Breaking News

လှကျော်ဇော - လူထုကျန်းမာရေးစနစ်သစ် - ၂


လှကျော်ဇော - လူထုကျန်းမာရေးစနစ်သစ် - ၂

(မိုးမခ) ဧပြီ ၂၄၊ ၂၀၂၀

အရှေ့အာရှအဖွဲ့အစည်း - (East Asia Community)

မတ်လ(၂၆)ရက်နေ့က ကျင်းပခဲ့တဲ့ဂျီ(၂၀)နိုင်ငံခေါင်းဆောင်များရဲ့ အထူးအစည်းအဝေးမှာ တရုတ်သမ္မတရှီကျင့်ဖျင်က ဂျီ(၂၀) နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများစုစည်းပြီး ကပ်ရောဂါကာကွယ်ရေးကိစ္စများဆွေးနွေးရေးအကြုံပြုထားပါတယ်။ ဒီလုပ်ငန်းကို တကမ္ဘာလုံးက ညီညာဖျဖျ ပူးတွဲဖြေရှင်းဖို့ တိုက်တွန်းထားပါတယ်။

သမ္မတရှီကိုယ်တိုင်လည်း ဒီလုပ်ငန်းကြီးကို သူလုပ်နိုင်တဲ့အခြေအနေ အချက်အလက်ပေါ် မူတည်ပြီးတက်တက်ကြွကြွ လုပ်ဆောင်နေတာတွေ့ရပါတယ်။ ဥပမာအားဖြင့် ဂျီ(၂၀) နိုင်ငံများထဲက ခေါင်းဆောင်တဦးချင်းစီ (ထရန့်၊ အင်ဂျယ်လာမာကယ်၊ မက်ခရွန်၊ ပူတင် စသဖြင့်) ဖုံးဆက် အတွေးအမြင်ဖလှယ်တာ၊ ရှေ့လုပ်ငန်းစဉ်တွေအတွက် အကြံဉာဏ်တောင်းတာ၊ လိုအပ်တဲ့အကူအညီတွေကို အပြန်အလှန်မေးမြန်း၊တတ်နိုင်တာတွေကို ကူညီဖြေရှင်းပေးတာစသဖြင့် လုပ်ဆောင်နေချက်တွေကို တွေ့နေရပါတယ်။

ဧပြီလ(၁၉)ရက်နေ့မှာ ဂျီ(၂၀) နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများနဲ့ သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများအပါ တယ်လီကွန်ဖရင့်တခု လုပ်ဖြစ်ပါတယ်။ ကမ္ဘာ့ကပ်ရောဂါကို ဘယ်လိုပူးတွဲ တိုက်ဖျက်ကြမယ် ဆိုတာကို ဆွေးနွေးကြတာပါ။

နိုင်ငံတွေအကြားကျင့်သုံးတဲ့ နိုင်ငံရေးစနစ်တွေ မတူညီမှုအောက်မှာ တွေ့ကြုံလာရတဲ့ ကပ်ဘေးကိုလည်းမိမိတိုင်းပြည် အခိုင်အမာအခြေအနေနဲ့အညီ တိုက်ဖျက်နေကြရချိန်လည်းဖြစ်နေပါတယ်။ ဒီတော့ တူညီတဲ့သဘောထားတရပ်ရဖို့က မလွယ်လှပါဘူး။ ဒီအစည်းအဝေးဖြစ်မြောက်သွားပြီး ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက်ကို အစချီချက်အဖြစ် ရရှိလိုက်တာကိုပဲ ဒီအစည်းအဝေးရဲ့အောင်မြင်ချက်အဖြစ် သဘောထားလိုက်ရတာပါပဲ။

တရုတ်ခေါင်းဆောင်များအနေနဲ့ ပိုပြီး ခြေသွက်လက်သွက် ခြေနိုင်လက်နိုင်လုပ်လိုက်နိုင်တာကတော့ ဒေသတွင်းလုပ်ငန်းများပါ။

ဧပြီလ(၁၄)ရက်နေ့မှာ  အေစီယမ် + ၃ နိုင်ငံ (တရုတ်၊ တောင်ကိုးရီးယား၊ ဂျပန်) တယ်လီကွန်ဖရင့် ကျင်းပခဲ့ပါတယ်။ (ဗမာပြည်က ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်တာတွေ့ရပါတယ်။) ကိုဗစ်၁၉ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ကျင်းပတဲ့ အထူးကွန်ဖရင့်လို့ အမည်တပ်ထားပြီး တရုတ်ဝန်ကြီးချုပ် လီခက်ချန်က သဘာပတိအဖြစ် မိန့်ခွန်းပြောရာမှာ ဒီရောဂါကပ်ဘေးကြီးကို တိုက်ဖျက်နေတာနဲ့အတူ စက်မှုနဲ့ကုန်ပစ္စည်းကွင်းဆက်များ (industry and supply chain) တည်ငြိမ်ရေးအတွက် ဈေးကွက်များကိုအပြန်အလှန်ပိုဖွင့်ပေးပြီး ဒေသတွင်းစီးပွားရေးအရ ပိုမိုစုစည်းပေါင်းစပ်လာရေးကို အရှိန်တိုးလုပ်ဆောင်ဖို့တိုက်တွန်းလိုက်ပါတယ်။ ကပ်ရောဂါအလွန် တွေ့လာနိုင်တဲ့ စီးပွားရေးအခက်အခဲများကို ဖြေရှင်းဖို့ကြိုတင်ပြင်ဆင်တာပါ။

ဒါ့အပြင် သူက ဆက်ပြောတာက (A.I.I.B) အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ်ရဲ့ ကိုဗစ်၁၉ နာလန်ထူရေးရံပုံငွေ (အစဦးထူထောင်မှု ဒေါ်လာ ၅ ဘီလီယံ) ကို ကြိုဆိုလိုက်ပြီး အေစီယမ်နိုင်ငံများသို့ တရုတ်ရဲ့အကူအညီ (တချို့ရောင်းချတာ) နှာခေါင်းစည်း ၁၀၀ သန်း၊ ကာကွယ်ရေးဝတ်စုံ ၁၀သန်း၊ တခြားဆေးဘက်ဆိုင်ရာ လိုအပ်ချက်များပေးမှာဖြစ်ကြောင်း ကတိပေးခဲ့ပါတယ်။

တကယ်တော့ ဒီ(၁၀+၃) ပူးပေါင်းဆောင်ရွက်ရေးယန္တရားဟာ ၁၉၉၇ အာရှဘဏ္ဍာရေးအကျပ်အတည်းကို ခံနိုင်ဖို့ တည်ထောင်ခဲ့တာဖြစ်ပြီး အလွန်အကျိုးရှိတဲ့ အလုပ်လည်းဖြစ်တဲ့ စင်မြင့်တခုပါ။

အခုလည်း ဒီကိုဗစ်၁၉ ကပ်ဘေးကို ကျော်နင်းပြီး ပြည်သူလူထုရဲ့ ကျန်းမာရေးကို ကာကွယ်ရုံမက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဆက်လက်ထိန်းသိမ်းဖို့ ဒီအထူးအစည်းအဝေးမှာ (၁၃) နိုင်ငံလုံးရဲ့ညီညွတ်တဲ့ ပိုင်းဖြတ်ချက်ကို ပြသလိုက်ပါတယ်။

ကပ်ဘေးကာကွယ်ရေးနဲ့ ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ တရုတ်ပုံသေနည်းလမ်းဖြစ်တဲ့ ရောဂါဖြစ်စတင်ဖြစ်ပွားတဲ့ နေရာကို တင်းတင်းကျပ်ကျပ် မြန်မြန်ဆန်ဆန်ပိတ်ဆို့၊ စောစောစီးစီး လုပ်ဟန် (၄) ချက် (လူနာကို စောစောတွေ့အောင်ရှာ၊ စောစော အကဲဖြတ်၊ ထိတွေ့သူများကို ထိမ်းချုပ်၊ စောစောကုသ) ဆိုတဲ့နည်းလမ်းများကျင့်သုံးပြီး၊ တရုတ်၊ တောင်ကိုးရီးယား၊ ဂျပန် စင်ကာပူ၊ ထိုင်း စတဲ့ နိုင်ငံတွေမှာ ရောဂါဘေးကိုအတော် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒီလိုနည်းနဲ့ ဒေသတွင်း နိုင်ငံများအကြား ကပ်ရောဂ်နှိမ်နှင်းရေးအမြင်များကို အပြန်အလှန် ဖလှယ်နိုင််ရုံမက ဒေသတွင်းကုန်သွယ်ရေးဆိုင်ရာပြဿနာများကိုလည်း တိုးတက် လုပ်ဆောင်ရေးအတွက် နည်းလမ်းတွေ ရှာဖွေနိုင်ခဲ့ကြပါတယ်။

နယ်နိမိတ်ကျော် ရောဂါကူးစက်မှုများကို (ကာကွယ်ရေး၊ ထိန်းချုပ်ရေးတွေကို ပူးတွဲလုပ်ဆောင်ပြီး) စနစ်တကျထိန်းချုပ်နိုင်မယ် ဆိုရင် ကပ်ဘေးလွန်မှာ ကြုံတွေ့ရမယ့် စီးပွားရေးအခက်အခဲများကို ကျော်နိုင်ပြီး  ဒေသတွင်း ကုန်ပစ္စည်းများ ချောချောမောမော ပြန်လည်စီးဆင်းနိုင်မှာပါ။

ကမ္ဘာလူဦးရေရဲ့ ၃၁% (၂.၂၃ဘီလီယံ)၊ ကမ္ဘာစီးပွားရေး ရဲ့ ၂၄% ရှိတဲ့ ဒီ (၁၀+၃) အုပ်စုရဲ့ ကပ်ရောဂါကိုကောင်းကောင်း ထိန်းချုပ်နိုင်ပြီး စုပေါင်းစီးပွားရေးကိုလည်း ပြန်လည်နာလန်ထူလာအောင် လုပ်နိုင်ရင် ကမ္ဘာကြီးအတွက် အလွန်ကြီးမားတဲ့ အကျိုးပြုမှုကြီးဖြစ်ပြီး ကျန်ဒေသက ပြည်သူများကိုလည်း အားတက်ဖွယ် မျှော်လင့်ချက်များ ပေးရာလည်း ရောက်ပါတယ်။

ဒီ (၁၃) နိုင်ငံရဲ့ ကပ်ဘေးကြီးအတွင်း ဖော်ပြခဲ့တဲ့ စည်းလုံးညီညွတ်မှုနဲ့ အပြန်အလှန် ကူညီမှုတွေက ဘာကြောင့် ဒီကပ်ဘေးကြီးကို ဒီလောက် မြန်မြန်ဆန်ဆန် ကျော်လွှားနိုင်ခဲံရတာလဲ ဆိုတာကို ပြသနေပါတယ်။ တကယ်တော့ ဒီကပ်ဘေးကြီးက သူတို့တတွေကို ကျောချင်းကပ် ရင်ချင်းအပ် စေခဲ့တာပါ။

ဒါတွေဟာ ကျန်ဒေသက နိုင်ငံများကိုလည်း ကောင်းမွန်လှတဲ့ ဥပမာတရပ် ဖြစ်စေခဲ့ပါတယ်။ တရုတ်ခေါင်းဆောင်တွေကတော့ ဒီဒေသတွင်မကဘဲ ရှေ့မျှော်မှန်းချက်တွေပါ ရှိနေပုံရပါတယ်။

ဝန်ကြီးချုပ်ရဲဲ့ မိန့်ခွန်းမှာကို တခြားအစအနလေးတွေ ပါတာတွေ့ရပါတယ်။

- ကမ္ဘာကျန်းမာရေးအဖွဲ့ချုပ်ကြီး (W.H.O) နဲ့ ပူးပေါင်း ဆောင်ရွက်ရေး။

- အာဆက်(Regional Comprehensive Economic Partnership.R.C.E.P) အာစီယံ + ၆ နိုင်ငံ (နောက်ထပ် အိန္ဒိယ၊ သြစတျေးလျ၊ နယူးဇီီလန်) နှစ်ကုန်မှာအပြီးဖြစ်ရေး စတာတွေပါ။

ဒီတော့ တခြားလုပ်ငန်းများလည်း အစီအစဉ်ရှိရှိ ဆက်ဦးမှာပါ။

လှကျော်ဇော
၂၁-၄-၂၀၂၀
ကိုးကား -  China Daily 15-4-2020.