Breaking News

သီအိုဇော် - အကောက်ခွန် အချက်အလက်များမှ ပြောသည့် တရုတ်နိုင်ငံမှ ရုရှားသို့လက်နက်ပစ္စည်းတင်ပို့မှု သတင်း

သီအိုဇော် - အကောက်ခွန် အချက်အလက်များမှ ပြောသည့် တရုတ်နိုင်ငံမှ ရုရှားသို့လက်နက်ပစ္စည်းတင်ပို့မှု သတင်း

(မိုးမခ) မတ် ၂၅ ၊ ၂၀၂၃


ဒီလိုကိစ္စမျိုးက ဟိုလူ့ပြောစကား ဒီလူ့ပြောစကားလောက်နဲ့ ခေါင်းကြီးသတင်း ဖြစ်လာမှာတော့ မဟုတ်လောက်ဘူးလို့ပဲ ယူဆကြရမှာပါ။

မူရင်းဆောင်းပါးရဲ့ အဆိုအရ တရုတ်နိုင်ငံကနေ တူရကီ၊ ယူအေအီးတို့မှတဆင့် ရုရှားကို တင်ပို့တဲ့ ကုန်သွယ်စာရင်း အကောက်အခွန် ဒေတာတွေကနေ စုံစမ်းဖော်ထုတ်ထားတာလို့ ဆိုပါတယ်။

POLITICO ဟာ အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်မှာ ရှိတဲ့ ဂျာမန်ပိုင် သတင်းဌာန ဖြစ်ပါတယ်။

အနောက်တိုင်း သတင်းမီဒီယာ ဖြစ်ကြောင်း အရင်ဖွင့်ချပြလိုတာက တုံ့ပြန်ငြင်းဆိုမှုများ ထွက်ပေါ်လာတဲ့အခါ မူလ သတင်းအရင်းအမြစ်ကို ထောက်ပြစွပ်စွဲတာတွေ ဖြစ်လာနိုင်ခြေ ရှိတဲ့အတွက်ပါ။

၂၀၂၂ ခုနှစ် ဇွန်လမှ ဒီဇင်ဘာလအထိ ရရှိထားတဲ့ ကုန်သွယ် အကောက်ခွန် အချက်အလက်များအရ တရုတ်ကုမ္ပဏီတွေက တိုက်ခိုက်ရေး ရိုင်ဖယ်အလက်(၁၀၀၀)နဲ့ ဒရုန်းနဲ့ ဆက်နွှယ်တဲ့ ပစ္စည်းများ၊ ကျည်ကာဝတ်စုံများ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီဆောင်းပါးအရ ရိုင်ဖယ်သေနတ်တွေကို ‘China North Industries Group Corporation Limited’ က‘Tekhkrim’ ဆိုတဲ့ ရုရှားစစ်တပ်နဲ့ အရောင်းအဝယ်လုပ်လေ့ရှိတဲ့ ရုရှားကုမ္ပဏီကို ၂၀၂၂ခုနှစ် ဇွန်လက တင်ပို့ရောင်းချခဲ့တယ်လို့ သိရပါတယ်။ ဒီတရုတ်ကုမ္ပဏီဟာ နိုင်ငံပိုင် စစ်လက်နက်ပစ္စည်း ရောင်းဝယ်ရေး ကုမ္ပဏီကြီးများအနက် တခုဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

POLITICO က ရရှိခဲ့တဲ့ စာရင်းများအရ ဒီသေနတ်တွေကို တရုတ်နိုင်ငံထုတ် CQ-A ရိုင်ဖယ်အမျိုးအစားလို့ သိရပါတယ်။ M16 ပုံစံမှီးထားတဲ့ သေနတ်လို့လည်း ဆောင်းပါးမှာ မှတ်ချက်ပေးထားပြီး အကောက်ခွန် စာရင်းထဲမှာတော့ အရပ်သား အမဲလိုက်ရိုင်ဖယ်လို့ ဖော်ပြထားပါတယ်။ တရုတ်ရဲတပ်ဖွဲ့၊ ဖိလစ်ပိုင်၊ တောင်ဆူဒန်၊ ပါရာဂွေးတို့က လက်နက်ကိုင်တပ်ဖွဲ့တွေမှာ အသုံးပြုကြတယ်လို့ ပြောပါတယ်။

အမဲလိုက်သေနတ်လို့ စာရင်းထည့်ထားပေမယ့် လက်နက်ကိုင်အဖွဲ့ အစည်းများမှာလည်း သုံးစွဲတာ တွေ့ရတဲ့အတွက် အရပ်ဘက် စစ်ဘက် နှစ်မျိုးသုံး dual-use ဆိုပြီး ဝိနည်းရှောင် ရောင်းချတဲ့ ပုံစံလည်း ဖြစ်တယ်လို့ ယူဆ နိုင်တဲ့ပုံပါပဲ။ တရုတ်ဘက်ကို ပြန်ကြည့်ရင် လက်တလုံးခြားလုပ်ပြီး ဘောင်ဝင်တန်းဝင်အောင် အားထုတ်တတ်တဲ့ အမူအကျင့်များက ထူးထူးဆန်းဆန်း ကိစ္စတွေလို့တော့ မဆိုနိုင်ပါဘူး။

ဒီ CQ-A အကြောင်းထပ်ရှာဖွေကြည့်တဲ့အခါ M4A1 ကာဘိုင်သေနတ်ကို ကော်ပီလုပ်ထားတဲ့ စစ်မြေပြင်သုံး အဆင့် ဆီမီးအော်တိုမက်တစ် သေနတ်လို့ ဖော်ပြထားတာလည်း တွေ့ရပါတယ်။

တရုတ်နိုင်ငံလုပ်သေနတ် ဖြစ်တဲ့အတွက် မှန်းဆကြရတဲ့အခါ M16 ကော်ပီ နဲ့ M4A1 ကော်ပီ ဆိုပြီး ကွဲပြားမှုတွေရှိရပေမယ့် အနိမ့်ဆုံးအနေနဲ့က စစ်မြေပြင်သုံး လက်နက်အဆင့်လို့တော့ ပြောနိုင်ပါတယ်။ M4A1 ကိုယ်တိုင်ကလည်း ပိုတို ပိုပေါ့တဲ့ M16A2 ပုံစံ ကွဲလို့ ဆိုကြပါတယ်။

အမေရိကန်နိုင်ငံရဲ့ ပိတ်ဆို့တားမြစ်ထားတာကို ခံထားရတဲ့ Da-Jiang Innovations Science & Technology (DJI) ဒရုန်းကုမ္ပဏီက ယူအေအီးနိုင်ငံကတဆင့် ရုရှားကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်းက ရောင်းချတဲ့ ပစ္စည်းတွေထဲမှာ ဒရုန်းအပိုပစ္စည်း၊ ဘက်ထရီနဲ့ ကင်မရာတွေ ပါဝင်တယ်လို့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ ကျည်ကာဝတ်စုံတွေ ရောင်းချတဲ့ တရုတ်ကုမ္ပဏီကတော့ ‘Xinxing Guangzhou Import & Export Co.’ လို့ သိ ရပါတယ်။

နောက်ထပ်စိတ်ဝင်စားစရာ အချက်အလက်က ‘Rosoboronexport’ဆိုတဲ့ ရုရှားရဲ့ နိုင်ငံပိုင် စစ်လက်နက်ရောင်းဝယ်ရေး ကုမ္ပဏီက မိုက်ခရိုချစ်ပ်၊ အပူကို ထောက်လှမ်းနိုင်တဲ့ thermal vision devices၊ ဓာတ်ငွေ့သုံး တာဘိုင် အင် ဂျင်နဲ့ အပိုပစ္စည်း စတာတွေကို တရုတ်၊ဆားဘီးယား၊မြန်မာတို့က တင်သွင်းခဲ့တယ်လို့ ဆိုထားတာပါ။ ဒါလည်း အရပ်သုံး စစ်ဘက်သုံး ခေါင်းစဥ်တွေ ဘောင်ဝင်အောင် လုပ်ထားနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တိုင်ဘယ်လိုမှ ထုတ်လုပ်ဖို့ မဖြစ်နိုင်တဲ့ ပစ္စည်းတွေဖြစ်တဲ့အတွက် အခုနောက်ပိုင်း တွက်ဆလာကြသလို မြန်မာကို ကြားခံအနေနဲ့ အသုံးပြုလာတဲ့ မှန်းဆချက်ကို အထောက်အကူပြုနေပါတယ်။ ‘ဓားခုတ်ရာ လက်ဝင်ရှို ’တဲ့ စစ်ကောင်စီ ဖြစ်နေတာကို အတည်ပြုနိုင်တဲ့ အထောက်အထားတွေ ပိုရလာရင် နိုင်ငံတကာ ဖိအားပေးမှုတွေ ပိုခံလာရဦးမှာပါ။

‘စစ်ကောင်စီမျက်ဖြူဆိုက်လေ တော်လှန်ပြည်သူ ပိုကြိုက်လေ’ပါပဲ။

ဆောင်းပါးပါ အချက်အလက်တွေသာ တိကျခိုင်လုံနေတယ် ဆိုရင်တော့ လက်တွေ့ ပို့ဆောင်စီးဆင်းနေတာတွေရဲ့ အစွန်းထွက်စာရင်းလို့တောင် ဆိုနိုင်ပါလိမ့်မယ်။ လွတ်သွားတဲ့ ကုန်သေတ္တာတွေ၊ မဖော်ထုတ်သေးနိုင်တဲ့ လမ်းကြောင်းတွေ အများအပြား ရှိနိုင်ပါသေးတယ်။

ဥရောပသမဂ္ဂဆိုင်ရာ ပိုလန်သံအမတ်ကြီးကို ဒီတွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ ဒီသတင်းတိကျခိုင်မာမှုကို ထပ်မံစိစစ်မှုများ အလျင်အမြန် ပြုလုပ်မယ်လို့ ပြန်ဖြေဆိုထားပါတယ်။

အနောက်အုပ်စုရဲ့ ထောက်လှမ်းရေးကွန်ရက်တွေကလည်း ဒီသတင်းနောက်ကို လိုက်နေကြမှာ သေချာပါတယ်။ တကယ်လို့ တရုတ်နိုင်ငံဘက်ကသာ အမှန်တကယ် တင်ပို့ရောင်းချခဲ့တာ ဆိုရင်တော့

ဒီပြဿနာဟာ မသေးဘူးလို့ဘဲ လတ်တလော ဖြစ် ပျက်နေတာတွေအရ ဆိုရပါလိမ့်မယ်။

ဆောင်းပါးရှင်များက အကောက်ခွန် ကုန်ပစ္စည်းစာရင်းကနေ အသေးစိတ် စုံစမ်းဖော်ထုတ် ရေးထားတာ ဖြစ်ပေမယ့် ဒီအခြေအနေမှာတော့ မှန်နိုင်တယ်၊ မမှန်နိုင်ဘူးဆိုပြီး ကြားကနေ ထင်မြင်ယူဆချက် ဝင်မပေးသင့်သေးဘူး ထင်ပါတယ်။ ‘မီးမလောင်ဘဲနဲ့တော့ မီးခိုးထွက်မလာနိုင်ဘူး’ ဆိုတဲ့ စကားပုံလောက်နဲ့ပဲ အဆုံးသတ်ထားချင်ပါတယ်။

ရည်ညွှန်း - Erin Banco and Sarah Anne Aarup. (2023, Mar 16). ‘Hunting rifles’ - really? China ships assault weapons and body armour to Russia. POLITICO.



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar