Breaking News

ကိုသန်းလွင် - အစ္စရေး နိုင်ငံရေးအကျပ်အတည်း

ကိုသန်းလွင် - အစ္စရေး နိုင်ငံရေးအကျပ်အတည်း

(မိုးမခ) မတ် ၂၄ ၊ ၂၀၂၃


( ၁ )

အစ္စရေးနိုင်ငံသည် ယခုအခါ ရေနွေးငွေ့များဖြင့် ပြည့်သိပ်နေပြီး အချိန်မရွေး ပေါက်ကွဲထွက်နိုင်သည့် ဘွိုင်လာအိုးကြီးသဖွယ် ဖြစ်နေပါသည်။

အသေခံ၍ တိုက်ခိုက်နေကြသော ပါလက်စတိုင်း နိုင်ငံသားကလေးငယ်များ၏ တိုက်ခိုက်မှုနှင့်လည်း ရင်ဆိုင်နေရပါသည်။ အစ္စရေးက နိုင်ငံပိုင်နယ်ကို တိုးချဲ့၍ သိမ်းပိုက်ခြင်းနှင့် ပါလက်စတိုင်း ရွာများကို မီးရှို့ ဖျက်ဆီးခြင်း၊ ဝန်ကြီးချုပ် နာတာညာဟူး (Benjamin Netanyahu) ၏ တရားစီရင်ရေးအာဏာကို အပိုင်သိမ်းယူလိုမှုတို့ကို ဆန့်ကျင်ဆန္ဒပြခြင်းတို့ကြောင့် နိုင်ငံတွင် တခါမှ မမြင်ဖူးသော အုံကြွမှုများကို ရင်ဆိုင်နေရပါသည်။

( ၂ )

လူအများ ရိုသေမှုရှိကြသော မိုးဆတ်( Mossad) ခေါင်းဆောင်ဟောင်းများကလည်း နာတာညာဟု၏ တရားစီရင်ရေးအပေါ် အာဏာသိမ်းမှုကို မလိုလားကြပါ။ မိုးဆတ် ဟောင်း ရတန် (Danny Yatom) က အစ္စရေး တယ်လီဗီးရှင်း ချယ်နယ်သို့ ပြောကြားရာတွင် ဝန်ကြီးချုပ်သည် သူ့အစီအစဉ်အတိုင်း ဆက်သွားနေ ပါလျင် အစ္စရေးနိုင်ငံ၏ အမြင့်ဆုံးတရားရုံးမှာပျောက်ကွယ်သွားပြီး ဖိုက်တာပိုင်းလော့များ၊ အထူးစပါယ်ရှယ် ဖွဲ့စည်းထားသော တပ်ဖွဲ့ဝင်များမှာ အစိုးရကပေးသော အမိန့်များကို လိုက်နာစရာမလိုတော့ပါဟု ပြောနေပါ သည်။ “သူတို့ဟာ ဒီမိုကရေစီနိုင်ငံတော်နှင့် စာချုပ်ထားသူတွေပါ၊ ဒါပေမဲ့ မဆိုစကောင်း နိုင်ငံဟာ အာဏာရှင် လက်အောက်ရောက်သွားပြီဆိုရင် သူတို့ လက်မှတ်ထိုးထားတာဟာ ပျောက်ကွယ်သွားပါပြီ” ဟု ပြောသည်။

ထိုအရာများသည် ပျင်းရိဖွယ်ကောင်းသော တွေးခေါ်ချက်များ မဟုတ်ပါ။ လွန်ခဲ့သော ရက်အနည်းငယ်က တိုင်းပြည်၏ ထောက်လှမ်းရေးအရာရှိ ၂၅၀ ကျော်က လက်မှတ်ရေးထိုးထားသည့် စာတစောင်က အစိုးရက ကြေညာသည့်အတိုင်း ဆက်လုပ်ပါက အလုပ်မဆင်းဘဲနေကြရန် ရေးသားထားသည်။ အစ္စရေး တိုင်း သတင်းစာကြီးက အလားတူစာများကို ပိုင်းလော့များ၊ တင့်ကားမောင်းသူများ၊ ရေငုပ်သင်္ဘောအရာရှိများက ရေးသားထားခဲ့ကြသည်ဟု ဆိုသည်။

အစ္စရေးနိုင်ငံသည် ပါလက်စတိုင်း အရေးကိစ္စ၊ လူများ နေရာထိုင်ခင်းကိစ္စ၊ အစ္စရေးနိုင်ငံ၏ တရားစီရင်ရေး အကျပ်အတည်းများ ၃ ခုကို တပြိုင်တည်း မကြုံခဲ့ရဖူးပါ။ သို့သော် နာတာညာဟု ၏ လက်ရာယိမ်း အစိုးရအာဏာရယူပြီး မကြာမီမှာပင် ထိုကိစ္စ ဖြစ်ပွားခဲ့ပါသည်။

တနင်္ဂနွေနေ့က ပါလက်စတိုင်း သေနက်သမားက နဘလတ် (Nablus) မြို့အနီးတွင်အစ္စရေး ဂျူး ၂ ယောက်ကို ပစ်သတ်ခဲ့ပါသည်။ ၎င်းမှာ ထိုမြို့တွင် ပါလက်စတိုင်း ၁၁ ယောက် အစ္စရေးတို့လက်ချက်ဖြင့် သေခဲ့ကြရခြင်းကို လက်စားချေခြင်း ဖြစ်ပါသည်။ အစ္စရေးက ပါလက်စတိုင်းတို့ နေထိုင်ရာ အိမ်ခြေ ၂၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုအချိန်မှာပင် အစ္စရေးလူ ၁ သိန်းကျော်တို့ စနေနေ့ညက တယ်လဗီး မြို့လယ်ကောင်တွင် နာတာညာဟု၏ တရားရေးဌာနကို အပိုင်စီးခြင်းနှင့်ပတ်သက်၍ ဆန္ဒပြခဲ့ကြသည်။

ထိုဆန္ဒပြမှု မဖြစ်ပေါ်မီကတည်းကပင် နာတာညာဟုက ကတ်ဘိနက်အစည်းအဝေး၌ “ကျွန်တော်က သူတို့ကို ထိုးဖို့ လက်သီးပေးချင်တာ” ဟု ပြောကြားခဲ့သည်။

ပါလက်စတိုင်းနှင့် အခြေကျ နေထိုင်သူတို့အကြား ဖြစ်ရသော ပြဿနာမှာ အဆန်းမဟုတ်တော့ပါ။ သို့သော် အစွန်းရောက် အစိုးရကို ဘာသာရေးအစွန်းရောက်သူများက တွန်းပို့သောအခါ အနောက်ဘက်ကမ်းခြေ ဒေသ (West Bank) တခုလုံးကို သိမ်းပိုက်ချင်နေကြသည်။ မူဝါဒ ပျော့ပျောင်း၍ တည်ငြိမ်စေလိုသော ဆန္ဒရှိသူ ဝန်ကြီးများကို ဝါဒစွဲပြင်းထန်သူများနှင့် အစားထိုးပြီးချိန်၊ အစိုးရ၏ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စစ်ရေးဆိုင်ရာဌာနတို့ကို ချုပ်ကိုင်ပြီးချိန်၌ သူတို့လုပ်ချင်သော အလုပ်များကို လုပ်ကိုင်ရန် အခွင့်အရေးပေါ်ပေါက်ခဲ့ပါသည်။

ဟတ် (Haaretz) သတင်းစာက ဘင်ဇီယွန် (Ben Zion) ဆိုသူ၏ တွစ်တာတွင် ရေးသားချက်ဖြစ်သော ”ဟဝါယာ (Hawara) ဆိုသော အဓိက တိုက်ခိုက်ခံရသော ရွာ ၄ ရွာအနက်မှ တစ်ရွာသည် ယနေ့ပင် မြေပုံပေါ်မှ ပျောက်ကွယ်သွားရမည်” ဟူ၍ ကြိမ်းဝါးချက်ကို ဖော်ပြခဲ့ပါသည်။ ထိုရေးသားချက်များမှာ နာတာညာဟု ၏ ကတ်ဘိနက်ဝန်ကြီးများ၏ အကြိုက်ပင် ဖြစ်ပါသည်။

နာတာညာဟု၏အစီအစဉ်အရဆိုလျင်အစ္စရေးတရားစီရင်ရေးစနစ်တစ်ခုလုံး၏ လွတ်လပ်စွာတရား စီရင်ရေးကိစ္စတခုလုံးကို ပျက်စီးသွားစေရန် ကြံရွယ်ခဲ့သည်။ လူထုအကြား ဆန္ဒခံယူရာတွင်လည်း ဤကိစ္စ သည် ကန့်ကွက်ခြင်းခံရသည်။ အမေရိကန် သမ္မတနှင့် အစ္စရေး အများစုတို့က ၎င်းတို့ကို တစ်နိုင်ငံလုံးက ကြေညက်အောင်လေ့လာပြီးမှ လုပ်စေလိုသည်။ နာတာညာဟုက ကတ်ဘိနက် အတွင်းမှ သူ့ကိုထောက်ခံ သူ များနှင့် ပူးပေါင်းပြီး လွှတ်တော် (Knesset) အတွင်းတွင် ဥပဒေအဖြစ်တင်သွင်းလိုကြ သည်။ ဤကဲ့သို့ ဥပဒေကို လွှတ်တော်သို့တင်၍အတည်ပြုလိုခြင်းမှာ နာတာညာဟု၏အဆိုအရ အစိုးရပေါ်လစီများကို အမေ ရိကန်၊ ကနေဒါနှင့် ပြင်သစ်နိုင်ငံများကဲ့သို့ ဖြစ်အောင် (Technical Fix) အဖြစ် တင်သွင်းရခြင်းသာဖြစ်သည်။ 

တကယ်ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုသည်ကို သိနိုင်ရန် အောက်ပါမေးခွန်းများကို ဖြေဆိုကြည့်ရန် လိုပါလိမ့်မည်။ အစ္စရေးနိုင်ငံ ခေါင်းဆောင်တစ်ယောက်သည် သူ့နိုင်ငံကို ပြည်တွင်းစစ် အဖြစ်ခံနိုင်ပါမည်လား၊ တကမ္ဘာလုံးက ဂျူးလူမျိုးများ၏ ဒီမိုကရေစီ ချစ်မြတ်နိုးခြင်းအပေါ် အဆက်ဖြတ်လိုပါသလား။ အမေရိကန်တို့ နှင့် ပူးပေါင်း၍ စက်မှုဆိုင်ရာ အံ့သြဖွယ်ရာများ ဖန်တီးခြင်း (Technical Miracle) များကို ရပ်ဆိုင်းပစ်လိုပါ သလား။ တနိုင်ငံလုံးမှ စစ်သားများ၏ အာဏာရှင်ကို ဆန့်ကျင်ခြင်းကို ခံနိုင်ပါမည်လားဟု ဖြစ်ပါသည်။ သူ၏ (Technical Fix) များသည် သည်မျှ အရေးကြီးလာမည်ဟု မည်သူမှ မပြောနိုင်ခဲ့ပါ။

နာတာညာဟုအဖို့ ထိုအရာများဖြစ်လာနိုင်သည်ကို သိလျက်နှင့် အရဲစွန့်ရခြင်းမှာ သူ့အတွက် အလွန် အရေးကြီးသော အကြောင်းအရာများရှိ၍သာ ဖြစ်ပါသည်။ တရားရေးဌာနကို တစစီ ဖြစ်အောင် ဖျက်ဆီးလိုခြင်းမှာ သူ့ကိုစွဲထားသည့် ယုံကြည်မှုဖောက်ဖျက်ခြင်း၊ လာဘ်စားခြင်းကိစ္စ၊ အလွဲသုံးစားလုပ်ခြင်းကိစ္စများကြောင့် သူကို ထောင်ချပစ်နိုင်သော ပြစ်မှုမျိုးကို ကျူးလွန်ထားသောကြောင့်သာ ဖြစ်ပါသည်။   

သူ၏ တရားရေးဌာန ပြုပြင်ရေး ဆိုသည်မှာ လွှတ်တော်တွင် မဲတစ်မဲ အသာရရုံဖြင့် အမြင့်ဆုံးတရားရုံးမှ ဆုံးဖြတ်ချက်များမှာ ပြောင်းလဲသွားရမည် ဖြစ်သည်။ သူသည် အမြင့်ဆုံးတရားရုံးက ဆုံးဖြတ်သည်များကို ဂရုစိုက်စရာ မလိုတော့ပေ။

ထို့ကြောင့် ဤကဲ့သို့သော လုပ်ရပ်ကို ဆန့်ကျင်ရန်အတွက် အစ္စရေးအများစုက ကန့်ကွက်ဆန္ဒပြနေခြင်း ဖြစ်ပါသည်။ အစ္စရေးသည် ခေါင်းဆောင်က အမိန့်ပေးလျှင် လိုက်နာကြရသော ဟန်ဂေရီနိုင်ငံလိုမျိုး မဟုတ်ပါ။ စနေနေ့က တယ်လဗီးမြို့တွင် ယခင်ဝန်ကြီးချုပ်ဟောင်းနှင့် စစ်သေနာပတိဖြစ်သူ အီဟူး ဘားရပ် (Ehud Barak) က မိန့်ခွန်းပြောနေရာသို့ စုဝေးရောက်ရှိလာကြပါသည်။ သူက အစ္စရေးနိုင်ငံသည် ၎င်း၏ ရပ်တည်မှုကို ခြိမ်းခြောက်ခံနေရသည်ဟု ပြောပါသည်။

“နာတာညာဟုဟာ လာမည့်ရက်တွေအတွင်း သူ၏ အာဏာရှင်ဆန်ဆန် ဥပဒေတွေကို တင်သွင်း လာပါလိမ့်မယ်။ ဒါတွေကို အမြင့်ဆုံးတရားရုံးက ပယ်ချမှာဘဲ”။ အစ္စရေးနိုင်ငံတွင် အရေးကြီးသော သမာဓိ ဂိတ်စောင့်များ ရှိပါသည်။ စစ်တပ်၏ အကြီးအကဲ၊ မိုးဆတ်အဖွဲ့ ဥက္ကဋ္ဌ၊ ပြည်တွင်းလုံခြုံရေးအဖွဲ့ (Shin Bet) နှင့် ရဲတပ်ဖွဲ့၏ ဥက္ကဋ္ဌတို့က မည်သူ့စကားကို နားထောင်ရမည်ကို ဆုံးဖြတ်မှာပါ။ “ ထိုအခါ နိုင်ငံတွင် အကျပ်အတည်းများ ဆိုက်ရောက်လာမှာပါ” ဟူ၍ ပြောကြားခဲ့ပါသည်။ 

( ၃ )

သမ္မတဟောင်း ရစ်ချပ်နစ်ဆင်က ဝါးတားဂိတ်ကာလတွင် “သမ္မတ လုပ်လျှင် ဘာပဲလုပ်လုပ် တရား ဝင်တယ်”ဟု ပြောခဲ့သည်။ တရားရေးဌာနက လိုက်ပြီးအတည်ပြုပေးရမည်ဟု ဆိုလိုပါသည်။ မစ္စတာ နာတာညာဟု ထက်ပို၍ အစ္စရေးနိုင်ငံ၏စီးပွားရေးကိုနိုင်ငံ၏ (Power House) အဖြစ် ပြောင်းလဲပေးနိုင်ခဲ့သူ မရှိပါ။ သူသည် အစ္စရေးနိုင်ငံကို တိုးတက်ဖွံ့ဖြိုးသည့်နိုင်ငံ ဖြစ်စေခဲ့ပါသည်။

သို့သော် သူ့လုပ်ရပ်များသည် ပြည်သူတို့ သည်းခံနိုင်သည့်အဆင့်ထက် ကျော်လွန်လာလျှင် အစ္စရေး တို့သည် သူတို့အနာဂတ်ကို မိမိဘာသာ ဆုံးဖြတ်ရန် အချိန်ကျရောက်လာပါလိမ့်မည်။ အစ္စရေးတို့သည် ဂန္ဓီကြီး လွန်ခဲ့သော နှစ်ပေါင်း ၈၀ ကျော်က ချမှတ်ခဲ့သော အကြမ်းမဖက်သည့် ပြည်သူတို့၏ ဆန့်ကျင်မှုကို ပြကြရ ပါ လိမ့်မည်။ မာတင်လူသာကင်းက လည်းလွန်ခဲ့သောနှစ်ပေါင်း ၆၀ ကျော်ကပြည်သူတို့သည်မိမိ ဆန္ဒကိုပြ ကြရန်ပြောခဲ့ဘူးပါသည်။ အစိုးရက ပြည်သူတို့ နားလည်တဲ့ အခြေခံမူများ၊ တန်ဖိုးထားကြသော အခြေခံတရားများကို ဆန့်ကျင်လာလျှင် ထိုနည်းကိုပဲ လိုက်နာကြမှာပါဟု အီဟူး ဘားရပ်က ပြောကြားခဲ့ပါသည်။

ယနေ့ ရက်သတ္တ ၁၀ ပတ်အတွင်းသို့ ရောက်လာသည့်တိုင် ဆန္ဒပြသည့်အရှိန်မှာ သေမသွားပါ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ ရေးမထားသော တိုင်းပြည်တွင် ပြည်သူများက အလျှော့ပေးမည်မဟုတ်၊ နာတာညာဟု ဘာဆက်လုပ်မည်ဆိုသည်ကို ဆက်လက်ကြည့်ရှုရန်သာ ရှိပါတော့သည်။

ကိုသန်းလွင်

Ref: Netanyahu is shattering Israeli Society, By Thomas Friedman, N.Y. Times March 2, 2023.



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar