နေဝင်း (ဘဝတက္ကသိုလ်) - '' အပျော်ဖတ် စာအုပ်များဘက်မှ ရှေ့နေလိုက်ခြင်း ''
နေဝင်း (ဘဝတက္ကသိုလ်)
အောက်တိုဘာ ၂၂၊ ၂၀၂၁
သည်နေရာမှာ မေးစရာတွေ ရှိလာပါတယ်။
အပျော်ဖတ် စာပေ ဆိုတာ ဘာလဲ။
စာပေက ဘယ်နှမျိုး ရှိလို့လဲ။
အပျော်ဖတ် မဟုတ်တဲ့ စာပေက ဘာလဲ။
ဂန္ထဝင် ဝတ္ထုကြီးတွေက အပျော်ဖတ် မဟုတ်ဘူးလား။
.... .... .... .... .....
သည်မေးခွန်းတွေကိို ကျွန်တော်လည်း မဖြေတတ်ပါဘူး။
ကျွန်တော် တယောက်တည်း အနေနှင့် အဓိပ္ပါယ် ဖွင့်ချင်တာကတော့ အပျော်ဖတ် စာအုပ် ဆိုတာ ဖတ်ပျော်တဲ့ စာအုပ်၊ တနည်းအားဖြင့် ဖတ်လိုက်ရင် လက်က မချချင်အောင် ဆွဲဆောင်မှု ရှိတဲ့ စာအုပ်မျိုးလို့ပဲ သတ်မှတ်ချင်ပါတယ်။
( သည်နေရာမှာ ဘာသာရပ် အလိုက်လေ့လာရတဲ့ စာအုပ်မျိုး၊ ဥပမာ ဗုဒ္ဓ အဘိဓမ္မာလိုမျိုး စာအုပ်တွေကို မဆိုလိုပါ။ )
အရင်ခေတ်တုန်းကတော့ အပျော်ဖတ် စာပေ၊ ဘဝ သရုပ်ဖော် စာပေ၊ ဆိုရှယ်လစ် သရုပ်မှန် စာပေ စသည်ဖြင့် ခွဲခြားကြတာတွေ ကြားဖူးပါတယ်။
ဘယ်စာအုပ်ကတော့ တန်ဖိုး ရှိတယ်၊ ဘယ်စာအုပ်ကတော့ဖြင့် အပေါစားဆန်တယ် ခေတ်ကို မထင်ဟပ်ဘူး၊ ဘဝသရုပ်ကို မဖော်ပြနိုင်ဘူး ...စသဖြင့် ခွဲခြားတတ်ကြပါတယ်။
အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော်ဖြင့် သိပ်နားမလည်ပါဘူး။
ဘယ်စာအုပ်ကတော့ဖြင့် ဘယ်အမျိုးအစားပဲရယ်လို့လည်း တိတိကျကျ မခွဲခြားတတ်ပါဘူး။
ကျွန်တော်ကတော့ ကျွန်တော့် ကိုယ်တွေ့ကိုပဲ ပြောပြချင်ပါတယ်။
ငယ်ငယ်တုန်းက ဆရာ မိုးဝေရဲ့အလွတ် စုံထောက် တင်မောင်ဆွေ ဝတ္ထုတွေကိုအရမ်း ကြိုက်ခဲ့ပါတယ်။
သူ့ရဲ့ စက္ကရီတေရီ အမျိုးသမီးလေးမေစီ ( ထင်ပါရဲ့ ) ကိုလည်း စွဲလမ်းခဲ့တာပါပဲ။
အလားတူပါပဲ၊ ဆရာ နတ်နွယ်ရဲ့ ဝင်္ကပါတို့၊ တက္ကသိုလ်နှင့် ပြင်ပကမ္ဘာတို့ကိုလည်း ကြိုက်ခဲ့တာပဲ။
အဲဒီတုန်းက သည်ဝတ္ထုတွေဟာ ဒေါ့စတိုယက်ဗ်စကီးရဲ့ ကမ္ဘာကျော် ဂန္ထဝင် ဝတ္ထုကြီးတွေကို မှီးထားမှန်းလည်း မသိပါဘူး။
ဆရာကြီး ရွှေဥဒေါင်းရဲ့ စုံထောက် ဦးစံရှား၊ ဂျမဒါ ကိုကိုကြီး၊ ဒဂုံတင့် ... စတဲ့ ဇာတ်ကောင်တွေကိုလည်း အစွဲကြီး စွဲခဲ့တာပါပဲ။
ကျွန်တော် ကြိုက်ခဲ့တဲ့ တခြား စာရေးဆရာတွေရဲ့ စာအုပ်တွေလည်း အများကြီးပါ။
ဆရာ ဓူဝံရဲ့ ကိုးသင်္ချိုင်းသံဓါးလို၊ မာလာလို ရာဇဝင် ဝတ္ထုတွေကိုလည်း ထမင်းမေ့ ဟင်းမေ့ ဖတ်ခဲ့တာပါပဲ။
ဆရာ မောင်သိန်းဆိုင်ရဲ့ ရေနံ့သာ ခင်ခင်ကြီး၊ ခင်ပပမြိုင် စာအုပ်တွေကိုလည်း ကြိုက်ခဲ့တာပါပဲ။
ခုပုံထဲမှာ ပါတဲ့ ဆရာ ဇဝနရဲ့ ကောလိပ် ကျောင်းသား ဝတ္ထုကိုလည်း ကျွန်တော် အရမ်း ကြိုက်ခဲ့တာပါပဲ။
( သည်စာအုပ်ကိုရော အပျော်ဖတ် စာအုပ်လို့ သတ်မှတ်လို့ မရဘူးလား။ )
နောက်ပိုင်းကျတော့ ဘာသာပြန် ဝတ္ထုတွေ ဖတ်ဖူးလာတော့လည်း ဆာ ရိုက်ဒါ ဟက်ဂတ်တို့၊ ဆာ ဝေါလ်တာ စကော့တို့ စာအုပ်တွေကို စွဲစွဲလမ်းလမ်း ဖတ်မိပြန်ရော။
အရင်ခေတ််တွေတုန်းက အပစ်အခတ် အညစ်အပတ် အညှစ်အသတ် ဝတ္ထုတွေလို့ သတ်မှတ်ခဲ့ကြတဲ့ ဟာရိုးလ် ရော်ဘင်တို့၊ ဆစ်ဒနီ ရှယ်လ်ဒန်တို့ကို ဖတ်မိပြန်တော့လည်း မပြီးမချင်း လက်က မချချင်ပြန်ဘူး။
သည်နေရာမှာ ကျွန်တော် ပြောချင်တာ တခု ရှိပါတယ်။
ကျွန်တော် ဖတ်ခဲ့ ကြိုက်ခဲ့ စွဲလမ်းခဲ့တဲ့ စာအုပ်တွေကို တခြား တယောက်က ကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။
သူ့မှာလည်း သူ့အကြိုက်နှင့် သူတခြားသော စာရေးဆရာတွေရဲ့ စာအုပ်တွေကို ဖတ်ခဲ့ ကြိုက်ခဲ့တာတွေ ရှိမှာပေါ့။
ဒါကြောင့်လည်း စာအုပ်မျိုးစုံ၊ စာရေးဆရာ မျိုးစုံတို့ရဲ့ စာအုပ်တွေ စျေးကွက်ထဲမှာ ရှိနေတာပဲ ဖြစ်ပါတယ်။
သိုင်းဝတ္ထုကောင်းတွေဟာလည်း စာဖတ် ပရိသတ် များစွာရဲ့ အစွဲလမ်းဆုံး စာအုပ်တွေ ဖြစ်ခဲ့တာပါပဲ။
သူ့ခေတ်နှင့် သူ လူကြိုက်များတဲ့ ၊ လူဖတ်များတဲ့ အပျော်ဖတ် စာအုပ်တွေကတော့ ထွက်နေဆဲ၊ ဖတ်နေဆဲပဲ ဖြစ်ပါတယ်။
အသက်တွေ ကြီးလာတဲ့ အခါ၊ စာဖတ်သက် ရင့်လာတဲ့ အခါ၊ ဘဝအချိုးအကွေ့ များစွာ ကြုံဆုံပြီးတဲ့အခါ လူတွေဟာ နက်နဲတဲ့၊ ခက်ခဲတဲ့စာအုပ်တွေကိုပြောင်းလဲ ဖတ်ရှုလာတတ်ကြပါတယ်။ အရသာခံနိုင်လာကြပါတယ်။
ဒါပေမဲ့လည်း ကျွန်တော့် အဖို့ရာမှာတော့ စာကြီးပေကြီးတွေကို ဘယ်လိုဖတ်ဖတ် ခုချိန်ထိ အပျော်ဖတ် စာအုပ်တွေ၊ တနည်း ဖတ်လိုက်ရင် စွဲစွဲလမ်းလမ်း ဖြစ်စရာ အချစ် ဝတ္ထု၊ စုံထောက် ဝတ္ထု၊ စွန့်စားခန်း ဝတ္ထုတွေကို ကြိုက်နေမိတုန်းပါပဲ။
- စာရေးသူ၏ ဖေ့ဘုတ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar