Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၅ ရက် မြောက်နေ့ မြင်ကွင်း

Photo KIC


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၅ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၅၊ ၂၀၂၁

လက်နက်ကိုင်တိုက်ပွဲအပြင် ကူးစက်ကပ်ဘေးတိုက်ပွဲ

လက်နက်ကိုင်တိုက်ပွဲတွေ တစတစ ကျယ်ပြန့်လာနေချိန်မှာပဲ နောက်ထပ် ရင်ဆိုင်ရမယ့် တိုက်ပွဲ မျက်နှာစာတခုကတော့ ကူးစက်ရောဂါကပ်ဘေးပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတွေကတည်းက အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကူးစက်မှု အရှိန်မြင့်တက်နေချိန် အိန္ဒိယနဲ့ နယ်မြေချင်းဆက်စပ်နေတဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း နယ်စပ်မြို့တွေမှာ တစတစ ကိုဗစ်ကူးစက်မှုတွေ ပြန်စလာနေတာ ဖြစ်ပါတယ်။ ဒီဖြစ်စဥ်တွေ ဖြစ်ပြီး တလကျော် နှစ်လလောက်အကြာမှာတော့ မြန်မာနိုင်ငံအတွက် တတိယလှိုင်းလို့ ခေါ်တဲ့ ကိုဗစ်ကူးစက်မှုကို စတင်အကောင်အထည်နဲ့ ရင်ဆိုင်နေကြရပါပြီ။

အိန္ဒိယနယ်စပ်ကနေ ချင်းပြည်နယ် ကုန်သွယ်ရေး လမ်းကြောင်းတလျောက်၊ မန္တလေးလို ကုန်သွယ်မှု ဆုံချက်မြို့၊ အဲဒီကတဆင့် တရုတ်မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ နောင်ချို၊ ကျောက်မဲ ၊ သီပေါ၊ လားရှိုးကနေမှ ကိုးကန့်ဒေသ လောက်ကိုင်မြို့တွေအထိ ၊ နောက် မြန်မာနိုင်ငံအလယ်ပိုင်း ဆိုရင် ပဲခူးတိုင်းအနောက်ခြမ်းက မြို့တွေ၊ ပဲခူးတိုင်းအရှေ့ခြမ်းမှာ ဖြူး၊ အဲဒီနောက်တော့ နေပြည်တော်၊ ရန်ကုန် မြို့တွေက ခု တတိယလှိုင်း ကိုဗစ်ကူးစက်မှု လမ်းကြောင်းပြ မြေပုံသဖွယ်ဖြစ်လာနေတာပါ။

ခုတကြိမ်ကိုဗစ်ကူးစက်မှုဖြစ်ပွားလာတဲ့အခါ အဆိုးဆုံးအခြေအနေက အုပ်ချုပ်မှုအာဏာကို စစ်ရေးနည်းနဲ့ အတင်းအကြပ်ရယူထားတဲ့ စစ်ကောင်စီ အစိုးရနဲ့ ပြည်သူလူထု အကြား စိတ်ဝမ်းကွဲပြားမှု ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို စတင်လိုက်ကတည်းက စစ်ကောင်စီရဲ့ အုပ်ချုပ်မှုကို စတင်စိမ်ခေါ်ခဲ့ကြတဲ့ နိုင်ငံ့ဝန်ထမ်းထဲမှာ ကျန်းမာရေး ဝန်ထမ်းတွေက ထိပ်ဆုံးက ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် စီဗယ်ဒစ်အိုဗီးဒီးယင့်လို့ခေါ်တဲ့ စီဒီအမ် လှုပ်ရှားမှုမှာလည်း ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေသာမက သင်ကြားရေးတွေအထိ မပူးပေါင်းရေး၊ အလုပ်မဆင်းရေး နောက်ဆုံးတော့ အလုပ်ကနေ ဖြုတ်မယ်ဆိုလည်း ရင်ဆိုင်မယ်ဆိုတဲ့ အထိ ဆန့်ကျင်ခဲ့ကြတာကြောင့် ဆေးရုံတွေ လအတန်ကြာ ဖွင့်လှစ်ခြင်းမပြုနိုင်ခဲ့ပါဘူး။

ဧပြီ၊ မေလပြီးနောက်မှာ ဆေးရုံတွေ ပြန်ဖွင့်ဖို့ စစ်ကောင်စီက အာဏာနဲ့ ကြိုးစားခဲ့တဲ့နောက် အခုချိန်မှာ ဆေးရုံအချို့ပြန်ဖွင့်လှစ်ပေမယ့် ဝန်ထမ်းမလုံလောက်တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတာကြောင့် အခုလို ကာလမှာ ကိုဗစ် တတိယလှိုင်းဝင်ရောက်လာတဲ့ အခြေအနေက လူထုအဖို့ စစ်မျက်နှာ ၂ ခုကို တပြိုင်နက်ထဲ ရင်ဆိုင်နေရတဲ့ သဘော ဖြစ်လာပါတယ်။

စစ်ကောင်စီရဲ့ အမိန့်နဲ့ ဖွင့်တဲ့ ဆေးရုံတွေမှာ ဖွင့်လှစ်မယ့် ကွာရင်တိုင်းစင်တာတွေမှာလည်း ဆေးဝါး၊ ဝန်ထမ်း၊ စေတနာ့ဝန်ထမ်းအကူအညီ လုံလုံလောက်လောက် မရှိတဲ့ အခြေအနေ၊ အကယ်၍ ပုဂ္ဂလိက ဆေးရုံတွေမှာ ကုသခွင့်ပြုတယ်ဆိုရင်တောင်မှ ကုသစရိတ်က သိန်းဆယ်ဂဏန်းနဲ့ချီကုန်ကျမှာကို တတ်နိုင်တဲ့သူက လက်တဆုပ်တောင်မပြည့်တဲ့ အခြေအနေရှိပါတယ်။

ကူးစက်မှု အမြင့်ဆုံးမဟုတ်သေးဘူးလို့ ယူဆရတဲ့ ခုလတ်တလော အခြေအနေမျိုးမှာတောင် ပုဂ္ဂလိက ဆေးရုံတွေမှာ လူနာလက်ခံနိုင်တဲ့ အရေအတွက်ပြည့်နေပြီလို့ဆိုပြီး ကျန်းမာရေး ဝန်ထမ်းတွေ စနစ်ယန္တရားကလည်း ကိုဗစ်ကူးစက်မှု နောက်ယောင်ခံလိုက်မှုတွေကို ယခင်နှစ်ကလို လုပ်ဆောင်နိုင်စွမ်း မရှိတော့တာ တွေ့ရပါတယ်။

အရင်နှစ်က ကိုဗစ်ပေါ့ဇတစ် တယောက်တွေ့ပြီဆို သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဌာနက လာရောက်ပြီး နေအိမ်ကို ကွာရင်တိုင်းအဖြစ် သတ်မှတ်တာ၊ ထိတွေ့ခဲ့တဲ့ သူတွေ နေရာတွေကို ဆက်သွယ်ပြီး ကွာရင်တိုင်းဝင်ဖို့ လုပ်ဆောင်တာတွေ ရှိခဲ့ပြီး ကွာရင်တိုင်းစင်တာတွေလည်း မြို့နယ်အလိုက် ဖွင့်လှစ်ထားခဲ့တာ စေတနာ့ဝန်ထမ်းတွေလည်း အများအပြားရှိခဲ့တာကြောင့် ကုသရေး ကာကွယ်ရေးကို အတိုင်းအတာ တခုထိ အုပ်ချုပ်သူအစိုးရနဲ့ ပြည်သူလူထုအကြား ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

ခုချိန်မှာတော့ လူထုက စစ်အာဏာသိမ်းထားတဲ့ အစိုးရကို အစိုးရလို့ အသိအမှတ်မပြု အစိုးရရဲ့ ကူးစက်မှု ကုသမှု ကာကွယ်ရေးတွေကိုလည်း ပူးပေါင်းဆောင်ရွက်တာမလုပ် မိမိတို့ဘာသာ မိမိ ကူးစက်မှုကို ကျော်ဖြတ်ကြမယ့် သူတွေလည်း ကျန်ောတို့ပတ်ဝန်းကျင်မှာ အများအပြားတွေ့နေ မြင်နေရပါတယ်။

တဖက်မှာ လက်နက်ကိုင် ပဋိပက္ခကို ရင်ဆိုင်နေရချိန် တဖက်မှာ ကမ္ဘာလုံးဆိုင်ရာ ကူးစက်ကပ်ဘေးကို ရင်ဆိုင်ရတဲ့ အနေအထားမှာ နမူနာကြည့်မယ်ဆိုရင် စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်နယ်စပ် ကလေးမြို့က စိတ်မချမ်းမြေ့ဖွယ်ရာ သာဓက တခုဖြစ်ပါတယ်။

လက်နက်ကိုင် ခုခံမှာမှာလည်း ဆယ်ဂဏန်းနဲ့ ချီ အသေအပျောက်ရှိခဲ့တဲ့မြို့ ၊ ချင်းပြည်နယ် မင်းတပ်၊ ကယားပြည်နယ် ဒီးမော့ဆို၊ မိုးဗြဲတို့မတိုင်ခင်မှာ ပထမဆုံး ခုခံတိုက်ခိုက်ခဲ့တဲ့ ကလေးမြို့ဟာ လက်နက်ကိုင်တိုက်ပွဲဒဏ်ကနေ ပြန်လည် နာလံထဖို့ ကြိုးစားနေစဥ်မှာပဲ ခုချိန်မှာ ကိုဗစ် ကူးစက်မှုကို အပြင်းအထန် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ကိုဗစ်ကြောင့် နေ့စဥ် ဆယ်ဂဏန်းနဲ့ချီတဲ့ သေဆုံးမှု၊ ဆေးဝါး လုံလုံလောက်လောက် ဝယ်လို့မရရှိတာ၊ အောက်စီဂျင် မလုံလောက်မှု၊ လုံလောက်တဲ့ ကုသမှု မရလို့ ဆုံးရှုံးလက်လွှတ်လိုက်ရတဲ့ လူ့အသက်တွေ စတာတွေကို သတင်းတွေထဲ နေ့စဥ် ဖတ်ရှုနေရတာ စိတ်မချမ်းမြေ့ဖွယ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေက ပဋိပက္ခဒဏ်နဲ့ ကူးစက်ရောဂါဒဏ် တလှည့်စီခံနေရတဲ့ ကလေးမြို့လိုမြို့တွေ နောက်ထပ်တိုးမလာစေဖို့ ပဲ ဆုတောင်းနေရတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။

ပဋိပက္ခ၊ ကိုဗစ် အပြင် နောက်ထပ် ထိုးနှက်မှုက စီးပွားရေး ဖြစ်ပါလိမ့်မယ်။ ခုရက်ပိုင်းအတွင်း ကိုဗစ်ကူးစက်မှုကြောင့် တရုတ်နယ်စပ်ဂိတ်တချို့ပိတ်လိုက်တဲ့ သတင်းတွေ စတင်တွေ့နေရပါပြီ။ နကိုကတည်းက ကိုဗစ်စည်းမျဥ်းစည်းကမ်းတွေနဲ့ နှေးကွေးနေတဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေး ဟာ အခုတကြိမ်မှာ တချို့သော နယ်စပ် ကုန်သွယ်ဂိတ်တွေကို ပိတ်တယ်ဆိုတဲ့ သတင်းက စိုက်ပျိုးရေး ထွက်ကုန်တွေကို တင်ပို့သူတွေအဖို့ ဆက်စပ်တဲ့ စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်သူတွေ အဖို့ ပိုမိုအကြပ်အတည်းတွေ့စေမှာ ဖြစ်ပါတယ်။ ဆန်၊ ဆန်ကွဲ၊ အခြားသီးနှံ တင်ပို့သူတွေ အဖို့ အခုလို အခြေအနေက မျှော်လင့်မထားတဲ့ အခြေအနေ ပြင်ဆင်မထားတဲ့အခြေအနေ ဖြစ်ပါလိမ့်မယ်။

ဒါတင်ပဲလားလို့ဆို မကသေးဘူးလို့ ဆိုရမှာပါ မြို့တွေမှာ မြို့ကြီးတွေမှာလည်း ကူးစက်ရောဂါ ကန့်သတ်မှု စည်းကမ်း စည်းမျဥ်းတွေ နဲ့အတူ စားသောက်ဆိုင်လုပ်ငန်းတွေ ထိခိုက်မှာ ၊ ဒိထက်ပိုဆိုးလာတဲ့အခြေအနေမှာ စက်ရုံအလုပ်ရုံတွေ ပိတ်ခိုင်းတဲ့ အခြေအနေမျိုး ရင်ဆိုင်လာရရင် နကိုကတည်းက ဆိုးရွားနေတဲ့ စီးပွားရေးအခြေအနေက ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတဲ့ အခြေအနေမျိုး ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

ခုလိုအခြေအနေမျိုးအောက်မှာ လူထုအနေနဲ့ ဘယ်သူ့ကို တိုင်တည်ရမလဲ၊ အကူအညီတောင်းရမလဲ ဆိုတဲ မေးခွန်းကထွက်ပေါ်လာပါတယ်။ လူထုက လက်ရှိနိုင်ငံရေးအရ အမျိုးသားညီညွတ်ရေး အစိုးရကို အစိုးရအဖြစ် မှတ်ယူပြီး အားကိုးလိုကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့ ပြည်တွင်းမှာ ရှိတဲ့ လူထုကို ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကူအညီ လမ်းညွှန်မှု ၊ လက်တွေ့ကျတဲ့ အစီအစဥ်တွေ နဲ့ ဦးဆောင်မှု ပေးနိုင်ဖို့လည်း လိုအပ်မယ်လို့ ထင်မြင်မိပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar