Breaking News

ရှမ်းမြောက်က တနိုင်ငံလုံး လက်နက်ကိုင်တိုက်ပွဲအတွက် ဘယ်လောက် အရေးပါမလဲ၊ တရုတ်နိုင်ငံရဲ့ မြန်မာ့ဗျူဟာ

မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၃၁ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၂၃


ရှမ်းမြောက်က တနိုင်ငံလုံး လက်နက်ကိုင်တိုက်ပွဲအတွက် ဘယ်လောက် အရေးပါမလဲ၊ တရုတ်နိုင်ငံရဲ့ မြန်မာ့ဗျူဟာ 

ရှမ်းပြည်မြောက်ပိုင်း မှာ ဖြစ်ပွားနေတဲ့ မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ကောင်စီ တပ်စခန်းတွေ နဲ့ မြို့အချို့ကို သိမ်းယူနေတဲ့ တိုက်ပွဲတွေက စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အခြားလက်နက်ကိုင် အဖွဲ့တွေ၊ မြို့တွေပေါ်က စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားသူတွေနဲ့ လူထုအများအပြားကို စိတ်အားတက်ကြွစေတဲ့ သက်ရောက်မှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။ အခုလို ကောက်ချက်ချလို့ အဆိုပါ ဒေသတွေမှာ နေထိုင်နေကြတဲ့ ဒေသခံလူထုတွေအားလုံး ထောက်ခံပျော်ရွှင်နေကြတယ်လို့ ဆိုလိုတဲ့ အဓိပ္ပာယ်တော့ မသက်ရောက်ပါဘူး။ 

စစ်ပွဲတွေ ဖြစ်ပွားလာရင် ထိခိုက်သေဆုံးသူတွေက လက်နက်ကိုင် အဖွဲ့တွေချည်းမဟုတ်ဘဲ အရပ်သားတွေ၊ ဒေသခံတွေအားလုံး ထိခိုက်ခံစားကြရတာဖြစ်ပြီး အဲဒီအထဲမှာမှ  ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အသက်အရွယ်ကြီးရင့်သူတွေ မကျန်းမမာသူတွေက ပိုမိုခက်ခဲကြမ်းတမ်းတဲ့ အခြေအနေကို ရင်ဆိုင်ကြရတာ ဖြစ်ပါတယ်။ အရပ်သားတွေအဖို့ စစ်ပွဲဖြစ်ပွားလာရင် အသက်အန္တရာယ် ထိခိုက်နိုင်ရုံမက၊ နေအိမ်၊ ရိက္ခာ၊ ပိုင်ဆိုင်မှု ပစ္စည်းတွေ ပျက်စီးဆုံးရှုံး နိုင်တာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေတွေက လက်နက်ကိုင် တိုက်ပွဲဖြစ်ပွားရာ ဒေသတခုလုံး ရင်ဆိုင်ရတဲ့ အနေအထားဖြစ်ပြီး ပညာရေး၊ လူမှုရေး ၊ ကျန်းမာရေး တွေ ဆင့်ကာဆင့်ကာ ထိခိုက်ခံစားကြရတာလည်း ဖြစ်ပါတယ်။ သို့ပေမဲ့ ဆယ်စုနှစ်များစွာ နိုင်ငံရေး အာဏာကို ချုပ်ကိုင်လာတဲ့ စစ်အာဏာရှင်တပ်ကို တိုက်ခိုက်နေတာဖြစ်လို့ ဒီလိုအခြေအနေမျိုးအောက်က လွတ်ကင်းစေချင်တဲ့ ဆန္ဒရှိတဲ့ ပြည်သူတွေအနေနဲ့ တဖက်မှာ အထက်က ဒုက္ခတွေကို သည်းညည်းခံနိုင်သလောက် သည်းညည်းခံပြီး ထောက်ခံကြတာတွေလည်း ရှိပါတယ်။ 

အောက်တိုဘာ ၂၇ ရက်နေ့က စတင်လိုက်တဲ့ “၁၀၂၇ စစ်ဆင်ရေး “ က ဘယ်လို အသွင်သဏ္ဌာန်ဆောင်သလဲ ရည်ရွယ်ချက်က ဘာလဲ၊ ထုတ်ပြန်ထားတဲ့ ရည်ရွယ်ချက်နဲ့ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်က ဘယ်လောက်ကွဲလွဲမှု ရှိမလဲ၊ ဒီလက်နက်ကိုင်အဖွဲ့တွေက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဖြစ်ပြီး ဘယ်လောက်ထိ ဒီမိုကရေစီ နဲ့ ဖက်ဒရယ်စနစ်ကို လက်ခံယုံကြည်ကြသလဲ၊ စစ်အင်အားနဲ့ ဖွဲ့စည်းထားပြီး ထိန်းချုပ်နယ်မြေ တိုးတက်လာခြင်း၊ တိုက်ခိုက်နိုင်စွမ်းတိုးတက်လာခြင်း စတာတွေက မကြာခင် အနာဂတ်မှာ အာဏာချိန်ခွင်လျှာ အပြောင်းအလဲကို ဘယ်လိုတွေ သက်ရောက်စေနိုင်သလဲ ဆိုတဲ့အချက်တွေတော့ ပြောဆိုဆွေးနွေးကြတာ သိပ်မမြင်တွေ့ရသေးပါဘူး။ 

အခုလို အရှေ့မြောက်ဒေသမှာ စစ်စခန်းတွေ သိမ်းယူနိုင်တာ၊ မြို့ငယ်အချို့ကို ထိန်းချုပ်နိုင်တာ၊ မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ တရုတ်နိုင်ငံနယ်စပ်ကို ဆက်သွယ်ထားတဲ့ ကုန်သွယ်ရေး၊ ဆက်သွယ်ရေး လမ်းမကြီးကို ဖြတ်တောက်ထားနိုင်ခြင်းဟာ ဆယ်စုနှစ်များစွာ ဗိုလ်ကျစိုးမိုးလာတဲ့ မြန်မာစစ်တပ်ရဲ့ အာဏာကို အံတုနိုင်ခြင်းနဲ့ ဒေသအချို့ကို အချိန်အတိုင်းအတာတခုထိ ထိန်းချုပ်ထားနိုင်မယ့် မျှော်လင့်ချက်တွေနဲ့ စိတ်အားတက်ကြွနေကြတာ ဖြစ်ပါတယ်။ စစ်ပွဲတွေရဲ့ အနိဌာရုံဖြစ်တဲ့ အရပ်သား သေဆုံးမှု၊ ထိခိုက် ဒဏ်ရာရာမှု ၊ ဆုံးရှုံးမှုတွေနဲ့ ပတ်သက်လို့တော့ လောလောဆယ်မှာ ရှေ့တန်းတင် ပြောဆိုတာတွေ မတွေ့ရပါဘူး။ ဒီ မြောက်ပိုင်းစစ်ဆင်ရေးက တနိုင်ငံလုံးရဲ့ စစ်အာဏာရှင်စနစ် ဖယ်ရှားမှု အရေးနဲ့ ဦးတည်ချက် တူညီနေတာတော့ ငြင်းမရတဲ့ အချက်ဖြစ်ပါတယ်။ 

ကချင်၊ ကရင်၊ ကရင်နီ၊ တနင်္သာရီ၊ ချင်း၊ ရခိုင်၊ ပလောင် အစရှိတဲ့ တိုင်းရင်းသား တွေကို ဖိနှိပ်ထားတဲ့ စစ်အာဏာရှင် စနစ်ရဲ့ ကျောရိုးဖြစ်တဲ့ စစ်အင်အား၊ စစ်စခန်းတွေကို ဆယ်စုနှစ်တွေ အတွင်း မရရှိဖူးတဲ့ အောင်မြင်မှု ရရှိလာခြင်းက စစ်ကောင်စီ ပြုတ်ကျမယ့် မျှော်လင့်ချက်ကို ပိုမိုအားပေး စေခဲ့တာဖြစ်ပါတယ်။ သို့သော် တဖက်မှာ စစ်ကောင်စီ ဆန့်ကျင်ရေး မြန်မာစစ်တပ်လို့ခေါ်တဲ့ ဗမာလူမျိုးကြီးကို ကိုယ်စားပြုတဲ့ စစ်တပ်၊ ခေတ်အဆက်ဆက် နိုင်ငံရေးအာဏာရဲ့ ပင်မနေရာကို ရယူထားတဲ့ စစ်တပ်ကို ဖယ်ရှားနိုင်ခဲ့ရင် ဘယ်လိုနိုင်ငံရေး လမ်းစဥ် ကျင့်သုံးမလဲ၊ ဒီမိုကရေစီကိုနဲ့ လူ့အခွင့်အရေး တန်းတူရေး၊ ဖက်ဒရယ် စနစ်ကို ဘယ်လောက်ထိ လက်ခံကျင့်သုံးကြမလဲဆိုတဲ့ အထိ အသေးစိတ်အနေအထားတွေကိုတော့ လောလောဆယ်မှာ ဘယ်သူမှ ဆွေးနွေး ပြောဆိုကြတာ မတွေ့ရသေးပါဘူး။ 

လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ သဘာဝအတိုင်း နိုင်ငံရေးထက် စစ်ရေးအင်အားရှိတဲ့သူ၊ အဖွဲ့ကိုသာ အလေးထားတာ ၊ တနည်းအားဖြင့် ပဒေသရာဇ် လူမှုအဖွဲ့အစည်း အသွင်သဏ္ဍာန်နဲ့ စစ်အင်းအားပေါ် အခြေပြုပြီး အစဥ်အလာ အုပ်စုတွေက အုပ်ချုပ်ရေး အာဏာကို ချုပ်ကိုင်ထားကြတာ အစရှိတဲ့ လူအများ မျှော်လင့်တဲ့ ဒီမိုကရေစီ စနစ်ကနေ သွေဖည်မှုတွေလည်း ရှိနိုင်တာ သတိပြုဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ 

အထူးသဖြင့် တရုတ်နိုင်ငံနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ဒေသတွေ၊ ပြည်နယ်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ ခေတ်အဆက်ဆက် ပဒေသရာဇ်တွေနဲ့ စစ်ဘုရင်တွေ ကြီးစိုး အုပ်ချုပ်လာခဲ့ကြပြီး ပြည်မလို့ခေါ်တဲ့ မြန်မာနိုင်ငံ အုပ်ချုပ်ရေးအာဏာကို ထိန်းချုပ်ထားသူတွေက အဆိုပါ ဒေသက အုပ်ချုပ်သူ အနေနဲ့ သစ္စာခံတဲ့ အနေအထားမျိုးရရင်ကိုပဲ ကျေနပ် ခွင့်ပြုထားကြတဲ့ အနေအထားတွေရှိတာ ဖြစ်ပါတယ်။ မဆလ အစိုးရလက်ထက် ရှမ်းပြည် အရှေ့၊ အရှေ့မြောက်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ အန္တရာယ်ကလွဲရင် ကျန်တဲ့ လက်နက်ကိုင်အဖွဲ့တွေက ဘိန်းဘုရင် ဖြစ်ပါစေ၊ လက်တွဲ ဆက်ဆံနိုင်တဲ့ အနေအထားမျိုး ရှိခဲ့ပြီး ကွန်မြူနစ်ပါတီကို ဘုံရန်သူ သတ်မှတ်တဲ့ မူဝါဒအခြေခံနဲ့ ဆက်ဆံ ဖြေရှင်းခဲ့တာဖြစ်ပါတယ်။  ၁၉၈၈ ခုနှစ် အရေးအခင်း နောက်ပိုင်းမှာတော့ ကွန်မြူနစ်ပါတီ ပြိုကွဲမှုဖြစ်ပွားပြီးနောက်  ရှမ်းမြောက်က လက်နက်ကိုင် တပ်ဖွဲ့တွေကို အပစ်ရပ် သဘောတူညီချက်ရဖို့ ထိုစဥ်က စစ်ထောက်လှမ်းရေးဌာနကို တာဝန်ယူသူ အာဏာသိမ်း ခေါင်းဆောင်တွေထဲ ပါဝင်သူ ဗိုလ်ချုပ်ခင်ညွန့်က မဟာဗျူဟာချ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ 

အထက်က သမိုင်း ဖြစ်စဥ်တွေကို ကြည့်ရင် တခါတရံ ပြည်မက အစိုးရအနေနဲ့ ၄င်းတို့ကို အန္တရာယ်မပေးနိုင်ရင်၊ သစ္စာခံရင် ဆိုတဲ့ အနေအထားမှာပဲ အခြားသော နိုင်ငံရေး အယူဝါဒတွေ နဲ့ပတ်သက်လို့ ဘာမှ စွက်ဖက် ပြောဆိုတာမရှိသလို၊ ဒေသကို အုပ်ချုပ်မှုတွေမှာ ဝင်ပါခြင်းမပြုတော့ပဲ သစ္စာခံ မြန်မာနိုင်ငံရဲ့ နယ်နိမိတ်တွေ အဖြစ် ယူဆခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

ချုံ့ပြောရရင် အခု ၁၀၂၇ စစ်ဆင်ရေးက နိုင်ငံရေးအရ ဘယ်လိုသဘောဆောင်သလဲ ဆိုတဲ့ အနေအထားအထိ ဘယ်သူမှ စဥ်းစားပြောဆိုတာ မရှိသေးပဲ လက်ရှိရနေတဲ့ စစ်ရေးအောင်ပွဲတွေက စစ်အာဏာရှင်စနစ် ဖယ်ရှားရေးအတွက် မျှော်လင့်ချက်တွေအဖြစ် ယေဘုယျ မြင်နေကြတာလည်း ဖြစ်ပါတယ်။ 

ဒီဒေသက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ နဲ့ပတ်သက်ရင် တရုတ်နိုင်ငံက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရောက်ရှိနေတာ မေ့ထားလို့မရတဲ့ အဓိက အချက်ဖြစ်ပါတယ်။ မြန်မာအစိုးရ၊ မြန်မာစစ်တပ်ကို ဆယ်စုနှစ်များစွာ ခုခံတိုက်ခိုက်နေကြတာ၊ တချို့သောကာလမှာ ဆယ်စုနှစ်နဲ့ချီ အပစ်ရပ်ထားကြတဲ့ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ တရုတ်နိုင်ငံက သူတို့ရဲ့ စီးပွားရေး၊ စစ်လက်နက် ပစ္စည်း၊ သယံဇာတထွက်ကုန် ရောင်းချရေး၊ လိုအပ်တဲ့ ရိက္ခာ ပစ္စည်းဝယ်ယူရေးတို့အတွက် မဟာဗျူဟာကျတဲ့ မဟာမိတ် အဖြစ်ဆက်ဆံနေကြရတာ ဖြစ်ပါတယ်။ အခု စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်ထဲမှာပင်လျင် အွန်လိုင်းငွေလိမ်တဲ့ ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နှင်းဖို့ ရည်ရွယ်တာလို့ ထည့်သွင်းထားတာကို ကြည့်ရင် တရုတ်နိုင်ငံရဲ့ အာဂျန်ဒါကို ဦးစားပေးထားပြီး တရုတ်နိုင်ငံရဲ့ ထောက်ခံမှုကို ရယူဖို့ ရည်ရွယ်တာ ထင်ရှားနေပါတယ်။ 

တရုတ်အနေနဲ့ အခုလို တိုက်ပွဲတွေဖြစ်ပွားနေတာကို အမြန်ဆုံးရပ်စဲဖို့ သံတမန်ရေးအရ ဖြစ်ပွားပြီး နောက်ရက်မှာ ပြောဆိုခဲ့တာ သတင်းတွေထဲ တွေ့ကြရပြီး ဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကလည်း တရုတ်ရဲ့ အားပေးထောက်ခံမှုကို ရယူဖို့ တရုတ်နိုင်ငံက ဖိုရမ်တခုမှာ ကာကွယ်ရေး ဝန်ကြီးက ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌနဲ့ တွေ့ဆုံသလို တရုတ်ပြည်ထဲရေး ဝန်ကြီးရဲ့ နေပြည်တော် ခရီးစဥ်မှာလည်း စစ်ကောင်စီ ခေါင်းဆောင်၊ ပြည်ထဲရေးဝန်ကြီးတို့နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ 

အခုချိန်ထိတော့ တရုတ်က နယ်စပ်ဒေသက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီ ဆိုတဲ့ ချိန်ခွင်ရဲ့ ဘက်နှစ်ဘက်မှာ ဘယ်ဘက်ကို ပိုအလေးသာသလဲ ဆိုတဲ့ လက္ခဏာ အထောက်အထားတွေ ထင်ထင်ရှားရှား မတွေ့ရသေးဘူးလို့ ဆိုနိုင်ပါတယ်။ မြန်မာ့ပြည်တွင်းရေးမှာ တရုတ်က အဆုံးအဖြတ်မဟုတ်သော်လည်း တရုတ်ရဲ့ အလေးပေးမှုက အင်အားချိန်ခွင်လျှာကို အတိုင်းအတာတခုထိ ပြောင်းလဲစေနိုင်တာတော့ အမှန်ပဲ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar