Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၈ ရက်မြောက်နေ့ မြင်ကွင်း

File Photo - 2019


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၈ ရက်မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၂၁

ဇန်နဝါရီ ၈ ရက် - ဟွန်ဆန်ခရီးစဥ်က ဘာရလဒ်ထွက်မလဲ


ဇန်နဝါရီ ၇ရက်နဲ့ ၈ ရက်နေ့တွေ မြန်မာနိုင်ငံလာရောက်ခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ခရီးစဥ်က ပြီးဆုံးသွားပြီဖြစ်ပါတယ်။ ဟွန်ဆန်ရဲ့ ခရီးစဥ်ဟာ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်အနေနဲ့သာ လာရောက်တာမဟုတ်ပဲ အာဆီယံအလှည့်ကျဥက္ကဌတာဝန်လည်း ပူးတွဲထမ်းဆောင်ထားတာဖြစ်လို့ အာဆီယံရဲ့ သဘောထား၊ လုပ်ဆောင်မှုဆိုတဲ့ အဓိပ္ပါယ်လည်း သက်ရောက်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ မြန်မာစစ်ကောင်စီရဲ့ ဖိတ်ကြားချက်နဲ့ သို့မဟုတ်တဖက် နိုင်ငံက ကမ်းလှမ်းချက်နဲ့ ဖြစ်စေလာရောက်ခဲ့တဲ့ အထဲ နိုင်ငံတနိုင်ငံရဲ့အဆင့်အမြင့်ဆုံးခေါင်းဆောင်လို့ဆိုရမှာ ဖြစ်ပါတယ်။ ရုရှားက ကာကွယ်ရေး ဒုဝန်ကြီး၊ ထိုင်းဒုတိယဝန်ကြီးချုပ်စတဲ့ ရာထူးတာဝန်တွေက အမြင့်ဆုံးဖြစ်ပြီး ကျန်တာတွေက တရုတ်နိုင်ငံရဲ့ အထူးသံတမန် ဆွန်ကော့ရှန်လို ရာထူးတာဝန်ယူထားသူတွေသာ ဖြစ်ပါတယ်။ ခု ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ ခရီးစဥ်က ၁ညအိပ်လည်းဖြစ်ပြီး ဝန်ကြီးအဖွဲ့ဝင်အချို့လည်းပါဝင်ကာ အစိုးရတရပ်ရဲ့ တရားဝင်လာရောက်တဲ့ သဘောဖြစ်တာကြောင့် စစ်ကောင်စီအဖို့ ဒါဟာ ပထမဆုံးသော တရားဝင်အသိအမှတ်ပြု လာရောက်တဲ့ ခရီးစဥ်လို့ ယူဆပြီး စစ်ကောင်စီဘက်က သံတမန်ရေးအရ အကျိုးအမြတ်ထွက်တယ်လို့ ယူဆစရာ ရှိနေတာ ဖြစ်ပါတယ်။

ဒီခရီးစဥ်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံက စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစု အများအပြားကတော့ စစ်ကောင်စီကို အသိအမှတ်ပြုသလိုဖြစ်စေမှာကြောင့် ကန့်ကွက်ခဲ့ကြပါတယ်။ ဟွန်ဆန်က ခရီးစဥ် မပြီးခင်မှာ ကောက်ချက်ချ ဝေဖန်တာတွေ မလုပ်ကြဖို့ပြောဆိုထားပြီး သူ့အနေနဲ့ ဒီခရီးစဥ်ကနေ မြန်မာ့နိုင်ငံရေး အကြပ်အတည်းကနေ အဖြေရှာထွက်ပေါက်ရဖို့၊ လက်နက်ကိုင်တိုက်ပွဲတွေပိုမိုကျယ်ပြန့်စွာ ဖြစ်ပွားလာမယ့်အရေး ရှောင်လွှဲနိုင်ဖို့ ဆွေးနွေးတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့ပေမယ့် သူ့ရဲ့ ရပ်တည်ချက်ဆိုင်ရာ ဘယ်ရှုထောင့်က ချဥ်းကပ်မလဲဆိုတာက မေးခွန်းထုတ်စရာနဲ့ အငြင်းပွားစရာ ဖြစ်နေတာလို့ဆိုရပါလိမ့်မယ်။ စစ်အာဏာသိမ်းမှုကို အသိအမှတ်ပြုတဲ့အပေါ်မှာ အခြေခံပြီး ချဥ်းကပ်မှာလား သို့မဟုတ် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဖို့နဲ့ အာဏာသိမ်းမှုက တရားမဝင်ဘူးဆိုတဲ့ ရှုထောင့်ကနေ ချဥ်းကပ်မှာလားဆိုတာက အဓိကကျတဲ့ မေးခွန်းဖြစ်ပါလိမ့်မယ်။

ဟွန်ဆန့်ခရီးစဥ် အပြီး စစ်ကောင်စီဘက်က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေကိုကြည့်ရင်တော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေးကို ဖေဖေါ်ဝါရီလကုန်ထိ သက်တမ်းတိုးထားပြီး နှစ်ကုန်တဲ့အထိ သက်တမ်းတိုးဖို့ရည်ရွယ် ချက်ရှိတယ်ဆိုတဲ့အချက်၊ ၂၀၂၂ ခုနှစ်ကို မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနှစ် အဖြစ်သတ်မှတ်မယ်ဆိုတဲ့ အချက်တွေက လက်တွေ့ဖြစ်ပျက်နေတာတွေနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေလို့ အခြေအနေနဲ့ မဟပ်မိတဲ့ ရယ်စရာကောင်းတဲ့ ထုတ်ပြန်ချက် သဖွယ်ဖြစ်နေပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ပါရှိတဲ့ “တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး ကိုယ်စားလှယ်၏ ပါဝင်မှုကိုကြိုဆိုခဲ့သည်” လို့ဖေါ်ပြထားတာတွေ့ရပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံရေးမှာ အာဆီယံအထူးကိုယ်စားလှယ် ပါဝင်လာမယ့် သဘောထုတ်ပြန်ထားတာ အရင့်အရင် မဖြစ်ဖူးသေးတဲ့ မရှိဖူးသေးတဲ့ အချက်အလက်တခု ဖြစ်တာတွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီအချက်က အာဆီယံ သဘောတူညီချက် ၅ ချက်နဲ့လည်း ကိုက်ညီတယ်လို့ဆိုထားပါတယ်။

ဒီလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ် ပြောဆိုထုတ်ပြန်နေချိန်မှာပဲ ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်မှာတော့ ပထမဆုံးအကြိမ် လက်နက်ကြီးကျည်တွေ ကျတာ တိုက်ပွဲတွေ ဖြစ်ပွားလာတာ လူသောင်းနဲ့ချီ မြို့ကိုစွန့်ခွာတိမ်းရှောင်နေကြရတာတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ကယားပြည်နယ်ဟာ လက်ရှိအခြေအနေမှာ စစ်ရေးအရ အရှိန်အမြင့်ဆုံးဒေသတခုဖြစ်နေပြီး စားနပ်ရိက္ခာ လူသုံးကုန်ပစ္စည်းတွေ စက်သုံးဆီ ဆေးဝါးတွေ သယ်ယူနိုင်ခြင်းမရှိလို့ မြို့နယ်တွေအများအပြားနဲ့ ကျေးရွာတွေမှာ ဟင်းသီးဟင်းရွက်၊ အသားငါး၊ ဆန်တွေကို မကြုံဖူးတဲ့စျေးနှုန်းတွေနဲ့ ဝယ်ယူနေကြရတဲ့ အခြေအနေမျိုး ကျရောက်နေတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က စစ်ရေးအသာစီးရရှိရေးကို အဓိကထားပြီး ပိတ်ဆို့ရေးကို မဟာဗျူဟာ တရပ်အဖြစ် အသုံးချလုပ်ဆောင်နေတာလည်း ဖြစ်လို့ ကယားပြည်နယ် မြို့နယ်အတော်များများမှာ အစားအသောက်နဲ့ ဆေးဝါးတွေ ရှားပါးတာ စျေးကြီးမြင့်တာတွေ ဆက်လက်ကြုံရနိုင်ချေရှိနေပါတယ်။

အဆိုပါဒေသတွေကို လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့အစည်းတွေ ဖြစ်တဲ့ ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာအစီအစဥ်လိုအဖွဲ့အစည်းတွေ အနေနဲ့ ကူညီခွင့်မရရှိနိုင်ပဲ ဖြစ်နေတာလည်းတွေ့ရပါတယ်။ ဟွန်ဆန်ခရီးစဥ်နဲ့ပတ်သက်လို့ ကြေညာချက်မှာတော့ အာဆီယံ AHA စင်တာလိုက ပေးမယ့် လူသားချင်းစာနာမှု အကူအညီတွေကို ပေးအပ်ဖို့ အစည်းအဝေးတရပ်လုပ်ဆောင်ဖို့ အားပေးမယ်ဆိုတဲ့ စာသားပါရှိပေမယ့် ဘယ်လို ဒေသတွေဖြစ်မလဲဆိုတာ ရှင်းလင်းစွာမသိရပါဘူး။

ဆယ်စုနှစ်နဲ့ချီတဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ပွဲတွေအတွင်း လက်နက်ကိုင်တပ်တွေသာမက အရပ်သားတွေအပါအဝင် ဒေသတခုလုံးကို ရိက္ခာဖြတ်တောက် ပိတ်ဆို့ပြီး တိုက်ခိုက်တာတွေက အစဥ်အလာလိုဖြစ်နေပြီး အခုစစ်အာဏာသိမ်းပြီးနောက် အဖြစ်အပျက်တွေမှာလည်း ဒီအစဥ်အလာအတိုင်း ဆက်လက် လုပ်ဆောင်နေတာ တွေ့နေရပြီး အခုတကြိမ်မှာ မြန်မာနိုင်ငံအနှံ့ ကျယ်ပြန့်စွာ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

FILE PHOTO - Myanmar's State Counsellor Aung San Suu Kyi is welcomed by Cambodia's Prime Minister Hun Sen at the Peace Palace in Phnom Penh, Cambodia, on April 30, 2019. (REUTERS/Samrang Pring)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar