Breaking News

လူထုရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းရည် အဆုံးသတ်ရောက်လုနီးနေပြီလား

မြန်မာနွေဦး ခရိုနီကယ် - မတ်လ ၁၆ မြင်ကွင်း

(မိုးမခ) မတ် ၁၇၊ ၂၀၂၄

လူထုရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းရည် အဆုံးသတ်ရောက်လုနီးနေပြီလား 

အင်္ဂလိပ်ဘာသာ နဲ့ Resilience လို့ခေါ်ဆိုကြတဲ့ “ကြံ့ကြံ့ခံနိုင်စွမ်းရည်”ဆိုတဲ့အချက်က နေ့စဥ် ဒုက္ခ၊ အခက်အခဲ၊ ခြိမ်းခြောက်မှု၊ စိတ်ထိခိုက်စရာတွေ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံက လူထုအတွက် အရေးကြီးတဲ့ စကားလုံးတလုံး၊ ဒီ စွမ်းရည်နဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာ၊ စိတ်ပျက်အားငယ်စရာ အရှုံးပေးရမယ့် အခြေအနေမျိုးကနေ ရှင်သန်၊ ရုန်းထဖို့ ကြိုးစားနေထိုင်ကြရတဲ့ သဘောကို ဆိုလိုတာလည်း ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက လူထုတွေအနေနဲ့ ဖမ်းဆီးခံရမယ့် အန္တရာယ်၊ ညှင်းပန်းနှိပ်စက်ခံရမယ့် အန္တရာယ်၊ နေအိမ်ပိုင်ဆိုင်မှုတွေ ဆုံးရှုံးပျက်စီးမယ့် အန္တရာယ်၊ မိသားစုဝင်တွေ နဲ့ သေကွဲ ရှင်ကွဲကွဲကွာကြရမယ့် အန္တရာယ်၊ စားရမဲ့ သောက်ရမဲ့ အန္တရာယ်တွေကို ရင်ဆိုင်ရမယ့် အလားအလာက တဖြည်းဖြည်းမြင့်တက်လာနေသလို အချို့ဒေသတွေက လူထုတွေအဖို့ အထက်က အန္တရာယ်တွေကို တကြိမ်မက ကြုံတွေ့နေကြရတာမို့လို့ ကြံ့ကြံ့ခံနိုင်စွမ်း မရှိခဲ့ရင် အချိန်တခုမှာ အတိုင်းအတာတခုမှာ လက်မြှောက်အရှုံးပေးလိုစိတ်တွေ ဖြစ်ပေါ်လာမယ့် အရေးနဲ့လည်း ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေက ပြည်သူလူထုတွေဆို လွန်ခဲ့တဲ့ ၃ နှစ်တာအတွင်း အကြိမ်ကြိမ် နေအိမ်ကနေ စွန့်ခွာထွက်ပြေးခဲ့ရသလို နေအိမ်တွေလည်း မီးလောင်ဆုံးရှုံးခဲ့ကြရတဲ့ မိသားစု သောင်းနဲ့ချီရှိနေပြီး ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းထဲက အများအပြားသော ကျေးရွာတွေမှာ နေအိမ်မီးရှို့မခံရတဲ့ ကျေးရွာမရှိသလောက် ဖြစ်နေပြီး မီးလောင်ခြင်းမရှိပဲ ကျန်ရစ်တဲ့နေအိမ်ကလည်း အနည်းအကျဥ်းသာ ရှိတာတွေ့ရမှာဖြစ်ပါတယ်။ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ကို ကျန်ရှိတဲ့ အင်အားနဲ့ ပြန်ဆောက်လုပ်ချင်သည့်တိုင် နောက်တကြိမ် မီးရှို့မခံရဖို့ အာမခံချက် မရှိတာကြောင့် စစ်ကြောင်းတွေ ဝင်ရောက်မလာတဲ့အချိန်မှာ မိမိတို့ နေအိမ်မြေပေါ်မှာ အဆုံးအရှုံးနည်းမယ့် တဲအိမ်လိုမျိုး ယာယီထိုးပြီးနေကြရတဲ့ ဘဝတွေ ဖြစ်ပါတယ်။ 

စစ်ကြောင်းဝင်လို့ ဘယ်အချိန်မှာ ထပ်ပြီးပြေးရမလဲ ရှောင်ရမလဲဆိုတာလည်း မသိနိုင်သလို၊ စိုက်ပျိုးမွေးမြူတဲ့ သက်မွေးဝမ်းကျောင်း လုပ်ငန်းတွေလည်း ကောင်းကောင်းမွန်မွန် မလုပ်ကိုင်နိုင်ကြတဲ့ အနေအထားမို့လို့ အသက်ရှင် နေထိုင်ဖို့ ပုံမှန်ဝင်ငွေမရှိကြပါဘူး။ ဒီလို လက်နက်ကိုင် တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသမှာမဟုတ်တဲ့ မြို့ကြီးတွေမှာနေထိုင်ကြတဲ့ ဆွေမျိုးသားချင်းတွေ၊ မိသားစုဝင်တွေရဲ့ ထောက်ပံ့မှုနဲ့ ရှင်သန်နေထိုင်ကြရသူတွေလည်း အများအပြားရှိတာ ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်း ဒေသတင်မက လက်နက်ကိုင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်၊ ကရင်နီပြည်၊ ရှမ်းနဲ့ စစ်ကိုင်းထိစပ်ရာဒေသတွေ၊ ကရင်ပြည်နယ်တို့လို ဒေသက လူထုတွေလည်း စစ်ကိုင်းတိုင်းက လူထုတွေ နီးပါး ဒါမှမဟုတ်ပိုမိုဆိုးရွားတဲ့ အနေအထား ရင်ဆိုင်နေကြရသူတွေ ရှိနေတာ နေ့စဥ်ကြားသိနေရပါတယ်။ ကရင်နီပြည်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်းထိစပ်ရာဒေသက စစ်ဘေးရှောင် မိသားစုတွေ အဖို့ ၂၀၂၁၊ ၂၀၂၂ ခုနှစ်တွေကတည်းက စစ်ဘေးတိမ်းရှောင်ခဲ့ကြရပြီး ၂၀၂၃ အကုန် ၂၀၂၄ အကူးမှာတော့ တိုက်ပွဲတွေက ပိုကျယ်ပြန့်လာနေတာကြောင့် ယခင်နှစ်တွေလို တိမ်းရှောင်လိုက် ကိုယ့်ရွာက ကိုယ့်နေအိမ်ကို ပြန်လာနေလိုက် အနေအထားမျိုး မဟုတ်တော့ပဲ  တောက်လျှောက် တိမ်းရှောင်နေကြရတဲ့ အနေအထားမျိုး ဖြစ်လာပါတယ်။ 

တိမ်းရှောင်ရာမှာလည်း မိမိတို့ ကျေးရွာတည်ရှိရာ မြို့နယ်ထဲ သို့မဟုတ် ထိစပ်နေတဲ့ မြို့နယ်တွေကို တိမ်းရှောင်ရာကနေ အဲဒီမြို့နယ်တွေကိုပါ စစ်မီးကူးစက်ပျံ့နှံ့လာလို့ နောက်ထပ် စစ်ပွဲလွတ်ရာကို တိမ်းရှောင်ကြရတယ်လို့ ဆိုပါတယ်။ တခါ တိမ်းရှောင်တိုင်း ကားခကုန်ကျစရိတ်၊ နေရာသစ်မှာ နေထိုင်ဖို့ နေရာရှာကြရတဲ့ အခက်အခဲတွေ ရင်ဆိုင်ကြရပြီး မိသားစုဝင်ထဲက အသက်အရွယ် ကြီးရင့်သူတွေ အဖို့ ရာသီဥတု၊ အမိုးအကာ၊ ကျန်းမာရေး မကောင်းတဲ့အခါ ကုသမှုရယူဖို့ အခက်အခဲတွေ နဲ့ ရင်ဆိုင်နေကြရတဲ့ အနေအထားတွေလည်း ကြားသိနေရတာဖြစ်ပါတယ်။ ဒုက္ခတွေက ဝင်လာရင် တခုတည်း မဟုတ်ဘဲ စုပြုံပြီးဝင်ရောက်လာလေ့ ရှိတယ်ဆိုတဲ့ ဆိုရိုးစကားက အခုလို စစ်ပွဲတွေ ပဋိပက္ခတွေအကြား အသက်ရှင်သန်ဖို့ တိမ်းရှောင်နေကြရတဲ့ သူတွေအတွက် ရည်ရွယ်ပြောဆိုကြသလားလို့ ထင်မှတ်စရာ ဖြစ်ပါတယ်။ မိမိတို့ နေထိုင်ရာ ကျေးရွာ နေအိမ်က စစ်ဘေးတိမ်းရှောင်ရပြီ ဆိုကတည်းက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေရာထိုင်ခင်း ဟုတ်၊ မဟုတ် ရွေးချယ်ခွင့်မရှိတော့တဲ့ အခြေအနေဖြစ်ပြီး သက်ကြီးရွယ်အိုတွေအဖို့ ကျန်းမာရေး ထိခိုက်ဖို့ အန္တရာယ်ကိုပါ ထပ်ဆင့်တိုး ကြုံရတာ ဖြစ်ပါတယ်။ 

အဲဒီလို အခြေအနေမှာ ကျန်းမာရေး ထိခိုက်ပြီး ဆေးဝါးကုသဖို့ လိုအပ်လာတဲ့အခါ နောက်ထပ် တဆင့် အခက်ကြုံရတာက ဆေးရုံဆေးခန်း ဖြစ်ပါတယ်။ စစ်ပွဲတွေ ဖြစ်ပွားရာမှာ ဆေးရုံ ဆေးခန်းတွေလည်း ဖွင့်လှစ်ထားနိုင်တာ မရှိတော့ မဖြစ်မနေပြသရမယ်ဆိုရင် မြို့တွေမှာရှိတဲ့ ဆေးရုံဆေးခန်းကို သွားရောက်ရမယ့် အနေအထားဖြစ်ပြီး ကားခ၊ ဆေးကုသစရိတ်တွေ ကုန်ကျဖို့ ဖိအားဖြစ်လာတာပါ။ ဒီလိုအခြေအနေမျိုး နဲ့ ကြုံတွေ့ရတဲ့ စစ်ဘေးရှောင်တွေ အနေနဲ့ စိတ်ထဲတွေးမိတဲ့ အတွေးတခုက ရှင်ရေးက သေရေးထက် ခက်ခဲတယ်ဆိုတဲ့ အတွေးမျိုးဖြစ်ပါတယ်။ အသက်ရှင်သန်ဖို့ ကြိုးစားကြရတာက အခက်အခဲ တခုပြီးတခု၊ တခုပေါ်တခု ဆင့်ကြုံရတာမျိုး ဖြစ်ပြီး လက်နက်ကိုင် ပဋိပက္ခထဲ ထိခိုက်သေဆုံးသွားရင်တောင်မှ တကြိမ်သာ ဝမ်းနည်းပူဆွေးရမယ့် သဘောလို့ တွေးမိကြတယ်လို့ ဆိုပါတယ်။ 

စစ်ဘေးရှောင်တွေ အထဲမှာ အခုလို အခြေအနေမျိုး ကြုံတွေ့နေကြရသူတွေ အများအပြားရှိနေတာပါ။ စစ်ဘေးရှောင်ရင်း မိသားစုဝင်တွေ ကျန်းမာရေး ထိခိုက်ပြီး အသက်ဆုံးရှုံးတာ၊ တချို့သော ဖြစ်ရပ်တွေမှာ ရပ်ရွာကိုပြန်ပြီး ရိက္ခာ၊ အဝတ်အစားပြန်ယူဖို့ ကြိုးစားစဥ် လက်နက်ကြီးကျည်ထိ၊ ဒရုန်းဗုံးချခံရပြီး အသက်ဆုံးရှုံးရသူ၊ ထိခိုက်ဒဏ်ရာရသူတွေပါ ရှိနေတာတွေလည်း သတင်းတွေမှာ မကြာခဏ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ 

ဒီအဖြစ်အပျက်တွေ အခုလို ကြုံရတဲ့အခြေအနေတွေကြား ကြံ့ကြံ့ခံနိုင်စွမ်းရည်က တဖြည်းဖြည်း လျော့နည်းလာနေတဲ့ သဘောလည်း ဖြစ်ပါတယ်။ ကြံ့ကြံ့ခံရင်ဆိုင်နေကြရတဲ့ လူထုတွေအဖို့ အကောင်းဘက် မျှော်လင့်ချက်တွေလည်း တစတစ မှေးမှိန်လာနေတာ ဖြစ်ပါတယ်။ နိုင်ငံရေး အလားအလာထက် မိမိတို့ ရဲ့ ကိုယ်တိုင်၊ မိမိတို့ အသိုင်းအဝိုင်းအတွင်းမှာ လျော့ကျလာနေတဲ့ “ကြံ့ကြံ့ခံနိုင်စွမ်းရည်” တွေကို တွေးကြည့်ပြီး အခက်အခဲကို ကျော်ဖြတ်နိုင်တဲ့အင်အားက ကျဆင်းလာနေတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ပိုမိုခက်ခဲလာတဲ့ အခြေအနေ၊ ရှည်ကြာလာတဲ့ အခက်အခဲတွေကြောင့်လည်း လူထုအကြား အချင်းချင်းကူညီနိုင်စွမ်း၊ မျှဝေနိုင်စွမ်းလည်း လျော့ကျလာနေတာ ဖြစ်ပါတယ်။ စစ်ဘေးရှောင်သူတွေ မိမိတို့မြို့ကို ရောက်လာတယ်ဆိုရင် လူမှု အသိုင်းအဝိုင်းက ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးနိုင်ခဲ့ကြတဲ့ အရင်တုန်းက အခြေအနေမျိုးလို မရှိတော့တာလည်း ဖြစ်ပါတယ်။ မြို့တိုင်း နယ်တိုင်းမှာ စစ်ဘေးရှောင်သူတွေ ရှိနေတဲ့ ကာလ၊ မိမိတို့ကိုယ်တိုင် စစ်ဘေးရှောင်နေရတဲ့ အခြေအနေ၊ စစ်ဘေးရှောင် တပိုင်းဖြစ်နေချိန်မှာ တယောက်ကို တယောက် ကူညီဖို့ အပိုငွေကြေးမရှိကြတဲ့ အနေအထားမျိုး ရောက်လာနေတာပါ။ 

ဒီလို အခြေအနေတွေ အဖြစ်အပျက်တွေ ပတ်ဝန်းကျင်မှာ တခုပြီးတခု ကြားသိလာရတဲ့နောက် “ကြံ့ကြံ့ခံနိုင်စွမ်းရည်” ဆိုတာ အကန့်အသတ် အဆုံးသတ်အမှတ်တခု ရှိနေတာမျိုးလား ဆိုတဲ့ အတွေးလည်း ဝင်လာမိတာဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar