Breaking News

အောင်ဝေး - ပဋိပက္ခ၊ ညီညွတ်ရေးနှင့် ကျယ်ပြန့်စွာ မဟာမိတ်ပြုရေး သဘောထား



အောင်ဝေး - ပဋိပက္ခ၊ ညီညွတ်ရေးနှင့် ကျယ်ပြန့်စွာ မဟာမိတ်ပြုရေး သဘောထား

(မိုးမခ) အောက်တိုဘာ ၁၂ ၊ ၂၀၂၃


၁။

လူအများ ပြောလေ့ရှိတဲ့ စကားတစ်ခွန်း။

"ပဋိပက္ခရှိမှ တိုးတက်တယ်" ဆိုတဲ့စကား။

ဒီစကား မမှန်ပါ။ တဝက်လည်း မမှန်ပါ။

ပဋိပက္ခ ဆိုတာ ရှိကောင်းတဲ့ အရာလား။

ပဋိပက္ခရှိတာနဲ့ မရှိတာ၊ မရှိတာက ပိုမကောင်းဘူးလား။ ရှိလာရင်ကော။ ရှိလာရင် ရှိလာတဲ့ ပဋိပက္ခကို ဖြေရှင်းရမှာပေါ့။ ပဋိပက္ခကို မှန်မှန်ကန်ကန် တရားနည်းလမ်းကျ ဖြေရှင်းနိုင်ပြီ ဆိုရင်တော့ အရာရာဟာ တိုးတက်လာမှာပါပဲ။ ဒါသာ ဖြစ်တယ်။ ပဋိပက္ခရှိတိုင်း တိုးတက်တာ မဟုတ်ပါ။ ပဋိပက္ခရှိလာရင် ပြေလည်အောင် ဖြေရှင်းနိုင်မှသာလျှင် တိုးတက်တယ် ခေါ်နိုင်တာပါ။

လောကကြီးဟာ ဝိရောဓိတွေနဲ့ တည်ဆောက်ထားတာ ဖြစ်တယ်။ ဝိရောဓိတွေ ရှိနေမှတော့ ပဋိပက္ခတွေလည်း ဖြစ်ကြပြီပေါ့။ ကြည့်ပါ။

ပထမ ဥပမာ။

ဖိနှိပ်သူနှင့် အဖိနှိပ်ခံရသူ။ စစ်အာဏာရှင်နဲ့ ပြည်သူလူထု။ ဖိနှိပ်သူစစ်အာဏာရှင်နှင့် အဖိနှိပ်ခံပြည်သူလူထု၊ ထိုဝိရောဓိတစ်စုံက ပဋိပက္ခတစ်ဖုံ ဖြစ်တည်လာသည်။

ဒုတိယ ဥပမာ။

စစ်အာဏာရှင်၊ ဖိနှိပ်သူကို ခုခံဆန့်ကျင်တော်လှန်နေတဲ့ အဖိနှိပ်ခံ ပြည်သူလူထု အချင်းချင်းကြားမှာ ပန်းတိုင်တူပေမဲ့ ပန်းတိုင်ကိုသွားတဲ့လမ်းချင်း မတူလို့၊ လမ်းတူနေ ပြန်လည်းသွားပုံသွားပန်း ကွဲပြားနေလို့၊ ပြဿနာတွေ ဖြစ်ကြ၊ ငြင်းကြခုံကြ၊ သေနတ်တွေဖောက်ကြ ဆိုတဲ့ ပဋိပက္ခလည်း ရှိတယ်။

တတိယ ဥပမာ။

ပန်းချီပညာမှာ အနီနဲ့အပြာကို ဆန့်ကျင်ဘက်အရောင်၊ ဝိရောဓိအရောင်လို့ ဆိုပါတယ်။ ထိုအရောင်နှစ်ခုကို အချိုးကျ ပေါင်းစပ်လိုက်တဲ့အခါ ခရမ်းရောင် (ခရမ်းပြာ) ဆိုတဲ့ အရောင်သစ်တစ်ခု၊ အဖြေသစ်တစ်ခု၊ ရသအသစ်တစ်ခု ဖြစ်ပေါ်လာတဲ့ ဆန့်ကျင်ဘက်တို့၏ ပေါင်းစည်းမှု ဆိုတဲ့ပဋိပက္ခ။

၂။

ပထမဥပမာကတော့ ရှင်းပါတယ်။ ဒီနေ့ စစ်တပ်(စစ်ကောင်စီ)နဲ့ ကျနော်တို့ ပြည်သူလူထုကြား ဖြစ်နေတဲ့ ပဋိပက္ခ။

ဒါကို ရန်ဘက်ပဋိပက္ခလို့ ခေါ်ပါတယ်။

ဒီနွေဦးတော်လှန်ရေးမှာတော့ လူထုဟာ ရန်/ငါ လုံးလုံးပြတ်ခဲ့ကြပြီ။ စစ်တပ်နဲ့ လူထုကြား ထင်ထင်ရှားရှား ရန်/ငါ စည်းခြားခဲ့ကြပြီ။

အာဏာလုသူနဲ့ အာဏာအလုခံရသူ။ မင်းအောင်လှိုင်နဲ့ လူထု။ ကျနော်တို့ဘက်က ကြည့်ရင် ဒီပဋိပက္ခဟာ ရန်သူနဲ့ ဖြစ်ရတဲ့ပဋိပက္ခ။ ရန်ဘက်ပဋိပက္ခ။

ဒီပဋိပက္ခကို ကျနော်တို့ အခု ဖြေရှင်းနေကြတယ်။ လက်နက်ကိုင်တော်လှန်ရေးကို တိုက်ပွဲရဲ့အဓိကပုံသဏ္ဌာန်ထားပြီး အခြား အရေးပါတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး အစရှိတဲ့ တိုက်ပွဲပုံသဏ္ဌာန်တွေ ပေါင်းစပ်ပြီးအဆုံးသတ်တိုက်ပွဲ ဆင်နွှဲနေကြတယ်။

ဒီပဋိပက္ခ ဖြေရှင်းနည်း မှန်၊ မမှန် ဘာနဲ့ သက်သေပြမလဲ။ အခု လူထုခုခံတော်လှန်စစ်ကို ကြည့်ပါ။ ကျနော်တို့ စစ်ပွဲ နိုင်နေသလား၊ ရှုံးနေသလား။ လက်ငင်း မြေပြင် လက်တွေ့အခြေအနေတွေအရ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ (EAOs နဲ့ PDF ပူးပေါင်းတပ်တွေ) က သေနင်္ဂဗျူဟာထိုးစစ်ကို တက်လှမ်းရောက်ရှိလာပြီး၊ မင်းအောင်လှိုင်တပ်တွေက ခံစစ်ကို တဖြည်းဖြည်း ကျဆင်းသွားနေပါပြီ။ လမ်းများအားလုံး နေပြည်တော်အနီးကို ချဥ်းကပ်လာနေပါပြီ။


၃။

ဒုတိယဥပမာရဲ့ ပဋိပက္ခက ကျနော်တို့ ပြည်သူလူထုကြား၊ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေကြား အချင်းချင်းဖြစ်တဲ့ ပဋိပက္ခ။ ကျနော်တို့ရဲ့ ရန်သူ(ဘုံရန်သူ)ဟာ မင်းအောင်လှိုင်။ ဘုံရန်သူကိုဝိုင်းတိုက်နေကြတဲ့ ကျနော်တို့အားလုံးဟာ မိတ်ဆွေတွေပဲ။ မိတ်ဖက်တွေပဲ။ အဲဒီမိတ်ဆွေတွေ၊ မိတ်ဖက်တွေကြားမှာ အခန့်မသင့်လို့ဖြစ်တဲ့ အဖုအထစ်၊ အကြိတ်အခဲ၊ အစာမကြေမှုတွေကို မိတ်ဖက်ပဋိပက္ခလို့ ခေါ်တာပဲ။

ဟိုတလောက လိုင်းပေါ်မှာ ပွဲဆူသွားခဲ့တဲ့ ဒရာဂွန်ကြီးနဲ့ မပန်လေးတို့ အပြန်အလှန် ဖြစ်ခဲ့ကြတဲ့ကိစ္စမှာ တချို့က ပွဲကြီးပွဲကောင်းတစ်ပွဲ ကြည့်ရပြီလို့ ထင်ခဲ့ကြတယ်။ တချို့က (နှစ်ဖက်စလုံးကို) ဆွမ်းကြီးဝင်လောင်းဖို့ စောင့်ကြည့်ခဲ့ကြတယ်။

အဲဒီပြဿနာက ဒရာဂွန်ကြီးနဲ့ မပန်လေး ပြဿနာမှ မဟုတ်တာပဲ။ ဒီကိစ္စက မြန်မာ့တော်ဝင်နဂါးတပ်နဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနတို့ ဖြစ်တဲ့ကိစ္စ။ ဒါ ရှင်းတယ်။ တော်လှန်ရေးအင်အားစုတွေအတွင်းက ပဋိပက္ခ။ ရန်ဘက်ပဋိပက္ခမှ မဟုတ်ဘဲ။

မိတ်ဖက်ပဋိပက္ခသာပါပဲ။

မိတ်ဖက်ပဋိပက္ခတွေကို ဘယ်လို ဖြေရှင်းမလဲ။ လွယ်ပါတယ်။ နိုင်ငံရေးရည်မှန်းချက် မကွဲရင်၊ ဘုံရန်သူ မပျောက်ရင်၊ ညီညွတ်ချင်တဲ့စိတ်ရှိရင် မိတ်ဖက်ပဋိပက္ခ ဖြေရှင်းရတာ မခက်ခဲပါဘူး။

မိတ်ဖက်ပဋိပက္ခ ဖြေရှင်းခန်းမှာ ရန်ဘက် ဆဲသံ မပါဘူး။ မိမိတို့အချင်းချင်းကြား ဖန်ခွက်ခွဲဖို့ မလိုဘူး။


၄။

တတိယဥပမာ ဆန့်ကျင်ဘက်တို့၏ ပေါင်းစည်းမှု ဆိုတဲ့ ပဋိပက္ခအကြောင်း မပြောခင်၊ ညီညွတ်ရေးအကြောင်း အရင်ပြောချင်ပါသည်။ ကျနော်တို့ မဆလခေတ် ၁၉၇၄-၇၅-၇၆ ကျောင်းသားတိုက်ပွဲတွေမှာ လိုက်နာကျင့်သုံးခဲ့တဲ့ ညီညွတ်ရေးမူ (၄) ချက်ဆိုတာ ရှိပါတယ်။

(၁) စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး ဆိုတဲ့ နိုင်ငံရေးလမ်းကြောင်းက မသွေဖည်ဖို့။

(၂) ဒီမိုကရေစီတိုက်ပွဲဝင် အင်အားစုများကြား သပ်မလျှို သွေးမခွဲဖို့။

(၃) ဒီမိုကရေစီအင်အားစု အချင်းချင်း ဗြောင်ဝေဖန် တိုက်ခိုက်တာမျိုး မလုပ်ဖို့ နဲ့

(၄) တစ်ဦး တစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်း အကျိုးအတွက် ရန်သူနဲ့ ဘယ်လို အပေးအယူမျိုးမှမလုပ်ဖို့ တို့ ဖြစ်တယ်။

ရေစီးကြောင်းက တစ်ဆက်တည်းပါ။ မဆလ ခေတ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲမှာကျင့်သုံး လိုက်နာခဲ့တဲ့ ညီညွတ်ရေးမူတွေက အခု မအလ ခေတ်မှာလည်း အသက်ဝင်နေဆဲပါပဲ။ ဒီနေ့ နွေဦးတော်လှန်ရေးကို ကြည့်။ နံပါတ် (၂) အချက်ကို မလိုက်နာတဲ့သူတွေက တတိယအုပ်စုဆိုပြီးသွေးတိုးစမ်းလာတယ်။ နံပါတ် (၃) အချက်ကတော့အဆိုးဆုံးပဲ။ ရန်သူကို အပြုတ်တိုက်ဖို့ မေ့လျော့နေကြပြီး၊ ကိုယ့်ချင်း ကိုယ့်ချင်း အပြတ်ဆော်မဟဲ့ ဆိုတဲ့ ဝေဖန်ရေးတွေ အများကြီးပဲ။

ဒီနေ့ နွေဦးတော်လှန်ရေးရဲ့ အသက်ဟာ ညီညွတ်ရေးပဲ။ မညီညွတ်ဘဲနဲ့ ကျနော်တို့ ဒီအခြေအနေကိုရောက်ကိုမလာဘူး။ မညီညွတ်ရင် ကျနော်တို့ သေနင်္ဂဗျူဟာထိုးစစ်အဆင့်ကို တက်မလာနိုင်ဘူး။ ဆက်ပြီး ညီညွတ်သွားကြဖို့သာပဲ။ ညီညွတ်ကြပါလို့ သတိပေးတိုက်တွန်းမနေရအောင်ကို ညီညွတ်နေကြရမယ့် အချိန်ကို ရောက်နေပြီ။ မာရသွန်ပြေးပွဲတစ်ခုရဲ့ Finished Line နား ကပ်လာနေပြီ။

ကျနော်တို့ မညီညွတ်ရင်တော့ ကျနော်တို့ ဆီဆွတ်ခံရမယ်။ မင်းအောင်လှိုင်ကလည်း နေမှာမဟုတ်ဘူး။

ဒီနေ့ ကျနော်တို့ စစ်တိုက်နေတာ NUCC က ချပေးထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်နဲ့ တိုက်နေတာ။ ဒီပဋိညာဥ်ကို ယုံကြည်လက်ခံလို့ EAOs တွေက NUG နဲ့ ပူးပေါင်းမဟာမိတ်ပြု လက်တွဲတိုက်နေတာ။ EAOs နဲ့ PDF ပူးပေါင်းစစ်ဆင်ရေးတွေရဲ့ အောင်မြင်မှုနဲ့ စခန်းသိမ်းပွဲတွေက သက်သေပဲ။

ဒါကြောင့် ကျနော်တို့ ဆက်ညီညွတ်သွားကြရမယ်။ ညီညွတ်ရေးအခြေခံပေါ်မှာ အချင်းချင်း ဝေဖန်ထောက်ပြရမယ်။ ဝေဖန် ထောက်ပြပြီးသွားရင် အရင်ကထက် ပိုပြီးညီညွတ်လာကြရစမြဲပဲ။ ညီညွတ်ရေး- ဝေဖန်ရေး- ညီညွတ်ရေး။ ဒါပါပဲ။

တပ်ဦးကို မျက်နှာမူရမယ်။ တပ်ပေါင်းစုကို နာခံနိုင်ရမယ်။ အမြဲတမ်းချည်းပဲ ပေါင်းနေဖို့ ပြောတာမဟုတ်ဘူး။ ပေါင်းစည်းရင်း ကွဲလွဲခွင့် ရှိတယ်။ ကွဲလွဲရင်း ပေါင်းစည်းနိုင်ပါစေ။ (ကွဲလွဲတယ်ဆိုတာ ကွဲပြဲသွားတာ မဟုတ်) ဘုံရန်သူ တူရင် ကွဲလွဲတယ် ဆိုတာကလည်း နည်းပရိယာယ်ရေး ပြဿနာမျှပဲ။

သေနင်္ဂဗျူဟာ ပြဿနာ မဟုတ်ဘူး။ နည်းပရိယာယ် ဆိုတာ ညှိလို့ နှိုင်းလို့ရတယ်။ ညှိနှိုင်းယူလိုက်ရင် ပြေလည်သွားတာပဲ။ ကျနော်တို့ အချင်းချင်းကြားမှာ ဖြစ်တဲ့ မိတ်ဖက်ပဋိပက္ခတွေဟာ ဒီနည်းနဲ့ ဖြေရှင်းပြေလည်သွားကြရတာ ဖြစ်တယ်။


၅။

တတိယဥပမာ ဆန့်ကျင်ဘက်တို့၏ ပေါင်းစည်းမှုပဋိပက္ခ ဆိုတာကတော့ ကျနော်တို့ဆီမှာ မမျှော်မှန်းနဲ့။

မဖြေရှင်းနဲ့။ ဘယ်တော့မှလည်း ပြေလည်သွားမှာ မဟုတ်ဘူး။ ဒီအတွက် အကောင်းဆုံး သက်သေပြချက်က တောင်အာဖရိကနိုင်ငံပဲ။

အုပ်စိုးသူ လူဖြူအစိုးရဘက်က ဒီကလပ်၊ အုပ်စိုးခံ လူမည်းထုကြီးဘက်က နယ်လ်ဆင်မင်ဒဲလား။ ဝိရောဓိတစ်စုံ၊ ပဋိပက္ခတစ်ဖုံ။ ဆိုကြပါစို့။ ဒီကလပ်ကအနီရောင်ဆိုရင် မင်ဒဲလားက အပြာရောင်။ အဲဒီဆန့်ကျင်ဘက် အရောင်နှစ်ခုဟာ အချိုးကျ (ဒီမိုကရေစီနည်းကျ) ပေါင်းစပ်သွားကြတယ်။ တောင်အာဖရိကနိုင်ငံဟာ တရားမျှတ လွတ်လပ်ငြိမ်းချမ်းတဲ့ ခရမ်းရောင်(ခရမ်းပြာ)လမ်းကြောင်းပေါ်ကို ရောက်ရှိသွားခဲ့တယ်။ ဒီကလပ်နဲ့ မင်ဒဲလားတို့လည်း နှစ်ယောက်အတူ နိုဘယ်ငြိမ်းချမ်းရေးဆု ပေးအပ်ခံခဲ့ကြရတယ်။

ဒီကလပ်က သဘောထားကြီးတယ်။ မင်ဒဲလားက စိတ်ရှည် ဇွဲသန်တယ်။ သူတို့နှစ်ဦး အုပ်စိုးသူနဲ့ အုပ်စိုးခံ၊ ဆန့်ကျင်ဘက် နှစ်ဦးရဲ့ ပေါင်းစည်းမှုက လုံးဝအတုယူစရာ။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ ဒီလုပ်ရပ်မျိုး ဒီတစ်ခုပဲ၊ တောင်အာဖရိက တနိုင်ငံပဲ ရှိတယ်။ မြန်မာနိုင်ငံမှာ လာစိတ်ကူးမယဥ်နဲ့။

ဒီကလပ်လိုလူမျိုး မြန်မာစစ်ဗိုလ်တွေထဲမှာ၊ မအလ တကိုယ်လုံးမှာ တစက်ကလေးမှ မရှိဘူး။ မင်ဒဲလားလို ခေါင်းဆောင်တွေတော့ မြန်မာပြည်မှာ ရှိနှင့်ပြီးသားပါ။

မြန်မာရာဇဝင်မှာ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ် စစ်ပွဲတုန်းက အင်းဝဘုရင် မင်းခေါင် ကွယ်လွန်တော့၊ ဟံသာဝတီပြည့်ရှင်ရာဇာဓိရာဇ် ကြေကွဲမြည်တမ်းပုံကို ဗြိတိသျှသမိုင်းဆရာဟာဗေး သူ့မှတ်တမ်းထဲ ရေးခဲ့ပုံက—

"My sweet enemy is dead." တဲ့။

မစ္စတာဒီကလပ်က Sweet enemy ပဲ။

မင်းအောင်လှိုင်ကချီး(ချေး)ထုပ်ပဲ။

ဒီအချိန်မှာ ကျနော်ကတာ ယဥ်ရဲ့လား

မမေးနဲ့။ ဓားတို့ရဲ့အောက်က ကမ္ဘာမြေ

သတိရပစေ။(မာယာကော့ဖ်စကီး)

ဒီအချိန်မှာ အမျိုးသားရင်ကြားစေ့ရေး မပြောနဲ့။ စစ်ဖိနပ်အောက်က ပျောက်ဆုံးသွားတဲ့ အနာဂတ်ကို သတိရကြ။

နွေဦးတော်လှန်ရေးရဲ့ ကြွေးကြော်သံက စစ်အနိုင်တိုက်ရေး၊ လူထုအာဏာ လူထု ပြန်သိမ်းပိုက်ရေးပဲ။ စစ်အနိုင်တိုက်ရေးဆိုတာ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ် အပြုတ်တိုက်ရေးပဲ။ စစ်တပ်နဲ့ မတွေ့ဆုံဘူး။ နိုင်ငံရေးမဆွေးနွေးဘူး။ ဘယ်တော့မှ ရင်ကြားလည်း မစေ့ဘူး။

ဒါ ရန်ဘက်ပဋိပက္ခကို အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်တယ်။ အခြားနည်း မရှိ။


၆။

ပြဿနာတစ်ခု၊ ပဋိပက္ခတစ်ခုဖြစ်လာပြီ ဆိုရင် အရင်ဆုံး ဒီပဋိပက္ခဟာ ရန်ဘက်လား၊ မိတ်ဖက်လား ခွဲခြမ်းစိတ်ဖြာကြည့်ရမယ်။ ရန်ဘက်ပဋိပက္ခ ဆိုရင်တော့ ရှင်းတယ်။ မွှင်းငါး ဘယ်နှပွဲလဲ။ ဒါပဲ။ အပြတ်တိုက်၊ အပြုတ်တိုက်။ ရှင်းရှင်းလေး။

ဒါပေမဲ့ မိတ်ဖက်ပဋိပက္ခ ဆိုရင်တော့ ဒီလိုလုပ်လို့မရဘူး။ ဒီအချိန်က နွားရိုင်းသွင်းချိန်။ ညီအစ်ကိုမသိတသိ။ လူလုံးမကွဲဘူး။ မြူခြေဖုန်လှိုင်းထနေတယ်။ ကိုယ့်အချင်းချင်း အမြင်မရှင်း ဖြစ်တတ်တယ်။

ဒါ သဘာဝပဲ။ အချင်းချင်းတွေပဲ။ အပြတ်ရှင်း၊ အပြုတ်တိုက်ရမဲ့ ရန်သူတွေမှ မဟုတ်ဘဲ။ ညှိရမယ်။ ညှိနှိုင်းယူပေါ့။

ပြီးတော့ ပြဿနာရဲ့ ရင်းမြစ်ကို စေ့စေ့ကြည့်။

ဇာစ်မြစ်။ ပဋိပက္ခရဲ့ဇာစ်မြစ်။ တစ်နည်းအားဖြင့် ပဋိပက္ခရဲ့ အဓိကဘက်။ အရာရာဟာ အာဏာသိမ်းစစ်တပ်ကြောင့် ဖြစ်လာရတာချည်းပဲ။ လက်နက်ကိုင်လမ်းစဥ်ကို ကျနော်တို့ ရွေးတာ မဟုတ်ဘူး။ မင်းအောင်လှိုင် ရွေးပေးတာ။ (The form of the struggle is not chosen by the ruled, but by the ruler.)

ဒီတော့ ပဋိပက္ခရဲ့ အဓိကဘက်ဟာ မင်းအောင်လှိုင်ကနေ တပ်ကြပ်ကြီးဖိုးစည်အထိပဲ။ ဒါကို မေ့ထားလို့မရဘူး။ မမြင်ဘဲနေလို့ မရဘူး။ ဒါကို မမြင်ရင် မိတ်ဆွေကို ရန်သူ ထင်တာမျိုးတွေ ဖြစ်လာတတ်တယ်။ နိုင်ငံရေး အားနည်းတဲ့သူတွေ အများဆုံးဖြစ်တာပဲ။

ဆိုပါတော့။ သည်းခြေကြိုက် လောကတွေ အဆဲခံနေရတာ ပြောပြမယ်။ တစ်ခုခုဆိုရင် အရင်ဦးအောင် ပြေးဆဲလိုက်တာက မြန်မာ့ယဥ်ကျေးမှု ဖြစ်နေပြီ။

စစ်တပ်က ရုပ်ရှင်လောကထဲကို သပ်လျှိုသွေးခွဲလိုက်တယ်။ စစ်တပ်က ဂီတလောကထဲကို သပ်လျှိုသွေးခွဲလိုက်တယ်။ စစ်တပ်က ရုပ်ရှင် ဂီတ အနုပညာရှင်တွေကို အကြောက်တရားနဲ့ မြှူဆွယ်လိုက်တယ်။ ပရိသတ်တွေ မထင်မှတ်တာတွေ ဖြစ်ကုန်တော့တယ်။ ဆဲကုန်တော့တယ်။ ဆဲရုံဆိုတော်သေးတယ်။ ကိုယ့်အချင်းချင်းကြား ကွဲကုန်ကြ၊ ရန်သူ ထင်ကုန်ကြတော့တယ်။

ဒါတွေဟာ မကောင်းဘူး။ တချို့က အဆိုးမြင်စိတ်နဲ့ ဆဲတယ်၊ ကွဲတယ်။ တချို့ကျ အငုံ့စိတ်နဲ့ ဆဲတယ်၊ ကွဲတယ်။ ကိုယ့်အချင်းချင်းကြား၊ လူထုကြား၊ ပြည်သူကြားမှာ ညီညွတ်ရေး ပြိုကွဲတာ၊ ယုံကြည်မှု ပျက်ပြားတာတွေဟာ တော်လှန်ရေးအတွက် မကောင်းဘူး။ အန္တရာယ်ရှိတယ်။ ဒါကြောင့် ကျနော်တို့ တစ်ဦးချင်းဟာ နိုင်ငံရေးအမြင် ကြည်လင်ဖို့ လိုတယ်။

နိုင်ငံရေးအားကောင်းမှ ပဋိပက္ခတွေကို မှန်မှန်ကန်ကန် သုံးသပ်ခွဲခြားနိုင်လာမယ်။ အဲဒီအခါ ရန်/ငါစည်း၊ မိတ်/ရန်စည်းတွေကို ပြတ်ပြတ်သားသား တားလာနိုင်မယ်။ သိပ်မဆဲတော့ဘူးပေါ့။


၇။

နိဂုံးချုပ်ပါမယ်။

ဆရာဒဂုန်တာရာ ပြောသလို ရန်သူကို မိတ်ဆွေဖြစ်အောင် မလုပ်နိုင်ရင်တောင်၊ မိတ်ဆွေကိုတော့ ရန်သူဖြစ်အောင် မလုပ်စေချင်ပါ။ ကျနော်တို့ ယာယီသမ္မတကြီး ဒူဝါလရှီးလ ပြောသလိုပေါ့။ ရန်သူအသစ်တွေ တိုးလာအောင် မလုပ်ကြပါနဲ့။

တော်လှန်ရေးတိုင်းမှာ ကြားထားရမဲ့ လူတန်းစားဆိုတာ ရှိပါတယ်။ ဓနရှင်ကြီး ဘူဇွာလူတန်းစားကို အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသားပြည်သူတွေက တိုက်တဲ့ တိုက်ပွဲမှာ ပညာတတ်ဓနရှင်ပေါက်စ လူတန်းစားကို ကြားထားရတာမျိုး။ သူတို့ကို မတိုက်ရဘူး။ စည်းရုံးရမယ်။

မြေမဲ့ယာမဲ့ ဆင်းရဲတဲ့လယ်သမားတွေက ပဒေသရာဇ်တပိုင်း ဓနရှင်တပိုင်း မြေရှင်ကြီးလူတန်းစားကို တော်လှန်တဲ့ ထွန်တုံးတိုက်ပွဲမှာ ချမ်းသာ လယ်သမားကို ကြား ထားရတယ်။ မတိုက်ဘူး။ ကိုယ့်ဘက်ပါအောင် စည်းရုံးယူတယ်။ ဒါကို ကျယ်ပြန့်စွာ မဟာမိတ်ပြုတယ်လို့ ခေါ်တယ်။

အားလုံး စဥ်းစားကြည့်ပါ။ ဒီနေ့ နွေဦးတော်လှန်ရေးမှာ NUG နဲ့ တရားဝင်မဟာမိတ်ပြု လက်တွဲတိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစု EAOs ငါးဖွဲ့။

KNU

KIA

KNPP

CNF

ABSDF

ဟုတ်ပြီ။ သူတို့က အတူပူးပေါင်းလို့။ မိတ်ဆွေ။ ဟုတ်ပြီ။ တရားဝင် မပူးပေါင်းတဲ့ တင်နီလာအေးတို့၊ အောင်အောင်တို့၊ ကိုးကန့်တို့ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့အပေါ် တရားဝင် မပူးပေါင်းတဲ့အတွက် မိတ်ဆွေမဟုတ်ဘူး၊ ရန်သူလို့ သဘောထားရမှာလား။ စဥ်းစားပါ။ ဒီသုံးဖွဲ့ ဦးတည်တိုက်နေတဲ့ ဘုံရန်သူနဲ့ ကျနော်တို့ နွေဦးတော်လှန်ရေးက ဦးတည်တိုက်နေတဲ့ ဘုံရန်သူဟာ အတူတူပဲ။ ဘေးပယောဂတွေမဝင်စေနဲ့။

ပဋိပက္ခတွေကိုမှန်မှန်ကန်ကန်ဖြေရှင်းကြပါ။

ညီညွတ်ရေးသည်အသက်။

ကျယ်ပြန့်စွာ မဟာမိတ်ပြုဖို့မမေ့နဲ့။

ရန်သူဆန့်ကျင်ခံရခြင်းသည်

ကိစ္စဆိုးမဟုတ်၊ ကိစ္စကောင်း။ ။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar