Breaking News

စစ်မှုမထမ်းမနေရ စုဆောင်းမှု အောက်ခြေမှာ စတင်လုပ်ဆောင်

မြန်မာနွေဦး ခရိုနီကယ် - မတ်လ ၁၄ မြင်ကွင်း

(မိုးမခ) မတ် ၁၅၊ ၂၀၂၄

စစ်မှုမထမ်းမနေရ စုဆောင်းမှု အောက်ခြေမှာ စတင်လုပ်ဆောင်

စစ်ကောင်စီတပ်တွေ နိုင်ငံရဲ့ နေရာအနှံ့အပြားမှာ စစ်မျက်နှာဖွင့် တိုက်ခိုက်နေရတဲ့အချိန်၊ ဘယ် တုန်းက မှ မကြုံခဲ့ဖူးတဲ့ ဆုံးရှုံးဆုတ်ခွာရတာတွေ၊ လက်နက်ချတာတွေ ဖြစ်ပေါ်နေချိန်မှာ ယခင်လကမှ အသက်ဝင်ကြောင်း အမိန့်ထုတ်ကြေညာခဲ့တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို အောက်ခြေမှာ ဆင့်ခေါ်တဲ့ လုပ်ဆောင်မှုတွေ မတ်လ ၁၂ ရက်နောက်ပိုင်း မြို့တွေမှာ စတင်လုပ်ဆောင်လာနေပြီ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ နေပြည်တော်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတွေကတဆင့် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း ရှိတဲ့ အမျိုးသားတွေကို ရပ်ကွက်ရုံးလာရောက်ဖို့ အကြောင်းကြားတာတွေ အခုရက်ပိုင်း စတင်နေပြီဖြစ်ပါတယ်။ သတင်းတွေထဲမှာ ကရင်ပြည်နယ် ထိုင်းနယ်စပ်က မြဝတီမြို့မှာလည်း ရပ်ကွက်အုပ်ချုပ်ရေးရုံးက တဆင့်ဆင့်ခေါ်တာတွေ ရှိလာနေတယ်လို့ ဆိုပါတယ်။ 

အခုလက်ရှိသိရသလောက် အချက်အလက်တွေအရ အသက်အရွယ်အရ အကျုံးဝင်တဲ့ သူတွေကိုဆင့်ခေါ်ပြီးမဲနှိုက်ကာ ရပ်ကွက်အပိုင်တပိုင်အတွက်  ၅ ဦး ရွေးချယ်မယ်လို့ ဆိုပါတယ်။ မဲနှိုက်လို့ရွေးချယ်ခံရတဲ့အထဲပါသူက စစ်သင်တန်းတက်ပြီး စစ်မှုထမ်းရမယ့်သဘောလို့ ယူဆရပါတယ်။ ဒီနေရာမှာ မဲနှိုက်တဲ့နေရာမှာ လာဘ်စားမှုတွေ ရှိနေနိုင်တာဖြစ်ပြီး ခုတကြိမ်မဲနှိုက်လို့မပါရှိပေမယ့် လပိုင်းအတွင်း နောက်တကြိမ်ခေါ်ဆောင်တဲ့အခါ ထပ်ပြီးမဲနှိုက်ရမယ့်သဘောမျိုးလား ဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ 

ပြီးခဲ့တဲ့လ ဥပဒေအသက်ဝင်ကြောင်း ထုတ်ပြန်ခါစမှာ လူထုအကြား စိုးရိမ်မှုတွေနဲ့ ပြောဆိုနေကြစဥ်က စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက သင်္ကြန်အပြီးလောက်မှစတင်နိုင်မယ်လို့ ဆိုပေမယ့် အခုမတ်လ ဒုတိယပတ်အတွင်း လူစုဆောင်းတာတွေ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ဒီလို အလောတကြီးလုပ်ဆောင်တာဟာ စစ်မျက်နှာတွေအများအပြား ခုခံတိုက်ခိုက်နေရတဲ့စစ်ကောင် စီအတွက် လူအင်အားအပူတပြင်းလိုအပ်တာကို ဖေါ်ပြလိုက်တဲ့သဘောလည်း ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်ချုပ်ရေး စစ်တပ်က အုပ်ချုပ်ရေး တရားစီရင်ရေး ဥပဒေ ပြဋ္ဌာန်းရေးစတဲ့ အာဏာအားလုံးကိုချုပ်ကိုင်လိုက်ပြီးနောက် ဝေဖန်ထောက်ပြတာတွေ၊ တာဝန်ယူမှု တာ ဝန်ခံမှုတွေလုံးဝပျောက်ဆုံးသွားချိန်မှာ အုပ်ချုပ်ရေးယန္တရားကသူတွေ၊ စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင်တွေနဲ့ တရားစီရင်ရေးက Non-CDM ဝန်ထမ်းတွေအဖို့ နာမည်ပျက်မယ့်အရေးတွေ တွေးတောခြင်းမရှိဘဲ လာဘ်တောင်းခံတာတွေကို ပွင့်ပွင့်လင်းလင်းလုပ်ဆောင်လာကြပြီး အခုစစ်မှုထမ်းဆင့် ခေါ်ရာမှာလည်း လာဘ်စားမှုတွေ ကြီးမားစွာဖြစ်ပေါ်လာမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ 

မိဘတွေအနေနဲ့ မိမိတို့ သားသမီးတွေ စစ်မှုထမ်းခေါ်ဆောင်တဲ့အထဲပါဝင်မှာကို စိုးရိမ်နေကြပြီး အခုလို အာဏာသိမ်းစစ်တပ်အနေနဲ့ သိက္ခာနဲ့ ဂုဏ်သတင်းအဆိုးရွားဆုံးအချိန် နိုင်ငံအနှံ့အပြား ဆုံးရှုံးမှုတွေကြုံနေရချိန် မိမိတို့ သားသမီးတွေ အသက်လည်း ဆုံးရှုံးနိုင်သလို စစ်တပ်ထဲဆွဲသွင်းခံရကတည်းက ဂုဏ်သိက္ခာအနေနဲ့လည်း ဆုံးရှုံးရပြီးဖြစ်မယ့်အဖြစ်မျိုး ရှောင်လွှဲဖို့ နည်းလမ်းမျိုးစုံ ကြံဆနေကြရတာ ဖြစ်ပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ သို့မဟုတ် ကာလတခုထိ ခိုလှုံနေထိုင်ဖို့အတွက် တရားဝင် နည်းလမ်းနဲ့ တရားမဝင်နည်းလမ်းတွေ ရှိနေတာဖြစ်ပါတယ်။ လတ်တလော စစ်မှုမထမ်းမနေရ ဆင့်ခေါ်ခံရခြင်းကနေလွတ်မြောက်ဖို့နည်းလမ်းက ပြည်ပမှာ နေထိုင်ခြင်း သို့မဟုတ် အချို့က PDF လက်နက်ကိုင်အဖွဲ့ထဲ ဝင်ရောက်ခြင်းသာဖြစ်လိမ့်မယ်လို့ ဆိုကြပါတယ်။ ပြည်ပမှာ အလုပ်နဲ့ ဖြစ်စေ ငွေကြေးတတ်နိုင်သူတွေက ပညာသင်ကြားတာမျိုးဖြစ်စေ စေလွှတ်ကြသလို တရားဝင်လမ်းကြောင်းကနေသွားရောက်ဖို့ ကုန်ကျစရိတ်မတတ်နိုင်သူတွေကတော့ နယ်စပ်ကနေ တရားမဝင်ဝင်ရောက်ပြီး အလုပ်အကိုင်ရှာဖွေ လုပ်ကိုင်ကြဖို့ ကြိုးစားနေကြတဲ့သတင်းတွေ ခုတလအတွင်း ခပ်စိပ်စိပ်တွေ့နေရတာဖြစ်ပါတယ်။ ပြည်ပကိုမသွားရောက် ပဲ စစ်ကောင်စီတပ်မှာ ဆွဲသွင်းခံရမယ့်အတူတူ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ PDF သို့မဟုတ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဆီဝင်ရောက်ဖို့ စိတ်ပိုင်းဖြတ်လိုက်ကြပြီး နယ် မြေအသီးသီးမှာ ရှိနေကြတဲ့ PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထံ ဆက်သွယ်ကြသူ စာရင်းပေးကြသူတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီရဲ့ ဝါဒဖြန့်တဲ့ တယ်လီဂရန်နဲ့သတင်းဝက်ဆိုက်တွေမှာတော့ အသက်အရွယ်အရ အကျုံး ဝင်သူ ကျား/မ စုစုပေါင်း ၁၃ သန်းရှိတယ်လို့ ဆိုပြီး တလမှာ ၅ ထောင်နှုန်းနဲ့ တနှစ် ၆ သောင်းသာ ခေါ်ယူနိုင်မယ်လို့ ဆိုကြပေမယ့် ခြစားမှု လာဘ်ယူမှုနဲ့ ပျက်စီးနေတဲ့ စစ်ကောင်စီရဲ့ ယန္တရားက အခုလို လူထုတွေစိတ်ပူပန်ပြီး ယောက်ယက်ခတ်နေတဲ့အနေအထားကို အခွင့်ကောင်းယူပြီး ငွေ ကြေးမတန်တဆတောင်းခံကာ ငွေနင့်နေအောင်ပေးနိုင်သူတွေကို ဥပဒေ၊ နည်းဥပဒေပါ ခြွင်းချက်တွေနဲ့ အကျုံးဝင်အောင်လုပ်ပြီး ငွေမတတ်နိုင်သူတွေကို စစ်သားစုဆောင်းမှာ အသေအချာဖြစ်ပါတယ်။ 

ဖေဖေါ်ဝါရီ ၁၀ ရက်နေ့နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ စစ်မှုထမ်းဥပဒေ အသက်ဝင်ခြင်းရဲ့ ဂယက်ဟာ နိုင်ငံရေးဂယက်ချည်း သက်သက်မဟုတ်တာတွေ့ရမှာဖြစ်ပါတယ်။ နဂိုကတည်းက စက်မက်ဖြစ် ပွားမှုတွေ၊ စီမံခန့်ခွဲမှုအလွဲတွေ၊ ခြစားမှုတွေနဲ့ ပြိုလဲလုလုစီးပွားရေးကို ထပ်မံပြီး ကြီးမားစွာထိုးနှက်ဦးမှာ ဖြစ်ပါတယ်။ အတတ်ပညာ၊ ကျွမ်းကျင်မှုနဲ့ ပြည်တွင်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အသက် ၁၈ ကနေ ၃၅ နှစ်အကြား လူငယ်တွေထဲကအများအပြား အလုပ်ကို စွန့်ခွာကာ ပြည်ပထွက်ဖို့ ကြိုးစားနေကြတဲ့သတင်းတွေ နေ့စဥ်ကြားသိနေရတာ ဖြစ်ပါတယ်။ စစ်ပွဲရောက်မလာသေးတဲ့မြို့ကြီးတွေမှာ အတတ်ပညာ၊ အသိပညာနဲ့ အသက်မွေးနေသူတွေ ပြည်တွင်းမှာမရှိကြတော့ပဲ လူတဦးချင်း သို့မဟုတ် လုပ်ငန်းအလိုက် ပြည်ပကိုပြောင်းရွှေ့အခြေစိုက်နေကြတဲ့သတင်းတွေလည်း ကြားသိနေရာတာ ဖြစ်ပါတယ်။ 

ဒီလို လုပ်သားအင်အားတွေ ကျွမ်းကျင်မှုတွေ အခြေပျက်ကာ ဆုံးရှုံးခြင်းကလည်း မြန်မာနိုင်ငံရဲ့ စီးပွားရေးက အခြေအနေကို ထပ်မံထိခိုက် ကျဆင်းစေဦးမှာ ဖြစ်ပါတယ်။ 

အချုပ်အားဖြင့်ဆိုရရင် စစ်ကောင်စီရဲ့ နောက်ဆုံး မျှော်လင့်ချက်အနေနဲ့ သဘောထားပြီး ဆွဲလိုက်တဲ့ ကြိုးတမျှင်က သက်ရောက်မှုတွေ ၄င်းတို့အတွက်တန်ပြန်သက်ရောက်မယ့် အကျိုးဆက်တွေ နဲ့ အတူ လူထုကိုလည်း စိုးရိမ်ပူပန်မှု၊ ကသောင်းကနင်း ဖြစ်မှုတွေဆီ သယ်ဆောင်သွားနေတာ ဖြစ်ပါတော့တယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar