သီအိုဇော် - အစ္စရေး၏ ၉/၁၁ စစ်ပွဲ ရှည်ကြာလေဦးမည်လား
သီအိုဇော် - အစ္စရေး၏ ၉/၁၁ စစ်ပွဲ ရှည်ကြာလေဦးမည်လား
(မိုးမခ) အောက်တိုဘာ ၉၊ ၂၀၂၃
ဂျေရုဆလင်ပိုစ့် သတင်းစာ အပါအဝင် အကဲခတ်လေ့လာသူများ၊ သတင်းမီဒီယာ ဂျာနယ်လစ်များ ဒီရက်ပိုင်း အစ္စရေး တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး တိုင်ပင်မထားဘဲ ပြောဆိုရေးသားနေတဲ့ ‘အစ္စရေးရဲ့ ၉/၁၁’ ဆိုတဲ့ အသုံးအနှုန်း နဲ့ အစ္စရေးဝန်ကြီးချုပ် ‘ဘင်ဂျမင်နက်တန်ယာဟု’က ရှည်ကြာပြီး ခက်ခဲတဲ့ စစ်ပွဲက ရှေ့နားဆီမှာ’လို့ သတိပေး ပြောကြားခဲ့တာတို့ကို ပေါင်းစပ်ပြီး ဒီခေါင်းစဉ်ပေးမိပါတယ်။
ခေါင်းကြီးသတင်း ဖြစ်နေတဲ့ ဟားမတ်စ် စစ်သွေးကြွအဖွဲ့ (Hamas)ရဲ့ အစ္စရေးကို တိုက်ခိုက်မှုနောက်ဆက်တွဲ အလားအလာများနဲ့ ပတ်သက်လို့ အခုလက်ရှိအခြေအနေမှာ သူတို့ ပြောဆိုသုံးနှုန်းထားတာထက်ပိုပြီး ရှင်းလင်း ဖွင့်ဆိုနိုင်မှာ မဟုတ်တဲ့အတွက် ကိုးကားလိုက်ရတာလည်း ဖြစ်ပါတယ်။ ၉/၁၁ တုန်းက အမေရိကန်နိုင်ငံအနေနဲ့ ရေဆုံးရေဖျားလိုက်ပြီး နှစ် ၂၀ ကြာအောင် လက်တုံ့ပြန်ခဲ့တာကို ပြန်အမှတ်ရစရာပါ။ ဒီအတိုင်းသာဆိုရင်တော့ သွေးမြေကျမှုများစွာ တွေ့မြင်ရဦးမယ်လို့ပဲ ဆိုရတော့မှာပါ။ ၁၉၈၇ ခုနှစ် နှောင်းပိုင်းမှာ ပေါ်ပေါက်ခဲ့တဲ့ ဟားမတ်စ်အဖွဲ့ကို အမေရိကန်ပြည်ထောင်စုနဲ့ အီးယူ၊ ယူကေ၊ ကနေဒါနိုင်ငံတို့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပြီး ဖြစ်ပါတယ်။
အစ္စရေးဘက်ကို ရုတ်တရက် ဝင်တိုက်မှုတွေအပြင် အစ္စရေးဘက်က ဒုံးကျည် ၂,၂၀၀ လောက် အပစ်ခံရတယ်လို့ ဆိုခဲ့သလို ဟားမတ်စ်ဘက်ကတော့ ၅,၀၀၀ ခန့်နဲ့ ပစ်ခဲ့တယ်လို့ ပြောပါတယ်။ အခုလည်း အချိန်နဲ့အမျှ အစ္စရေး ဘက်က သေဆုံးသူစာရင်းတွေ တက်လာသလို လက်တုံ့ပြန်မှုတွေကြောင့် ပါလက်စတိုင်းဘက်မှာ သေကျေဒဏ်ရာရခဲ့ကြတာတွေလည်း မနည်းလှပါဘူး။ ပြောင်းလဲနေဦးမယ့် ကိန်းဂဏန်းတွေကို ချန်ထားခဲ့ချင်ပါတယ်။
အစ္စရေး-ပါလက်စတိုင်း ပြဿနာက ရှုပ်ထွေးမှုများစွာ ရှိတာမှန်ပေမယ့် အစ္စရေးနိုင်ငံထဲအထိ ဝင်ရောက်ပြီး အမျိုးသမီး ကလေး လူကြီး အရွယ်မရွေး ပြန်ပေးဆွဲတဲ့ လုပ်ရပ်မျိုးက နိုင်ငံတကာကို တုန်လှုပ်သွားစေပါတယ်။ အတိအကျပြောဖို့ ခက်ပေမယ့် ဂါးဒီးယန်း သတင်းစာအဆိုအရ ဂါဇာဘက်ကို ပြန်ပေးဆွဲခံရသူ အရေအတွက် ၁၀၀ ကျော်တယ်လို့ သိရပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်ကြား အပြန်အလှန် ပစ်ခတ်နေကြတာကတော့ မီဒီယာတွေမှာ ပါလေ့ရှိတဲ့သတင်းလို့ပဲ ပြောရမလိုပါ။ ဒီရက်ပိုင်း ဟားမတ်စ်အဖွဲ့ရဲ့ အလစ်တိုက်ခိုက်မှုတွေလောက်သာ ထိခိုက်သေဆုံးမှုတွေ မရှိခဲ့ကြတာပါ။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (The Israel Defence Forces- IDF) ရဲ့ ထုတ်ပြန်ထားချက်တွေမှာ ၂၀၂၁ ခုနှစ် မေလက ဟားမတ်စ်နဲ့ PJI တို့လို အကြမ်းဖက်အဖွဲ့အစည်းများက ဒုံးကျည် ၄,၄၀၀ သုံးပြီး ဂါဇာဘက်ကနေ ပစ်လွှတ် တိုက်ခိုက်ခဲ့တယ်လို့ ပါရှိပါတယ်။
အခုတကြိမ်လို သေဆုံးထိခိုက်မှုမျိုးကတော့ ၁၉၇၃ ခုနှစ် အစ္စရေး-အာရပ် ‘ယောမ်ကစ်ပူယာ’ (Yom kippur war) စစ်ပွဲနောက်ပိုင်း အစ္စရေးအတွက် အထိအနာဆုံးလို့ ဆိုရမှာပါ။ ၁၉၇၃ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဆီးရီးယား၊ အီဂျစ်တို့ ဦးဆောင်တိုက်ခိုက်ခဲ့တဲ့ ‘ယောမ်ကစ်ပူယာ’စစ်ပွဲတုန်းလည်း အစ္စရေး ထောက်လှမ်းရေးဘက်က အားနည်းချက် များစွာရှိခဲ့ပါတယ်။
အခုနှစ် ၅၀ ပြည့်တဲ့ အချိန်မှာ အလစ်အငိုက် အတိုက်ခိုက်ခံရတဲ့အခါမှာတော့ နာမည်ကျော် မော့ဆက် (Mossad) နဲ့ ပြည်တွင်းထောက်လှမ်းရေးကို တာဝန်ယူရတဲ့ ရှင်းဘက် (Shin bet) တို့အပေါ် မေးခွန်းထုတ်လာကြပါတယ်။ စတီးလ်သံဇကာ လုံခြုံရေးစည်းရိုးတွေက ပေ ၂၀ မြင့်ပြီး စောင့်ကြည့်ထောက်လှမ်းရေးကိရိယာများ တပ်ဆင်ထားတဲ့ကြားက ဘူဒိုလ်ဇာနဲ့ ဝင်ဖျက်တာမျိုးကအစ အဝင်အထွက်ပြုလုပ်နိုင်ဖို့ အရင်ဖျက်ဆီးခဲ့ပြီး အစ္စရေးနိုင်ငံထဲ ဟားမတ်စ်တို့ ဝင်ခဲ့ကြတာပါ။ လုံခြုံရေး ထောက်လှမ်းရေး အားနည်းချက်ဆိုတာမျိုးက ရှိတတ်ပေမယ့် အစ္စရေးလိုနိုင်ငံအတွက် လက်ခံဖို့ ခက်ခဲပါလိမ့်မယ်။
ဂါဇာကမ်းမြောင်ဒေသက ၄၁ ကီလိုမီတာလောက်သာရှည်ပြီး အကျယ်က (၆-၁၂) ကီလိုမီတာခန့် ရှိပါတယ်။ နှိုင်းယှဉ်ပြောရရင်တော့ အရွယ်အစားက ဝါရှင်တန်ဒီစီထက် နှစ်ဆသာသာရှိတယ်လို့ ပြောနိုင်ပါတယ်။ ၂၀၀၅ ခုနှစ်က အစ္စရေးတို့ ဆုတ်ခွာသွားခဲ့ပြီးတဲ့နောက်ပိုင်း ဟားမတ်စ်အဖွဲ့က ကြီးစိုးထားနိုင်ခဲ့ပါတယ်။
ဟားမတ်စ်နဲ့ အဆင်မပြေတဲ့ ဖာတာ (Fatah) က အနောက်ဘက်ကမ်း (West bank) ကို စိုးမိုးထားပါတယ်။ လက်ရှိ ပါလက်စတိုင်း သမ္မတ မာမွတ်အဘတ်စ် (Mahmoud Abbas)က ဖာတာရဲ့ ခေါင်းဆောင်တဦး ဖြစ်ပါတယ်။ မနှစ်က အောက်တိုဘာလထဲမှာပဲ ဟားမတ်စ်နဲ့ ဖာတာ ပြန်လည်ရင်ကြားစေ့ရေးအတွက် အယ်လ်ဂျီးယားနိုင်ငံမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ အနောက်အုပ်စုမဟာမိတ်များက ဟားမတ်စ်ရဲ့ တိုက်ခိုက်မှုကို အပြင်းအထန် ရှုတ်ချကြပါတယ်။ ဟားမတ်စ်ကို ကျောထောက်နောက်ခံပေးတဲ့ အီရန်နိုင်ငံဘက်ကတော့ ဒီတိုက်ခိုက်မှုကို ချီးကျူးစကားသံ ထွက်ထားပါတယ်။
တရုတ်နိုင်ငံ ကြားက ညှိနှိုင်းပေးလို့ ရှီယာမူဆလင် အီရန်နိုင်ငံနဲ့ ဆွန်နီမူဆလင် ဆော်ဒီအာရေးဗီးယားတို့ သံတမန်ဆက်ဆံရေးတွေ ပြန်လုပ်ခဲ့ကြပေမယ့် ပြိုင်ဘက်လို အကဲခတ်စောင့်ကြည့်နေကြဆဲပါ။ အခုလည်း အစ္စရေးနဲ့ ဆော်ဒီအာရေးဗီးယားတို့ ပိုနီးကပ်စေမယ့် ခြေလှမ်းများ မြင်နေရတဲ့အတွက် ပျက်ပြားအောင်၊ အနည်းဆုံး နှောင့်နှေးအောင် ဟားမတ်စ်ကို အားပေးအားမြှောက်ပြုခဲ့တယ်ဆိုတဲ့ မှန်းဆချက်တွေလည်း ရှိနေပါတယ်။ အစ္စရေးနဲ့ အမေရိကန်အစိုးရ သတင်းရပ်ကွက်က အီရန်အနေနဲ့ နှစ်စဉ် ဟားမတ်စ်ကို ဒေါ်လာ သန်းတရာခန့် ကူညီတယ်လို့ ပြောကြားကြပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလတုန်းက သမ္မတဂျိုးဘိုင်ဒန် ဖက်ဒရယ်ဘတ်ဂျက် လက်မှတ်ရေးထိားတဲ့အထဲမှာ အစ္စရေးအတွက် အသုံးပြုဖို့ ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံ ပါဝင်ပါတယ်။ ဒါက ၂၀၁၆ ခုနှစ် စက်တင်ဘာလတုန်းက သမ္မတ အိုဘားမား သဘောတူထားခဲ့တဲ့ (၂၀၁၉-၂၀၂၈)ခုနှစ်များအတွက် ဒေါ်လာ ၃၈ ဘီလီယံ စစ်ရေးလုံခြုံရေး အကူအညီရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။
အခုလည်း ထပ်ဆောင်းအကူအညီတွေပေးမယ်လို့ အိမ်ဖြူတော်က ပြောနေပါတယ်။ အစ္စရေးကို ကူညီဖို့ လေယာဉ်တင်သင်္ဘော ဂျယ်ရယ်ဖိုဒ့် (Gerald R Ford) ပါဝင်တဲ့ ရေတပ်တိုက်ခိုက်ရေး သင်္ဘောတပ်ဖွဲ့များလည်း စေလွှတ်ဖို့ အမိန့်ပေးထားတယ်လို့ သိရပါတယ်။
အထက်ကဖော်ပြခဲ့တဲ့ အစ္စရေးက နောက်ဆုံးမှာ အနိုင်ရခဲ့တဲ့ ‘ယောမ်ကစ်ပူယာ’ စစ်ပွဲကာလက အစ္စရေး ဝန်ကြီးချုပ်က သံမဏိအမျိုးသမီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ ဂိုလ်ဒါမီယာ (Golda Meir) လက်ထက်မှာ ဖြစ်ပွားခဲ့တာပါ။ မြူးနစ်အိုလံပစ် ပစ်ခတ် ပြန်ပေးဆွဲမှုတွေကြောင့် အစ္စရေး အားကစားအဖွဲ့ဝင် ၁၁ ယောက် သေဆုံးခဲ့ရမှုအတွက် လက်တုံ့ပြန် ဆောင်ရွက်စေခဲ့တာလည်း ‘သူမ’ပါပဲ။ လက်တုံ့ပြန်မှုနဲ့ပတ်သက်ပြီး အစဥ်အဆက် နာမည်ကြီးတဲ့ အစ္စရေးက အခုလို အကြီးအကျယ် အထိနာသွားခဲ့ရတဲ့အခါမှာတော့ တွေးကြည့်ဖို့တောင် ခက်သွားပါတယ်။
အာရုံတလွဲရောက်စေမယ့် နိုင်ငံတကာဖြစ်ရပ်တွေကို မလိုလားပေမယ့် ရုရှား-ယူကရိန်း စစ်ပွဲသတင်းတွေကိုတောင် ဖုံးလွှမ်းသွားနေတာကြောင့် စောင့်မကြည့်လို့ မရတဲ့ သတင်းလို့ ဆိုရပါလိမ့်မယ်။
မငြိမ်းနိုင်တဲ့ ပဋိပက္ခမီးများ ဆိုတာကလည်း နိုင်ငံတကာဘက်က အားနည်းမှု၊ ပျက်ကွက်မှု၊ တာဝန်မကျေမှုများကြောင့်လို့ တစိတ်တပိုင်း ပြောနိုင်ကြမယ် ထင်ပါတယ်။ အပြစ်မဲ့သူများကို အကာအကွယ် မပေးနိုင်သမျှတော့ ယဉ်ကျေးတိုးတက်တဲ့ လူ့အဖွဲ့အစည်းဆိုတဲ့ စကားလုံးကို တွင်ကျယ်စွာ သုံးစွဲဖို့လည်း ခက်နေကြပါလိမ့်ဦးမယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar