တရားဥပဒေ စိုးမိုးမှု တစတစ ဆိုးရွားပျက်ယွင်းလာနေတဲ့ မြန်မာနိုင်ငံက မြို့တွေ
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၅ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၆၊ ၂၀၂၃
တရားဥပဒေ စိုးမိုးမှု တစတစ ဆိုးရွားပျက်ယွင်းလာနေတဲ့ မြန်မာနိုင်ငံက မြို့တွေ
မန္တလေးမြို့လိုမြို့ကြီးတွေမှာတောင် လမ်းလျှောက်ရင်း၊ ဆိုင်ကယ်စီးရင်း ဖုန်း ပိုက်ဆံအိတ်ကို လုယူခံရတဲ့ အဖြစ်အပျက်လိုမျိုးဟာ စစ်အာဏာသိမ်းပြီး မကြာခင်ကစလို့ ဖြစ်ပွားလာခဲ့ရာက တစတစနဲ့ ဆိုးရွားလာနေပြီး အခုနှစ်နှစ်ကျော် ကြာလာတဲ့အချိန်မှာ နေ့စဥ် ဖြစ်နေကျ အခြေအနေလိုမျိုး လူအများက ယူဆရလောက်အောင် တရားဥပဒေ စိုးမိုးမှုက ပျက်စီးလာနေတာ ဖြစ်ပါတယ်။ ဓားပြတိုက်မှုတွေ၊ လူသတ်ဖြတ်တာတွေလည်း ရန်ကုန်၊ မန္တလေးမြို့တွေမှာ မကြာခဏဖြစ်ပွားနေပြီး ကျူးလွန်သူတွေကို ဖမ်းဆီးရမိတာ မရှိသလောက်နည်းပါးတာတွေ့ရမှာ ဖြစ်ပါတယ်။ အချို့သော ဘဏ်ဓါးပြတိုက်မှုတွေက နိုင်ငံရေးနဲ့ ဆက်နွှယ်တယ်လို့ယူဆတဲ့ ဓားပြမှုတွေကို ဖမ်းဆီးဖို့ ကြိုးစားလေ့ရှိတာလည်း တွေ့ရပေမယ့် နိုင်ငံရေး နဲ့ ဆက်နွှယ်ခြင်းမရှိတဲ့ ရာဇဝတ်မှုသက်သက် မှုခင်းတွေကို ဖမ်းဆီးဖို့ ကြိုးစားတာ အလွန်နည်းပါးတာ တွေ့ရမှာဖြစ်ပါတယ်။
ခုမကြာခင်ကာလတွေမှာတော့ ဆိုင်ကယ်စီးခွင့်ရှိတဲ့ မန္တလေးလိုမြို့ကြီးမှာ ဖြစ်ပွားလေ့ရှိတဲ့ ဆိုင်ကယ်နဲ့ လုယက်မှု၊ လူကိုပါ အန္တရာယ်ပြုပြီး ပစ္စည်းလုယူမှုတွေက ရန်ကုန်မြို့မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်တွေမှာပါ ဖြစ်ပွားလာနေပြီ ဖြစ်ပါတယ်။ တောင်/ မြောက် ဒဂုံမြို့နယ်၊ ရွှေပြည်သာ၊ လှိုင်သာယာ တို့လိုမြို့နယ်တွေမှာ ပိုမိုဖြစ်ပွားလာနေတာ ဖြစ်ပါတယ်။
လူထုအနေနဲ့လည်း လုယက်ခံရတဲ့ အမှုအခင်းတွေအတွက် ရဲစခန်းသွား တိုင်တန်းတာတွေ မလုပ်ကြတော့ပဲ လုယက်ခံရပြီးနောက် ဒီအတိုင်းသာ ထားလိုက်ကြရတော့တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ စစ်ကောင်စီ အနေနဲ့ တရားဥပဒေ စိုးမိုးမှုလို့ဆိုခဲ့ရင် အုပ်ချုပ်တဲ့သူ ကိုယ်၌က ဥပဒေကို လေးစားလိုက်နာခြင်းမရှိဘဲ ဘက်လိုက်တာ၊ ၄င်းကို ထောက်ခံသူ၊ ၄င်းတို့ရဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေထဲကသူတွေ ပြုကျင့်တာတွေကို နိုင်ငံရေး ရှုထောင့်ကကြည့်ပြီး မမြင်ချင်ယောင် မသိချင်ယောင် ဆောင်ထားတာတွေက တရားဥပဒေ စိုးမိုးမှု နဂိုကတည်းက ပျက်ယွင်းနေပြီး အခုလို လူတွေ ခံစားနေကြရတဲ့ ရာဇဝတ်မှုတွေကို အလေးထားခြင်းလည်း မရှိတော့တာ ဖြစ်ပါတယ်။
စစ်တပ်ကို ထောက်ခံသူ၊ ယခင်က စစ်မှုထမ်းခဲ့သူ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှာ ပါဝင်နေသူတွေကို ပစ်မှတ်ထားတဲ့ လုပ်ကြံ သတ်ဖြတ်မှုတွေကိုလည်း အချို့အဝက်သာ ဖော်ထုတ်ဖမ်းဆီးနိုင်တာဖြစ်ပြီး အများစုက ဖမ်းဆီးနိုင်ခြင်းမရှိတာကို ကြည့်ရင် စစ်ကောင်စီအနေနဲ့ ရာဇဝတ်မှုတွေကို မတားဆီးနိုင်တာ မဖော်ထုတ်နိုင်တာ ထင်ရှားတာ တွေ့ရပါတယ်။
အချို့သောသူတွေ ယူဆသလို ရာဇဝတ်မှုတွေကို တမင်တကာ ခွင့်ပြုထားပြီး လက်နက်ကိုင် လှုပ်ရှားမှု၊ စစ်အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားမှုကို လူထုက စိတ်ပျက်လာအောင် ထောက်ခံမှုကျဆင်းလာအောင် တမင်တကာ ရည်ရွယ်လုပ်ဆောင်တယ် ဆိုတာထက် စစ်ကောင်စီမှာ စုံစမ်းအရေးယူ နိုင်တဲ့ အနေအထားမရှိတာက အဓိက အကြောင်းအရင်း ဖြစ်နိုင်ပါတယ်။
မကြာခဏ စစ်ကောင်စီဥက္ကဋ္ဌရဲ့ အမိန့်နဲ့ အကျဥ်းထောင်တွေက ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်ကျနေသူတွေကို လွတ်ငြိမ်းခွင့်ပေးတာကြောင့် ရာဇဝတ်မှု ကျူးလွန်လေ့ရှိသူတွေ တနည်း လုယက်မှု၊ ခိုးမှု၊ ဓားပြမှုတွေ ကျူးလွန်နေကျသူတွေ လွတ်မြောက်လာပြီး ရာဇဝတ်မှုပိုမိုများပြားလာတယ်လို့ ယူဆချက်တွေလည်း ရှိနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ နိုင်ငံရေးအရ ဆန့်ကျင်သူတွေကို ဖမ်းဆီးအကျဥ်းချတာတွေက အကျဥ်းထောင်တွေမှာ လက်ခံနိုင်တဲ့ အရေအတွက်ထက် များနေပြီး လွတ်ငြိမ်းခွင့် အမိန့်တွေမှာ ၇၀/ ၈၀ ရာနှုန်းက ရာဇဝတ်မှု ပုဒ်မတွေနဲ့ ဖမ်းဆီး ပြစ်ဒဏ်ကျခံရသူတွေ ပါဝင်ခြင်းကြောင့် ရာဇဝတ်မှု ပိုမိုများပြားရတာလို့လည်း ယူဆကြတာဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်ဖြစ်တဲ့ တရားဥပဒေ မစိုးမိုးမှုက တစတစ ဆိုးရွားလာနေပြီး မြို့တွေနဲ့ နယ်တွေ ကျေးရွာတွေမှာ ကျီးလန့်စာစား နေထိုင်လုပ်ကိုင်နေကြရတာတဲ့ အနေအထားမျိုး လို့ဆိုနိုင်ပါတယ်။ မြို့တွေမှာ နေထိုင်သူတွေ အနေနဲ့ အခုလို တရားဥပဒေ မစိုးမိုးမှုဒဏ်ကို ခံစားနေကြရတာထက် စစ်မက်ဖြစ်ပွားတဲ့ ကျေးရွာ၊ တချို့မြို့တွေမှာတော့ မိမိနေအိမ်တွေကို ဒီအတိုင်း ထားရစ်ကာ တိမ်းရှောင်ကြရတဲ့အခါ ဝင်ရောက်လာတဲ့ လက်နက်ကိုင် အဖွဲ့တွေက တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ယူဆောင်တာ၊ ကျန်တဲ့ ပစ္စည်းတွေကို ရန်သူ့ပစ္စည်းဆိုပြီး ဖျက်ဆီးတာတွေ ကြုံကြရတာမို့ အဆိုးဆုံးသော အခြေအနေနဲ့ ရင်ဆိုင်ကြရပြီး ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ် ဖြစ်ပွားခဲ့တုန်းက ဗြိတိသျှအုပ်ချုပ်ရေး ဆုတ်ခွာသွားချိန် နဲ့ ဂျပန်နဲ့ အတူဝင်လာတဲ့ ဘီအိုင်အေ အုပ်ချုပ်ရေး မထူထောင်နိုင်ခင်မှာ လုယက်တာ၊ သတ်ဖြတ်တာတွေ ကြုံခဲ့ရတဲ့ အတွေ့အကြုံမျိုးနဲ့ မနှိုင်းယှဥ်လောက်ပေမယ့် ကမ္ဘာစစ်ပြီးခေတ်နောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ အဆိုးရွားဆုံးသော တရားဥပဒေ စိုးမိုးမှု ပျက်စီးမှု အနေအထားကို ကြုံတွေ့နေကြရတာလို့ ဆိုရင် မှားမယ် မထင်ပါဘူး။
အခုလိုအခြေအနေမျိုး မြန်မာနိုင်ငံတနိုင်ငံလုံး အကြားအလပ်မရှိ အခုလို အခြေအနေကြုံနေရတာလို့ မဆိုနိုင်သော်လည်း မြန်မာနိုင်ငံရဲ့ နယ်မြေဒေသအရ ဆိုရင် ထက်ဝက်ကျော်တဲ့ မြို့တွေ ရွာတွေမှာ ကြုံနေရတာ ဖြစ်ပါတယ်။ ရန်ကုန်လိုမြို့ပြကြီးမှာ မြို့ရဲ့ အချက်အချာကျတဲ့ မြို့နယ်တွေမှာ အတော်အတန် သက်သာပေမယ့် ဆင်ခြေဖုံးလို မြို့နယ်တွေမှာတော့ မြို့လယ်အနေအထားလို မဟုတ်တာတွေ့ရမှာပါ။
ဒီလိုအခြေအနေကို စစ်ကောင်စီ အုပ်ချုပ်ရေး ပျက်ယွင်းမှု ကျဆုံးမှုရဲ့ လက္ခဏာလို့ ရှုမြင်ပြီး ပိုမိုဆိုးရွားလာလေ စစ်ကောင်စီ ပြုတ်ကျဖို့ နီးလာလေလေလို့ ယူဆပြီး ထားသင့်သလား သို့မဟုတ် လူထုအနေနဲ့ အချင်းချင်း ကူညီရိုင်းပင်းကာ ရာဇဝတ်မှုတွေ ဒီထက်တိုးမြင့်မလာအောင် လူထုနည်းလမ်းမျိုးနဲ့ ကာကွယ်ဖို့ လှုံ့ဆော်ကြမလား ဆိုတာက ဖြေဆိုရခက်တဲ့ မေးခွန်းဖြစ်သလို စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေအဖို့ စမ်းသပ်ခံရမယ့် မေးခွန်းတခုသဖွယ်လည်း ဖြစ်နေပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar