Breaking News

ပုသိမ်ထောင်ဆူ တဦးသေ ဒဏ်ရာအများအပြားရ၊ နေပြည်တော်ရောက် မိုင်းလား၊ ဝ နဲ့ SSPP အဖွဲ့


မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၆ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၂၃


ပုသိမ်ထောင်ဆူ တဦးသေ ဒဏ်ရာအများအပြားရ၊ နေပြည်တော်ရောက် မိုင်းလား၊ ဝ နဲ့ SSPP အဖွဲ့ 

ဇန်နဝါရီလ ၆ ရက်နေ့က ပုသိမ်အကျဥ်းထောင်မှာ ထောင်ဆူမှုဖြစ်ပွားပြီး အကျဥ်းသား တဦးသေဆုံးကာ ဒါဇင်နဲ့ချီတဲ့ အကျဥ်းကျနေသူတွေ ဒဏ်ရာရကြပြီး စစ်ကောင်စီဘက်ကတော့ အကျဥ်းထောင်ဝန်ထမ်းအချို့ ဒဏ်ရာရတဲ့ ဓာတ်ပုံတွေနဲ့ သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ 

ထောင်ဆူမှု ဖြစ်ပွားစေတဲ့အကြောင်းရင်းက နိုင်ငံရေးမှုနဲ့ အကျဥ်းကျနေတဲ့သူထံက ဖုန်းတလုံးတွေ့ရှိရာက စပြီး ပြဿနာ စတင်ဖြစ်ပွားရာက ဖုန်းတွေ့ရှိလို့ ရိုက်နှက်စစ်ဆေးခံရသူ အကျဥ်းသားကို သီးခြား ခွဲထုတ်စစ်ဆေးနေတာကို ပြန်လွှတ်ပေးဖို့ ကျန်တဲ့အကျဥ်းသားတွေက တောင်းဆိုရာက ဖြစ်ပွားခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။ တဦး သေဆုံးပြီး အပြင်းအထန်ဒဏ်ရာရသူတွေလည်း အများအပြားရှိကာ အခြားဒဏ်ရာရသူနဲ့ပေါင်းရင် စုစုပေါင်း ၆၀ ဦးကျော် ဒဏ်ရာရတယ်လို့ သတင်းတချို့က ဆိုပါတယ်။ စစ်ကောင်စီက ဖြစ်ပွားတဲ့ ဇန်နဝါရီ ၆ ရက်နေ့ည သတင်းထုတ်ပြန်ရာမှာ အကျဥ်းထောင်ဝန်ထမ်း ၉ ဦးနဲ့ ရဲ ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ အကျဥ်းသားတွေဘက်က သစ်သား ခုတင်၊ ကွပ်ပျစ်၊ ပရိဘောဂလို အရာတွေက သစ်ချောင်းတွေကို ဖြုတ်ယူပြီး လက်ကိုင်တုတ်အဖြစ် သုံးကာ အကျဥ်းထောင် ဝန်ထမ်းနဲ့ ရဲတွေကို ခုခံခဲ့တဲ့ သဘောလို့ယူဆရပါတယ်။ 

အကျဥ်းထောင်တွေမှာ မိုဘိုင်းဖုန်း သုံးစွဲခွင့်မရှိသော်လည်း အကျဥ်းထောင်ဝန်ထမ်းအချို့ကို လာဘ်ထိုးပြီး သွင်းယူကာ မိသားစုနဲ့ ဆက်သွယ်ပြောဆိုဖို့ လုပ်ဆောင်ကြတဲ့ သဘောမျိုးလို့ ယူဆရပါတယ်။ စစ်အာဏာ မသိမ်းမီ ၁၀ စုနှစ် တခုတာကာလအတွင်း အကျဥ်းထောင်တွေမှာ အကျဥ်းသားတွေကို ရိုက်နှက်တာတွေ မလုပ်ဖို့ ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ကြပြီး စစ်အာဏာမသိမ်းမီကာလအထိ အကျဥ်းထောင်တွင်း အုပ်ချုပ်မှု အခြေအနေတွေ အတိုင်းအတာတခုအထိ တိုးတက်ခဲ့ပေမယ့် စစ်အာဏာသိမ်းအပြီးမှာတော့ အရင်ရှိနှင့်တဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြန်ပြင်ဆင်ခဲ့ပြီး ယခင်စစ်အစိုးရလက်ထက်က အကျဥ်းထောင်သဖွယ် ဖိနှိပ် အုပ်ချုပ်မှု လာဘ်စားမှုတွေဆီ ပြန်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ 

ပြုပြင်ပြောင်းလဲဖို့ ၅ နှစ်ကနေ ၁၀ နှစ်အထိ အချိန်ယူခဲ့ကြရပေမယ့် နကိုအနေအထား ဘယ်လို လူ့အခွင့်အရေး စံချိန်စံညွှန်းကိုမှ တာဝန်ခံစရာမလိုတဲ့အနေအထားမျိုး ပြန်ရောက်ဖို့က လအနည်းငယ်သာကြာတာ ဖြစ်ပါတယ်။ ဦးသိန်းစိန် အစိုးရလက်ထက်က နေပြည်တော် အချုပ်ထောင်ဆူပူမှုနဲ့ အန်အယ်လ်ဒီအစိုးရလက်ထက်မှာလည်း မြင်းခြံထောင်၊ ရွှေဘိုထောင် အပါအဝင် အကျဥ်းထောင်အချို့  ဆူပူမှုတွေ ဖြစ်ပွားခဲ့ပြီး အကျဥ်းသားသေဆုံးမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။ 

အခုဖြစ်ရပ်က စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးဖြစ်ရပ်တော့မဟုတ်ပါဘူး။ မုံရွာထောင် ၊ ဘားအံထောင်တို့မှာ ထောင်ဆူမှုတွေ ၂၀၂၂ ခုနှစ်ထဲမှာ ဖြစ်ပွားခဲ့ပြီး သေဆုံးမှုနဲ့ ဒဏ်ရာရမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။ 

ဒီနေ့အတွက် ထူးခြားတဲ့ အခြားသတင်းတပုဒ်ကတော့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် နဲ့ FPNCC လို့ခေါ်တဲ့ မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ပေါင်းတဲ့အဖွဲ့ထဲပါဝင်နေကြတဲ့ မိုင်းလား အဖွဲ့၊ SSPP/SSA နဲ့ ဝ လက်နက်ကိုင်အဖွဲ့တို့ နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ရောက်ရှိနေကြပြီး ဒုတိယမြောက်နေ့အဖြစ်နဲ့ ဗိုလ်ချုပ်ရာပြည့် ဦးဆောင်တဲ့ စစ်ကောင်စီငြိမ်းချမ်းရေးဆွေးရေး အဖွဲ့နဲ့ ဆွေးနွေးနေကြတဲ့ သတင်းထွက်ပေါ်လာပါတယ်။ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဆွန်ကော်ရှန်နေရာကို အသစ်တာဝန်ယူတဲ့ တန်ဇီချွန် နေပြည်တော်ကို လာရောက်ပြီး ရက်သတ္တပတ် အနည်းငယ်အကြာမှာ အခုလို တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးရှိကြတဲ့ မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့တွေ နေပြည်တော်မှာ ဆွေးနွေးဖို့ ရောက်ရှိလာကြတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့အားလုံးနီးနီးနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိနေခဲ့တာ ဖြစ်ပြီး မိုင်းလားအဖွဲ့၊ ဝ အဖွဲ့က စလို့ TNLA၊ ကေအိုင်အေ၊ AA တို့အထိ တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိကြပြီး လက်နက် အထောက်အပံ့ နယ်နိမိတ်ထိစပ်မှု အနေအထား စတာတွေက ဆက်ဆံရေးကို ထိန်းသိမ်းထားဖို့ အကြောင်းရင်းတွေ ဖြစ်တယ်လို့ အားလုံးက ယူဆကြတာပါ။ 

တရုတ်နိုင်ငံအနေနဲ့ ဒီလို တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ်  သြဇာထိန်းသိမ်းထားခြင်းဟာ နယ်စပ်တလျှောက် တည်ငြိမ်ရေးတင်မကပဲ မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေ အတွက်လည်း ရည်ရွယ်တာ ထင်ရှားပါတယ်။ အိမ်နီးချင်းနိုင်ငံ ရဲ့ မတည်ငြိမ်မှု၊ အမေရိကန်ရဲ့ သြဇာ ပိုမိုကျယ်ပြန့်လာမှာကို ချိန်ခွင်လျှာညှိဖို့ စတဲ့ ရည်ရွယ်ချက်တွေ အတွက်လည်း မြန်မာ့အရေးမှာ အခြေအနေကို ဝင်ရောက်ထိန်းညှိနေတဲ့ သဘောလို့ ဆိုနိုင်ပါတယ်။ 

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေရဲ့အမြင်၊ လူထုထဲက ယေဘုယျ အမြင်တွေ က တရုတ်နိုင်ငံအပေါ်  အကောင်းဘက်က ရှုမြင်တာထက် ယခင် စစ်အစိုးရလက်ထက်တလျှောက်လုံး မြန်မာနိင်ငံအပေါ် သြဇာလွှမ်းမိုးမှုနဲ့ စစ်အစိုးရနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့တဲ့အချက်တွေကြောင့် မလိုလားတဲ့ အမြင်ရှိကြတာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar