဟု ဆိုရမည်။ မြစ်ချောင်းများမှ ငါး၊ ပုဇွန် ဖမ်းဆီးရနိုင် သော်လည်း လိုအပ်ချက်အနည်းငယ်ရှိနိုင်သည်။ သို့ဖြစ်ရာ ရှမ်းအရှေ့သည် ဒေသတွင်းဆန်လုံလောက်ရုံမက ပိုလျံသည်။ ဆီလိုအပ်ချက်မှာ ၃၀% ကျော်သာရှိသည်။ ရိက္ခာ သားငါးဖြည့်စွမ်းပေးနိုင်စွမ်းရှိသည်။ ဆိုရလျင် အခြေခံအားဖြင့် ရိက္ခာဖူလုံ ပိုလျံသည့်ဒေသဖြစ်သည်။

တောတောင်များမှ သစ်ဝါးထုတ်လုပ်မှု အပြင် အနီးခေတ်ကာလ၌သဘာဝသယံဇာတ သတ္တုတူးဖေါ်ရေးလုပ်ငန်းများလည်း ရှမ်းအရှေ့တွင် တွေ့ရှိလာရသည်။ တာချီလိတ်၊ မိုင်းယောင်းနှင့်မိုင်းဖြတ်မြို့နယ်များတွင် ရွှေနှင့် မဂ္ဂနီးစ်တူးဖေါ်ထုတ်လုပ် နေသည်ကို တွေ့ရ သည်။

● ဆက်သွယ်ရေး
ရှမ်းအရှေ့ရှိ အဓိကမြို့များအားလုံးအား ဆက်သွယ်ထားသော ကားလမ်းများရှိသည်။ ကျိုင်းတုံ-တာချီလိတ်ကားလမ်း တခုသာ ကောင်းသည်ဟုဆိုနိုင်ပြီး ကျန်ကားလမ်းများမှာ လမ်းကြမ်းသည်။ လမ်းကျဉ်းသည်။ ထို့ပြင် မြို့နယ်တွင်းရှိ ရွာများ သို့ ဆက်သွယ်သည့်လမ်းများကား ဆိုးနေဆဲဖြစ်သည်။ အထူးသဖြင့် တောင်ပေါ်ရွာများသို့ သွားသည့် လမ်းအများပိုင်းကား ကောင်း မွန်ခြင်းမရှိလှပေ။ တောင်ကြီးနှင့် ကျိုင်းတုံကားလမ်းကား ကောင်းမွန်ခြင်းမရှိသေးရာ ကားလေးများပင် နေ့ချင်း ပေါက် မရောက်နိုင်သေးပေ။ ထို့ပြင် တာချီလိတ်-တောင်ကြီးကားလမ်းသည် ထိုင်းနှင့်ရှမ်းပြည်နယ်ကြား နယ်စပ်ကုန် သွယ် ရေးလမ်းမအဖြစ် စည်ပင်နိုင်ခြင်း မရှိသေးပေ။

ရှမ်းအရှေ့၌ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်တို့တွင် လေယဉ်ကွင်းရှိပြီး ဟဲဟိုး၊ လားရှိုး၊ မန္တလေး၊ ရန်ကုန်တို့သို့ ကူးသန်းသွားလာနိုင်ပါသည်။

● ပညာရေး
ရှမ်းအရှေ့ ပညာရေးကဏ္ဍ၌ ၂၀၁၇ ခုနှစ် စာရင်းအရ
၁။ အထက နှင် အထကခွဲကျောင်း ၃၆ ကျောင်း
ဆရာ ၁၁၁၉ ဦး
ကျောင်းသား ၃၅၆၈၆ ဦး

၂။ အလကနှင့် အလကခွဲကျောင်း ၂၄ ကျောင်း
ဆရာ ၄၉၁ ဦး
ကျောင်းသား ၁၁၂၀၆ ဦး

၃။ အမကကျောင်း ၇၁၄ ကျောင်း
ဆရာ ၁၉၈၇ ဦး
ကျောင်းသား ၄၅၅၆၃ ဦး

၄။ တက္ကသိုလ် ၃ ခု
ဆရာ ၂၀၆ ဦး
ကျောင်းသား ၁၃၈၀ ဦး

၅။ တက္ကသိုလ်ဝင်တန်းရောက်စာရင်းရှိ ၄၆၉၃ ဦး
ဖြေဆိုသူ ၄၃၃၇ ဦး
အောင်မြင်သူ ၁၀၇၆ ဦး

၆။ ကျောင်းနေအရွယ် ၁၆၀၈၅ ဦး
ကျောင်းအပ်သူ ၁၄၂၇၀ ဦး ရှိသည်ကို တွေ့ရသည်။

ကျောင်းနေရွယ်ကလေးကျောင်းအပ်နှုန်းမှာ ၈၈.၇၁ % ရှိ၍ မဆိုးဟုဆိုနိုင်သည်။ ၂၀၁၇ ခုနှစ်ကျောင်းအပ်နှံမှုမှာ ၁၄၂၇၀ ဦးရှိသည်ကိုတွေ့ရသည်။ နှစ်စဉ်ပျမ်းမျှ ကျောင်းသား ၁၄၀၀၀ ခန့် ကျောင်းအပ်ပါက တက္ကသိုလ်ဝင်တန်းထိ စုစုပေါင်းကျောင်း သား ၁၅၄၀၀၀ ခန့်ရှိနိုင်သည်ဟုဆိုရမည်။ သို့သော် လက်ရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများတွင်ရှိသောကျောင်းသားဦးရေမှာ ၉၂၄၅၅ ဦးသာရှိရာ လက်တွေ့တွင် ကျောင်းသား ၆ သောင်းခန့် လျော့နည်းနေသည်။ ပြည်မနှင့် အခြားဒေသသများသို့ ကျောင်းပြောင်းရွှေ့မှုရှိနိုင်သော်လည်း ပမာဏ ဤမျှ မများနိုင်ပါ။ လမ်းခုလတ်တွင် ပညာရေးနှင့် ကျောခိုင်းစွန့်ခွါရသူ များပုံရသည်။ ၂၀၁၇ ခုနှစ်ကျောင်းအပ်သူ ၁၄၂၇၀ ဦးရှိသော်လည်း တက္ကသိုလ်ဝင်တန်းရောက်ရှိသူ ၄၆၉၃ ဦးသာရှိရာ ၃၂ % သာရောက်သည်ဟုဆိုနိုင်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ၁၀၇၆ ဦးသာရှိရာ ကျောင်းစတင် အပ်နှံသူဦးရေ၏ ၇.၅၄ % သာ အောင်မြင်သည်ဟု ဆိုနိုင်ပါသည်။

၎င်းမှာ အနီးခေတ်တွင် မြင့်တက်လာသောနှုန်း ဖြစ်ပုံရသည်။ ယခုအချိန် အသက် ၁၅ နှစ်အထက် စာတတ်မြောက်မှုနှုန်းကို ကြည့်ရှုပါက မိုင်းခတ်တွင် ၁၉.၈ % ဖြင့် အနိမ့်ဆုံး၊ မိုင်းတုံမြို့နယ်တွင် ၂၃.၇၆ % ဖြင့် ဒုတိယ၊ မိုင်းပျဉ်းမြို့နယ်တွင် ၃၅ % ဖြင့် တတိယအနိမ့်ဆုံးနေရာတွင်ရှိသည်။ မိုင်းဖြတ်နှင့် မိုင်းယောင်းမြို့နယ် ၂ ခုစာတတ်နှုန်းမှာ ၇၀% အောက်တွင်ရှိသည်။ကျန်မြို့နယ်များတွင် ၉၀ % နှင့်အထက်ရှိသည်။ သို့ဖြစ်ရာ စာမတတ်သူပင် များပြားနေသည့် ဒေသဖြစ်သည်ဟုဆိုရမည်။ရှမ်းအရှေ့တွင် ပညာရေးကဏ္ဍတွင် အုပ်ချုပ်ရေးမြို့ဖြစ်သည့် ကျိုင်းတုံနှင့် ကုန်သွယ်ရေးမြို့ ဖြစ်သည့် တာချီလိတ်တို့တွင်သာ အမြင့်ဆုံးဟုဆိုနိုင်သည်။ သို့သော် တခုလုံးခြုံငုံသုံးသပ်ကြည့်ပါက ရှမ်းအရှေ့ ပညာရေးကဏ္ဍသည် လိုအပ်ချက်များပြားဆဲဟု ဆိုနိုင်သည်။

● ကျန်းမာရေး
ရှမ်းအရှေ့ကျန်းမာရေးကဏ္ဍ၌
ကုတင် ၂၀၀ ဆန့်ဆေးရုံ ၁ ရုံ
ကုတင် ၁၀၀ ဆေးရုံ ၁ ရုံ
ကုတင် ၅၀ ဆန့် ဆေးရုံ ၁ ရုံ
၂၅ ကုတင်ဆန့်ဆေးရုံ ၇ ရုံ
၁၆ ကုတင်ဆန့်ဆေးရုံ ၁၃ ရုံ
ကျေးလက်ကျန်းမာရေးဌာန ၃၃ ခု
ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၂၈ ခု
ဆရာဝန် ၆၆ ဦး
သူနာပြု ၂၇၆ ဦး
လက်ထောက်ကျန်းမာရေးမှူး ၂၇ ဦး

ရှမ်းအရှေ့တခုလုံးတွင် ကျန်းမာရေးဝန်ထမ်းနှင့် လူဦးရေအချိုးအစားမှာ
ဆရာဝန် ၁ : ၁၀၀၃၆
သူနာပြု ၁ : ၂၃၉၉

လက်ထောက်ကျန်းမာရေးမှူး ၁ : ၂၄၅၃၂ ရှိသည်ကို တွေ့ရပေရာ ကျန်းမာရေးဝန်ထမ်းအားနည်းသည်ကို တွေ့ရသည်။ ကျိုင်းတုံ၊ တာချီလိတ်မြို့များတွင်ပုဂ္ဂလိက ဆရာဝန်များ ဆေးခန်းထိုင်ခြင်းရှိသဖြင့် ကျန်းမာရေးကဏ္ဍ၌ တစုံတရာ ဖြည့်စွက် ပေးသည်ဟုဆိုနိုင်သည်။ ငွေကြေးတတ်နိုင်သူများမှာ ထိုင်းနှင့် တရုတ်နိုင်ငံများသို့ သွားရောက်ဆေးကုသကြသည်။ တောင် ပေါ်ဒေသများရှိ ကျေးရွာလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှု ကျန်းမာရေးအသိပညာပေးမှုတို့မှာ လွန်စွာအားနည်း သည်ဟု ဆိုနိုင်ပါသည်။

● ရွေးကောက်ပွဲနိုင်ငံရေးနှင့် ရှမ်းအရှေ့
အနီးခေတ်ပါတီစုံ နိုင်ငံရေးကာလတွင် ရှမ်းအရှေ့တွင် အခြေပြုလှုပ်ပ်ရှားသော နိုင်ငံရေးပါတီ ၁၁ ခုရှိသည်ကို တွေ့ရသည်။ ၎င်းတို့အနက်
၁။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP
၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD
၃။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တစည
၄။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD
၅။ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP စသည့် ပါတီ၅ ခုသည် မြို့နယ်တိုင်းတွင် အခြေစိုက်စည်းရုံးသည်ကို တွေ့ရသည်။

ပြည်မမှ NLD ၊ USDP၊ တစည၊ NDF တို့အားရှမ်းအရှေ့တွင် တွေရသော်လည်း အားကောင်းမောင်းသန်မှာ NLD နှင့် USDP သာရှိသည်။ ကျန်ပြည်မမှပါတီများမှာ အားမရှိပါ။ ပြည်မပါတီများထဲမှ NLD နှင့် USDP တို့က မဲဆန္ဒနယ်အားလုံးတွင် ( စုစု ပေါင်း ၂၉ နေရာ) ပါဝင်ယှဉ်ပြိုင်နိုင်သော်လည်း တစညပါတီသည် ပြည်သူ့လွှတ်တော် ၆ နေရာ ပြည်နယ်လွှတ်တော် ၈ နေ ရာ စုစုပေါင်း ၁၄ နေရာတွင်သာ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။ NDF ပါတီက အမျိုးသားလွှတ်တော် ၂ နေရာ၊ ပြည်သူ့ လွှတ် တော် ၇ နေရာ၊ပြည်နယ်လွှတ်တော် ၁၁ နေရာ၊ စုစုပေါင်း နေရာ ၂၀ ဝင်ရောက်ယှဉ်ပြိုင်သည်။ အမျိုးသား တိုးတက်ရေးပါတီ ဆိုသည်ကတော့ ပြည်နယ်လွှတ်တော် ၁ နေရာသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်ကို တွေ့ရသည်။ သို့သော် ပြည်မအခြေစိုက် ပါတီများဖြစ်သည့် တစည၊ NDF နှင့် အမျိုးသားတိုးတက်ရေးပါတီတို့သည် ၂၀၁၅ ရွေးကောက်ပွဲတွင် လောက်လောက် လားလား မဲရသည်ကိုမတွေ့ရပေ။

လက်ရှိ ရှမ်းအရှေ့တွင် အမျိုးသားလွှတ်တော် အမှတ် ၆ နယ်မြေ (ကျို င်းတုံခရိုင်) နှင့် အမှတ် ၇ နယ်မြေ (တာချီ လိတ်ခရိုင်၊ မိုင်းဆတ်ခရိုင်) ဟု ၂ ခုခွဲခြားသတ်မှတ်ထားသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် အမှတ် ၆ မဲဆန္ဒနယ်၌ ယှဉ်ပြိုင်ရာတွင်
မဲပေးခွင့်ရှိသူ ၁၇၂၅၄၇ ဦး
မဲလာပေးသူ ၉၇၇၀၇ ဦး ၅၆.၆၃ % ရှိပြီး
USDP က ၃၄၉၂၆ မဲ ၃၅.၇၄ % ဖြင့် အနိုင်ရသည်။
NLD က ၂၄၆၄၅ မဲ ၂၅.၂၂ % ဖြင့် ဒုတိယ
SNLD က ၉၂၄၁ မဲ ၉.၄၅ % ဖြင့် တတိယလိုက်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားလွတ်တော် အမှတ် ၇ မဲဆန္ဒနယ်အတွက် ယှဉ်ပြိုင်ရာတွင်
မဲပေးခွင့်ရှိသူ ၂၂၅၉၇၆ ဦး
မဲလာပေးသူ ၁၆၆၀၀၆ ဦး ၇၃.၄၆ % ရှိပြီး
NLD က ၅၆၂၂၉ မဲ ၃၃.၈၇ % ဖြင့် အနိုင်ရသည်။
USDP က ၃၆၁၅၃ မဲ ၂၁.၇၇ % ဖြင့် ဒုတိယ
SNLD က ၁၄၆၅၃ မဲ ၈.၈၂ % ဖြင့် တတိယနေရာ၌ရှိသည်။

ထို့ကြောင့် ရှမ်းအရှေ့ အမျိုးသားလွှတ်တော် ၂ နေရာ၌
NLD ၁ နေရာ
USDP ၁ နေရာ

ရှမ်းအရှေ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၉ နေရာတွင်
NLD ၃ နေရာ
USDP ၆ နေရာ

ရှမ်းအရှေ့ ပြည်နယ်လွှတ်တော် ၁၈ နေရာတွင်
NLD ၆ နေရာ USDP ၁၂ နေရာအနိုင်ရပြီး ရှမ်းအရှေ့တွင် USDP အသာစီးရသည့်ဒေသဖြစ်သည်။ USDP က စုစုပေါင်း ၁၉ နေရာ၊ NLD က ၁၀ နေရာ အနိုင်ရသည်။ ထို့ပြင်ဒေသခံ တိုင်းရင်းသားပါတီများ လွှတ်တော်ကိုယ်စားလှယ် တနေရာမှ အနိုင်မရသည့်ဒေသလည်းဖြစ်သည်။

ရှမ်းအရှေ့တွင် ရှမ်းတိုင်းရင်းသားပါတီ ၃ ခုရှိသည်။ ရှမ်းတောင်၊ ရှမ်း မြောက်တို့တွင် ရှမ်းပါတီ၂ ခုသာရှိသော်လည်း ရှမ်း အရှေ့၌ ရှမ်းပြည် (အရှေ့ပိုင်း) ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ (အိုးစည်ပါတီ) ဟူ၍ ကျိုင်းတုံအခြေစိုက်ဒေသခံ ရှမ်းပါတီတခုဖွဲ့စည်းထားသည်။ သို့သော် ရှမ်းအရှေ့တွင် SNLD နှင့် SNDP သာအားကောင်းပြီး အိုးစည်ပါတီမှာ အားမ ကောင်းပေ။ ရှမ်း မဲကွဲစေသည့်အဆင့်သာရှိပေသည်။ SNLD နှင့် SNDP သည် ရှမ်းအရှေ့ မြို့တိုင်းတွင် ရုံးစိုက်နိုင်ပြီး ကိုယ်စားလှယ်နေရာအားလုံးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ တနေရာမှ အရွေးမခံကြရသော်လည်း ၂၀၁၅ ရွေးကောက်ပွဲ မဲပေးမှု ရလဒ်အရ ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းပျဉ်း၊ တာချီလိတ်၊ မိုင်းတုံတို့တွင် SNLD က အားပိုကောင်းပြီး၊ မိုင်းယန်း၊ မိုင်းဖြတ်၊ မိုင်းယောင်းတို့တွင် SNDP က အားပိုကောင်းသည်ကိုတွေ့ရသည်။ သို့သော် ရွေးကောက်ပွဲမဲရလဒ်တွင် ဒုတိယ၊ တတိယ၊ စတုတ္ထ နေရာထက်မပိုပေ။

ကျန်တိုင်းရင်းသားကိုယ်စားပြုပါတီများအဖြစ် အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက် ရေးပါတီ၊ ဝ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီတို့ ဖြစ်ကြသည်။ အာခါ အမျိုးသားဖွံ့ဖြိုးရေးပါတီကို ရှမ်းအရှေ့တွင် ဗဟိုရုံးစိုက်သော်လည်း လားဟူနှင့် ဝ ပါတီက ရှမ်းမြောက် လားရှိုးတွင် ဗဟိုရုံးစိုက်သည်ကို တွေ့ရသည်။

လားဟူပါတီက အမျိုးသားလွှတ်တော် ၁ နေရာ၊ ပြည်သူ့လွှတ်တော် ၇ နေရာ၊ ပြည်နယ်လွှတ်တော် ၁၃ နေရာ၊ စုစုပေါင်း ၂၁ နေရာနှင့် လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ၁ နေရာ ဝင်ရောက်အရွေးခံခဲ့သည်။ ရှမ်းအရှေ့တွင် လွှတ်တော်ကိုယ်စားလှယ် ၁ နေရာမှ အရွေးမခံရသော်လည်း အမျိုးသားလွှတ်တော် အမှတ် ၇ မဲဆန္ဒနယ်၊ မိုင်းပျဉ်း၊ မိုင်းဆတ်၊ မိုင်းတုံမြို့နယ်များ၏ ပြည် သူ့လွှတ်တော်နေရာများနှင့်ပြည်နယ်လွှတ်တော်နေရာများတွင် လားဟူပါတီအား ထောက်ခံမှု ရှိသည်ကို တွေ့ရသည်။ ထို့ပြင် လားဟူတိုင်း ရင်းသားရေးရာဝန်ကြီးနေရာအား လားဟူပါတီမှ အရွေးခံခဲ့ရသည်။ ဝ တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ် ရေးဒေသ မက်မန်းမြို့နယ်တွင် လားဟူပါတီမှပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တနေရာအရွေးခံရသည်ကို တွေ့ရ သည်။

ဝ ပါတီသည် ရှမ်းအရှေ့၌ ပြည်သူ့လွှတ်တော်နေရာ ၂ နေရာ၊ ပြည်နယ်လွှတ်တော် ၄ နေရာ စုစုပေါင်း ၆ နေရာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ တနေရာမှ အရွေးမခံရသော်လည်း မိုင်းဆတ်မြို့နယ် ပြည်သူ့လွှတ်တော်နှင့်ပြည်နယ် လွှတ်တော်နေရာများ တွင် ထောက်ခံမှု အားကောင်းကြောင်းတွေ့ရသည်။

အာခါပါတီသည် ပြည်သူ့လွှတ်တော် ၁ နေရာ၊ ပြည်နယ်လွှတ်တော် ၄ နေရာ စုစုပေါင်း ၅ နေရာနှင့် အာခါတိုင်းရင်းသား ရေးရာဝန်ကြီး ၁ နေရာ ဝင်ရောက်အရွေးခံခဲ့ရာ ကိုယ်စားလှယ်တနေရာမှ အရွေးမခံရသော်လည်း အာခါတိုင်းရင်းသား ရေးရာဝန်ကြီး ၁ နေရာ အရွေးခံခဲ့ရသည်။ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်နေရာများဝင်အရွေးခံရာတွင် မဲရရှိမှု အားမကောင်းပေ။

ပြီးခဲ့သော ၂၀၁၅ ရွေးကောက်ပွဲ နှင့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲရလဒ်များအရ ရှမ်းအရှေ့တွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာ ၂၉ နေရာတွင် မည်သည့်ဒေသခံတိုင်းရင်းသားပါတီကမှ တနေရာမျှပင် အနိုင်မရဘဲ ပြည်မအခြေစိုက် အဓိက ပါတီ ၂ ခုကသာ ခွဲဝေအနိုင်ရသွားခြင်းသည် ရှမ်းအရှေ့၏ ထူးခြား ချက်ဖြစ်နေပေသည်။

● နယ်စပ်ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်း
ထိုင်း၊ တရုတ်၊ လာအိုတို့နှင့် နယ်စပ်ချင်းဆက်စပ်နေသည့်အားလျော်စွာ ရှမ်းအရှေ့တွင် နယ်စပ်ကုန်သွယ်ရေးနှင့်ခရီးသွားလုပ်ငန်းအခြေခံရှိသည်။ အစိုးရ၏ တရားဝင်နယ်စပ်ကုန်သွယ်ရေးဂိတ်အဖြစ် ထိုင်း - မြန်မာနယ်စပ် (တာချီလိတ်-မယ်ဆိုင်) ဂိတ်အား ၁၉၉၆ ခုနှစ် မတ်လ ၁၆ ရက်နေ့က တရားဝင် စတင်ဖွင့်လှစ်ခဲ့သည်။

နှစ်အလိုက်ကုန်သွယ်ပမာဏမှာ အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်များအရ အောက်ပါအတိုင်းဖြစ်ပါသည်။

ဘဏ္ဏာနှစ် - ပို့ကုန် - သွင်းကုန် - ကုန်သွယ်ပမာဏ
အမေရိကန်ဒေါ်လာသန်း
၂၀၁၂/၁၃ - ၁၁.၈၄၄ - ၂၇.၈၉၂ - ၃၉.၇၃၆
၂၀၁၃/၁၄ - ၁၃.၅၄၅ - ၅၈.၉၅၆ - ၇၅.၅၀၁
၂၀၁၄/၁၅ - ၈.၄၅၅ - ၉၃.၅၂၀ - ၁၀၁.၉၆၅
၂၀၁၅/၁၆ - ၉.၆၆၀ - ၆၄.၉၂၄ - ၇၄.၅၈၉
၂၀၁၆/၁၇ - ၁၄.၄၆၀ - ၇၆.၃၅၈ - ၉၀.၈၁၈
၂၀၁၇/၁၈ - ၁၄.၇၃၃ - ၇၈.၀၁၀ - ၉၂.၇၄၃

၂၀၁၄/၁၅ ဘဏ္ဏာနှစ်တွင် ကုန်သွယ်ပမာဏ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ထိတက်လာပြီးမှ ၂၀၁၅/၁၆ တွင် ဒေါ်လာသန်း ၇၀ ထိ ပြန်ကျသွားသည်ကိုတွေ့ရသည်။ သို့သော် ၂၀၁၆/၁၇၊ ၂၀၁၇/၁၈ နှစ်များတွင် ဒေါ်လာသန်း ၉၀ ကျော်သို့ ပြန်တက်လာသည်ကိုတွေ့ရသည်။

လာအိုနှင့် နယ်စပ်ချင်းထိစပ်နေသော်လည်း တရားဝင်နယ်စပ်ကုန်သွယ်မှု မရှိပါ။ တရုတ်နှင့်နယ်စပ်ချင်းထိစပ်နေသော ဒေသများကို တိုင်းရင်းသားလက်နက်ကိုင်များက ထိမ်းချုပ်ထားသဖြင့် တရုတ်နှင့် မြန်မာအစိုးရ တိုက်ရိုက်နယ်စပ်ကုန်သွယ်မှု ပြု မရပါ။

ထိုင်းမှ ခရီးသွားများ တာချီလိတ်၊ ကျိုင်းတုံမှတဆင့် တရုတ်နယ်စပ်မိုင်းလားသို့ သွားရောက်လည်ပတ်ခြင်း၊ တရုတ်ခရီးသွား များ မိုင်းလားမှတဆင့် ကျိုင်းတုံ၊ တာချီလိတ်သို့ သွားရောက်လည်ပတ်ခြင်း စသည့် ဒေသတွင်းခရီးသွားလုပ်ငန်းမူလက ဖွံ့ဖြိုးသည်။ သို့သော် ၂၀၁၆ ခုနှစ်ကုန်ပိုင်းမှစ၍ ကျိုင်းတုံ-မိုင်းလားကားလမ်းအား စစ်ရေးအကြောင်းအချက်ပြချက်ဖြင့် တပ်မတော်မှပိတ်ပင်ထားရာ ဒေသတွင်း ခရီးသွားလုပ်ငန်းလျော့ကျခဲ့သည်။

သို့သော် ရှမ်းအရှေ့၏ နိုင်ငံရေး၊ စီးပွါးရေးအခြေအနေများကို လေ့လာသုံးသပ်မည်ဆိုပါက အဆိုပါတရားဝင်ထုတ်ပြန်ထား သည့် ကိန်းဂဏန်းများဖြင့် မလုံလောက်ပေ။ တရားဝင်ကိန်းဂဏန်းများတွင် မပါဝင်သည့် ထူးခြားသည့် မြေပြင်အခြေအနေ သည် ရှမ်းအရှေ့တွင် လွှမ်းခြုံနေသည်။ အဆိုပါအခြေအနေမှာ မူးယစ်ဆေးဝါးပြသနာနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များပြသနာဖြစ်သည်။ အရင်းခံကျ သည်မှာ အမျိုးအစားရော အရေအတွက်ပါ များပြားလှသည့် လက်နက်ကိုင်တပ်ဖွဲ့များက ရှမ်းအရှေ့၏ နိုင်ငံရေး စီးပွါးရေးကို မောင်းနှင်နေသည်ကို တွေ့ရပေမည်။

● မူးယစ်ဆေးဝါး
ထိုင်း၊ လာအို၊ မြန်မာ ရွှေတြိဂံနယ်မြေသည် မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားမှုဖြင့် ကမ္ဘာတွင် အမည်ဆိုးဖြင့် လူသိများ သည့် ဒေသဖြစ်သည်။ မြန်မာဘက်ခြမ်းမှ ဘိန်းဘုရင် လော်စစ်ဟန်၊ ခွန်ဆာ စသူတို့ အမည်ဆိုးဖြင့်ကျော်ကြားခဲ့ကြသည်။ ၂၀၀၀ ခုနှစ် မတိုင်းမီက ဘိန်းမဲ၊ ဘိန်းညို၊ ဘိန်းဖြူရောင်းဝယ်ဖေါက်ကားမှု ပမာဏကြီးမားစွာ ပြုလုပ်ခဲ့ကြသည်။ ၂၀၀၀ ခုနှစ်နောက်ပိုင်း မက်သာဖီတမင်း ခေါ် ယာမ ဓါတုဆေးဝါးရောင်းဝယ်ဖေါက်ကားမှု တိုးတက်များပြားလာပြီး ဘိန်းရောင်းဝယ် မှု ကျဆင်းသွားသည်။ အဆိုပါ မူးယစ်ဆေးဝါးချက်လုပ်ရောင်းချမှု အားလုံးသည် မြန်မာပြည်တွင်း၌ အခြေစိုက်ချက်လုပ်ခြင်းဖြစ် သည်ဟု နိုင်ငံတကာက စွပ်စွဲပစ်တင်မှု ပြုခြင်းခံနေရသည်။

လက်ရှိ ရှမ်းအရှေ့တွင် မူးယစ်ဆေးဝါးချက်လုပ်ရောင်းချမှုအား လက်ညှိုးထိုးသက်သေပြရန် ခက်ခဲသော်လည်း ဒေသတွင်း၌ မူးယစ်ဆေးဝါးထုတ်လုပ်မှု များရှိနေသည်ဟု နိုင်ငံတကာ၏စွပ်စွဲပစ်တင်မှု အောက်တွင်ရောက်ရှိနေပေသည်။ ထို့အတူငြင်း ပယ်၍ မရနိုင်သည်မှာ ဒေသတွင်း မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်တက်နေခြင်းနှင့် လက်လီရောင်းဝယ်ဖြန့်ဖြူးမှု မြင့်တက်နေခြင်း ဖြစ်သည်။ ကျိုင်းတုံဒေသခံလူငယ်ဆရာဝန်တဦး၏ပြောကြားချက်အရ မြန်မာကျပ်ငွေ ၅၀၀ ဖြင့် ယာမ ၃ ပြားဝယ်ယူရရှိနိုင်ပြီး မူးယစ်ဆေးက သကြားလုံးထက်ပင် ဈေးချိုနေပြီး လူငယ်များကြား မူးယစ်ဆေးသုံးစွဲမှု မြင့်တက်လျက်ရှိသည်ဟု ဆိုပါသည်။ လက်ရှိအချိန်တွင် တရားဝင်အကျဉ်းသား ၁၀၀၀ ခန့်သာဆန့်သည့် ကျိုင်းတုံအကျဉ်းထောင်တွင် အကျဉ်းသား ၂၀၀၀ ကျော် ခန့်ရှိနေပြီး အများစုမှာ မူးယစ်ဆေးဝါးနှင့်ပတ်သက်နေသော အမှုများသာဖြစ်သည်။

မူးယစ်ဆေးဝါးပြသနာနှင့်ပတ်သက်၍ ပြည်တွင်းကရော ပြည်ပကပါ အာရုံစိုက်၍ ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေသည်ကို တွေ့မြင်နေရသော်လည်းတကယ့်အရင်းအမြစ်ဖြေရှင်းရမည့် ပြဿနာမှာ မူးယစ်ဆေးဝါးပြဿနာမဟုတ်ပေ။ များပြားလှသော လက်နက်ကိုင်တပ်ဖွဲ့ပြသနာ၊ ရှမ်းအရှေ့ရှိ အဓိက တိုင်းရင်းသား ၄ မျိုးဖြစ်သည့် ရှမ်း၊ လားဟူ၊ အာခါ၊ ဝ လူမျိုးတို့နှင့် ပြည် မ အစိုးရကြား ဝါ ဗမာတို့ကြား ဟာမိုနီဖြစ်မှု ဖြစ်ပေသည်။

● ရှမ်းအရှေ့ရှိ လက်နက်ကိုင်တပ်ဖွဲ့များ
ရှမ်းအရှေ့တွင် ယခုအခါ တပ်မတော် မှ ကျိုင်းတုံတွင် ကြိဂံတိုင်း စစ်ဌာနချုပ်အခြေပြု ပြီး လက်အောက်ခံ ၊ အခြေချ စစ်ဗ ူ ဟာ၊ လှုပ်ရှားစစ်ဗျူဟာနှင့် လက်အောက်ခံ ခြေလျင်တပ်ရင်းများ၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် ၂ ခု၊ အမြောက်တပ်မနှင့် များပြားလှသောစစ်လက်ရုံးတပ်ဖွဲ့များ ဖြန့်ကျက်ချထားသည်။ အနည်းဆုံး စစ်အင်အား ၁၀၀၀၀ ကျော်ခန့်ရှိမည်ဟု ခန့် မှန်းရသည်။ ထို့ပြင် အာခါ၊ လားဟူတိုင်းရင်းသားများအား အခြေခံသည့် နယ်ခြားစောင့် တပ်ရင်း (BGF) ၃ ရင်းခန့်ရှိသည်။ အဆိုပါ စစ်အင်အားများအား ဒေသခံ ပြည်သူ့စစ်အဖွဲ့ ၃၂ ဖွဲ့ (အင်အား ၈၀၀၀ ခန့်) ဖြင့် ဝိုင်းရံဖွဲ့စည်းထား သည်။အစိုးရ ပြည်သူ့စစ်အများစုမှာ အာခါနှင့် လားဟူတိုင်းရင်းသားများက အများစုဖြစ်သည်ကို တွေ့ရသည်။

ရှမ်းအရှေ့၏မြောက်ဖက်တွင် မိုင်းလားတပ်ဖွဲ့ဟု လူသိများသော ငြိမ်းချမ်းရေးနှင့်စည်းလုံးညီညွတ်ရေးကောင်စီ/ အမျိုသားဒီမိုကရေစီမဟာမိတ်တပ်မတော် PSC/NDAA အမည်ဖြင့် အင်အား ၆၀၀၀ ခန့်ရှိသည့် တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ရှိသည်။ ရှမ်း၊ အာခါ၊ လွယ် တိုင်းရင်းသားများ အများစု ပါဝင်သည့်တပ်ဖွဲ့ဖြစ်သည်။ မိုင်းလားမြို့နယ်၊ မိုင်းယန်းမြို့ နယ်တွင်းမှ ဆီလူးဒေသ၊မိုင်းယုမြို့ နယ်ခွဲတွင်းမှ နမ့်ပန်းဒေသတို့အား ထိမ်းချုပ်ထားသည်။ ၎င်းတပ်ဖွဲ့၏ဌာနချုပ်အား မိုင်းလားတွင် အခြေပြု သည်။

မိုင်းဆတ်ခရိုင်အတွင်းတွင် ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ/ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) တပ်ဖွဲ့အင်အား ၉၀၀၀ခန့်ရှိသည်။ ဝ လူမျိုးများ အဓိကပါဝင်ပြီး လားဟူလူမျိုးအချို့လည်း ပါဝင်သည်။ အဆိုပါ ဝ တပ်ဖွဲ့ သည် အဓိကအား မိုင်းဆတ်ခရိုင်အတွင်း၌သာ အခြေပြုထားသည်။ UWSA ဌာနချုပ်မှာ ဝ မြောက် ပန်ဆန်းတွင်ဖြစ်ပြီး မိုင်း ဆတ်ခရိုင်တွင်းရှိ တပ်ဖွဲ့များအား UWSA ၁၇၁ စစ်ဒေသအဖြစ် ဖွဲ့စည်းထားပြီး စစ်ဒေသဌာနချုပ်အား မိုင်းတုံမြို့နယ်တွင်းရှိ မုန်းကျွတ်တွင် အခြေပြုပါသည်။

အဆိုပါ မိုင်းဆတ်ခရိုင်တွင်းမှာပင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) သည် မုန်းထအနီး လွယ်တိုင်းလျံတွင် အခြေပြုပြီး မိုင်းဆတ်ခရိုင်အတွင်း အဓိကဖြန့်ခွဲနေပြီး တာချီလိတ်ခရိုင်၊ ကျိုင်းတုံခရိုင် အတွင်းရှိ နယ်မြေအချို့တွင်လည်း ဖြန့်ခွဲလှုပ်ရှားနေသည်။ ရှမ်းအရှေ့တွင်လှုပ်ရှားနေသော RCSS/SSA ၏ အင်အားမှာ ၄၀၀၀ မှ ၆၀၀၀ ခန့်ထိရှိနိုင်သည်ဟု ခန့်မှန်းရသည်။

သို့သော် မိုင်းဆတ်ခရိုင်အတွင်း UWSA နှင့် RCSS/SSA တပ်ဖွဲ့များသည် မိုင်းလားအခြေပြု NDAA ကဲ့သို့ သီးသန့်နယ်မြေထိမ်းချုပ်ထားခြင်းမျိုးမဟုတ်ပေ။ အထူးသဖြင့် မိုင်းဆတ်ခရိုင်အတွင်း တပ်မတော်၊ UWSA နှင့် RCSS/SSA တို့တပ်နေရာ ယူထားကြသည်မှာ ရှုပ်ထွေးရောယှက်နေသည်။ နီးနီးကပ်ကပ် အပြန်အလှန်ဝိုင်းပတ်နေသကဲ့သို့ ဖြစ်နေသည်။

ရှမ်းအရှေ့ထိုင်းနယ်စပ်တွင် အခြေပြု သည့် တိုင်းရင်းသားအဖွဲ့တခုမှာ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ဖြစ်သည်။ LDU သည် မူလက လက်နက်ကိုင်တပ်ဖွဲ့ရှိသော်လည်း ယခုအခါ မြန်မာပြည်တွင်း ရှမ်းအရှေ့နယ်နမိတ်အတွင်း လက်နက် ကိုင်တပ်မရှိဘဲ ထိုင်းနိုင်ငံဖက်ခြမ်းတွင် ဖြန့်ခွဲအခြေပြုနေသည်ဟုဆိုပါသည်။ အင်အားအနည်းငယ်သာရှိသည်။

အဆိုပါတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထဲတွင် RCSS/SSA နှင့် LDU သည် NCA လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။ သို့သော် ၂၀၁၈ နှစ်ကုန်ပိုင်း၌ RCSS/SSA သည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးညှိနှိုင်းမှုကော်မတီ JMC တွင်ပါဝင်နေမှု အားရပ်ဆိုင်းထားသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တရားဝင်လည်ပတ်မှု ရပ်တန့်နေသည်။ UWSA နှင့် NDAA ကတော့ လက်မှတ်ထိုးခြင်းမပြုသေး၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နိုင်ငံရေးဆွေးနွေးမှုတွင် ပါဝင်ခြင်းမရှိသေးပေ။ သို့သော် ၂၀၁၁ တွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည်။

သို့ဖြစ်ရာ ရှမ်းအရှေ့တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအပါလက်နက်ကိုင်ဆောင်ထားသူ ၃ သောင်းခန့်ရှိနေသည်။ ရှမ်းအရှေ့ပြဿနာသည် ထိုလက်နက်ကိုင်တပ်ဖွဲ့များပြဿနာကို အဓိကဖြေရှင်းနိုင်ရန်လိုသည်။ ဒေသခံ အဓိက တိုင်းရင်း သား ၄ မျိုးသည် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ကိုယ်စီပတ်သက်နေကြသည်။

ထိုလက်နက်ကိုင်တပ်ဖွဲ့များပြသနာသည် ရှောင်တခင်ဖြစ်လာခဲ့သည်တော့ မဟုတ်ပေ။ ရှည်ကြာသော သမိုင်းကြောင်းနှင့် ဖြစ်တည်လာခြင်းဖြစ်သည်။ သို့ဖြစ်ရာ ရှမ်းအရှေ့ပြသနာကို နားလည်နိုင်ရန်အတွက် မိမိတို့သည် လက်လှမ်းမီသည့် အနီး ခေတ်သမိုင်းကြောင်း ပြန်ပြောင်းကြည့်ရန် လိုအပ်ပါသည်။

ဆက်လက်ဖေါ်ပြမည်။
မောင်မောင်စိုး

မှတ်ချက် ။ ။ ကျိုင်းတုံစစ်တမ်း အခန်း (၂) အား ၂၀၁၉ သြဂုတ်လတွင် ဆက်လက်ဖေါ်ပြပါမည်။