Breaking News

အစ္စရေး ပါလစ္စတိုင်း စစ်၊ အမေရိကန်၊ အာရပ်၊ ဂျုး ပဋိပက္ခတွေ နဲ့ သောင်းပြောင်းထွေလာ



အစ္စရေး ပါလစ္စတိုင်း စစ်၊ အမေရိကန်၊ အာရပ်၊ ဂျုး ပဋိပက္ခတွေ နဲ့ သောင်းပြောင်းထွေလာ

နိုင်ငံတကာသာဂိ၊ မိုးမခ၊ အောက်တိုဘာ ၉၊ ၂၀၂၃

ဒီနေ့ အစ္စရေးနဲ့ ဟားမတ်အကြမ်းဖက်တွေနဲ့ စစ်ပွဲကို သည်လို ဖတ်ရတယ်။

2023 ခုနှစ် အောက်တိုဘာလ 8 ရက်နေ့တွင် အစ္စရေးက ဟားမတ်စ်ကို စစ်ကြေညာခဲ့သည်။ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်က အစ္စရေးကို မကြုံစဖူး အလစ်အငိုက် ထိုးနှက် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ပွဲ စတင်ခဲ့သည်။ တိုက်ခိုက်မှုများသည် နိုင်ငံ၏တောင်ဘက်တွင် ဂါဇာနဲ့ အနီးပတ်ဝန်းကျင် နယ်မြေများပါဝင်သည်။ ဂါဇာရှိ အဆောက်အအုံများကို လက်တုံ့ပြန်သည့်အနေဖြင့် တိုက်ခိုက်မှုများ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ဖြစ်ပွားခဲ့သည်။

ပါလက်စတိုင်း ၄၀၀ ကျော် သေဆုံးခဲ့သည်။ အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းတိုက်ခိုက်မှုများဖြင့် ဖိအားများပေးနေပြီး ဆေးဝါးကုသရန် အကန့်အသတ်များ ရင်ဆိုင်နေရသည်။ ဂါဇာနယ်မြေအား လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားသည်။ ဟားမတ်စ်သည် အစ္စရေးစစ်သားများနှင့် အရပ်သားများပါ ဓားစာခံ ၁၀၀ နီးပါးကို (၁၀၀ မက) ဖမ်းဆီးထားသည်ဟု သိရသည်။

အနည်းဆုံး အစ္စရေး ၆၀၀ နှင့် ပါလက်စတိုင်း ၃၇၀ ထက်မနည်း သေဆုံးပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ ဂါဇာတွင် လူပေါင်း ၁၂၃,၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်။

ပါလစ္စတိုင်းအတွက် အယ်လ်ဟာရမ် အယ်လ်ရှာရစ်ဖ် (Noble Sanctuary) ဟု သတ်မှတ်ပြီး နှင့် ဂျုးများအတွက် Temple Mount အဖြစ် ဘာသာရေးအတွက် မြင့်မြတ်သောနေရာဟု အငြင်းပွားနေမှုမှာ အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ဆယ်စုနှစ်များစွာ တင်းမာမှုများ၏ အကြောင်းရင်းဟု ဆိုကြပါသည်။ ဟားမတ်စ်က ၎င်းသည် သန့်ရှင်းသောနေရာအား ကာကွယ်ရန်အတွက် တစ်စိတ်တစ်ပိုင်းအနေဖြင့် စနေနေ့က “Al-Aqsa Storm” တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း ဟားမတ်စ်က ပြောကြားခဲ့သည်။

စစ်ဆိုတော့ အစ္စရေး နဲ့ ပါလစ္စတိုင်း စစ်လို့ သတ်မှတ်ကြပါတယ်။ တကယ်က အစ္စရေးအာဏာပိုင်တွေနဲ့ ဟားမတ်စ် လက်နက်ကိုင် စစ်သွေးကြွအဖွဲ့ စစ်ပွဲလို့ ဆိုရပါမယ်။ ပါလစ္စတိုင်းတွေ အားလုံးက ထတိုက်တာ မဟုတ်ဘူးလို့ ပြောနိုင်လို့ပါ။ ဒါပေမယ့် ဘာသာရေး အယူဝါဒ လူမျိုးရေး စတာတွေ သမိုင်းနောက်ခံတွေပါတော့ - ဒါက အမျိုးသားရေးဆိုင်ရာ စစ်ပွဲလို့ ကောက်ချက် ချကြပါလိမ့်မယ်။

အမေရိကန်က အစ္စရေးအမျိုးသားများဘက် ရပ်တည်တာမို့ အမျိုးသားရေးလက္ခဏာ၊ နိုင်ငံတော်သင်္ကေတအဖြစ် မဟာမိတ်ကို ရန်စတဲ့စစ်အဖြစ် သတ်မှတ်ပြီး ရပ်တည် ကူညီ ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

အာရပ်နိုင်ငံတွေကတော့ အဲသည်အမျိုးသားရေးလက္ခဏာကို ကိုင်စွဲရမလား၊ အာရပ်တွေ၏ ဘုံရန်သူ အဖြစ် ဂျူးတွေကို ဆန့်ကျင်ပြီး ဟားမတ်စ်ကို ထောက်ခံအားပေးရမလား ဆိုတာမျိုး ဆုံးဖြတ်ဖို့ ခက်ခဲနေပုံပါပဲ။ ဥရောပသမဂ္ဂနိုင်ငံများကတော့ အစ္စရေး၏ အမျိုးသားရေး အကျိုးစီးပွားကို ကာကွယ်ပေးဖို့ အစကတည်းက မဟာမိတ်အဖြစ် သဘောထားတဲ့ သမိုင်းအစဉ်အလာ ရှိတာမို့ သူတို့ကတော့ အစ္စရေးဘက်က ရပ်တည်မှာ သေချာပါတယ်။ ဟားမတ်စ် စစ်သွေးကြွတွေက စတင် ကျူးလွန် တာမို့ အမေရိကန်ကို ဘင်လာဒါခေါင်းဆောင်တဲ့ စစ်သွေးကြွတွေ ကျုးကျော်စစ် ဆင်နွှဲတာမျိုးနဲ့ တထပ်တည်းထားပြီး သိပ် စဉ်းစား မေးခွန်း ထုတ်စရာမလိုပဲ ကန့်ကွက်ရှုတ်ချကြတာမျိုးကို နိုင်ငံတော်တော်များများက တုံ့ပြန်ကြတာတွေ့ရပါတယ်။

သုံးသပ်ဝေဖန်သူတွေက ၂၁ ရာစုမှာ သမိုင်းထဲက ရန်သူတွေ စစ်ပြေငြိမ်းကြ၊ ကြေအေးကြပြီ၊ စကားဝိုင်းနဲ့ ဖြေရှင်းနေကြပြီလို့ အထင်ရောက်နေတာတွေသည် တကယ်တန်းက နေ့ခင်းအိပ်မက် သက်သက်သာ ဖြစ်တယ်လို့ ပြောကြပါတယ်။ ယူကရိန်း - ရုရှားစစ်၊ ဆာ့ဘ်နဲ့ ကိုဆိုဗို တင်းမာမှု (အဲသည်ရှေ့က မြန်မာစစ်တပ်နဲ့ နွေဦးတော်လှန်ရေး အင်အားစုများ၏ ပြည်တွင်းစစ်) အခု အစ္စရေးနဲ့ ပါလစ္စတိုင်း စစ်ပွဲတွေအပြင် ပထဝီဒေသတိုင်းမှာ စစ်ပွဲတွေ တင်းမာမှုတွေ ပြည်တွင်းစစ်တွေချည်းနဲ့ နိုင်ငံရေးပြသနာကို ဖြေရှင်းဖို့ ကြိုးပမ်းနေကြတဲ့ လှိုင်းတွေ ကြီးသထက် ကြီးလာနေပြီလား လို့ တွေးမိပါတယ်။ နောက်တချက်ကတော့ အစ္စရေးနိုင်ငံနဲ့ သူတို့နိုင်ငံရေးအုပ်စုတွေကိုယ်တိုင်က စစ်ရေးသတိကို ဘယ်တော့မှ မလစ်ဟင်းတဲ့ သမိုင်းအစဉ်အလာရှိခဲ့တာမို့ ခုလို စကားဝိုင်းတွေ ဆွေးနွေးကြတဲ့ဆီမှာ ဘယ်တုန်းကမှ ခါးထဲက သေနတ်ကို ဖြုတ်ချထားလေ့မရှိတဲ့ သဘောထားကိုလည်း သည်ဖြစ်ရပ်က မီးမောင်းထိုးပြပါတယ်။ အပြင်က နိုင်ငံတကာက ဘယ်လောက် နားချ ဖြောင်းဖြပါစေ လက်နက်မကိုင်ဘဲ ငြိမ်းချမ်းရေးစကားပြောတယ်ဆိုတာ လက်တွေ့မကျပါဘူးလို့ အစ္စရေးတွေဘက်က ထောက်ပြချင် ထောက်ပြလိမ့်မယ် လို့ ဆိုနိုင်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar