Breaking News

မောင်စွမ်းရည် ● နော်တာဒိမ်း ဝတ်ကျောင်းကြီး မီးလောင်ခြင်း

မောင်စွမ်းရည် ● နော်တာဒိမ်း ဝတ်ကျောင်းကြီး မီးလောင်ခြင်း
(မိုးမခ) ဧပြီ ၂၁၊ ၂၀၁၉


ဧပြီ ၁၅၊ ၂၀၁၉ ညနေ ထမင်းစားပွဲမှာ သမီးက သူ့ရှေ့မှာ ချထားတဲ့ တယ်လီဖုန်းပေါ်က သတင်းတခုကို ကျွန်တော် ကြည့်ဖို့ လှမ်းပြပါတယ်။

“အဖေရေ… လူတွေက ဝိုင်းကြည့်ပြီး ငိုနေကြတယ်” တဲ့။

နော်တာဒိမ်း ခေါ်တဲ့ ခရစ်ယာန် ဝတ်ကျောင်းတော်ကြီး မီးလောင်နေတဲ့ပုံကို ပြတာပါ။ ပြင်သစ်က အထင်ကရ အထွတ်အမြတ် အဆောက်အဦကြီးပါ။ နှစ်ပေါင်း ၈၅၀ ရှိပြီတဲ့။ အလွယ်ပြောရရင် နှစ်ပေါင်း တထောင်နီးပါး သက်တမ်းရှိတဲ့ ရှေးဟောင်း အဆောက်အဦကြီးပေါ့။ ဒီအဆောက်အဦကြီးကို ပြုပြင်ဖို့ ငြမ်းတွေဆင်ထားတယ်။ အဆောက်အဦပေါ်မှာ မျှော်စင်နှစ်ခု ထိုးထိုးထောင်ထောင်။ တခုကို မီးလောင်နေတာမြင်ရပြီး ပစ္စည်းအပိုင်းအစတွေ ပြုတ်ကျနေတာလည်း မြင်ရပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ နီးပါး။ ၂၀၀၂ နိုဝင်ဘာလောက်က ကျွန်တော် ဥရောပတခွင်ကို လှည့်လည်သွားလာခဲ့ဖူးတယ်။ အမေရိကန် ပြည်ထောင်စု၊ မြောက်အီလီနွိုက်တက္ကသိုလ်မှာစာပြနေတဲ့ သူငယ်ချင်း ဆရာဦးစောထွန်းကလှမ်းပို့တဲ့ အရှေ့တောင်အာရှ ဆိုင်ရာ စာပေညီလာခံဖိတ်စာတခုရလို့ သွားခဲ့တာပါ။

သွားရတဲ့နိုင်ငံက နယ်သာလန်နိုင်ငံ။ အမ္မစတာဒမ်က လေဒင်တက္ကသိုလ်တဲ့။ သူငယ်ချင်းတင်မိုးက ကြိုတင်အကြောင်းကြား ထားလို့ ဘယ်လ်ဂျီယမ်မှာနေတဲ့ သူ့သမီးလတ် ဒေါက်တာမိုးမိုးနှင်းက သူ့မိသားစုနဲ့ လာကြိုတယ်။ လေဒင်တက္ကသိုလ်ကို ပို့ပေးတယ်။ စာပေညီလာခံ စာတမ်းဖတ်ပွဲ ပြီးတော့ ဥရောပတခွင် သွားသင့်ရာနေရာတွေကို လိုက်ပို့ပေးပါတယ်။

ခုအထိ မှတ်မှတ်ရရဖြစ်နေတာကတော့ အီဖယ်မျှော်စင်ကြီးရယ်၊ ဗင်ဂိုး ပန်းချီပြတိုက်ရယ်၊ နော်တာဒိမ်း ဝတ်ကျောင်းကြီး ရယ်… ။

လိုက်ပို့လေ့ရှိတာက မိုးမိုးနှင်း မိသားစုတခုလုံးပါ။ တခါတလေတော့ မိုးနှင်းရဲ့ခင်ပွန်းတဦးတည်း လိုက်ပို့ပါတယ်။ သူက ကျွန်တော့်ကိုလည်း တင်မိုးနဲ့ရောပြီး ‘အဖေ’ လို့ ခေါ်တတ်ပါတယ်။ အလွန်သဘောကောင်းပါတယ်။ အရက်မသောက်၊ ဆေးလိပ်မသောက်ပါဘူး။ ဗမာပြည်ကိုအလည်လာရင်းက ခရီးသွားလမ်းညွှန်အဖြစ်နဲ့ကူညီတဲ့ မိုးနှင်းနဲ့ တွေ့ကြတာပါ။ မိုးမိုးနှင်းက ဆရာဝန်ဘွဲ့ရပြီးစမှာ အလုပ်မရှိခင် နိုင်ငံခြားဘာသာသိပ္ပံမှာ ပြင်သစ်စာသင်ခဲ့ဖူးတယ်။ ခရီးသွားလမ်းညွှန် လုပ်ငန်းလုပ်နေတဲ့ သူ့သူငယ်ချင်းက အကူအညီတောင်းလို့ ပြင်သစ်စကားပြောဧည့်သည်တွေလာရင် ပုဂံ၊ မန္တလေး စသည် လိုက်ပို့ရာက ‘နဖူးစာ ရွာလည်’ ဆိုသလို ကြုံခဲ့တာပါပဲ။

မိုးနှင်းကို တွေ့တော့ ‘မြင်မြင်ချင်း မျှစ်ချဉ် အကုန်ချက်’ ဆိုသလို ‘ချစ်ခင်စုံမက်ကြောင်း’ စကားဆိုလာတော့ မိုးနှင်းကလည်း “တို့ဗမာလူမျိုးထုံးစံက သုံးနှစ်သုံးမိုး စောင့်ကြည့်ရတယ်၊ ပြီးရင် နှစ်ဦး သဘောတူတဲ့အခါ မိဘစုံရာနဲ့ လာပြီး ငါ့မိဘတွေဆီကို တောင်းရမ်း ပြောဆိုရတယ်” လို့ အတည်ပေါက်ပြောလိုက်လို့တဲ့။ တကယ်ပဲ သုံးနှစ်သုံးမိုး ပိုးပန်းပြီးတော့ မိဘစုံရာနဲ့ လာ တောင်းလို့ ဦးတင်မိုးကပေးလိုက်ရတာဆိုကိုး။ သူ့မိဘတွေက လေယာဉ်ကိုမစီးဖူးတဲ့ လူရိုးလူအေးတွေတဲ့။ သားက ပူဆာ လို့ ဗမာပြည်အထိလိုက်လာပြီး တောင်းရမ်းပေးကြရတာလေ။ ခုတော့ သမီးချောနှစ်ယောက်တောင် အရွယ်ရောက်နေပါပြီ။ သူတို့တောင် နယူးယောက်အထိ လာလည်ကြပါသေးတယ်။ ကျွန်တော်ကတော့ သူတို့ကို ဘယ်မှလိုက်မပို့လိုက်ရလို့ စိတ် မကောင်းပါဘူး။ တကယ့် ကိုယ့်သားမြေးတွေလိုပါပဲ။ ခင်ကြရှာပါတယ်။

အမှတ်တရပါပဲ။

နော်တာဒိမ်း ဝတ်ကျောင်းကြီးကို မိုးမိုးနှင်းရဲ့ ခင်ပွန်း ‘ကားလ်’ ကပဲ လိုက်ပို့ခဲ့တာပါ။ တနင်္ဂနွေနေ့ဆိုတော့ သူကလည်း ဝင်ပြီး ဝတ်ပြုမယ်ဆိုတော့ ကျွန်တော်လည်း ဝင်ပြီး ဝတ်ပြု ဆုတောင်းခဲ့ပါတယ်။ ဒါ့ကြောင့် အထူးအမှတ်တရ ဖြစ်နေခဲ့တာပါ။
ကျွန်တော် ဗမာပြည် မလာခင် သိပ်မကြာသေးဘူး ထင်ပါတယ်။ The Hunchback of Notre dame ခေါ် ‘နောတာဒိမ်းက ခါးကုန်းကြီး’ ရုပ်ရှင်ဇာတ်လမ်းကို အစအဆုံး မမှတ်မိတော့ပေမယ့် ခါးကုန်းကြီးကိုတော့ ဒီနေ့အထိ မြင်ယောင်နေဆဲပါပဲ။ ဗမာပြည်မှာလည်း စာရေးဆရာ တက်တိုးလား မသိ၊ ဘာသာပြန်ဖူးတယ် ထင်ပါတယ်။ အဲဒါကတော့ မသေချာဘူး။ ရှိရင် ပြန်ထုတ်ဖို့ကောင်းတယ်။ မရှိသေးရင်လည်း ဘာသာပြန်ဖို့ကောင်းတယ်။ နော်တာဒိမ်းဆိုတာ ကမ္ဘာကျော်မဟုတ်လား။ (စာ ရေးဆရာ ကြည်မင်းကိုလှမ်းမေးတော့ ဆရာတက်တိုးဘာသာပြန်ပြီးရှိသတဲ့။ မြန်မာလိုမှီးပြီးရိုက်တဲ့၊ စိုးရွှေ အကယ်ဒမီရတဲ့ ‘မြေမှာပွင့်သော မေတ္တာပန်း’ ဆိုတာ ရှိတယ်ဆိုပါတယ်။ ကျွန်တော် မကြည့်ဖူးပါ။)

နော်တာဒိမ်း ဝတ်ကျောင်းက ဗိသုကာပညာအရ အဆင့်အတန်းမြင့်ပြီး ရှေးကျတဲ့အပြင် အတွင်းထဲမှာလည်း ပန်းချီ၊ ပန်းပု အဖိုးတန်တွေ ရှိတာကို တွေ့ခဲ့ရဖူးပါတယ်။ လုံခြုံရာကို ရွှေ့လို့ရတာတွေ ရွှေ့ပြောင်းထားသတဲ့။ မီးလောင်တဲ့ အကြောင်းကို သေချာမသိရသေးပေမယ့် ပြင်ဆင်ရေးလုပ်ငန်းက လောင်ပုံရတယ် ဆိုပါတယ်။ လူ ၈ ယောက်သေဆုံးပြီး တဦး ဒဏ်ရာရ သတဲ့။ အတွင်းက ရှေးဟောင်းပစ္စည်းတွေတော့ မဆုံးရှုံးခဲ့လို့ တော်သေးရဲ့။

ဝတ်ကျောင်းကြီးကိုတော့ ပြန်လည်ပြုပြင် တည်ဆောက်ကြမယ်လို့ ဆိုပါတယ်။ ဒီဝတ်ကျောင်းကြီးကလည်း ကမ္ဘာ့ယဉ်ကျေး မှုအမွေစာရင်းဝင် ဖြစ်ပါတယ်။ ပုဂံက စေတီတွေလို သမိုင်းဝင်တခုဖြစ်ပါကြောင်းတဲ့။

မောင်စွမ်းရည်
၂၀၁၉ ဧပြီ၊ ၁၆