ဘန်ကောက်မြို့ ကုန်တိုက်မှာ သေနတ်ပစ်ခတ်ခံရတဲ့ မြန်မာအလုပ်သမားရဲ့ စျာပန၊ အစ္စရေးလ်-ပါလက်စတိုင်း စစ်ပွဲရဲ့ အရိပ် မြန်မာ့အရေးကို လွှမ်းမိုးလာဦးမလား
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၈ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၉၊ ၂၀၂၃
ဘန်ကောက်မြို့ ကုန်တိုက်မှာ သေနတ်ပစ်ခတ်ခံရတဲ့ မြန်မာအလုပ်သမားရဲ့ စျာပန၊ အစ္စရေးလ်-ပါလက်စတိုင်း စစ်ပွဲရဲ့ အရိပ် မြန်မာ့အရေးကို လွှမ်းမိုးလာဦးမလား
ယခုလ ၃ ရက်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့ လယ်က လူစည်ကားလှတဲ့ ဆီအမ်ပါရာဂွန် ကုန်တိုက်ထဲမှာ အသက် ၁၄ နှစ်အရွယ် လူငယ်တဦးက ကုန်တိုက်ထဲက သူတွေကို အကြောင်းမဲ့ သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှာ ၂ ဦးသေဆုံးခဲ့ပြီး တဦးက မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား တဦးဖြစ်တဲ့ မမိုးမြင့်ဖြစ်ပါတယ်။ အခြားတဦးကတော့ တရုတ်နိုင်ငံသား ခရီးသွားတဦးဖြစ်ပြီး ၄င်းတို့နှစ်ဦး အပြင် အခြား ၅ ဦးကတော့ ဒဏ်ရာရရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်က ထိုင်းနိုင်ငံသတင်းမီဒီယာတွေမှာ မျက်နှာဖုံးသတင်း ဖြစ်ခဲ့ပြီး သေဆုံးရသူ ၂ ဦးအနက် တဦးက မြန်မာနိုင်ငံသား တဦးဖြစ်တာကြောင့်လည်း မြန်မာသတင်းမီဒီယာတွေမှာလည်း မမိုးမြင့် နဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ သတင်းတွေက နေ့စဥ်လိုလို ဖော်ပြနေခဲ့ကြတာ ဖြစ်ပါတယ်။ မမိုးမြင့်ရဲ့ မိခင်ဖြစ်သူက ကျောက်ကပ် ပုံမှန်ဆေးနေရတဲ့ သူတဦးဖြစ်ပြီး ကျန်းမာရေး အကြောင်းကြောင့် ဖြစ်ခါစမှာ သမီးဖြစ်သူရဲ့ နောက်ဆုံး ခရီးဖြစ်တဲ့ စျာပနကို မလာနိုင်ဘူးလို့ သတင်းတွေ ဖော်ပြခဲ့ကြပေမယ့် ထိုင်းနိုင်ငံက သက်ဆိုင်တဲ့ အဖွဲ့အစည်း၊ မြန်မာနိုင်ငံဘက်က ကူညီမှုနဲ့ ဒီနေ့ကျင်းပတဲ့ စျာပနကို လာရောက်ပို့ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မွန်ပြည်နယ် သထုံမြို့မှာနေထိုင်တဲ့ မမိုးမြင့်ရဲ့ မိခင်ဖြစ်သူကို သေနတ်သမားလူငယ်ရဲ့ ဖခင်ဖြစ်သူက အများရှေ့မှာ လာရောက် တောင်းပန်ခဲ့တဲ့ အကြောင်းကိုလည်း ထိုင်းနိုင်ငံသတင်းမီဒီယာတွေ နဲ့ မြန်မာသတင်းမီဒီယာတွေက ဖေါ်ပြထားကြပြီး မမိုးမြင့်ရဲ့ မိခင်က တောင်းပန်မှုကို လက်ခံကာ ကံတရားကြောင့်သာ ဖြစ်ရတယ်လို့ မှတ်ချက်ချပြောကြားခဲ့ပြီး တောင်းပန်မှုကိုနားလည်ပေးကြောင်း ပြန်လည်ပြောကြားခဲ့တာကို ရုပ်သံသတင်းတွေမှာ ကြားသိရတာလည်း ဖြစ်ပါတယ်။ ဒီဖြစ်ရပ်က ကာယကံရှင် မဆိုထားပဲ ကြားသိရသူတိုင်းအဖို့ ဝမ်းနည်းစရာ၊ ကိုယ်ချင်းစာနာစရာ အဖြစ်အပျက်တရပ်၊ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ပြီး မြန်မာနိုင်ငံမှာနေထိုင်တဲ့ မိဘကိုလစဥ် ထောက်ပံ့နေတဲ့ သားသမီး ဆုံးရှုံးရတဲ့ မိခင်ရဲ့ ဆုံးရှုံးမှုဟာ ဘာနဲ့ မှ အစားထိုးမရတဲ့ ဆုံးရှုံးမှု ဖြစ်ပေမယ့် မိခင်က ဘယ်သူ့ကိုမှ အပြစ်တင်စကား မဆိုခဲ့ပဲ ကံတရားကိုသာ အပြစ်ပုံချခဲ့ပြီး လာရောက်တောင်းပန်တဲ့ သေနတ်သမားရဲ့ ဖခင်ဖြစ်သူကို ကိုယ်ချင်းစာနာကြောင်း ပြောပြီး ပြန်လည်အားပေးစကား ပြောကြားကာ သဘောထားကြီးကြီးထားပြီး တုံ့ပြန်ခဲ့တဲ့ အဖြစ်ဟာ မြန်မာနိုင်ငံသားနဲ့ ထိုင်းနိုင်ငံသားတို့အကြား ဝမ်းနည်းစရာ အဖြစ်ကနေ ရရှိတဲ့နားလည်မှုတရပ်၊ တနည်းအားဖြင့် အဆိုးထဲက ကောင်းမွန်တဲ့ ရလဒ်တခုလို့ ဆိုရင် ရနိုင်တဲ့ ဖြစ်ရပ်တခု အဖြစ်ဆိုရမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ အလုပ်လုပ်ကိုင် နေကြပြီးတခါတရံမှာ ရာဇဝတ်မှုလိုမျိုးလည်း ကြုံတွေ့ကြရပေမယ့် အခုလို သဘောထား ကြီးမားစွာ နားလည်ပေးတဲ့ ဖြစ်ရပ်မျိုးလည်း ရှိတယ်ဆိုတာကို လှစ်ဟပြလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားရေး အခွင့်အလမ်း နည်းပါးလာမှုတွေ အပြင် မလုံခြုံမှုတွေကြောင့် လူငယ်လူလတ်ပိုင်းတွေ ယခင်ထက်ပိုမို လာရောက်ကာ အလုပ်အကိုင်ရှာဖွေလုပ်ကိုင် နေထိုင်နေကြတာ ဖြစ်ပါတယ်။ အဲလို နေထိုင်ကြရာမှာ ယခင်ကလို မြန်မာအလုပ်သမားတွေရဲ့ အခွင့်အရေး ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ တရားဝင်နေထိုင် လုပ်ကိုင်တာ ဖြစ်စေဖို့ မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်မှုတွေ လျော့နည်းလာပြီး လက်ရှိစစ်ကောင်စီ အစိုးရဟာ လက်နက်ကိုင်ခုခံမှုတွေကို ချေမှုန်းဖို့သာ စိတ်စောနေတာ ဖြစ်လို့ အလုပ်သမားအရေးကိစ္စတွေကို တိုးတက်အောင် လုပ်ဆောင်ပေးတာ မတွေ့ရတာလည်း ဖြစ်ပါတယ်။ အလုပ်လုပ်ကိုင်တဲ့ သူတွေအပေါ် ဝင်ငွေခွန်ကောက်ဖို့နဲ့ မြန်မာနိုင်ငံကို လစာရဲ့ သတ်မှတ်ရာနှုန်း တခုကို တရားဝင် ပြန်ဖို့ တွန်းအားပေး ဥပဒေ ပြဌါန်းတာတွေ လုပ်နေတာလည်း ဖြစ်ပါတယ်။ အန်အယ်လ်ဒီ အစိုးရလက်ထက် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံကို လာရောက်ကာ ရွှေ့ပြောင်း လုပ်သားတွေရဲ့ တရားဝင် အလုပ်သမားအခွင့်အရေးတွေ ရရှိအောင် တိုးတက်အောင် ပြောဆိုပေးခဲ့ဖူးပေမယ့် အခုလို စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ဝင်ငွေ တချို့ မိသားစုဆီ ပြန်ပို့ဖို့သာ တိုက်တွန်းနေခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့အဖို့ နောက်အကြောင်းအရာ တရပ်ကတော့ ယမန်နေ့အာရုံတက်အချိန်မှာ ပါလက်စတိုင်းလက်နက်ကိုင် ဟားမားစ် အဖွဲ့က အစ္စရေးလ် နိုင်ငံက မြို့အချို့ကို ဒုံးကျည်အရေအတွက် ထောင်နဲ့ ချီပစ်လွှတ်တိုက်ခိုက်ခဲ့သလို မြေပြင်ကလည်း တိုက်ခိုက်ရေး တပ်ဖွဲ့တွေ အစ္စရေး နယ်မြေတွေထဲ ဝင်ရောက်ကာ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ဆယ်စုနှစ်များစွာ အတွင်း စစ်ပွဲအသွင် နဲ့ တိုက်ခိုက်မှုဖြစ်ပြီး တရက်တာအတွင်း အစ္စရေးဘက်ရော ပါလက်စတိုင်း ဘက်ပါ လူရာချီ သေဆုံးပြီး ထောင်နဲ့ချီ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ မတည်မငြိမ်ဖြစ်မှု တခုထက်ပိုပြီး ပါလက်စတိုင်းတွေနဲ့ အစ္စရေးလ် အကြား စစ်ပွဲဖြစ်ပွားတဲ့ အဆင့်မျိုးလို့ဆိုပါတယ်။
ခု ပါလက်စတိုင်း -အစ္စရေးလ် စစ်ပွဲဟာ ယူကရိန်း-ရုရှား စစ်ပွဲပြီးနောက် နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ရယူသွားမယ့် အနေအထားလို့လည်း ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ စစ်အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာတဲ့ ဆန္ဒပြမှုတွေ၊ လက်နက်ကိုင် ခုခံတွန်းလှန်တိုက်ခိုက်မှုတွေ နဲ့ မြန်မာ့နိုင်ငံပြဿနာ အပေါ်နိုင်ငံတကာရဲ့ အာရုံစိုက်မှုဟာ ယူကရိန်း စစ်ပွဲဖြစ်ပွားပြီးနောက် လျော့ကျသွားတာတွေ့ရပြီး အခု တဖန် ယူကရိန်း စစ်ပွဲကဲ့သို့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို သိမ်းကျုံးဆွဲယူနိုင်တဲ့ ပဋိပက္ခတခု ဖြစ်ပွားလာတာကြောင့် မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင် စနစ် ပြုတ်ကျရေး တိုက်ပွဲဟာ နိုင်ငံတကာ အာရုံစိုက်မှုတွေ လျော့ပါးသွားမယ့် အခြေအနေမျိုးကြုံနေရတာလည်း ဖြစ်ပါတယ်။
ပါလက်စတိုင်းနဲ့ အစ္စရေးလ် တို့ရဲ့ ပဋိပက္ခဟာ အရှေ့အလယ်ပိုင်း ရေနံထွက်တဲ့ နိုင်ငံတွေ ရဲ့ နောက်က ကူညီမှု ထောက်ခံမှုနဲ့ ကမ္ဘာ့လောင်စာစွမ်းအင် ထုတ်လုပ်မှု၊ စျေးနှုန်းတွေကို ဂယက်ရိုက်ခတ်ကောင်း ရိုက်ခတ်နိုင်တဲ့အရေး ကိစ္စဖြစ်ပြီး မြန်မာ့အရေးကတော့ အိမ်နီးချင်း အင်အားကြီး ၂ နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့ ထိစပ်နေတဲ့ နိုင်ငံ အာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံလည်း ဖြစ်လို့ တိုက်ရိုက်ပါဝင်စွက်ဖက်မှု မရှိကြတဲ့သဘောလည်း ဖြစ်ပြီး ခုနောက်ဆုံး ပါလက်စတိုင်း-အစ္စရေးလ် စစ်ပွဲက ကမ္ဘာရဲ့ အာရုံစိုက်မှုတွေကို ဆွဲယူသွားမယ့် အနေအထားလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar