စကစအဖွဲ့ရဲ့ အရေးပါတဲ့နေရာ အပြောင်းအလဲ လုပ်ခြင်းရဲ့ အကျိုးဆက်တွေ
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၂၅ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၂၃
စကစအဖွဲ့ရဲ့ အရေးပါတဲ့နေရာ အပြောင်းအလဲ လုပ်ခြင်းရဲ့ အကျိုးဆက်တွေ
နှစ်နှစ်ခွဲကျော် သက်တမ်းရှိလာချိန်မှာ စစ်ကောင်စီထဲက မကြာခင်အချိန်ထိ ပြည်ထဲရေးဝန်ကြီးတာဝန်ယူခဲ့သူ၊ စစ်ကောင်စီရဲ့ စီးပွားရေးပိုင်းဆိုင်ရာ ကော်မတီဥက္ကဋ္ဌ တာဝန်ယူခဲ့သူ၊ စီးပွားကူးသန်း ဒုဝန်ကြီးတာဝန်ယူခဲ့သူ၊ ကုန်သွယ်ရေး နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ရေးကော်မတီ အတွင်းရေးမှူး စတဲ့ အဓိကကျတဲ့ နေရာတွေမှာ တာဝန်ယူထားသူတွေကို စားအုန်းဆီ တင်သွင်းခွင့် လိုင်စင်၊ နိုင်ငံခြားငွေဝယ်ယူခွင့်ပါမစ် စတဲ့ကိစ္စတွေနဲ့ ဆက်စပ်ပြီး တပြိုင်နက်ထဲ ရာထူးမှ ရပ်နားလိုက်တာ၊ မူလ စစ်ဘက်တာဝန်ထမ်းဆောင်စေတာ၊ နေအိမ်အကျယ်ချုပ်ချပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်ပြီး အရေးယူတာတွေ ခုရက်ပိုင်းအတွင်းလုပ်ခဲ့ပြီး စက်တင်ဘာ ၂၅ ရက်နေ့မှာတော့ စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်းတဲ့ သတင်းနဲ့အတူ အခြားသော ဝန်ကြီး၊ ဒုဝန်ကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တဦး တာဝန်က ရပ်နားတဲ့ သတင်းတွေ တပြိုင်နက်တည်း ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
စစ်ကောင်စီထဲက ထိပ်ပိုင်းခေါင်းဆောင်တချို့ လာဘ်စားမှုတွေနဲ့ စစ်ဆေးမေးမြန်းခံနေရတယ်ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အတွင်းပေါ်ထွက်ခဲ့ပြီးနောက် အခုလို စစ်ကောင်စီ ရဲ့ ကြေညာချက်ထွက်လာပြီး သတင်းတွေကို အတည်ပြုလိုက်တဲ့သဘောလည်း ဖြစ်ပါတယ်။
စားအုန်းဆီ စျေးတွေ မတန်တဆမြင့်တက်ရာက စားအုန်းဆီ တင်သွင်းခွင့်ပါမစ် ထုတ်ပေးတဲ့ ကော်မတီ၊ အဲဒါနဲ့ ဆက်စပ်နေတဲ့ နိုင်ငံခြားငွေကို ပြင်ပစျေးကွက်ပေါက်စျေးထက်နိမ့်တဲ့ နှုန်းနဲ့ ဗဟိုဘဏ်ကနေ ဝယ်ယူခွင့် စတဲ့ကိစ္စတွေမှာ စစ်ကောင်စီ ခေါင်းဆောင်ရဲ့ အားကိုးအားထား ရတဲ့သူလို့ ဆိုနိုင်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက ပါဝင်ပတ်သက်နေတာ မျှော်လင့်မထားတဲ့ စစ်ဆေးမှုရလဒ်တွေ ပေါ်ထွက်လာပြီး သူအပါအဝင် သူနဲ့ ဆက်နွှယ်တာဝန်ယူထားသူတွေကို အနားပေးတာ၊ နေရာ ပြောင်းရွှေ့တာ အရေးယူတာတွေ လုပ်နေတဲ့ သဘောလို့ မှန်းဆရပါတယ်။
စစ်တပ်ထဲက ဗိုလ်ချုပ်တွေအများစုက ကိုယ်ကျိုးစီးပွားရှာကြတာ အနည်းနဲ့အများ မကင်းကြတာ မှန်းဆကြည့်ရင် သိနိုင်ပါတယ်။ အဲလိုဆိုခဲ့ရင် အခု ဗိုလ်ချုပ်တွေက ဘာကြောင့် အရေးယူခံရတာလည်း ဆိုတဲ့ မေးခွန်းလည်း ရှိကောင်းရှိနိုင်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ရှားပါးလာတဲ့ နိုင်ငံခြားငွေကို ချွေတာဖို့ တဖက်မှာလည်း စစ်တိုက်တဲ့ အတွက် လိုအပ်တဲ့ စစ်လက်နက်တွေ ဝယ်ယူရာမှာ နိုင်ငံခြားငွေ ပိုမိုအသုံးပြုလာရတဲ့ အနေအထားကြောင့် နိုင်ငံခြားငွေ ချွေတာရေးကို စစ်ကောင်စီက လွန်ခဲ့တဲ့ ၂ နှစ်ကျော်အတွင်း တတ်နိုင်သမျှ ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ဆန့်ကျင်ဘက်လို ဖြစ်လာနေခြင်း၊ အနောက်နိုင်ငံတွေထဲက အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှု အကျိုးဆက်တွေရှိလာတာ၊ ပြည်ပရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီကြီးတွေ ထွက်ခွာကြတာ စတဲ့ အကြောင်းခံတဲ့ သက်ရောက်မှုတွေက နိုင်ငံခြားငွေ လျော့နည်းလာတဲ့ အကျိုးရလဒ် ဖြစ်ပြီး လက်တွေ့မကျမှန်းသိတဲ့ နိုင်ငံခြားငွေ ချွေတာရေးလမ်းကြောင်း၊ တင်သွင်းမှု ကန့်သတ်ရေး၊ ပြည်ပရောက် မြန်မာနိုင်ငံသား အလုပ်သမားတွေ ငွေပြန်ပို့ရေး ဖိအားပေးတာတွေ လုပ်ဆောင်ပြီး ပြည်တွင်းစစ်ကို တိုက်ခိုက်နေစဥ် စီးပွားရေး ပြိုလဲတာမျိုး၊ ဥပမာ သီရိလင်္ကာ နိုင်ငံလို အဖြစ်မျိုး ကြုံရမှာကို စိုးရိမ်ပြီး နိုင်ငံခြားငွေကို ချွေတာဖို့ ကြိုးပမ်းခဲ့တဲ့ သဘောလို့ ယူဆရပါတယ်။
အခုလို အကျိုးဆက်တွေက စစ်အာဏာသိမ်းမှုရဲ့ ရလဒ်တွေဖြစ်ပြီး ပြည်တွင်းစီးပွားရေးဆိုင်ရာ မူဝါဒတွေ က ဆိုရှယ်လစ် အမည်ခံတဲ့ စစ်ခေါင်းဆောင်တွေ အုပ်ချုပ်တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဥ် ခေတ်လို မိမိဘာသာဖူလုံရေး စီးပွားရေး မူဝါဒ၊ နောက် တဖန် နိုင်ငံတကာ ပိတ်ဆို့မှုတွေကိုခံရတဲ့ နဝတ၊ နအဖ စစ်အစိုးရလက်ထက်က မူဝါဒတွေကို ပြန်လည် ဦးတည်နေတာ ဖြစ်လို့ လမ်းတွေပေါ်မှာ စားသုံးဆီ ဝယ်ဖို့တန်းစီတာ၊ အလုပ်အကိုင်အခွင့်အလမ်း မရှိလို့ စားအုန်းဆီ တန်းစီတဲ့နေရာမှာ တလှည့်ပြီးတလှည့် တန်းစီပြီး နေ့စဥ် ဝင်ငွေရအောင် ကြိုးစားကြရတာမျိုးတွေ ပြန်တွေ့လာရတာ ဖြစ်ပါတယ်။
ဒီလို ပြည်တွင်းစစ် တိုက်ခိုက်နေတဲ့ အကျိုးဆက်၊ စီးပွားရေးကို နားမလည်တဲ့ စစ်ဗိုလ်ချုပ်တွေက ဝန်ကြီး လုပ်ပြီး စီမံခန့်ခွဲတဲ့ အကျိုးဆက်၊ နိုင်ငံတကာ အသိုင်းအဝိုင်းက လက်မခံတဲ့ စစ်အာဏာသိမ်းမှုကို လုပ်ဆောင်ခဲ့ခြင်းရဲ့ အကျိုးဆက်တွေက စီးပွားရေး ကမောက်ကမဖြစ်မှု၊ လူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ လျော့ပါး ပျက်စီးစေမှုတွေ ဖြစ်ပြီး အခုလို မျှားဦးက စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးတွေ အထိ ရောက်လာခဲ့တာ ဖြစ်ပါတယ်။
အခု လတ်တလော ဖြစ်ရပ်တွေထဲ ထူးခြားတဲ့ အရေးယူမှုတခုက စစ်အာဏာ မသိမ်းမီနဲ့ စစ်အာဏာသိမ်းပြီးနောက် ၂ နှစ်ကျော်ကြာ ပြည်ထဲရေး ဝန်ကြီးရာထူးမှာ တောက်လျှောက် တာဝန်ယူခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် ကို ဝန်ကြီးရာထူးတွေကနေ အနားပေးလိုက်ပြီး စစ်ဘက်မူလတာဝန်ထမ်းဆောင်ဖို့ ကြေညာတဲ့ အထိ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ယခင် ဦးသိန်းစိန် အစိုးရလက်ထက်တွေတုန်းက စစ်ဘက်ရေးရာလုံခြုံရေး ရဲ့ အကြီးအကဲ တာဝန်ယူခဲ့သူ စစ်အာဏာမသိမ်းမီနဲ့ သိမ်းပြီးနောက် ပြည်ထဲရေး ဝန်ကြီးတာဝန်ယူပြီး အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားသူတွေ ထောင်သောင်းချီ ဖမ်းဆီးခံရ၊ စစ်ကြောရေးမှာ ဥပဒေမဲ့ အသက်ဆုံးရှုံးမှုတွေ ဖမ်းဆီးနှိပ်စက်ညှင်းပန်းမှုတွေ ၊ အကျဥ်းထောင် ဆူပူမှုတွေ နဲ့ ဆန္ဒပြမှုတွေကို ရက်စက်စွာ ဖြိုခွဲဖို့ အမိန့်ပေးခဲ့သူ အမြင့်ဆုံးတာဝန်ရှိသူလည်း ဖြစ်တဲ့ စိုးထွဋ်ကို ဖယ်ရှားလိုက်ခြင်းက စစ်ကောင်စီအတွင်း အချင်းချင်း ငဲ့ကွက်မှုမရှိပဲ အရေးယူ အပြစ်ပေးတာတွေကို ဖေါ်ပြသလိုဖြစ်ပြီး စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်တွေ အကြားသစ္စာခံမှုကို ထိခိုက်ကောင်း ထိခိုက်လာစေနိုင်တာလည်း ဖြစ်ပါတယ်။
စီးပွားကူးသန်း ဒုဝန်ကြီး တယောက် တာဝန်မှ အနားပေးခံရသလို မကြာသေးခင်ကမှ စီးပွားကူးသန်း ဝန်ကြီးဖြစ်လာသူ ဦးအောင်နိုင်ဦးကိုလည်း အစိုးရအဖွဲ့ရုံးဝန်ကြီး (၁) အဖြစ် ပြောင်းရွှေ့ လိုက်တာဖြစ်ပါတယ်။ စစ်တပ်အရာရှိကနေ အရပ်ဘက်ပြောင်းလာသူ ဦးအောင်နိုင်ဦးဟာ ယခင် ဦးသိန်းစိန်အစိုးရလက်ထက်က DICA ညွှန်ချုပ်၊ အန်အယ်လ်ဒီ အစိုးရလက်ထက် မှာ တော့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ အမြဲတမ်း အတွင်းဝန်ဖြစ်ပြီး စစ်အာဏာ သိမ်းပြီးနောက် အဆိုပါ ဝန်ကြီးဌာနရဲ့ ဝန်ကြီးအဖြစ် ခန့်အပ်ခံရသူ မကြာခင် လအနည်းငယ်မှာတော့ စီးပွားကူးသန်း ဝန်ကြီး အဖြစ် ပြောင်းလဲတာဝန်ပေးခံရပြီး အခု အဖြစ်အပျက်တွေမှာ အရေးမပါတဲ့ ဝန်ကြီးဌာနကို ရွှေ့ပြောင်းခံရတာ လည်းဖြစ်ပါတယ်။
ဒီအဖြစ်အပျက်တွေကို ခြုံငုံသုံးသပ်ရင် စီးပွားရေး တလွဲစီမံခန့်ခွဲမှုတွေ၊ နိုင်ငံရေး ပြဿနာကြောင့် စီးပွားရေး နယ်ပယ်ကို ရိုက်ခတ်လာတဲ့ ရိုက်ခတ်မှု၊ သက်ရောက်မှုတွေကို အာဏာသိမ်း စစ်ခေါင်းဆောင် အနေနဲ့ စီမံခန့်ခွဲဖို့ ကြိုးစားရင်း မြားဦးက သူ့ရဲ့ အနီးဆုံးသူတွေအထိ ရောက်လာနေပြီး စစ်ခေါင်းဆောင်တွေအကြား စည်းလုံးမှုကို ထိခိုက်ကောင်း ထိခိုက်စေနိုင်တယ်ဆိုတဲ့ ယူဆမှု၊ စီးပွားရေး ပြဿနာတွေက စစ်ကောင်စီရဲ့ စစ်ရေးအရ တိုက်ခိုက်နိုင်မှုတွေကို ထိပါး လျော့နည်း စေနိုင်တဲ့ အလားအလာလည်း ရှိနေတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar