Breaking News

တရုတ်နိုင်ငံရဲ့ သြဇာနဲ့ ကိုးကန့်လက်နက်ကိုင် တပ်လားရှိုးကပြန်ဆုတ်မလား

မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၂၉ မြင်ကွင်း

မိုးမခ၊ ဇန်နဝါရီ ၃၀၊ ၂၀၂၅

တရုတ်နိုင်ငံရဲ့ သြဇာနဲ့ ကိုးကန့်လက်နက်ကိုင်တပ် လားရှိုးက ပြန်ဆုတ်မလား

MNDAA ကသိမ်းထားတဲ့ လားရှိုးမြို့ကနေ တရုတ်နှစ်သစ်ကူးအပြီးမှာ ကိုးကန့်တပ်တွေ ပြန်ဆုတ်ဖို့ ဇန်နဝါရီ ၂၈ ရက်နေ့က လားရှိုးမြို့မှာ ကျင်းပတဲ့ တရုတ်နှစ်သစ်ကူး အခမ်းအနားမှာ တရုတ်နိုင်ငံကိုယ်စား လှယ်က ပရိသတ်ရှေ့ နှုတ်ဆက်စကားပြောဆိုရာမှာ ထည့်သွင်းပြောဆိုသွားပါတယ်။ တရုတ်ဘာသာနဲ့ ပြောဆိုနေတဲ့ ဗီဒီယိုဖိုင် Oh yeah လူမှုကွန်ရက်မှာ ဝေမျှနေကြပြီး သတင်းဌာနအချို့က လားရှိုးမြို့ကနေ MNDAA ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ ပြန်လည်ဆုတ်ခွာဖို့ နှစ်သစ်ကူးပွဲတက်ရောက်လာတဲ့ တရုတ်နိုင်ငံ ကိုယ်စားလှယ်က ပြောဆိုကြောင်းနဲ့ စစ်ကောင်စီက သိန္နီ၊ ကွမ်လုံ၊ လောက်ကိုင်၊ ကွတ်ခိုင် ခရိုင်တို့ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အထူးဒေသ အဖြစ် အသိအမှတ်ပြုတဲ့ သဘောတူညီချက် ရှိထားကြောင်းလည်း ရေးသား ဖော်ပြနေကြပါတယ်။
အချို့သော ဆိုရှယ်မီဒီယာ ရေးသားချက်တွေမှာတော့ လားရှိုးကို အရပ်သားအုပ်ချုပ်မှုအောက်ထားဖို့၊ ဘယ်လက်နက်ကိုင်တပ်မှ ဝင်နေရာမယူဖို့ သဘောတူထားတယ်လို့ လည်း ဖော်ပြကြပေမယ့် ဒီအချက်အလက်တွေနဲ့ပတ်သက်လို့ ဘယ်သတင်းဌာနကမှ အတည်ပြုနိုင်တာမရှိသေးပါဘူး။ လက်နက်ကိုင်တပ်တွေကသာ သိမ်းယူထားတဲ့ နေရာတကာမှာ အုပ်ချုပ်နေကြချိန်၊ တည်ငြိမ်မှုမရှိတဲ့အချိန်ကာလမှာ အခုလိုကာလမှာ လက် နက်ကိုင်တပ်ဖွဲ့တွေ အခြေစိုက်ခြင်းမရှိဘဲ အရပ်ဘက်အုပ်ချုပ်ရေးသာရှိမယ်ဆိုတဲ့ပြောဆိုချက်က ဖြစ်နိုင်ချေအားနည်းတဲ့အနေအထားလည်း ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ထွေအုပ်လိုအုပ်ချုပ်ရေးမျိုးကလည်း စစ်ကောင်စီတပ်က မြို့မှာမရှိဘဲ အုပ်ချုပ်ဖို့မဖြစ်နိုင်သလို တဖက် MNDAA ဘက်က အရပ်ဘက် အုပ်ချုပ်ရေးလိုမျိုးလည်း ၄င်းတပ်တွေမရှိဘဲ လားရှိုးမြို့မှာ အုပ်ချုပ်ဖို့ မဖြစ်နိုင်ပါဘူး။

MNDAA ရဲ့ စည်းရုံးရေးနဲ့ သြဇာက တရုတ်အစိုးရရဲ့ဖိအားပေးမှုအောက်မှာ ကျဆုံးသွားတဲ့အနေအထားမျိုးလို့ ကောက်ချက်ချရမယ့်သဘောဖြစ်ပါတယ်။ MNDAA အနေနဲ့ အခြားသော PDF လို့ယေဘုယျအမည်နဲ့ ခေါ်ဝေါ်ကြတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ရှမ်းမြောက်စစ်ဆင်ရေးတွေမှာ၊ လားရှိုးမြို့သိမ်းတိုက်ပွဲတွေမှာ အကူ အညီရယူခဲ့ပြီး ဒီ၁၀၂၇ စစ်ဆင်ရေးရဲ့အချို့သောအစိတ်အပိုင်းတွေကို စစ်ရေးအရ ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ စစ်ရေးအရ အောင်မြင်မှုတွေရရှိပြီး စစ်စခန်း၊ တပ်ရင်းစခန်း၊ မြို့နဲ့ နယ်မြေတွေ သိမ်းယူခဲ့ပြီးနောက် ပူးပေါင်းတိုက်ခိုက်ခဲ့ကြတဲ့အဖွဲ့တွေရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ နွေဦးတော်လှန်ရေး တနည်းအားဖြင့် စစ်ကောင်စီတပ်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖယ်ရှားရေးမှာ ဆက်လက်မပါဝင်နိုင်တော့တဲ့အနေအထားကို ဘယ်လိုရှင်းပြသလဲ၊ ဘယ်လိုသဘောတူညီချက်တွေအရ ဆုံးဖြတ်သလဲဆိုတာတွေကမေးခွန်းသာရှိပြီး အဖြေရဖို့ မလွယ်ကူတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။

အခုလို MNDAA အနေနဲ့ တလနီးပါး အချိန်ယူပြီး တပ်ဖွဲ့ဝင်၊ လက်နက်ခဲယမ်းတွေတွေ အမြောက်အမြား သုံးပြီးတိုက်ခိုက်ရာကသိမ်းယူနိုင်ခဲ့တဲ့ လားရှိုးမြို့ကို ပြန်လည်လက်လွှတ်မယ်ဆိုခဲ့ရင် ပူးပေါင်းတိုက်ခိုက် ပေးခဲ့ကြရာမှာ ကျဆုံးခဲ့ကြတဲ့ သူတွေအတွက် ဘယ်လိုနားလည်ရမလဲ ဆိုတဲ့ ရှုထောင့်ကနေ ဝေဖန်ပြောဆိုမှုတွေလည်း အများအပြားပေါ်ထွက်နေတာ တွေ့ရပါတယ်။
MNDAA အနေနဲ့တော့ စစ်ရေးအရအောင်နိုင်မှုဆက်တိုက်ရရှိနေချိန်မှာ လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာ နချုပ်ထိသိမ်းယူခဲ့ပြီး ဒီဒေသတွေကိုပါ ကိုးကန့်ရဲ့အထူးဒေသ(၁) အုပ်ချုပ်မှုထိန်းချုပ်မှုဧရိယာထဲ ထည့် သွင်းဖို့ဆန္ဒရှိခဲ့ပေမယ့် တရုတ်နိုင်ငံရဲ့ဖိအားကို လွန်ဆန်ဖို့မတတ်သာတဲ့အခြေအနေမှာ လားရှိုးကနေ ပြန်ဆုတ်ဖို့ဆုံးဖြတ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ တရုတ်နှစ်သစ်ကူးကာလပြီးရင် တစတစဆုတ်ပေးရမယ်ဆိုတဲ့သတင်းတွေလည်း ပေါ်ထွက်နေပြီး ဒီနေ့နေ့စွဲနဲ့ဖော်ပြတဲ့သတင်းတပုဒ်မှာတော့ စတင်ဆုတ်ခွာနေပြီလို့တောင် ရေးသားဖော်ပြထားတာတွေ့ရပါတယ်။

အခုလိုရှမ်းမြောက်မှာ တိုင်းစစ်ဌာနချုပ်ကိုသိမ်းယူနိုင်ခဲ့တဲ့ MNDAA ကိုးကန့် လက်နက်ကိုင်အဖွဲ့က တောင် တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကိုမခံနိုင်ပဲ လျှော့ပေးရတယ်ဆိုခဲ့ရင် MNDAAပြီးနောက် ဒုတိယ ဖိအားပေးခံရမယ့် အဖွဲ့က TNLA တအာင်းလက်နက်ကိုင် အဖွဲ့ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။

ဒီနေ့အဖို့ အခြားသောသတင်းကတော့ အမေရိကန်ပြည်ထောင်စုက အသစ်တက်လာတဲ့ သမ္မတရဲ့အသုံးစရိတ်ဖြတ်တောက်ရေးနဲ့ တရားမဝင်ဝင်ရောက်လာသူတွေ နယ်နှင်ရေးဆိုတဲ့လုပ်ဆောင်မှုတွေက မြန်မာနိုင်ငံမှာမွေးဖွားပြီး အမေရိကန်ရောက်နေသူအချို့အပေါ် သက်ရောက်မှုရှိလာမယ့်အခြေအနေနဲ့ မြန်မာနိုင်ငံကအဆင့် မြင့်ပညာသင်ယူနေကြတဲ့သူအချို့ကို ပညာသင်စရိတ် ထောက်ပံ့ကြေးပေးတဲ့ အစီအစဥ်ကို သမ္မတအမိန့်နဲ့ ရပ်ဆိုင်းလိုက်တဲ့ အကြောင်းတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကနေ အမေရိကန် ပြည်ထောင် စုထဲ နည်းအမျိုးမျိုးနဲ့ရောက်ရှိသွားကြပြီး တရားဝင်နေထိုင်ခွင့်မရှိသူ မြန်မာနိုင်ငံသား ၆၇၉ ယောက် လည်း နှင်ထုတ်ခံရမယ့် လူအရေအတွက် သန်းဂဏန်းထဲ ပါဝင်နေပါတယ်။ ဒီ ၆၇၉ ယောက်သော မြန်မာ နိုင်ငံသားတွေဟာ နိုင်ငံရေးအကြောင်းကြောင့် ပြည်တွင်းမှာနေထိုင်ရင်အန္တရာယ်ကျရောက်နိုင်တာကြောင့် နည်းလမ်းတခုခုနဲ့ အမေရိကန် ပြည်ထောင်စုကိုသွားရောက်ပြီး နေထိုင်နေကြသူတွေလား သို့မဟုတ် ရေကြည်ရာ မျက်နုရာ ရှာဖွေပြီး ဘဝတက်လမ်းအတွက် သွားရောက်ကြတဲ့ သူတွေလားဆိုတာ ကွဲကွဲပြားပြား မသိရှိရသေးပါဘူး။ အမေရိကန်ကို တရားမဝင် ဝင်ရောက်လာသူ၊ တရားမဝင် နေထိုင်နေသူတွေကို ပြတ်ပြတ်သားသား နှင်ထုတ်မယ်လို့ မဲဆွယ်ပွဲကာလ ကတည်းက ပြောဆိုလာခဲ့တဲ့ ထရန့်က အခုတော့ ရက်မဆိုင်း အကောင်အထည်ဖေါ်နေတာဖြစ်ပြီး အခုလို လူနှင်တာတင်မဟုတ်ပဲ မတူကွဲပြားခြင်း၊ တန်းတူခြင်းနဲ့ အားလုံးပါဝင်နိုင်ခြင်းဆိုတဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ အတိုကောကက် DEI အစီအစဥ်ကနေပေးအပ်တဲ့ အဆင့်မြင်ပညာသင်ဆုငွေ ၄၅ သန်းကိုလည်း ရပ်ဆိုင်းဖို့ အမိန့်ထုတ်လိုက်ပါတယ်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်က စတင်ပေးအပ်တဲ့ အဆိုပါထောက်ပံ့ကြေး အကူအညီ ၄၅ သန်းဟာ ၅ နှစ်တာကာလအတွက် ပေးအပ်မယ့် အစီအစဥ်ဖြစ်ပြီး လက်ရှိမှာ တနှစ်တာသာ ပေးအပ်ရသေးတဲ့အနေအထားလည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် အမေရိကန် အစိုးရအနေနဲ့ မြန်မာနိုင်ငံထဲက လူငယ်တွေအဆင့်မြင့်ပညာသင်ကြားရေးမှာ လိုအပ်တဲ့အထောက်အပံ့ကို DEI အစီအစဥ်အောက်က ပေးအပ်တာဖြစ်ပြီး အခုရက်ပိုင်းအတွင်း အာဏာလွှဲပြောင်းယူတဲ့ သမ္မတ ထရန့်က DEI အစီအစဥ်တွေ အားလုံးကို ရပ်ဆိုင်းဖို့ အမိန့်ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar