ကျော်ဟုန်း - အများ ဘာလို့ချစ် မာမာအေး
အများ ဘာလို့ချစ် မာမာအေး
ကျော်ဟုန်း
(မိုးမခ) ဇန်နဝါရီ ၃၀၊ ၂၀၂၄
** သမိုင်းမှန်ကိုသိလျက် မပြော၊ မရေးရဲရင်
သမိုင်းမှန်မှန်းသိလျက် မဖော်ပြရဲရင်
သမိုင်းအပြစ်သင့်မယ်**
ဒီလိုတွေးမိလို့ အမေအေးရဲ့အကြောင်း သိခဲ့ကြုံခဲ့သမျှကို ရေးပါတယ်။
ဂန္ထဝင်အဆိုတော်ကြီး မာမာအေးကို ကိုယ်က အမေအေး၊ အန်တီအေးလို့ ပါးစပ်ထဲက အလိုလိုထွက်သမျှနာမ်စားနဲ့ ခေါ်တတ်ပါတယ်။ အမေအေးက ကိုယ့်ကို "သား"လို့ပဲ ချစ်စနိုးခေါ်တတ်သူပါ။ (ဒီနေရာမှာ အမေအေးလို့ပဲ သုံးမယ်)
ကိုယ် အမေရိကကို စရောက်တော့ အင်ဒီယာနာပြည်နယ်ရဲ့ မြို့တော် အင်ဒီယာနာဖုလိစ်မှာ။ မြန်မာနည်းပြီး ချင်းတိုင်းရင်းသားအများစုနေတဲ့မြို့။ အမေအေးနေတာက အင်ဒီယာနာပြည်နယ်ရဲ့ ဒုတိယမြို့ ဖို့ဝိန်း။ မြန်မာအများစုနေကြတယ်။ မွန်၊ ကရင်၊ ကယားတိုင်းရင်းသားတွေနဲ့ ၇၈၆ တွေလည်း ရှိတယ်။ မောင်ကျောင်းတွေက သူတို့နေတဲ့ ဖို့ဝိန်းကို ရွာလို့သုံးတယ်။ မြို့ထဲစျေးဝယ်ထွက်ရင် ရွာထဲသွားဦးမယ်လို့ သုံးတာ။ တကယ်ကို လူစုံသလို မြန်မာဟန်အမျိုးစုံတဲ့ဖို့ဝိန်းမို့ ရွာလို့ သုံးတာ အံဝင်ခွင်ကျပါတယ်။ မြန်မာပြည် လွမ်းစရာပြေအောင် မြန်မာ့စားဖွယ်အစုံ၊ အလှူ၊ မြန်မာမူဟန်စုံကို ဖို့ဝိန်းမှာ မြန်မာ့ရွာအတိုင်းတွေ့နိုင်တယ်။ အခုလို မြန်မာအစာတွေ နိုင်ငံခြားတင် မရောင်ခင်ကတည်းက ဖို့ဝိန်းမှာ လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်၊ ချဉ်ဖတ်မျိုးစုံ၊ ငါးချဉ်၊ ပုဇွန်ချဉ်၊ ငါးသလောက်၊ ငါးခြောက်၊ ပဲပြုတ်၊ မြန်မာမုန့်မျိုးစုံစသည် လက်ဖြစ်အကုန်ရှိတဲ့မြို့။ ဈေးပေါတဲ့မြို့။
ဒါကြောင့် အမေအေးလည်း အမေရိကရဲ့မြို့တော် ဝါရှင်တန်ဒီစီကနေ ဖို့ဝိန်းကိုပြောင်းချလာတာပါ။ အမေအေးက မြန်မာ၊ မြန်မာပြည်သားကို ချစ်တဲ့မြန်မာ၊ မြန်မာပြည်ကိုချစ်တဲ့ မြန်မာအဆိုတော်ကြီးလေ။
ဖို့ဝိန်းက မြန်မာတွေ များတော့ ပွဲလုပ်ရင်၊ မြန်မာအစားအစာဝယ်ချင်ရင် အင်ဒီယာနာဖုလိစ်မှာနေတဲ့ မြန်မာအနည်းစုက တကူးတကသွားရပါတယ်။ ၃နာရီခွဲလောက် ကားမောင်းသွားရင် ရောက်တာကိုး။
ဖို့ဝိန်းမှာ ဘာသာရေးပွဲတခုကျင်းပတော့ ကိုယ်နဲ့ ကိုချမ်းမြတင့်ဆွေတို့ သွားကြတယ်။ ကိုယ့်စိတ်ကူးက အမေအေးနဲ့တွေ့မယ်၊ ကန်တော့မယ်ဆိုတာလည်း ပါတယ်။ ဒါကြောင့် ဖို့ဝိန်းရောက်ရောက်ခြင်း ဇေတဝန်ကျောင်းက ဦးဇင်းကုသလ( အေဘီဟောင်း)ထံ စုံစမ်းတယ်။ အမေအေးရဲ့ ဖုံးနဲ့ လိပ်စာသိရင်ပေးပါ။ ၈ လေးလုံးတုန်းက အမေအေးတို့နဲ့အတူ ဆန္ဒပြခဲ့တဲ့ ကျော်ဟုန်းပါလို့ လျှောက်တော့ ဦးဇင်းက အမေအေးဆီ ချက်ချင်းဖုန်းဆက်ပေးပါတယ်။
ဖုန်းက စပီကာဖွင့်ဆက်တာမို့ အမေအေးရဲ့ ချိုမြမြအသံကို ကြားနေရပါတယ်။
" ဟယ် ... အဲ့ဒိ သားလေးကို တွေ့ချင်တယ်၊ မြန်မြန် အိမ်လာပို့ပေးလိုက်နော်" ဆိုတော့ ဦးဇင်းတပည့်တယောက်က ကားနဲ့ လိုက်ပို့ပေးလို့ အဆင်ပြေသွားတယ်။
ဒါ အမေအေးနဲ့ ကိုယ် အမေရိကမှာ ပထမဆုံးတွေ့ဆုံခြင်းပါ။ ၁၉၈၈ ကနေ ၂၀၁၀ မှ ပြန်တွေ့ရတော့ ၂၂ နှစ်ကြာမှ ဆုံရခြင်းပေါ့။ စတွေ့တော့ ၈၈ အကြောင်း ပြန်ပြောကြပါတယ်။
ဘားလမ်းမှာ အခြေပြုတဲ့ " မြန်မာနိုင်ငံ တေးဂီတပညာရှင်များ သမဂ္ဂ" မှာ ကိုယ်တို့က ဆန္ဒပြခဲ့ကြတာပါ။ ဒီ သမဂ္ဂမှာ အဖွဲ့ဝင်ဖြစ်ခဲ့တာက လက်ဖက်ရည်ဆိုင်ထိုင်နေကျ ကိုဒေါ်လာ၊ နောင်နောင်တို့ အတင်းခေါ်လို့။ ကိုယ်က အဲ့ဒီတုန်းက ရုပ်ရှင်ကြေးမုံနဲ့ သဘင်မဂ္ဂဇင်းမှာ ဂီတနဲ့ ရုပ်ရှင်ကလူတွေကို အင်တာဗျူးပြီး ဆောင်းပါးပုံစံရေးနေသူ။ ဒါကြောင့် စပယ်ဦးတင်စိုးတို့ဆီမှာဖွဲ့တဲ့ စာပေပညာရှင်များအသင်းဝင်ဖို့ ကိုယ်ရေးရာဇဝင်ရေးထားတဲ့စာရွက်လေးကိုင်ပြီးလာချိန်မှာ သူတို့ကတွေ့သွားပြီး လှမ်းခေါ်လို့ ပါ။ ကိုယ်နဲ့ဆိုင်တဲ့ စာပေအဖွဲ့ဝင်မဖြစ်လိုက်ရဘဲ ဂီတအဖွဲ့ကို ရောက်ခဲ့ရပါတယ်။ ကိုယ်က ဂီတနဲ့ မဆိုင်လို့ငြင်းပေမယ့် ဂျေညီညီက "ခင်ဗျားရေးတာ ဘယ်သူ့အကြောင်း၊ ဘာအကြောင်းတွေလဲ"ဆိုတဲ့ စကားနဲ့ ချုပ်ခံလိုက်ရမှ ကိုယ်လည်း ဒီမိုကရေစီအတွက်လုပ်တာပဲ၊ ဘယ်အဖွဲ့မှာလုပ်လုပ်အတူတူလို့သဘောထားပြီး သူတို့လျာထားတဲ့ ပြန်ကြားရေးမှာ သပြေမဂ္ဂဇင်း ခရမ်းသန်းညွန့်ရဲ့သား ကိုကိုအောင်နဲ့အတူ လုပ်ခဲ့ပါတယ်။ ဆန္ဒပြခဲ့တဲ့ အထဲမှာ ကိုကိုအောင်မပါဘူး။ သူ့အဖေက စစ်တပ်ကဆိုတော့ လူလုံးထွက်ရမှာဆို ရှောင်တယ်။
ဒီဂီတသမဂ္ဂဟာ စတီရီယိုဘက်ကလူငယ်တွေပဲ ဦးဆောင်ဖွဲ့ခဲ့ကြ၊ လှုပ်ရှားခဲ့ကြတာပါ။ အဲ့ဒိခေတ်တုန်း နာမည် ကြီးအဆိုတော်အားလုံးနီးပါး ပါခဲ့ကြပါတယ်။ နောင် အေဘီတပ်ဖွဲ့ဝင်ဖြစ်သွားတဲ့ ကိုသီရိညွန့်လည်း ပါတယ်။ ကိုယ်တို့ လှည်လည်ဆန္ဒပြနေဆဲ ၂ ပတ်လောက်အကြာမှာ မြန်မာသံဘက်က လူကြီးတွေလည်း သတင်းကြားပြီး လူငယ်တွေနဲ့အတူ လာပေါင်းတယ်။ ဆန္ဒအတူပြကြပါတယ်။ အဲ့ဒိအထဲမှာ အမေအေးပါတယ်။ ဒေါ်ခင်ညွန့်ရီ၊ ဝါးခယ်မရဲမောင်အစရှိတဲ့ သူတွေပါတယ်။ စတိုရီယ်ိုဘက်မှာရော၊ မြန်မာသံဘက်မှာပါ ဆန္ဒပြတဲ့သူတွေအထဲမှာ ယောက်ျားတွေက အများစုပါ။ မိန်းမတွေက လက်ချိုးရေတွက်လို့ရပါတယ်။ မြေပြင်ဆန္ဒပြအုပ်စုထဲ မိန်းကလေးဦးရေနည်းတဲ့အထဲမှာ အမေအေးနဲ့ ဒေါ်ခင်ညွန့်ရီပါလာတာဟာ ထူးခြားပါတယ်။ ရိုးရိုးဆန္ဒပြတင်မဟုတ်၊ ဂီတသမဂ္ဂရဲ့ ဘန်နာပါကိုင်ပြီး ရှေ့က ချီတက်တာပါ။ အရင်က ဘန်နာကိုင်တာ စိုင်းထီးဆိုင်၊ ( အမည်မသိ လူတယောက်)တို့ပါ။ အမေအေးတို့ရောက်လာတော့ ဘန်နာကို ပေးကိုင်ကြပါတယ်။ ရှေ့ဆုံးတန်းမှာအမြဲပါသူတွေက ဒေါ်မာမာအေး၊ ဒေါ်ခင်ညွန့်ရီ၊စိုင်းထီးဆိုင်၊ လွှမ်းမိုး၊ ဒေါ်လာ၊ နောင်နောင်၊ ဂျူးဂျူး( ဗဟိုထွန်းကြူ သမီး)နဲ့ ကျော်ဟုန်းဆိုတဲ့ ကိုယ်တို့ပါ။ အဲ့ဒိတုန်းက စစ်တပ်က ပစ်ခဲ့မယ်ဆိုရင် အာဇာနည်စာရင်းဝင်သွားမယ့်သူတွေပေါ့။
စာရေးသူနဲ့ အတူ
ကိုယ်တို့ဟာ အများနည်းတူ " ဒီမိုကရေစီ ရရှိရေး ဒို့အရေး" လို့အော်ကြပေမယ့် ဂီတအဖွဲ့ ဖြစ်တာကြောင့် သီချင်းနဲ့ ချီတက်ကြပါတယ်။ စစ်အာဏာရှင်ကို တော်လှန်တဲ့သီချင်းက ဘာသီချင်းလဲ သိလား။ စစ်ချီ သီချင်း။
" ရဲရဲတောက် ဒို့ဗမာတွေ ၊ သတ္တိခဲတွေ... " အဲ့ဒိသီချင်းဆိုပြီး ချီတက်ကြတာ။ ဆန္ဒပြပွဲနဲ့ဆိုင်တဲ့ ဆိုစရာသီချင်းကမှ မရှိသေးတော့ အများလည်း ရမယ့်သီချင်း၊ ဆန္ဒပြပွဲနဲ့လည်း ကိုက်မယ့် စစ်ချီသီချင်းကိုပဲ ယာယီရွေးလိုက်ကြတဲ့ သဘောပါ။
အဲ့ဒိအကြောင်းတွေ ပြန်ပြောဖြစ်တော့ အမေအေးရဲ့ မှတ်ဉာဏ်ကောင်းပုံကို ကိုယ်ဖျတ်ခနဲတွေ့လိုက်ရတယ်။ အမေအေးက အားရပါးရအသံနဲ့ ကိုယ့်ကို " ဟယ် ... မှတ်မိပြီ၊ 1,2,3,4 တိုင်ပင်ခေါ်ပေးတဲ့ သားလေး" "သူတိုင်ပေးသမျှကို ငါတို့က စစ်ချီသီချင်းကို လိုက်ဆိုရတာဟဲ့ "ဆိုပြီး ကိုယ်ကို ကားနဲ့ လိုက်ပို့တဲ့ မောင်ကျောင်း(AD) ကို ပြန်ပြောရင်း ရယ်နေပါသေးတယ်။ ကိုယ်အံ့ဩတာက ၂၂ နှစ်ကြာခဲ့တာတောင် ဆန္ဒပြပွဲတုန်းက ဘာမှ မဟုတ်တဲ့ သာမညလူငယ်လေးတယောက်ကို အကျော်ဇေယျပုဂ္ဂိုလ်ကြီးက မှတ်မိသွားတာကိုပါ။ အဲ့ဒါ ပထမဆုံးပြန်တွေ့ရချိန်ကပါ။
ဒုတိယ ပြန်တွေ့တာက ဖို့ဝိန်းမှာ ညီလာခံလုပ်လို့ လာတက်ချိန်ကပါ။ အဲ့ဒိနေ့က အမေအေးအိမ်မှာ ကိုယ်အိပ်ဖြစ်ပါတယ်။ ညီလာခံပွဲက မနက်ဖြန်မှမို့ ကိုယ်က အမေအေးအိမ်မှာပဲ အိပ်ဖြစ်၊ တည်းဖြစ်ခဲ့တာပါ။
အဲ့ဒိတုန်းက အမေအေးအိမ်မှာ တည်းဖြစ်ကြတဲ့ ဧည့်သည်နောက် ၃ ဦးက အစ်ကိုကြီးအောင်ဝေး၊ သားငယ်လေးနဲ့ အစ်မ ခင်ဆွေရီတို့ မိသားစု။ သူတို့လည်း ညီလာခံအတွက် မီနီဆိုတားက လာတာ။ မနက်အိပ်ရာနိုးတော့ အမေအေးက မျက်နှာသုတ်ပဝါ၊ သွားပွတ်တံတွေပေးတယ်။ စားဖိုခန်းမှာ ကော်ဖီ၊ ဆီထမင်းစားဖို့ ပြောတယ်။ အစ်ကိုကြီးကိုအောင်ဝေးကကလည်း မင်းအစ်မကြော်ထားတဲ့ကြာဇံကြော်ဆိုပြီး ထည့်ကျွေးတယ်။ ညီလာခံသွားခါနီးမှာ အမေအေးက " သားနေဦး" ဆိုပြီး ကိုယ်ဝတ်ထားတဲ့ ကုတ်အင်္ကျီအပေါ်မှာ ပေနေတဲ့ အမှုန်အမျှင်တွေကို ဘရပ်နုနဲ့ ပွတ်ပေးနေသေးတာ။ ညတုန်းက အိပ်ခန်းက အမေအေးမြေးမအတွက်ထားတဲ့ အိပ်ခန်းမှာ ကိုယ့်အိပ်ရတာ။ ခေါင်းအုံးနဲ့ စောင်တွေကလည်း အသစ်။ စောင်အသစ်က အမျှင်တွေ ကုတ်အင်္ကျီမှာကပ်နေတာ ကိုယ်မသိ။ အမေအေးက အမြင်မတော်လို့ ပွတ်ပေးရှာတာ။ အဲ့ဒိမှာ အမေအေးရဲ့ မိဘလို စိတ်ထားအကြည်ကို ထပ်တွေ့ရတာပါပဲ။ ခံစားကြည့်ပါ။ ကိုယ်လို ဘာမှ မဟုတ်တဲ့ကောင်လေးကို နိုင်ငံကျော်ကြီးကယုယနေပုံဟာ လုပ်ယူတာမဟုတ်၊ ပကတိ။
အမေအေးဟာ တိုင်းပြည်အတွက်လုပ်ခဲ့တဲ့သူတွေဆို ကြီးလတ်ငယ်မရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ပညာတတ် မတတ်မရွေး၊ ကျော်ကြား သာမန်မရွေး တန်းတူချစ်တတ်ပါလားလ်ို့ ကိုယ့်စိတ်ထဲ သတိပြုမိလိုက်ပါတယ်။
အမေအေးဟာ ဖို့ဝိန်းမှာ အခြေချခြင်းကလည်း အေဘီတွေ၊ ဒီချုပ်တွေ၊ ၈၈ ထဲပါခဲ့သူတွေအများစုနေတာမို့ ငါ့သား၊ ငါ့သမီးတွေဆိုတဲ့ ချစ်စိတ်နဲ့ နေခဲ့တာပါ။ ဒါဟာ အမေအေးရဲ့ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် အမြုတေပြယုဂ်တခုပါပဲ။
တကယ်လည်း ကိုယ်တို့အရွယ်တန်းတွေကို အမေအေးဟာ သူ့ သားနဲ့သမီးလို သဘောထားပြီး သားလို့၊ သမီးလို့ပဲ ခေါ်ဝေါ်တာပါ။ တခါတလေ သူစိတ်ပေါက်စရာကြုံမှသာ "ဟဲ့ အကောင်တွေ"လို့ သုံးတတ်တယ်ကြားဖူးပေမယ့် ချိုသာသံ၊ ကြည်ရွှင်မျက်နှာပေးနဲ့မို့ အမေအေးဆဲရင်တောင် ချစ်စရာလေးလို့ ခံစားရသူက အများစုပါ။ ကိုယ့်ကိုတော့ အမေအေးက လူချင်းတွေ့တွေ့၊ ဖုန်းနဲ့ စကားပြောပြော " သား"လို့ပဲ အမြဲသုံးတာ ခံခဲ့ရပါတယ်။ ကြွားချင်စရာပေါ့။
ကိုယ်နဲ့ အမေအေးတို့ဟာ ဒီလိုအစပြုပြန်တွေ့ပြီးတဲ့ နောက်၂ နှစ်အတွင်းမှာ အမေရိကမှာ ၅ကြိမ်ဆုံပါတယ်။ မြန်မာပြည်မှာ ၁၉၈၈ နဲ့ ၂၀၁၆ မှာ ၂ ကြိမ်ဆုံတယ်။ ဖုံးနဲ့ပဲ စကားပြောဖြစ်တာ များတယ်။ ၂၀၁၆ မြန်မာပြည်မှာ ဆုံတာက စာပေနိုဗယ်ပွဲမှာ။ အမေအေးဘေးမှာ ဆရာဦးဝင်းငြိမ်း။ ရှေ့ဆုံးတန်းမှာ အားပေးနေတာပါ။ ပွဲမစမီ ပြဇာတ်အတွက် ဦးမြတ်ခိုင်က ပါဝင်သူ စာရေးဆရာမ၊ ဆရာတွေအားလုံးကို စင်အရှေ့လူကြည့်ခုံတွေရှေ့ကွက်လပ်မှာ မတ်တပ်ရပ်စုပြီး အတိုချုပ် ဩဝါဒခြွေနေလို့ အမေအေးအနား မကပ်နိုင်ဘူး။ မလှမ်းမကမ်းကနေပြီး ပြုံးပြရုံပဲ နှုတ်ဆက်ဖြစ်တဲ့ ဆုံခြင်းမျိုးပါ။ ပြဇာတ်သရုပ်ဆောင်မယ့်စာရေးဆရာ၊ ဆရာမတစုကလည်း အမေအေးနဲ့တွဲ ဓာတ်ပုံရိုက်နေကြတာမြင်လို့ ကိုယ်လည်း ပါလာတဲ့ ကင်မရာနဲ့ မှတ်တမ်းတင်ဖြစ်ခဲ့သေးတယ်။ အဲ့ဒိအချိန်က အမေစုတို့ ဒီချုပ်ပါတီ အာဏာလွဲရယူပြီးခါစမို့ လွတ်လပ်ပြီး အဝေးရောက်မြန်မာတွေ ပြည်လွမ်းနာဖြေ ပြန်လည်ကြတဲ့နှစ် ဖြစ်ခဲ့ပါတယ်။ အမေအေးလည်း မြန်မာပြည်ကို အခေါက်ခေါက်ပြန်နေချိန်ပေါ့။
အမေရိကပြန်ရောက်ပြီးနောက်မှာ ကိုယ်နဲ့ အမေအေး ဖုန်းပြောများရခြင်းအကြောင်းက အင်ဒီယာနာမှာ ကိုယ်မနေတော့လို့ပါ။ အလက်စကာမှာ အလုပ်သွားလုပ်ဖို့စီစဉ်တော့ ၃ လကနေ ၁ နှစ်လောက်လည်းကြာမှာမို့ ရှိသမျှ အသုံးအဆောင်၊ စုထားသမျှ စာအုပ်တွေကို အိတ် ၃ အိတ်ထဲထည့်ပြီး အမေအေးအိမ်မှာ ထားခဲ့တာ။ အမေအေးအိမ်က အခုခေါင်းချရာ အိမ်ကြီးမဟုတ်ဘူး။ အိမ်ကြီးကို ရောင်းဖို့စျေးခေါ်ထားပြီး အိမ်သစ်အသေးမှာ ပြောင်းနေကာစပါ။ အိမ်အသေးမှာ ကိုယ်ရဲ့အိတ်တွေ ထားခဲ့ပြီး အမေအေးကို ၃ လပဲကြာမယ်ပြောခဲ့တဲ့ ကိုယ်ဟာ ၃ နှစ်ကြာသွားလည်း ပြန်ရောက်မလာဘဲ ဖုန်းနဲ့ပဲ ဆက်သွယ်ဖြစ်ခဲ့တာပါ။
ဖုန်းဆက်တော့ အမေအေးက နောက်ပါတယ်။ သားရယ် ၊ နင်က ရန်ကုန်မှာ ကွမ်းယာထွက်ဝယ်တာ မန္တလေးကိုရောက်သွားတဲ့ ကားသမားလိုပဲတဲ့။ ကိုယ်ကလည်း တကိုယ်ရည်သမားမို့ စိတ်ကျရာ ပျော်မွေ့တဲ့သူထင်ပါရဲ့။ အမေအေးဆီ တခေါက်မှ မရောက်ဖြစ်တော့သလို အိတ်တွေလည်း ပြန်မယူဖြစ်တော့တာ ခုအထိပါပဲ။ နောက်တော့ အမေအေးဟာ အိမ်သစ်အသေးကိုပြန်ရောင်းပြီး အရင်အိမ်ကြီးမှာပဲ ခေါင်းချတဲ့အထိနေသွားခဲ့ပါတယ်။
ဒါပေမဲ့ ကိုယ်ပြောခဲ့သလို ဖုန်းအဟောင်းနဲ့တုန်းက ဖုန်းဆက်သွယ်မှု တလ အနည်းဆုံး ၃ ကြိမ်လောက် သာကြောင်းမာကြောင်းမေးဖြစ်ပါတယ်။ အသက် ၇၀ ပြည့် ရန်ကုန်မှာ ပွဲလုပ်မယ်လို့ အမေအေးပြောတုန်းက ပွဲမှာ ပိရိသတ်နဲ့ ပြန်တွေ့ရလို့ အပျော်လွန်ပြီး သီချင်းတွေ ဆက်တိုက် မဆိုမိဖို့။ တခြားအဆိုတော်တွေလည်း ပါဝင်အောင်လုပ်ပြီး နားနားနေနေဆိုဖ်ို့ ကိုယ်က အကြံပေးဖြစ်ပါတယ်။ ပွဲက ရန်ကုန်၊ မန်း ၂ ပွဲတောင်လုပ်မှာဆိုတော့ အမေအေးကို စိတ်ပူမိလို့ သတိပေး အကြံပေးမိတာပါ။ အမေအေးက နှလုံးမှာ စက်တပ်ထားရသူလေ။ ဒါကြောင့် ဂီတလောဘတက်ပြီး မဆိုမိအောင် အကြံပေးရတာပါ။ အမေအေးကလည်း "အေးပါဟဲ့"လို့ပြန်ပြောပြီး ကိုယ်ပေးတဲ့အကြံအတိုင်း ပွဲလုပ်သွားတာမြင်ရလို့ ဆီယက်တဲလ်မြို့ အဝေးကနေ ဖုန်းမှာ တက်လာသမျှကို အားပေးရင်း ဝမ်းသာနေရပါသေးတယ်။
အဲ့ဒိပွဲက ကိုအရိုင်းနဲ့ ကိုသန်းမြတ်စိုးတို့ အစီအစဉ်တင်ဆက်သူလုပ်တဲ့ပွဲပါ။ အမေအေးဘော်ဒါ ဆိုဖော်ဆိုဖက်တွေဝိုင်းကူကြလို့ မြန်မာသံအဆိုတော်ကြီးတွေကို စုံစုံလင်လင်တွေ့ရတဲ့ မွေးနေ့ဂီတပွဲပါပဲ။
ဒါတွေနဲ့ ပတ်သက်ပြီး တွေးမိတာက အမေအေးဟာ သူ့နယ်ပယ် ဂီတနဲ့ ရုပ်ရှင်မှာလည်း ချစ်ကြသူတွေ များတယ်။ အရပ်ဖက် ၊ ပရိသတ်ဖက်မှာလည်း ချစ်ကြသူတွေများတာကို သူ့ရဲ့ ၇၀ ပြည့်မွေးနေ့ဂီတပွဲတွေမှာ ကြည့်ရင် သိနိုင်ပါလိမ့်မယ်။ ပွဲမှာ ဆိုနေတုန်း မွေးနေ့လက်ဆောင်အဖြစ်မြန်မာပြည်အနှံ့ကရော ပြည်ပကပါ ငွေတွေလှမ်းလှူနေကြတာ ကြည်နူးစရာ။ ဒီလို အများချစ်တဲ့ မာမာအေးပါ။
အဲ့ဒိလို အများချစ်တဲ့အမေအေးက ကိုယ်ကိုခင်တာ ၈၈ မှာ ဆန္ဒအတူပြခဲ့ကြဖူးတာတခုနဲ့တင်မဟုတ်တန်ရာ။ ဆုံကြုံလို့ ဟိုဟိုဒီဒီစကားပြောကြရင်း ကိုယ့်ရဲ့ ဖိုးလေးက ဂီတကောင်စီ ဥက္ကဋ္ဌ ( ကိုလေးလွင် အရင်လုပ်ခဲ့သူ) အဆိုတော်ကြီးကိုမင်းသူဖြစ်နေတာ၊ ( အမေအေးနဲ့အဘိုးလည်း သီချင်းတွဲဆိုဖူးပါတယ်)။ ကိုယ့် အစ်ကို ကိုအောင်သူ(ခ) ဦးအောင်ဇော်က ဗိုလ်ချုပ်စောမောင်နဲ့ ခင်ညွန့်တို့ကိုယ်တိုင်မဲပေးခဲ့ရတဲ့ ဒဂုံမြို့နယ်က ၁၉၉၀ မဲအောင်နိုင်သူ ဒီချုပ်အမတ်ဖြစ်နေတာ၊ ဖိုးလေးဦးမင်းသူ အထက် အစ်ကိုက ဗကပ ဗိုလ် ( နာမည်မမှတ်မိ၊ အဒေါ်တွေ ပြန်မေးရဦးမယ်) ဖြစ်နေတာ၊ ဆရာကြီးမောင်စွမ်းရည် ( ဦးဝင်းဖေ)ရဲ့ တပည့်ဖြစ်ခဲ့ဖူးတာတွေနဲ့ ပတ်သက်မယ် ထင်တာပဲ။
ဒီအကြောင်းလေးတွေကို ဘာလို့ ထည့်ပြောရသလဲဆိုရင် အမေအေးရဲ့ ဂီတနဲ့ ရုပ်ရှင်၊ သဘင်ဆက်နွယ်သူတွေအပေါ်မှာ ချစ်ခင်တတ်မှု၊ စာပေ၊ မီဒီယာနဲ့ နိုင်ငံရေးပတ်သက်ခဲ့သူတွေအပေါ်မှာ သံယောဇဉ်ထားမှုတို့ကို ရိပ်မိစေချင်လို့ပါ။
တိုင်းကျိုးပြည်ရာလုပ်ခဲ့တဲ့သူတွေဆိုရင် ကြီးကြီးသေးသေး၊ အစွယ်အပွားလေးဖြစ်ပါစေ အကုန်ချစ်တတ်တဲ့စိတ်ရှိတာကြောင့် အမေအေးကိုလည်း အများစုက ပြန်ချစ်ကြတာပါပဲ။ မာမာအေးဆိုတာ ရိုးရိုးအဆိုတော်မှ မဟုတ်ပဲ။ ခေတ်ကတောင်းဆိုသမျှ သမိုင်းတာဝန်ကို ရဲရဲရင့်ရင့်ထမ်းခဲ့တဲ့ အဆိုတော်။
တချို့က အမေအေး နိုင်ငံခြားရောက်လာရတာ စစ်အုပ်စုမကြိုက်တဲ့ အင်္ဂလန်က ပွဲတခုကို တက်ခဲ့လို့ ပြည်ဝင်ခွင့်ပိတ်ခံရတယ်ထင်နေတာ။ အမှန်က ၈၈ မှာ ထဲထဲဝင်ဝင်ပါခဲ့တာမသိကြသူတွေရှိတယ်။ ၈၈ တုန်းက မြန်မာသံအုပ်စုက ဒီမိုကရေစီသီချင်းတွေ ဝိုင်းဆိုပြီး ထုတ်ခဲ့တဲ့ အထဲမှာ အဆိုတော် မာမာအေးပါတယ်။ ဒါသက်သေတခု။ မြန်မာနိုင်ငံ ဂီတပညာရှင်များသမဂ္ဂမှာ ဘန်နာကိုင်ပြီးရှေ့ဆုံးတန်းက ချီတက်တာ မာမာအေးပါတယ်။ အဲ့ဒီတုန်းက မြန်မာသံအုပ်စု လူကြီးပိုင်းက လာပေါင်းကြပေမဲ့ စစ်တပ်က အပစ်အခတ်ရမ်းလာတာရယ်၊ ဂီတဘက်က လူငယ် လူကြီး အစာမကြေ အတိတ်ဇာတ်လမ်းတချို့ကြောင့်ရယ် ကြာကြာ မပေါင်းဖြစ်ကြပါဘူး။ စတီရီယိုဘက် လူငယ်တွေက ဒီမိုကရေစီတေးတွေ ထုတ်ဖို့လုပ်နေတာ အရင်ဆုံးဖြစ်ပေမယ့် မိုနိုဘက်က လူကြီးက နောက်မှ အသံသွင်းတာ အခွေထုတ်ဖြစ်ခဲ့ပါတယ်။ ဘာလ်ို့လဲ။ မိုနိုဘက်မှာ ပေါ်လစီတေးကိုအမြန်ဆုံးထုတ်နိုင်တဲ့ ရေး၊ဆို၊တီး၊ဖမ်း အတွေ့အကြုံရင့်တွေ ရှိလို့ အချိန်တိုအတွင်း အကောင်အထည်ဖော်နိုင်တယ်။ စတီရီယို လူငယ်ဘက်မှာက နာမည်ကျော်ကြားမှုအလိုက် ဦးစားပေး သူတလူ ငါတမင်းကြောင့် အခွေအရင်လုပ်ပြီး ထွက်မလာနိုင်ဘူး။ ဒီမိုကရေစီတေးခွေအတွက် Burma Lab မှာ အသံသွင်းကြတယ်။ ဆန္ဒပြကလည်း တဖက်မို့ နှေးကြပါတယ်။ စိုင်းထီးဆိုင်က သူအပိတ်ခံရတဲ့ (စာခြောက် ရုပ်၊ အခြေကျ လူငယ်၊ လောပိတက သီချင်းသည် ) ၃ ပုဒ်။ ကိုနေဝင်းက အားလုံးကို ကျော်ဖြတ်ရမယ်နဲ့ ဇော်ဝင်းရှိန်က ဒီမိုကရေစီ သီချင်းသစ်။ တခြားနာမည်ရှိသူတွေ၊ ဘယ်ကမှန်း မသိတဲ့ အရောအနှောသူတွေလည်း အသံသွင်းနေတာမြင်ရပါတယ်။ မောင်လှအေးနဲ့ ညီများက တီးတယ်။ ရုပ်ရှင်မင်းသားကြီး မြတ်လေးက ပေါက်ချလာကြီး "မင်းတို့အခွေပြီးအောင်လုပ်၊ ငါ့မိတ်ဆွေတွေဆီ ၂၀၀၀ ထည့် ၊ ၃၀၀၀ ထည့်ဆိုပြီး ခွေရောင်းအလှူခံပေးမယ်" လို့ အားပေးရှာတယ်။ အဲ့ဒိခေတ် ငွေ ၃၀၀၀ ကျပ်ဆိုတဲ့ ပမာနဟာ အလွန်များတာနော်။ FE ဘဏ်မှာ ၁ ဒေါ်လာ မြန်မာငွေ ၇ ကျပ်ပေါက်ချိန်။ ဒါပေမဲ့ ဒီနေ့အထိ အခွေထွက်နိုင်ခြင်းမရှိတာ ဝမ်းနည်းစရာပါ။ အဲ့ဒိတုန်းက လူငယ်တွေဘက်မှာ နာမည်ကြီး တေးရေးတွေ၊ အဆိုတော်တွေနဲ့ ထုတ်လုပ်သူတချို့ ပါပေမယ့် ခြုံပြောရရင် လူမညီဘူး ထင်တာပဲ။ ဆရာများသလိုလို။
အဲ့ဒိကာလတုန်းက နိုင်ငံရေးပါတီအနေနဲ့ ပထမဆုံးထောင်နိုင်တာ ဦးနုရဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအဖွဲ့ချုပ် ( ဒီ/ငြိမ်း)တဖွဲ့ပဲရှိတယ်။ ကိုယ်က ဒီငြိမ်းအဖွဲ့ ဝင်ပြီးသွားပြီ။ ဒေါ်အောင်ဆန်းစုကြည်က ပါတီ မဖွဲ့ရသေးဘူး။ နောက် ပါတီစုံထူထောင်ခွင့်တွေရှိလာမှ ဒီချုပ်ဖြစ်လာတော့ စိုင်းထီးဆိုင်က ဒီချုပပါတီဝင်ဖို့ ဂီတသမဂ္ဂ ဥက္ကဋ္ဌအဖြစ်က ထွက်စာတင်တယ်။ လွှမ်းမိုးကို ဥက္ကဋ္ဌဆက်တင်ကြတယ်။ ဆန္ဒပြပွဲကလည်း ပစ်ခတ်မှုကြောင့် လူရှဲသွားကြသလို ပါတီတွေဖွဲ့ခွင့်ပေးတဲ့နောက်ပိုင်းမှာ လူထု လမ်းပေါ်ထွက်မှုကို အီလာစေတယ်။ ကိုယ်တို့ ဂီတသမဂ္ဂလည်း ရပ်တည်မှု၊ လုပ်ငန်းစဉ်တွေအတွက် မင်းအောင်ရဲ့ မင်းသားလေးတေးသံသွင်းမှာ၊ မင်္ဂလာတောင်ညွန့်က ဇော်မင်းလေးအိမ်မှာ အစည်းဝေးပွဲတွေ သင့်သလိုလုပ်ရင်း လူကျဲ လူနည်းလာတယ်။ ဒီလိုနဲ့ တေးဂီတသမဂ္ဂလည်း အခြား ဆန္ဒပြလူထုအဖွဲ့အစည်းတွေလို ပျောက်သွားတယ်။ ပြောရ ရေးရရင် အများကြီးမို့ အမေအေးကိစ္စပဲ ကွင်းပြောလိုတာကြောင့် ကျန်တာတွေ ချန်ထားပါရစေ။
ကိုယ်လည်း နဝတ အနယ်ထိုင်လာချိန် လူဖမ်းပွဲတွေ စတင်ချိန်မှာ ရှောင်တိမ်းနေရပါတယ်။ အကြောင်းက အိမ်ကို သန်းခေါင်စာရင်းလာစစ်တာခံရပြီး ကိုယ့်ကိုမတွေ့လို့ သန်းခေါင်စာရင်းထဲ မှင်နီတား ထုတ်ပယ်ခံရပါတယ်။ လူသေရင်တောင် မှင်ပြာနဲ့တားပြီး သေဆုံး မှတ်ချက်ရေးတာကို ခရီးသွား အရောင်းအဝယ်လုပ်သူမို့ အိမ်မှာ မရှိတာပါလှီးလွဲပြောလည်း မရ၊ "မင်းညီပြန်လာရင် ငါတို့ကို အကြောင်းကြားပါ" ပြောပြီး မှင်နီတားသွားကြောင်းအစ်ကိုက ပြန်ပြောပြပါတယိ။ ဒါနဲ့ ကိုယ်လည်း မဟန်မှန်းသိလို့ ဆွေမျိုးတွေဆီ အလည်သွားတလှည့်၊ သူငယ်ချင်းအိမ်တွေ တလှည့်ဆီရွှေ့နေပါတယ်။ အဆောင်တွေမှာလည်း ငှားနေပါတယ်။ ဒီလိုနဲ့ လုံခြုံစိတ်ချရအောင် ငယ်သူငယ်ချင်းတစု စီမံပေးမှုနဲ့ နိုင်ငံခြားကို ခိုးထွက်လာရင်း၊ ဘဝမျိုးစုံကျင်လည်ရင်း အမေရိကကို အတော်နောက်ကျပြီးမှ ရောက်ပါတယ်။ လူရည်မလည်၊ မပါးနပ်တာကြောင့်လည်း ပါမှာပေါ့။ ဒါကြောင့် အမေအေးနဲ့ ပြန်ဆုံချိန်တွက်ကြည့်တော့ ၂၂ နှစ်ကြာနေတာပေါ့။
ဂီတသမဂ္ဂမှာ ပါခဲ့သူတွေလည်း နဝတ စစ်အုပ်စုရဲ့ ခံဝန်လက်မှတ်ထိုးပြေလည်သူ၊ အဖမ်းခံရသူ၊ ကွယ်လွန်သွားသူမျိုးစုံ တကွဲစီပြန်ကြားရပါတယ်။
ဒါကြောင့် အမေအေးအတွက် ဒီစာပြန်ရေးချိန်မှာတောင် ခေတ်ကာလအခြေအနေအရ ပါဝင်ခဲ့သူ လူအမည်
အများစုကို ထည့်မရေးပါဘူး။ မလိုဘူးလည်း ထင်လို့ပါ။
အကျဉ်းချုပ်ပြောရရင် အမေအေးရဲ့ လူသိနည်းတဲ့ ၈၈ အရေးအခင်းမှာ ပါဝင်မှုကို ပြောပြချင်၊ မချန်လှပ်ထားစေချင်လို့ ပါ။ တကယ်က အမေအေးဟာ သူဖြတ်သန်းလာခဲ့တဲ့ ခေတ်အဆက်ဆက်မှာ ပြည်သူ့ဘက်ရပ်တည်ပြီးတာန်ကျေခဲ့သူပါ။ ကိုယ်တို့မမွေးခင်အချိန်၊ လူလားမမြောက်မီကာလတွေမှာ နိုင်ငံရေးတွေမှာ ပါဝင်ခဲ့ဖူးတာကို ဆရာစွမ်းတို့လို သိမီသူတွေ ရေးပြခဲ့ဖူးပါတယ်။ ကိုယ်ကတော့ ၈၈ မှာ ကိုယ်တွေ့ကြုံခဲ့ရတဲ့ မာမာအေးအကြောင်းနဲ့ ဆက်ဆံရချိန်ကာလတိုထဲက မာမာအေးရဲ့မေတ္တာစိတ်အကြောင်းကိုပဲ ပြောနိုင်ပါတယ်။
ဖိုဝိန်းအလည်ရောက်တုန်းမှာ တော်လှန်ရေးထဲပါခဲ့သူ ညီငယ်တယောက်က ဒေါ်မာမာအေးကို အထင်သေး၊ အရိုသေတန်မဲ့စကားမျိုး ကိုယ့်ကိုလာပြောတာကြုံဖူးသေးတယ်။ ကိုယ်က ချက်ချင်းပဲ သူ့ကိုပြန်ပြောလိုက်တယ်။ "မင်း ဒေါ်မာမာအေး ဖို့ဝိန်းမှာရှိနေလို့ ဈေးပေါပေါတွေ့ရပြီး အထင်သေးနေတာပါကွာ ၊ မြန်မာပြည်မှာဆို သူနေတဲ့အိမ်နားတောင် မင်းကပ်ဝံ့မှာမဟုတ်ဘူး။ မြင်ချင်တိုင်းလည်း မြင်ရမှာမဟုတ်ဘူး"
"မင်းတို့၊ ငါတို့ တော်လှန်ရေးမလုပ်ဖူးခင်၊ လူမဖြစ်ခင်ကတည်းက ပြည်သူဘက်ရပ်တည် တော်လှန်ခဲ့တဲ့ အဆိုတော်ကြီးကွ" လို့ ဒီထက်နာစရာစကားလုံးသုံးပြီး ပြန်ပြောလိုက်မှ ငြိမ်ကျသွားတာ။
ဒီအကြောင်းကို အမေအေးဆီ ကိုယ်ပြန်ပြောပြတော့ တဟားဟားရယ်ရင်း " ဒီကောင်လေးက ပေါတောတောလေးပါ"ဆိုပြီး ဘာမှ စိတ်ဆိုးဟန်မပြပါဘူး။ အဲ့သလို သဘောထားကြီးတဲ့သူပါ။
ကိုယ်တို့ ၈၈ အချို့က တောထဲ လက်နက်ကိုင်ဖူးသူ၊ နိုင်ငံရေးနဲ့ ထောင်ကျဖူးသူတွေမှာ တလွဲမာန်ရှိပြီး အဖွဲ့မင်စိတ်နဲ့ ကိုယ်အဖွဲ့မှမဟုတ်ရင် တခြားသူက သူတို့လောက် မလုပ်ခဲ့ဖူးဘူး၊ မလုပ်နိုင်ဘူးလို့ အထင်သေးတတ်တဲ့ ရောဂါရှိတယ်။ ကိုယ့်မဖြစ်စလောက်ကို ပုံကြီးချဲ့ အထင်ကြီးခံချင်သူတွေ ရှိတာ ကြုံဖူးတယ်။ အမေအေးမှာက တော်လှန်ရေးထဲပါခဲ့သူဆ်ို ကြီးလတ်ငယ် အရွယ် ၃ ပါးလုံးကို လေးစားတတ်တယ်။ အမှားတချို့ရှိတောင် ဖြေလျှော့ ခွင့်လွှတ်ပေးတတ်တယ်။ ဒါ မေတ္တာတရားကြီးသူတို့မှာ တွေ့ရတဲ့ လက္ခဏာ။
နောက်တချက်ရှိသေးတယ်။ အမေအေးပြည်ပရောက်ချိန် နဝတစစ်အုပ်စုအလိုကျ မြန်မာ့အသံ၊ ရုပ်မြင်သံ ကြားတွေမှာ အမေအေးသီချင်းတွေက်ို မလွှင့်တော့ဘူး၊ ပိတ်ပေးထားတဲ့ တာဝန်ခံအဆိုတော်ကြီး ရှိတယ်။ အမေအေးက သူ့ကို စိတ်ဆိုးမိကြောင်း ကိုယ့်ကိုပြောဖူးထားတယ်။ ဒါပေမဲ့ သူ့ ၇၀ ပြည့်မွေးနေ့ဂီတပွဲမှာ အဲဒိအဆိုတော်ကြီးကိုလည်း ဖိတ်ပြီး ပါဝင်သီဆိုစေတာ မြင်လိုက်ရတော့ အမေအေးရဲ့ နားလည်ခွင့်လွှတ်ပေးစိတ်ကို အံ့ဩမိရတယ်။
အမေအေးဟာ လူ့သဘာဝအတိုင်း အမှားရှိဖူးသူဖြစ်ခဲ့မှာလည်း အသေအချာပါ။ သူ့ကို မုန်းသူ၊ သူက မုန်းသူတွေလည်း ရှိခဲ့မှာပါ။ ဒါပေမဲ့ လူချစ်အောင်နေတတ်တာ၊ လူချစ်အောင်လုပ်ခဲ့တာတွေက များတယ်လို့တော့ ပြောရမှာပဲ။
အမေလူထုဒေါ်အမာရဲ့ နောက်ဆုံးမွေးနေ့ပွဲမှာ ပြောခဲ့တဲ့ စကားတခွန်းကို အမှတ်ရမိပါတယ်။
"အမေ့ မွေးနေ့ပွဲမှာ ဘာမှလည်း မကျွေးနိုင်၊ မပေးနိုင်ဘူး၊ ဒါနဲ့များ အနယ်နယ်အရပ်ရပ်က လာလိုက်ကြတဲ့ လူတွေ များမှ များပဲ""ဒါဘာကြောင့်လည်းလို့တွေးကြည့်တော့ ချစ်အောင်နေရင် ချစ်မှာပါပဲ "လို့ ပြောပါတယ်။
ကိုယ်ကတော့ ချစ်အောင်နေရင် ချစ်မှာပါပဲဆိုတဲ့စကားနဲ့ပဲ အမေအေးအတွက် ထပ်တူပြုလိုက်ချင်ပါတယ်။ ဘာလို့လည်းဆို အဆိုတော်ကြီးမာမာအေးဟာ ချစ်အောင်နေခဲ့လို့ပါ။ ချစ်အောင် တပါးသူအပေါ် မေတ္တာထားနိုင်သူမို့ပါ။ ချစ်အောင် ပြည်သူ့အတွက် ခေတ်ကာလရဲ့ လိုအပ်ချိန်တိုင်း သမိုင်းတာဝန်ထမ်းခဲ့လို့ပါ။
ပြည်သူ့တာဝန်ထမ်းဆောင်ခဲ့သူဆို ပြည်သူက ချစ်တာပဲ။
ပြည်သူဆိုတာ အများစုလေ။
အများဟာ ပြည်သူ၊
ပြည်သူဟာ အများ၊
ဒါကြောင့် ....
အများ ဘာလို့ချစ် မာမာအေးဖြစ်ခဲ့တာပေါ့။
ကျော်ဟုန်း
၂၄၁၂၇
-
#MoeMaKaMedia
#WhatsHappeningInMyanmar