နတ္ထိ - "မွန်းမတည့်မီ နေဝင်သည်"
"မွန်းမတည့်မီ နေဝင်သည်" -
နတ္ထိ - ကလိသည်။
(မိုးမခ) ဇန်နဝါရီ ၂၉၊ ၂၀၂၄
နာရီနှိုးစက် မမြည်ခင် ကျနော်အိပ်ရာမှ နိုးလာသည်။ ညက ကောင်းစွာ အိပ်စက် မရခဲ့။ ဒါကလည်း ယခင်ညမှ မဟုတ်။ ထိုသို့သော ညပေါင်း များချေပြီ။ မိမိက တာဝန်ကျေပွန်သော်လည်း၊ တာဝန်မကျေသည့်၊ သူရဲဘောနည်းသည့်၊ အသိဉာဏ်ကင်းမဲ့သည့် လက်အောက်ငယ်သားများကြောင့် စိတ်ဖိစီးမှု ဖြစ်ခဲ့ရသည်။ ဟင်းအမယ်စုံသော်လည်း စားကောင်းခြင်းမစားရ၊ မွေ့ရာက အိစက်ညက်ညောသော်လည်း အိပ်ကောင်းခြင်း မအိပ်ရ။
နိုးနိုးချင်း ညှီစို့စို့ အနံ့ဆိုးကြီးတခုကို ရလိုက်သည်။ ဘေးဘီကို ကြည့်မိတော့မှ ကျနော့် အဂ္ဂမဟေသီကြီး၏ ခံတွင်းတော်မှ စီးကျနေသည့် အာပုတ်ရည်အနံ့ ဆိုသည်ကို သတိထားမိသည်။ နရီမှန်မှန် စည်းချက်ကျကျ ဟောက်နေသည့် အသံနှင့်အတူ ပါးစပ်တွင်းမှ ချွဲဘူဘောင်းများ ပလုံစီထလာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေသည်မှာ ကြည့်၍ပင် ကောင်းတော့သည်။ ထိုသို့ ကြည့်နေရင်း - ချစ်စကြင်စက ထိုအနံ့ကိုပင် ကြာညိုနံဲ့ဟု ထင်မှတ်မှားခဲ့မိသည်ကို တွေးမိ၍ ကျနော် ပြုံးမိသည်။ မည်သို့ပင်ဆိုစေ၊ ယနေ့ည အိပ်ပျော်နေစဉ် သူ၏ အခွကို မခံခဲ့ရသည်က ကံကောင်းသည်။ နို့မို့လျှင် သူ့ပေါင်တချောင်း၏ အလေးဒဏ်နှင့်ပင် ယနေ့မနက် ကျနော် ခါးနာလောက်ပြီ။ အခွခံရသည်ကို မကြိုက်သော်လည်း ကျောင်းဆရာမဟောင်းဖြစ်သည့် သူ့ကို အထွန့်မတက်ရဲ။ တက်ခဲ့ပါမူ နားရွက်နှင့် ပေါင်တွင်းကြောသာမက ရှိသမျှအကြောတို့ ဆွဲလိမ်ဖြတ်တောက်ခြင်းကို ခံရမည်ဖြစ်ကြောင်း ဘဝပေးအသိဖြင့် ကျနော်သိနှင့်နေသည်။
လူက နိုးလာသော်လည်း အိပ်ရေးမဝသေးသည်မို့ မနက်လင်းခါနီး မက်ခဲ့သည့် အိပ်မက်ကို ပြန်တွေးမိသည်။ အိပ်မက်ထဲတွင် ကျနော်သည် မျက်နှာကြောတင်းပြီး ခိုင်းလျှင်အကုန်လုပ်မည့် သက်တော်စောင့်များနှင့်အတူ ရထားစီးခဲ့သည်။ ရထားမှ ရိုးရိုးရထားမဟုတ်၊ လျှပ်စစ်ရထားဖြစ်သည်။ လေယာဉ်စီးရမည်ကို အူယားသဖြင့် တသက်တာထွက်ခဲ့ရသည့် ခရီးစဉ်မှန်သမျှကို ရထားဖြင့်သာ ထွက်ခဲ့သည်ဆိုသော မြောက်ကိုရီးယားမှ နောင်တော်လေး ကင်ဂျုံအိပင်လျှင်၊ နှဲပြီးသားဂျုံနှယ် တအိအိဖြင့် လိုရာခရီးရောက်စေသည့် ကျနော့်၏ လျှပ်စစ်ရထားမျိုး မစီးဖူးသည်ကို သနားသောအားဖြင့် စုပ်သပ်မိသည်။
မြောက်ပိုင်း ရှမ်းပြည်နယ်၏ တောင်ကြိုတောင်ကြား လျှိုမြောင်များအကြား မြက်လျှောလေးတကောင်လို ညက်ညောစွာသွားနေသည့် ထိုရထားသည် ဘဇာသော အကြောင်းကြောင့်မသိ၊ တုံ့ခနဲ ရပ်သွားခဲ့သည်။ ရထားတစီးလုံးလည်း အမှောင်ကျသွားခဲ့သည်။ ရထားပြတင်းပေါက်ကို ကြည့်မိသောအခါ အပြင်၌ လိမ္မော်ရောင်မီးစုန်းများ ကွန့်မြူးနေသည်ကို မြင်ရသည်။ နာနာဘာဝတွေများလားဟု သံသယရှိ၍ အသေအချာထပ်ကြည့်မိသော် ကောင်းကင်ပြင်တွင် အုံနှင့်ကျင်းနှင့် ပျံသန်းနေသည့် ဒရုန်းများမှ ကျဲချနေသည့် ဒရော့ပ်ဗုံးများကြောင့် ဖြစ်ရသည်ကို သိလိုက်ရသည်။ ထိုမြင်ကွင်းကြောင့် ကျနော့်မှာ ခြေမကိုင်မိ လက်မကိုင်မိဘဲ ကယောင်ချောက် ချား ဖြစ်ခဲ့ရသည်။ ကျနော့်အနားမှ သက်တော်စောင့်တို့ကမူ လက်ထဲရှိပစ္စည်း၏ မောင်းခလုပ်ပေါ်တွင် လက် ညှိုးများ အသင့်တင်၍ အိပ်မောကျနေကြသည်။ သူတို့ကို ကြည့်ရသည်မှာ သိဒ္ဓတ္ထမင်းသား တောထွက်သည့်ညက သေရည်မူးပြီး ပိုးစိုးပက်စက် ဟောက်ဟက်၍ အိပ်ပျော်နေကြသည့် နန်းတွင်းကချေသည်များနှင့် ဘာမှမခြား။ ဝတ်ထားသည့် ဝတ်ရုံတို့သာ ခြားနားသည်။ ကျနော်လို ဘုရားဆုပန် ဘုရားဒကာကြီးကို မအိပ်မနေ စောင့်ရှောက်ရမည့်အစား၊ အိပ်မောကျနေရက်ကြသည့် သက်တော်စောင့်တို့၏ ဟောက်သံများနှင့် မကောင်း ဆိုးဝါးဒရုန်းများ၏ ဗုံးသံများကြားတွင် ကျနော်တယောက် ဝရုန်းသုန်းကား ဗျာများရင်း အိပ်ရာမှ နိုးခဲ့ရခြင်းဖြစ်သည်။
နိုးလာတော့လည်း လျှပ်စစ်ရထားဟူသည်မှာ ကျနော့်၏ အိပ်မက်သာဖြစ်ပြီး၊ လက်တွေ့တွင်မူ လျှပ်စစ်ဓာတ်ကို လာအိုနိုင်ငံမှ ပြန်လည်တင်သွင်းရတော့မည့်ဘဝ ဆိုက်ရောက်နေပြီကို အမှတ်ရမိသည်။ ဤအကြောင်းကို လျှပ်စစ်ဝန်ကြီးက မနေ့ကမှ ပြောခဲ့ခြင်း ဖြစ်သည်။ "ဟာကွာ၊ တော်တော်ကို အသုံးမကျတဲ့ကောင်။ အဲဒီ လျှပ်စစ် ရလာမှ လျှပ်စစ်ဝန်ကြီးဆိုတဲ့ကောင်ကို လျှပ်စစ်ကုလားထိုင်မှာ အရင်ထိုင်ခိုင်းရမယ်" ဟု ပြောမိ သည်အထိ ကျနော်စိတ်တိုမိသည်။ တချိန်တည်းမှာပင် ဆိုလာပြားများကို နိုင်ငံခြားမှ အလုံးအရင်း တင်သွင်းပြီး တိုင်းပြည်ကြီး မီးလင်းစေရန် ကြိုးစားပေးနေသည့် ဘီလျံနာ သားကြီး၏ စီးပွားရေးအမြော်အမြင်ကြီးပုံကို လေးစားဂုဏ်ယူမိသည်။
လျှပ်စစ်ဝန်ကြီးကို စိတ်တိုနေဆဲဖြစ်သည့် ကျနော်သည် မြောက်ပိုင်းတွင်တခွင်၌ အတုံးအရုံးသေခဲ့ကြသည့် စစ်မတိုက်တတ်သော တပ်သား၊ လက်နက်ချခဲ့ကြသည့် သူရဲဘောကြောင်သော တပ်သားများကို ကျိန်ဆဲမိသည်။ သို့သော် တပ်သားဆိုသည်များက ဝမ်း ဂိုး၊ တူး ကမ်း၊ သရီး ဝိတ်တင်း မို့ မထောင်းတာပါ။ တခုပဲ ရှိသည် - သူတို့အားလုံးကို အသေပြလျှင် ဘီလျံနာ သားကြီး၏ အသက်အာမခံလုပ်ငန်းပါ ဒေဝါလီပြသွားနိုင်သည်။ ထို့ကြောင့် သေသူအများစုကို ပျောက်ဆုံး သို့မဟုတ် တပ်ပြေးစာရင်း သွင်းရမည်။ ထိုနည်းအားဖြင့် သူတို့၏ အသက်အာမခံကြေးနှင့် ပင်စင်ခံစားခွင့်များ ပေးစရာမလိုတော့သည့်အပြင်၊ သူတို့၏ မိသားစုများကိုပါ လိုင်းခန်းများမှ အမြန်ဆုံး ကန်ထုတ်နိုင်မည်။ ကျနော်တို့၏ မိသားစုသည် အကြံပိုင်သော ငခွေး ကပင် အဖေခေါ်ရမည့် ဉာဏ်ကောင်းလှသည့် မိသားစုကြီးပါတကား။
အမှန်တော့ မျောက်ညီနောင်သုံးကောင်ကို စစ်ရှုံးပြီးကာမှ ၎င်းတို့ တည်ခင်းပေးသည့် မော်ထိုင်းအရက်ကို သောက်၍ ထိုသူတို့နှင့် ကမ်းပေ့ခဲ့ကြသည့် ဗိုလ်မှူးချုပ်များကို ပို၍ အသည်းနာမိသည်။ ထိုအကောင်များထဲမှ သေဒဏ်ကျခံရမည့် အကောင်များကို ကြိုး၊ ဓား။ သေနတ်၊ လျှပ်စစ်၊ ခွေးကျွေး၊ ရေနှစ်၊ မီးရှို့ - မည်သို့မည်ပုံစီရင်ရမည် ဆိုသည်ကိုတွေးပြီး စိတ်အရသာခံမိသည်။ ကျနော်ငယ်ငယ်က ပဒူအုံကို ရေနွေးလောင်းခြင်း၊ ပရွက်အုံကို မီးတိုက်ခြင်း၊ ကြောင်ပေါက်စလေးများကို လည်ပင်းညှစ်သတ်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့စဉ် ဖခင်ကြီးက ပန်းချီဆွဲနေရာမှ လှမ်းကြည့်ပြီး ... "ဒါမှ ငါ့သား။ ရက်စက်မှ ရာဇာတဲ့ကွ။ မင်း တနေ့ ဘုရင်ဖြစ်လိမ့်မယ်" ဟု နိမိတ်စကားဆိုခဲ့သည်ကို ပြန်လည်ကြားယောင်၍ ပီတိဖြစ်မိသည်။
မနက်စောစော ထိုသို့သော အတွေးများကြားတွင် စိတ်မွန်းကျပ်လာသည့် ကျနော်သည် အဲယားကွန်းကြောင့် အေးစိမ့်နေသည့် အိပ်ခန်း၏ ပြတင်းတံခါးကို ဖွင့်ရန် လက်လှမ်းလိုက်မိသည်။ သို့သော် ပြတင်းတံခါးပွင့်သွားသည်နှင့် အိမ်တော်ရှိ လုံခြုံရေးကိရိယာများ အသံမြည်လာပြီး တလောကလုံး ယောက်ယက်ခတ်ကုန်မည်ကို တွေးမိသဖြင့် လက်ပြန်ရုပ်လိုက်ရသည်။ အထူးသဖြင့် အိမ်တော်စောင့်များ ရောက်လာမည်ကို မလိုလားပါ။ သူတို့ကို ကျနော် မယုံတော့ပါ။ အိမ်တော်ရှိ စားဖိုဆောင်ဝန်ထမ်းများကိုလည်း မယုံတော့ပါ။ အိမ်တော်စောင့်များကို ငွေပေး၍ အိပ်ခန်းနံရံများတွင် စီအိုင်အေတို့ အမ်အိုင် ၆ တို့က ဗီဒီယိုကင်မရာများ လျှို့ဝှက်စွာ တပ်ထားသည်ဟု သံသယရှိသဖြင့် အဂ္ဂမဟေသီနှင့် အီစီကလီ မလုပ်ရဲသည်မှာပင် ကာလအတန်ကြာချေပြီ။ စုဆောင်းထားသည့် ဗိုင်ရာဂရာဆေးပြားများပင်လျှင် မှိုတက်လောက်ချေပြီ။ အိမ်တော်စောင့်များကြားတွင် ဖရဲသီးများ ပါမပါ မသိနိုင်သလို၊ ဒု-ချုပ်ကို သစ္စာခံသူတွေ၊ ဘရွှေကို တမ်းတနေသူတွေ ပါမပါလည်း မသိနိုင်ပါ။ ထို့ပြင် ကျနော့်ထက် အရပ်ပိုရှည်သော သက်တော်စောင့်များ၊ အိမ်တော်ဝန်ထမ်းများကိုလည်း ကျနော်ကြည့်မရပါ။ ကုန်ကုန်ပြောရလျှင် ကျနော့်ကို အရပ်ပုအောင်မွေးပေးခဲ့သည့် အမေနှင့် အဆဲခံရလွယ်ကူအောင် နာမည်ပေးခဲ့သည့် ဗေဒင်ဆရာယောင်ယောင် အဘိုးဖြစ်သူတို့ကို စိတ်ထဲမှ အမြဲ ကျိန်ဆဲမိသည်။
ထိုစဉ် ဒေါ်လာငါးသောင်းကျော်တန်သည့် ကျနော့်၏ ဆွစ်ဇာလန်မိတ် - ပါတက်ဖိလစ် နာရီမှ သတိပေးသံပေါ်လာသည်။ "ဟုတ်ပ - မေ့နေလိုက်တာ။ ဖေဖော်ဝါရီ တရက်နေ့တောင် ရောက်ပြီပဲ။ ငါ့အစိုးရကြီးကို ဒီနေ့ သက်တမ်းတိုးရဦးမှာပါလား" ဟု တွေးမိပြီး စိတ်လောလာသည်။
သက်တမ်းတိုးပွဲ အခမ်းအနားသို့ ဝန်ကြီးချုပ်အဖြစ် အရပ်ဝတ်နှင့်တက်ရမည်လား၊ တပ်ချုပ်အဖြစ် စစ်ဝတ်စုံနှင့် တက်ရမည်လား ဝေခွဲမရဖြစ်မိသော်လည်း နောက်ဆုံးတွင် စစ်ဝတ်စုံကိုသာဝတ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ မျက်နှာသစ်၊ သွားတိုက်၊ ရေချိုးရန် စိတ်ကူးပေါ်မိသော်လည်း ရုပ်သံကင်မရာက အနံ့အား မှတ်တမ်းမတင်နိုင်သည်ကို သိ၍ ကျော်ချလိုက်သည်။ သည့်နောက် ချေးတက်နေသည့် စွပ်ကျယ်ပေါ်တွင် ကျည်ခံအကျီကို ဝတ်ပြီး၊ သူ့အပေါ်တွင် ဖြူနီညိုပြာ တံဆိပ်ပေါင်းစုံတပ်ထားသည့် အကျီကို ထပ်ဝတ်လိုက်သည်။ ပြီးလျှင် ကုတင်ခြေရင်း ကြမ်းပြင်ပေါ်တွင် ပုံချထားသည့် ဘောင်းဘီကို ကောက်စွပ်ပြီး၊ အိပ်ရာဘေးရှိ မီးတိုင်ခုံပေါ်တွင် တင်ထားသည့် ပစ္စတိုခါးပတ်ကို ပတ်လိုက်သည်။ ထို့နောက် ဘယ်ဖက် လက်သူကြွယ်တွင် စွပ်ထားသည့် မနောမယကျောက်စိမ်းလက်စွပ်ကို အာငွေ့ပေးပြီး၊ တောက်ပြောင်လာအောင် ဘောင်းဘီနှင့် ပွတ်လိုက်သည်။ အဆုံးတွင်မှ နံရံကပ်မှန်ရှေ့၌ရပ်ပြီး အင်္ကျီကော်လံကိုထောင်ကာ ကြောင်လျှာသီးလည်စီးကို စီး၍ ကက်ဦးထုပ်ကိုဆောင်းလိုက်သည်။ မှန်ကြည့်ရင်းတွေးနေမိသည်မှာ - မျက်လုံးစွေပြီး နှာခေါင်းက ပွယောင်းယောင်းဖြစ်နေခြင်း၊ အိပ်ရေးပျက်ထားသဖြင့် ရုပ်က စုပ်ချွန်းချွန်းဖြစ်နေခြင်း၊ သွားတိုက်မထား၍ သွားများပေါ်တွင် ဝါကျင်ကျင် သွားချေးများ ကပ်နေခြင်းမှ လွဲလျှင် ကျနော်သည် ချောမောလွန်းလှပါတကားဟု ရင်သပ်ရှုမော အံ့သြမိသည်။
~~~~~
အခမ်းအနားသို့ သွားရောက်ရန် အရာရာ အဆင်သင့်ဖြစ်ချေပြီ။ သို့ဖြစ်၍ ဒူးပေါ်ပေါင်ပေါ်အောင် ဖြဲကား၍ အိပ်မောကျနေဆဲဖြစ်သည့် အဂ္ဂမဟေသီ ၏ထမီစကို ဆွဲချပြီးနောက်၊ မိမိ၏ မတပ်ရသေးသည့် ဘောင်းဘီဇစ်ကို ဆွဲစေ့ရင်း အိပ်ခန်းထဲမှ ထွက်လာခဲ့သည်။ အိပ်ခန်းဝတွင် ခါတိုင်းရှိနေကျ သက်တော်စောင့် နှစ်ယောက်ကို မတွေ့။ အိမ်တော်မှသည် စည်းဝေးခန်းမသို့ ကားဖြင့်သွားရန်အတွက် ချိန်းဆိုထားသည့် အိမ်ရှေ့ ဆင်ဝင်သို့အသွား စကြံလမ်းတလျှောက်တွင်လည်း မည်သူ့ကိုမှ မတွေ့ရ။
သည်လိုနှင့် ကျနော့်ကို ခေါ်ဆောင်မည့် ကျည်လုံကားကြီးရောက်အလာကို ဆင်ဝင်အောက်တွင် စောင့်မျှော်နေသည်မှာ အတော်ပင်ကြာခဲ့ပြီ။ ခြေညောင်းလာသည်မို့ ဝင်ပေါက်ရှေ့ လှေကားထစ်တွင် ဖင်ချထိုင်ရင်း စိတ်ကူးတည့်ရာ ဖုန်းနံပါတ်များကို လှည့်သော်လည်း "လူကြီးမင်းခေါ်ဆိုသော နံပါတ်မှာ ဆက်သွယ်မှုဧရိယာ ပြင်ပသို့ ရောက်နေပါသည်" ဆိုသည့် ငှက်ဆိုးထိုးသံကိုသာ ကြားရသည်။ နောက်ထပ် တနာရီမျှကြာသော် အိမ်တော်၏ ဝဲယာ လမ်းမကြီးနှစ်ဖက်စီမှ အနီရောင်ခံ ကြယ်တပွင့်အလံကို တလူလူလွှင့်ထူထားသည့် ထရပ်ကြီးများက အိမ်တော်ဖက်ဆီ ဦးတည်၍ ဖုတ်တထောင်းထောင်းထအောင် ဒလကြမ်းမောင်းနှင်လာသည်ကို တွေ့ရသည်။ စီးနေကျ အနက်ရောင် ကျည်လုံကားကြီးကိုတော့ မတွေ့ရ။ ဘုရား... ဘုရား...
~~~~~
ဘေးအန္တရာယ် တစုံတခု ကျရောက်တော့မည်လားဟု တွေးလိုက်မိသည့် အတွက် ကျနော် ရုတ်တရက် ခေါင်းနားပန်း ကြီးသွားမိသည်။ ပရိတ်ရွတ်ရအောင်ကလည်း သမ္ဗုဒ္ဓေလည်း မရ၊ ဓာရဏပရိတ်တော်ကိုလည်း မသိသည့် မရဏာဝိဇယဘုရားဒကာကြီး ကျနော်သည် မိမိ၏ဆရာအရင်း ဝစီပိတ်ကိုယ်တော်ကြီး၏ "ခေတ်ပြောင်းချင်ရင် ခေါင်းကိုပစ်" ဆိုသည့်အခါတော်ကို ပြေး၍သတိရမိသည်။ သည်တော့မှ ထိုစကားသည် ကျနော့်ကိုရည်ရွယ်ကြောင်း သဘောပေါက်မိသည်။ တခဏအတွင်းမှာပင် ကျနော့်လက်သည် ခါးရှိ ပစ္စတိုလက် ကိုင်ပေါ်သို့ ရောက်သွားသည်။
သည့်နောက် ကျနော် နောက်ဆုံးမှတ်မိလိုက်သည်ကတော့ - နားထင်တွင်သိလိုက်ရသည့် အေးစက်စက်ခံစားမှုကြီးသာ ဖြစ်ပါတော့သည်။
နတ္ထိ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar