ကိုးကန့်ဒေသမှာ တပ်ရင်း ၁ ရင်းလုံး လက်နက်ချ၊ လွိုင်ကော်မြို့ မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ
မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၁၄ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၂၃
ကိုးကန့်ဒေသမှာ တပ်ရင်း ၁ ရင်းလုံး လက်နက်ချ၊ လွိုင်ကော်မြို့ မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ
ကိုးကန့် ဒေသ လောက်ကိုင် ဒကစ လက်အောက်ခံ တပ်ရင်း ၁ ရင်း ဖြစ်တဲ့ ခမရ ၁၂၉ တပ်ရင်းက တပ်ရင်းမှူး အပါအဝင် လက်နက်ကိုင် ၁၂၇ ဦးနဲ့ မိသားစုဝင် ၁၀၀ ကျော် စုစုပေါင်း ၂၆၀ ကျော်တို့ က ကိုးကန့်လက်နက်ကိုင် အဖွဲ့တွေထံ လက်နက်ချလိုက်ကြတဲ့ သတင်းက ဒီနေ့ဖြစ်ပေါ်နေတဲ့ သတင်းတွေကို လွှမ်းမိုးသွားတာတွေ့ရပါတယ်။
စစ်ကောင်စီတပ်က ခမရ ၁၂၉ တပ်ရင်းဟာ ရှီးရှမ်း ဒေသ မန်လော်ရွာအုပ်စုထဲမှာ အခြေစိုက်တဲ့ တပ်ရင်းဖြစ်ပြီး နိုဝင်ဘာ ၁၂ ရက်နေ့မှာ လက်နက်ချလိုက်တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်မတိုင်ခင် အောက်တိုဘာ ၃၀ ရက်နေ့က ဒုတပ်ရင်းမှူးနဲ့ ဒုတပ်ခွဲမှူး တို့ပါဝင်တဲ့ ၄၁ ဦးပါဝင်တဲ့ ခလရ ၁၄၃ တပ်ရင်းလည်း လက်နက်ချခဲ့တာဖြစ်ပြီး အခုနောက်ဆုံး လက်နက်ချတဲ့ အရေအတွက်က တစုတဝေးတည်း လက်နက်ချတဲ့ ဖြစ်ရပ်မှာ အရေအတွက်အများဆုံးလည်းဖြစ်ပါတယ်။
ရှမ်းမြောက်ဒေသ မှာ ဖြစ်ပွားနေတဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး သီတင်း ၂ ပတ်ကျော်လာချိန်မှာ စစ်ကောင်စီဘက်က အခုလို ရာဂဏန်းနဲ့ချီပြီး လက်နက်ချတဲ့ ဖြစ်ရပ်ဟာ စစ်ကောင်စီတပ်တွေ အနေနဲ့ တပ်ကူမလာနိုင်တဲ့ အနေအထား၊ စိတ်ဓာတ်ရေးအရ ကျဆင်းနေတဲ့ အနေအထားကို ပြသလိုက်တဲ့ ဖြစ်ရပ်တွေလည်း ဖြစ်ပါတယ်။ သို့ပေမဲ့ ဒီလို လက်နက်ချခြင်းဟာ ဘယ်လောက်ကျယ်ပြန့်တဲ့ အတိုင်းအတာ ဖြစ်လာနိုင်သလဲ ဆိုတာတော့ ခန့်မှန်းရ ခက်ခဲတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
ရှမ်းမြောက်က ကိုးကန့်ဒေသမှာ MNDAA နဲ့ အခြားမဟာမိတ် လက်နက်ကိုင် အဖွဲ့တွေရဲ့ ဝိုင်းပတ်ပိတ်ဆို့မှုက စစ်ကောင်စီ တပ်ရင်းအချို့ကို ခံတိုက်မလား လက်နက်ချမလားဆိုတဲ့ အခြေအနေဆီ ရောက်ရှိစေခဲ့တဲ့ သဘောဖြစ်ပြီး အခုလို ဒါဇင်နဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချခဲ့တာ ဖြစ်ပါတယ်။ လက်နက်ခဲယမ်းတွေ လုံလုံလောက်လောက် ရှိနေလျှက်နဲ့ လက်နက်ချခဲ့တာမို့လို့ စိတ်ဓါတ်ရေးအရ ကျဆင်းနေတဲ့ သဘောလို့လည်း ကောက်ချက်ချနိုင်ပါတယ်။ အဲဒီလို အခြေအနေမျိုးဟာ စစ်ကောင်စီရဲ့ တပ်ရင်းတိုင်းမှာ ဖြစ်ပေါ်နေခြင်း ရှိ၊ မရှိကတော့ တထစ်ချ ပြောဆိုဖို့ ခက်ခဲနေပါသေးတယ်။
စစ်ကောင်စီဘက်က သူတို့ရဲ့ တပ်တွေကို ဘယ်လို စည်းရုံးပြောဆိုထားသလဲ၊ အခုလက်ရှိ အခြေအနေနဲ့ ပတ်သက်လို့ သူတို့ရဲ့ ဝါဒဖြန့် စည်းရုံးရေးက ဘယ်လို ပြောဆိုထားသလဲဆိုတာ မသိရှိသေးပါဘူး။ စစ်ကောင်စီ ခေါင်းဆောင်တွေ အနေနဲ့တော့ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်၊ တောင်ကြီး၊ ပုသိမ်၊ မိတ္ထီလာ၊ မြစ်ကြီးနား အစရှိတဲ့ မြို့ကြီးတွေက ၄င်းတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့အချက်တွေကို ကြည့်ပြီး လက်ရှိ အနေအထားက စစ်ရေးအရ စိုးရိမ်စရာကောင်းတဲ့ အနေအထားမဟုတ်သေးဘူးလို့ ယူဆကောင်း ယူဆပါလိမ့်မယ်။
ဒီယူဆချက်က အဖြစ်အပျက် တခုလုံးကို ခြုံကြည့်ရင် မှန်ကန်ကောင်းမှန်ကန်နိုင်ပေမယ့် မြေပြင်က တပ်ရင်းတရင်းချင်း၊ အစုအဖွဲ့တခုချင်းမှာတော့ အသက်အန္တရာယ်၊ စစ်ရေးအရ စစ်ကူလာမယ့် မြေပြင်လမ်းကြောင်းတွေ ဖြတ်တောက်ခံထားရတာ သတင်း ၂ ပတ်ကျော်လာချိန်မှာ ၄င်းတို့စစ်ကောင်စီ ဌာနချုပ်ရဲ့ အကူအညီပေါ် သံသယဝင်လာတဲ့ အနေအထားမျိုး၊ ယုံကြည်မှု လျော့ကျလာပြီး အခုလို လက်နက်ချတဲ့ လမ်းကိုရွေးချယ်သွားတဲ့ သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။
စစ်ကောင်စီရဲ့ ခေါင်းဆောင်တွေ အနေနဲ့ လက်ရှိ အခြေအနေဟာ ၁၉၄၉ ခုနှစ်ကနေ ၁၉၅၁/ ၅၂ ခုနှစ်တွေအထိ ဖြစ်ပွားခဲ့တဲ့ လွတ်လပ်ရေးရပြီးစ ပြည်တွင်းစစ် အခြေအနေနဲ့ နှိုင်းယှဥ်သုံးသပ်ပြီး လက်ရှိ အခြေအနေက အဲဒီကာလထက် သာတယ်လို့ ယူဆကောင်းယူဆနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ၁၉၄၉ ခုနှစ် ရောင်စုံသူပုန်ကာလလို့ သမိုင်းမှာ ခေါ်ဆိုကြတဲ့ ပြည်တွင်းစစ်ကာလက ဗမာပြည်ကွန်မြူနစ်ပါတီ၊ ကေအန်ဒီအို လို့ခေါ်တဲ့ ကရင် လက်နက်ကိုင်အဖွဲ့ ၊ ရခိုင်ပြည်နယ်က လက်နက်ကိုင် အဖွဲ့ နဲ့ ပြည်သူ့ရဲဘော်တို့လို အသီးသီးသော လက်နက်ကိုင် အဖွဲ့တွေက မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေး၊ ပြည်၊ မိတ္တီလာ၊ မော်လမြိုင်၊ သထုံ စတဲ့မြို့တွေကို သိမ်းယူထားခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီအချိန်က ကရင်တပ်ရင်း၊ ကရင်စစ်ရဲ၊ ပြည်သူ့ရဲဘော်၊ ဗမာ့တပ်မတော် တပ်ရင်းအချို့ က ၄င်းတို့ အခြေစိုက်ရာ ဒေသများနှင့်နီးသည့် မြို့တွေကို သိမ်းယူခဲ့ကြသည့် အနေအထားကြောင့် မြန်မာနိုင်ငံ အနှံ့အပြားက မြို့တွေက သူပုန်လက်ထဲ ကျရောက်ကုန်သည့် အခြေအနေမျိုး ဖြစ်ခဲ့ပါတယ်။
အဲဒီလို အခြေအနေကနေ ဖဆပလ အစိုးရ နဲ့ ဗမာ့တပ်မတော်တပ်ရင်းအချို့က တဖြည်းဖြည်း ပြန်လည်တိုက်ခိုက်ပြီး မြန်မာနိုင်ငံအနှံ့အပြားက မြို့တွေကိုပြန်လည်သိမ်းယူနိုင်ခဲ့ခြင်းကို စစ်ကောင်စီ အနေနဲ့ ၄င်းတို့ရဲ့အခြေအနေက ထိုစဥ်ကလောက် မဆိုးသေးဟု ယူဆကောင်း ယူဆမှာ ဖြစ်ပါတယ်။ သို့ပေမယ့် ကွာခြားသည့် အချက်က ၁၉၄၉-၁၉၅၁ ခုနှစ် ပြည်တွင်းစစ်ကာလက ဗမာ့တပ်မတော်၊ ဖဆပလ တို့မှာ ဗမာလူထုနဲ့ ရန်သူဖြစ်နေသည့် အနေအထားမဟုတ်တဲ့ အချက်ဖြစ်ပါတယ်။ ယခု ၂၀၂၃ တွင် စစ်ကောင်စီတပ်မှာ လူထုထောက်ခံမှု ဆုံးရှုံးထားသည့်တပ် ဖြစ်နေခြင်းက ၁၉၄၉-၁၉၅၁ အခြေအနေနှင့် မတူသည့် အနေအထားလည်းဖြစ်ပါတယ်။
တဖက်မှာ အဆိုပါ သမိုင်းဖြစ်ရပ်မှ အရေးကြီးသည့် သမိုင်းသင်ခန်းစာယူရမည့် အချက်မှာ ထိုစဥ်က ဖဆပလ အစိုးရကို တိုက်ခိုက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နှင့် ဗမာလက်နက်ကိုင် အဖွဲ့များအနေဖြင့် နိုင်ငံရေးအရ ၊ စစ်ရေးအရ စုစည်းသည့် ဘုံသဘောတူညီမှု တခု မရှိခဲ့သည့် အချက်ဖြစ်ပါတယ်။
ယခု ၂၀၂၃ ခုနှစ်အနေအထားက ထိုစဥ်က ၁၉၄၉-၁၉၅၁ က အနေအထားထက် မည်မျှ နိုင်ငံရေး၊ စစ်ရေး စုစည်းမှု၊ ညီညွတ်မှုရှိသလဲဆိုသည်ကို နှိုင်းယှဥ်ဆန်းစစ်ရန် လိုအပ်မှာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၁၄ ရက်နေ့ ကရင်နီဒေသမှာ ၁၁လ ၁၁ ရက်နေ့ ဆိုတဲ့ စစ်ဆင်ရေး အနေနဲ့ လွိုင်ကော်မြို့ကို တိုက်ခိုက်တဲ့ စတုတ္ထမြောက်နေ့မှာ လွိုင်ကော် တက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့ရာမှာ တက္ကသိုလ်ကို သိမ်းယူနိုင်ခဲ့တယ်လို့ သတင်းတွေထဲ မှာပါရှိပြီး တက္ကသိုလ် ပညာရေးဝန်ထမ်းတွေနဲ့ ဆရာ၊ ဆရာမတွေကို သိမ်းယူပြီးနောက် တိမ်းရှောင်ဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်တွေက ကူညီပေးခဲ့တယ်လို့လည်း သတင်းတွေမှာ ပြောဆိုထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ကာကွယ်ရေးတပ်တွေက ပညာရေးဝန်ထမ်းတွေကို ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့တယ်လို့ ဝါဒဖြန့် စွပ်စွဲမှုတွေလည်း စစ်ကောင်စီ သတင်းစာမှာ ဖော်ပြပါတယ်။
သန်းခေါင်စာရင်းတွေအရ လူဦးရေ ၆ သောင်းဝန်းကျင် ရှိတယ်ဆိုတဲ့ လွိုင်ကော်မြို့ဟာ ၂၀၂၂ ခုနှစ်အစပိုင်း တိုက်ပွဲဖြစ်စဥ်က မြို့ခံ ထောင်သောင်းချီပြီး ရှမ်းပြည်နယ် တောင်ပိုင်းဘက်ကို စစ်ဘေးရှောင်ခဲ့ကြပေမယ့် အခုတကြိမ်မှာတော့ မြို့အဝင်အထွက်ကို စစ်ကောင်စီဘက်က ပိတ်ထားတာကြောင့် မြို့ခံတွေ မြို့ထဲမှာပဲ နေထိုင်ကာ ကျည်၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ လွတ်အောင် ရှောင်တိမ်းနေကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
အထက်က ပြောခဲ့သလို ဒေသခံပြည်သူတွေကိုယ်တိုင်က တော်လှန်ရေးအင်အားစုတွေ၏ ရန်သူမဟုတ်တာ အဓိကအချက် ဖြစ်ပါတယ်။ ကျူးကျော်စစ်မှာ ကျူးကျော်သူက ဒေသခံပြည်သူတွေကို ရန်သူတွေ ရန်သူအားပေးတွေလို သဘောထားပြီး ဖမ်းဆီးသတ်ဖြတ် နှိပ်ကွပ်တာမျိုးကို အခု ကျူးကျော်စစ်မဟုတ်တဲ့ နွေဦးတော်လှန်ရေး၏ နယ်မြေထိန်းချုပ်ရေးစစ်ပွဲတွေမှာ တွေ့ရဖို့ မရှိဟု ဆိုနိုင်ပါတယ်။
စစ်အာဏာရှင် ဖြုတ်ချရေး၊ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၏ ဦးတည်ချက်အောက်မှာ ပြည်သူတွေကိုယ်တိုင်က အဲသည်အကျိုးခံစားခွင့် အသီးအပွင့်ကို ရရှိမှာမို့ ပြည်သူတွေ ကြောက်ရ စိုးရိမ်ရတာက စစ်ကောင်စီတပ်တွေရဲ့ ဖက်ဆစ်အကျင့်ဆိုးများ ကျင့်သုံးပြီး ပြည်သူတွေကို ရန်သူသဖွယ် သဘောထား လက်တုံ့ပြန်မှာကိုသာ ဖြစ်နေပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar