မောင်တူး - စုအရှင် နှင့် သုဝဏ်
မောင်တူး
(မိုးမခ) ဩဂုတ် ၁၆၊ ၂၀၂၃
မွေးနေ့ ဆုတောင်း
ပြည်သူ့ အောင်ပန်း၊ မြဲဆင်မြန်းသည့်
အောင်ဆန်းစုကြည်၊ ရဲဇာနည်ကို
မြန်ပြည်တလွှား၊ ချစ်သူများခဲ့။
တို့အား တို့အင်၊ တို့ အရှင်ကို
မွေးသောနေ့မှာ၊ တို့ သူ ငါသည်
မေတ္တာ ကြည်လင် ရွှင်ရွှင်ပို့။
ဒေါင်းပျို အိုးဝေ တွန်စေဖို့
မြတ်ဆုမွန်ကောင်း တောင်းကြစို့။ ။
မင်းသုဝဏ်
၁၉-၆-၉၀
ကဗျာရှင် မြန်မာ့သမိုင်းဝင် စာဆိုတော်ကြီး ကဗျာဆရာကြီး မင်းသုဝဏ် ကွယ်လွန်ခဲ့တာ ၁၉ နှစ် ပြည့်ပြီ။ သူဟာ ၂၀၀၄ ခုနှစ် ဩဂုတ်လ ၁၅ ရက် တနင်္ဂနွေနေ့ မနက် ၁၁:၃၀ နာရီမှာ ရန်ကုန်မြို့၊ ကမာရွတ် သပြေညိုနေ အိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူဟာ မြန်မာ့သမိုင်းမှာ ခေတ်စမ်း စာဆိုကြီးတဦး ဖြစ်တယ်။ ခေတ်စမ်းစာပေခေတ် ထူထောင်ကြသူတွေထဲမှာ အထင်ရှားဆုံး စာရေးဆရာ ကဗျာဆရာတွေကတော့ စကားပြေမှာ “သိပ္ပံမောင်ဝ”၊ ကဗျာမှာကြတော့ ဆရာ“ဇော်ဂျီ” နဲ့ ဆရာ“မင်းသုဝဏ်” တို့ ဖြစ်တယ်ဆိုပြီး ငြိမ်းဝေ (ကဗျာ့အိုးဝေ) ရဲ့ DVB ဆောင်းပါးမှာ အခုပဲ ဖတ်ရပါတယ်။ ရှေးကဆိုရင် စကားပြေမှာ မြန်မာရာဇဝင်ရေးတဲ့ ဦးကုလားက အကောင်းဆုံး သိန်းဖေမြင့်ကအကောင်းဆုံးလို့လည်း ဖတ်ရဖူးတယ်။ မင်းသုဝဏ်ကို ပြန်ဆက်ရရင် ဆရာကြီး မင်းသုဝဏ်ဟာ ကလေးကဗျာ၊ ကျေးလက်ကဗျာ၊ အမျိုးသားဇာတိမာန်ကဗျာ၊ တော်လှန်ကဗျာတွေစတဲ့ ကဗျာမြောက်များစွာ ရေးသားခဲ့သူပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ် တဦးအဖြစ် ၁၉၉၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်အနိုင်ရခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ သမတကြီး ဦးထင်ကျော်ရဲ့ ဖခင်လည်း ဖြစ်ပါ်တယ်။ သူ့ကဗျာတွေက တော်လှန်နေသလို၊ ဇာတိမာန်တက်စေသလို၊ လူထုကိုသွေးမအေးဖို့ ခေတ်အဆက် ဆက် လှုံ့ဆော်ပေးနေသလို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လေးစား ကြည်ညိုလွန်းသူမို့ ၁၉၉၀ ခုနစ် အမေစု အဖမ်းခံ နေရချိန်မှာတောင် ...
တို့အား တို့အင်၊ တို့ အရှင်ကို
မွေးသောနေ့မှာ၊ တို့ သူ ငါသည်
မေတ္တာ ကြည်လင် ရွှင်ရွှင်ပို့။
ဆိုတဲ့ စာသားတွေနဲ့ ရေးသီပြီး ကဗျာနဲ့ မွေးနေ့ လက်ဆောင် ပေးရဲတဲ့သူ ရေးပေးခဲ့သူ (ကဗျာသူရဲကောင်း တော်လှန်သူတယောက်) လို့ ကျနော် ပြောရင် မှားပါဦးမလားခင်ဗျာ။
#ဆရာကြီးမင်းသုဝဏ်၁၁၀ပြည့်မွေးနေ့အမေစုဗီဒီယိုအမှာစကား
စာဆိုကြီးမင်းသုဝဏ် (၁၀ ဖေဖော်ဝါရီ ၁၉၀၉ - ၁၅ ဩဂုတ် ၂၀၀၄) ကွယ်လွန်ခဲ့တာဟာ ၁၉ နှစ် ရှိပြီဖြစ်ပါတယ်။ အသက် ၉၅ နှစ်မှာဆုံးပါးပြီး အခုထိ သက်ရှိထင်ရှား ရှိနေမယ်ဆို ၁၁၄ နှစ် ရှိပါပြီ။ စုအရှင်နဲ့ သုဝဏ် လို့ ခေါင်းစဉ်တပ်ထားသလို စုအရှင်သခင်လို့ ဆရာကြီး တင်စား ဖွဲ့ဆိုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်း ကဗျာလေးကိုတော့ ဖတ်ခဲ့ကြရပြီးပြီပေါ့။
အခုကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က သုဝဏ် (မင်းသုဝဏ်) အတွက် ဂုဏ်ပြုစကားလေး ပြောထားချက်ပါ။ ၂၀၁၉ ခုနှစ်က ရန်ကုန်မှာ ကျင်းပခဲ့တဲ့ ( အမျိုးသားစာဆိုတော်ကြီး မင်းသုဝဏ်၏ နှစ် ၁၁၀ ပြည့်မွေးနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် သူတို့မြင်သော မင်းသုဝဏ် စာအုပ် မိတ်ဆက်ပွဲ အခမ်းအနား) မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောခဲ့တာပါ။
# စုအရှင်ပြောတဲ့သုဝဏ်ဆိုတဲ့စံပြစာပေသမားကြီး
((((( ကဗျာဆရာကြီး မင်းသုဝဏ်ရဲ့ နှစ် ၁၁၀ မွေးနေ့မှာ ဆရာကြီးအကြောင်းကို ပြောခွင့် ရတဲ့အတွက် အင်မတန်မှ ဂုဏ်ယူပါတယ်။ ဆရာကြီးဟာဆိုလို့ရှိရင် ကျမတို့ နိုင်ငံရဲ့ယဉ်ကျေးမှု၊ စာပေ၊ လူမှုရေး၊ နိုင်ငံရေးအဖက်ဖက်မှာပါဝင်ပြီးတော့ ကျမတို့ နိုင်ငံသူနိုင်ငံသားများ စိတ်အားထက်သန်ဖို့အတွက် ကဗျာကနေတတဆင့် ကူညီ မစပေးတဲ့ ပုဂ္ဂိုလ်ကြီးတဦး ဖြစ်ပါတယ်။ ဆရာကြီးကို ကျမတို့ကနေပြီးတော့ အထူး ကျေးဇူ းတင်တာကတော့ ကျမတို့ရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စား လှယ်တယောက်အနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ တချို့က ဒါကို ဝေဖန်ကြတယ်။ စာပေသမားတယောက်ဟာ နိုင်ငံရေးထဲမှာ မပါရဘူးတဲ့။ အဲ့ဒါကို ကျမသဘောမတူပါဘူး။ စာပေသမားတွကလည်းပဲ တခြား ပြည်သူပြည်သားတွေနည်းတူ နိုင်ငံအပေါ်မှာ တာဝန်ရှိပါတယ်။ အဲ့သည်တာဝန်သိစိတ်နဲ့ ဆရာကြီးဟာ ကျမတို့ အဖွဲ့အစည်းရဲ့အကျိုးစီးပွားအတွက်ပါဝင်ပြီးတော့ လုပ်ဆောင်ပေးခဲ့တာကို ကျမဂုဏ်ယူယုံတင်မကဘူး၊ အင်မတန်မှလည်း ကျေးဇူးလည်းတင်တယ်။ နောက်ပြီးတော့ ကျမတို့ နိုင်ငံမှာ ရှိကြတဲ့ စာပေသမားတွေအတွက်လည်း စံနမူနာတခုလို့ ကျမက ထင်ပါတယ်။ စာပေသမားများဟာ တခြားနိုင်ငံသူ နိုင်ငံသားတွေနဲ့မတူ နိုင်ငံရေး ကင်းရှင်းရမယ်ဆိုတာ မဟုတ်ပါဘူး။ နိုင်ငံရေးဆိုတာ နိုင်ငံတကာ နိုင်ငံတော်ရဲ့အရေးဖြစ်လို့ နိုင်ငံသူ နိုင်ငံသား အားလုံးရဲ့ အရေးလည်း ဖြစ်ပါတယ်။ ))))))
# ဝံမှ ဝန်သို့ မောင်ဝန် ဦးဝန်မှ မင်းသုဝဏ်သို့
မင်းသုဝဏ်ကို ရန်ကုန်တိုင်း၊ ဟံသာဝတီခရိုင်၊ ကွမ်းခြံကုန်းမြို့မှာ ကုန် သည်တွေဖြစ်တဲ့ ဦးလွမ်းပင်နဲ့ ဒေါ်မိတို့က ၁၉၀၉-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့ မွေးတယ်။ မွေးချင်း (၇) ယောက်မှာ ဒုတိယမြောက်ဖြစ်ပြီး မွန်-မြန်မာမျိုးရိုးပါ။ နာမည်ရင်း ဦးဝန်ဖြစ်ပြီး ရက်ချုပ်အရ ငယ် နာမည်မှာ မောင်လှမောင် ဖြစ်ပါတယ်။ အရပ်ထဲမှာ မောင်လှမောင် ဆိုတဲ့နာမည်တူတွေက အများအားဖြင့် ဆိုးကြတဲ့အတွက် မောင်လှဝံ ဟု အမည်ပြောင်းတယ်။ ဘုန်းကြီးကျောင်းနေတဲ့အခါ ဆရာတော်က စိန်ဝံ လို့ နာမည်ပြောင်းပေးတယ်။ မောင်ဝံ ဦးဝန်လို့ ခေါ်နေကြရာက ဆရာ ကြီးရဲ့ စိတ်ကြိုက် ဝ, ကို န,ငယ် သတ်ပြီး မောင်ဝန် ဟုသာ အတည်ပြုပါတယ်။ မောင်ဝန်၊ ဦးဝန်၊ မင်းသုဝဏ်၊ စိန်ဂျွန်းပျော်မောင်ဝန် စသဖြင့် အမည်တွေ ရှိလာပါတယ်။ သူ့ ကလောင်ခွဲတွေကတော့ (၁) မေဃဝန်-ကွမ်းခြံကုန်းမြို့ (၂) စိန်ဂျွန်းပျော်-ကွမ်းခြံကုန်းမြို့ (၃) ကွမ်းခြံကုန်း တောင်စုအစွန်က မောင်သုဝဏ် (၄) ကွမ်းခြံကုန်း တောင်စုအလွန်က မောင်သုဝဏ် (၅) ခင်သိင်္ဂီ (ဟံသာဝတီ) (၆) စန်းသော်တာ (၇) မောင်ဝန် (၈) ကွမ်းခြံကုန်း-သုဝဏ်-၁၀ တန်း တို့ ဖြစ်ကြပါတယ်။
#မင်းသုဝဏ်နဲ့စစ်အာဏာရှင်
ဆရာ မင်းသုဝဏ်ပြုစုထားတဲ့ မြန်မာစာ အဘိဓာန်တို့၊ သတ်ပုံကျမ်းတို့ကို အာဏာရှင် ဗိုလ်ချုပ်နေဝင်းက အကောင်း မထင်တာကြောင့်၊ ဦးဝန်ကို “မကျက်တကျက် ဖုတ်ထားတဲ့ ပေါင်မုန့်” လို့ ခိုင်းနှိုင်းပြောဆိုတဲ့ အတွက် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ခဲ့ရသလို သေချင်စိတ်တောင် ဖြစ်တယ်လို့ လုပ်ဖော်ကိုင်ဖက်တွေကို ဖွင့်ဟဖူးကြောင်း ဧရာဝတီသတင်းဌာန ဆောင်း ပါးမှာဖတ်ရပါတယ်။ တကယ်တော့ ဘာသာစကားနဲ့ စာပေ (Language and Literature) ကို နားမလည်ဘဲ အမှတ်မထင်စော်ကား လိုက်တဲ့ ဗိုလ်ချုပ်ကြီး နေဝင်း တယောက် နောက်ပိုင်းမှာတော့ ဆရာ မင်းသုဝဏ်ကို ပြန်တောင်းပန်ခဲ့ရပါတယ်လို့ ဧရာဝတီက ဆက်ရေးထားပါတယ်။
ကျနော်က ကဗျာဆရာကြီး တင်မိုးနဲ့ အတူနေခဲ့ဖူးတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဆရာဇော်ဂျီ ၊ မင်းသုဝဏ်တို့ရဲ့ စာ ကဗျာ မျိုးချစ်စိတ် စွမ်းအား ဂုဏ်ပုဒ်တွေကို နားရည်ဝလာနေတယ်။ ဆရာတင်မိုးနဲ့ အတူ နော်ဝေး၊ ဘန်ကောက်၊ ချင်းမိုင်နဲ့ မဲဆောက်တို့မှာ အတူနေကြ၊ စကားဝိုင်းထိုင်ကြ၊ လက်ဖက်ရည်ဆိုင်ထိုင်ကြ စသဖြင့်မှာ ဆရာကြီးမင်းသုဝဏ်အကြောင်းတွေက ရှေးဟောင်း နှောင်းဖြစ်တွေများလှပါတယ်။ မင်းသုဝဏ်ရဲ့ကလေးကဗျာတွေ ဖက်ဆစ်တော်လှန်ရေးနောက်ခံကဗျာတွေ NLD မှာ ပတ်သက်လာတော့ ၁၉၉၀ ရွေးကောက်ပွဲ မဲဆွယ်ရေး ကဗျာတွေ စသဖြင့်ပေါ့။ ဒီနေရာမှာ ဆရာမင်းသုဝဏ်ကဗျာတွေဟာ တခါတရံ ကဗျာ ဆရာအမည်မတတ်ပဲ ဆိုင်းဘုတ်တွေ Slogan တွေမှာ ရေးသားနေခဲ့တော့ မင်းသုဝဏ်ကဗျာမှန်း မသိကြဘူးတဲ့။ ဒါပေမဲ့ စစ်ထောက်လှမ်းရေးကတော့ သိတာပေါ့။ ဒါက ဆရာတင်မိုးပြောပြခဲ့တာပါ။ NLD ကိုထောက် ခံ NLD အတွက် ကဗျာတွေရေးတော့ မင်းသုဝဏ်အပေါ် စစ်ထောက်လှမ်း ရေးကလည်း အညှိုးထားခဲ့တာပေါ့။
"ငုနဲ့ပိတောက် နွေမှာလှိုင်မည်။ "
"စုနဲ့ခမောက် မေမှာနိုင်မည်။ ။"
၁၉၉၀ မေ ရွေးကောက်ပွဲအတွက် ကဗျာလေးပါ။ ကဗျာရှင်နာမည် မပါတော့ တင်မိုး လက်ရာလား မင်းသုဝဏ် လက်ရာလား စုံစမ်းရပါဦးမည်။ ခမောက်ပုံကတော့ ၁၉၉၀ ရွေးကောက်ပွဲရဲ့ NLD ပါတီရဲ့ တံဆိပ် သင်္ကေတ ဖြစ်ပါတယ်။ အဲ့သည်အချိန်က စစ်တပ်ပါတီ ဖြစ်တဲ့ တစည ပါတီတံဆိပ်က စပါးနှံပါ။ အခုတော့ စစ်တပ်ပါတီက ပြည်ခိုင်ဖြိုးပေါ့။ ၁၉၉၀ ရွေးကောက်ပွဲမှာ ခမောက်ကို မဲပေးဖို့ လှုံဆော် ရေးသားထားတဲ့ ကဗျာကတော့....
ခမောက်ဘေးမှာ ကြက်ခြေခတ်
ပြည်သူ့အောင်ပွဲမှတ်။
ကဗျာဆရာ မောင်လွမ်းဏီကတော့ NLD အတွက် ကဗျာတိုကလေးတွေကို ပထမပိုင်း မင်းသုဝဏ် ရေးခဲ့ပြီး ဆရာတင်မိုးလည်း ရေးခဲ့တယ်လို့ ပြောပါတယ်။ ကဗျာတွေ ရေးသားမှုနဲ့ပဲ ဆရာတင်မိုးက ထောင် ၄ နှစ်ကျအပြီး လွတ်သွားတော့ ပြည်ပထွက်သွားပြီး နောက်ပိုင်းမှာ ဆရာမင်းသုဝဏ်လက်ရာ ကဗျာတွေပေါ့လို့ ဆိုပါတယ်။ NLD အလံ ခွပ်ဒေါင်းနဲ့ ကြယ်ဖြူ ကိုလည်း အခုလို ရေးစပ်ခဲ့ပါတယ်။
"ခွပ်ဒေါင်းရဲ့အိုးဝေ
တို့မြေရဲ့ ချိုတေး။
ကြယ်ဖြူလို ဘယ်သူဝင့်နိုင်ပါ့
တင့်လှတယ်လေး။ ။
#လွှတ်တော်ကိုယ်ကိုယ်စားလှယ်ကနှုတ်ထွက်မပေးခဲ့သူ
NLD ကမာရွတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝန် အိမ်ကို အင်္ကျီဖြူနဲ့ တိုက်ပုံတွေဝတ်ထားတဲ့ စစ်ထောက်လှမ်းရေးတွေက နေ့တိုင်းလာတယ်။ သဘာဝရိပ်သာက သူရဦးတင်ဦးကို လာပြောသလိုပေါ့။ ငြိမ်းချမ်းရေးပဲလုပ်ပါ။ စာပေရေးပဲလုပ်ပါ။ နိုင်ငံရေးမလုပ်ပါနဲ့။ NLD က နှုတ်ထွက်ပေးပါ။ NLD ကမာရွတ် လွှတ်တော်ကိုယ်စားလှယ်က နှုတ်ထွက်ပေးပါပေါ့။ နေ့စဉ်လာနေတော့ ဆရာကြီးကလည်း စိတ်မရှည်တော့ဘူး။ နောက်ဆုံးတော့ NLD ကိုတော့ ငါ့သဘောနဲ့ ငါဝင်တာမို့ နှုတ်ထွက်လိုက်မယ်။ လွှတ်တော်ကိုယ်စားလှယ်ကတော့ ငါ့ကို ကမာရွတ် ပြည်သူလူထုက ရွေးထားတာမို့ ငါနှုတ်ထွက်လို့ မရဘူး။ ပြည်သူလူထုက ထွက်ခိုင်းမှ ထွက်ပေးမယ်။ ဒီတော့ မင်းတို့ဖမ်းချင်ဖမ်း သတ်ချင်သတ် ငါ့စာအုပ်တွေလည်း ထုတ်ဝေခွင့် ပိတ်ချင်ပိတ်၊ ငါ့စာ ငါကဗျာတွေလည်း မဂ္ဂဇင်း ဂျာ နယ်တွေမှာ ထည့်ခွင့်ပိတ်ချင်ပိတ်၊ ငွေမင်သုတ်ချင်သုတ်၊ ဆုတ်ဖျဲချင်လည်း ဆုတ်ဖျဲကြကွ။ လုပ်ချင်သလိုလုပ်။ ငါကတော့ ကမာရွတ် လွတ်တော်ကိုယ်စားလှယ်က မထွက်ပေးဘူးလို့ ပြောလိုက်သတဲ့။ ဒီကိစ္စကို တော်လှန်ကဗျာဆရာ မောင်လွမ်းဏီကလည်း ဒီနေ့ အလားတူ ထပ်ပြောပြပါတယ်။
#၈၈၈၈အရေးတော်ပုံမှာအောင်ဆန်းသမီးနဲ့အလုပ်လုပ်မယ်ဆိုသူ
တော်လှန်ကဗျာဆရာ မောင်လွမ်းဏီက " ဖေဖော်ဝါရီလဆို မင်းသုဝဏ် သပြေညိုခြံ ကမာရွတ်မှာ ထမင်းနဲပွဲလုပ်တယ်။ ကျနော်တို့ သွားကြတာပေါ့။ စာအကြောင်း ကဗျာအကြောင်း မေးမြန်းကြ ဗဟုသုတတွေရပေါ့။ ဆရာမင်းသုဝဏ်ဟာ ဖိုးမောင်လာပြီ၊ သူ့မှာတမ်းစတဲ့ တော်လှန်ကဗျာတွေနဲ့ နောက်ပိုင်း မောင်ခွေးဖို့ ကဗျာများ ကလေးကဗျာတွေပေါ့ဗျာ။ ၈၈၈၈ မှာဆို RASU ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသားအစာငတ်ခံပွဲတွေကို ဆရာကြီးက လာကြည့်တယ်။ ထောက်ခံတယ်။ အားပေးတယ်။ ဆန္ဒပြသူတွေ သေ ကြေ ဒဏ်ရာရ အဖမ်းခံရတော့ သူ မျက်ရည်ကျတယ်။ ဒါကြောင့် နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်က NLD ဖွဲ့တော့ ငါ ... အောင်ဆန်းသမီးနဲ့ပဲ အလုပ်လုပ်မယ်ဆိုပြီး လုပ်ခဲ့တာပ။ NLD အတွက် ကဗျာတွေ ရေးတယ်။ ကမာရွတ်မှာ အမတ်ဝင်ရွေးတယ်။ နောက်ပိုင်း ၉၀ ရွေးကောက်ပွဲအမတ်တွေကို နှုတ်ထွက်ခိုင်း လက်မှတ်တွေထိုးခိုင်းတော့ စစ်ထောက်လှမ်းရေးတွေကို ဆရာကြီးက တော်တော်စိတ်မရှည်ဖြစ်တော့တာ။ ထောက်လှမ်းရေးတွေက လွယ်အိတ်ရှည်တွေနဲ့ လာတတ်တော့ သူ က မောင်းမောင်းထုတ်တာ။ နောက်ပိုင်း ကဗျာဆရာ စာရေးဆရာတွေ လွယ်အိတ်လွယ်လာသူမှန်သမျှ ဆရာက မောင်းထုတ်အော်ထုတ်တော့တာ။ ကျနော် လွမ်းဏီပါ။ ကျနော် နေဇော်နိုင်ပါလို့ဆိုမှ သူ့အိမ်ကို အဝင်ခံတာ။ လွယ်အိတ်လွယ်ထောက်လှမ်းရေးနဲ့ လူမှားတာလေ။ ဆရာကြီးက စစ်အာဏာရှင်တွေကို တော်တော် စိတ်နာသွားတာ။ " လို့ ဆရာကြီး ကွယ်လွန်တဲ့ ၁၉ နှစ် မြောက် ဒီနေ့မှာပဲ ပြောပြပါတယ်။
# စုအရှင်နဲ့သုဝဏ်တို့လမ်းလိုက်ကြစမ်းပါ
ဒေါ်အောင်ဆန်းစုကြည်က လူထုဆန္ဒအဓိကမူကို ကိုင်စွဲပြီး စစ်အာဏာ ရှင်နဲ့ မပူးပေါင်းခဲ့ပဲ အကျယ်ချုပ်ဘဝ ထောင်ကျတဲ့အထိ တော်လှန်လမ်းကို ရဲရဲကြီး လျှောက်နေတယ်။
ဦးဝန် (မင်းသုဝဏ်) က လူထုရဲ့ အသဲကြားက မဲတပြားကို ဦးထိပ်ပန်ပြီး သေ လွန်သည့်တိုင် ပြည်သူ့ကိုယ်စားလှယ်ဘဝကို တပြားသားမလျော့ ယခုတိုင် ၁၉ နှစ်တိုင် လိပ်ပြာသန့်သန့် တော်လှန်လမ်းကို (စိတ်ဝိဉာဉ်က) လျှောက်ဆဲ။ လူသေသော်လည်းပင် ရှင်နေသူ။ လူသေသော်လည်း နာမည်ထင်ရှားဆဲသူ။
အတူတူပါ "ငါ့ကိုသတ်ရင်သတ် လက်မှတ်ထိုးမပေးနိုင်ဘူး။" ဆိုတဲ့ သမ္မတ ဦးဝင်းမြင့်ကအစ ကျောင်းသားတွေ၊ ဆရာဆရာမတွေ၊ CDM တွေ၊ PDF တွေ၊ တိုင်းရင်းသားတွေစတဲ့ နွေဦးတော်လှန်ရေးသမားတွေရဲ့ ခံယူချက်ဟာ "စုအရှင်သုဝဏ်" တို့ရဲ့ စိတ်ဓာတ်တွေနဲ့ ထပ်တူထပ်မျှပါပဲ။ အလားတူ မြန်မာနိုင်ငံတဝန်း တိုင်းရင်း သားပေါင်းစုံ ရဟန်း ရှင်လူ ပြည်သူ လူထုအားလုံး၊ ပြည်ပနိုင်ငံ အသီးသီးရောက် မြန်မာနွယ်ဖွား တိုင်း ရင်းသားအားလုံး "စုအရှင်နှင့်သုဝဏ်"တို့ရဲ့ တော်လှန်စိတ်များ ပွားယူကြပြီး နွေဦးတော်လှန်ရေးကြီးကို မီးစာရှိန်မြှင့်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။ ။
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar