ရှမ်းမြောက်မှာ ပြဿနာဖြစ်လာနိုင်တဲ့ နယ်မြေစိုးမိုးထိန်းချုပ်ရေး
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင်လ ၁၈ မြင်ကွင်း
ရှမ်းမြောက်မှာ ပြဿနာဖြစ်လာနိုင်တဲ့ နယ်မြေစိုးမိုးထိန်းချုပ်ရေး
ရှမ်းပြည်နယ် မြောက်ပိုင်း ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး ရက်အနည်းငယ်အတွင်း မြို့တွေ တပ်စခန်းတွေ နယ်မြေ သိမ်းယူနိုင်မှုတွေက ယခင် ပထမအကျော့တုန်းကလိုပဲ မြန်မြန်ဆန်ဆန် တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။
ဇွန်လ ၂၅ ရက်ဝန်းကျင်က ဒုတိယအကျော့ စစ်ဆင်ရေး စတင်ခဲ့တာ ဖြစ်လို့ အခုဆိုရင် သီတင်း ၃ ပတ်ကျော်လာချိန်မှာ ကျောက်မဲမြို့၊ နောင်ချိုမြို့ နဲ့ မိုးကုတ်မြို့ တစိတ်တပိုင်း သိမ်းယူနိုင်ခဲ့ပြီး ကျောက်မဲမြို့ကို ထိန်းထားဖို့ ပြန်လည် ခုခံကာကွယ်နေကြရတဲ့ အနေအထားမှာ ရှိနေပါတယ်။
ပထမတကျော့ စစ်ဆင်ရေးက အောက်တိုဘာလ ၂၇ ရက်ကနေ ဇန်နဝါရီ ၁၂ ရက်ဝန်းကျင်အထိ ၂ လ ခွဲခန့်ကြာမြင့်ချိန်မှာ တရုတ်နိုင်ငံရဲ့ ကြားဝင် စေ့စပ်မှုနဲ့ တဖက်မှာ ဖိအားပေးမှုတွေကြောင့် တိုက်ခိုက်မှုကို ရပ်တန့်ခဲ့ပြီး အပစ်ရပ်ကာလအားဖြင့် ၅ လကျော်ကြာမှာ ဒုတိယအကျော့ ပြန်လည်စတင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ၅ လတာအတွင်း စစ်ကောင်စီ အပါအဝင် မြောက်ပိုင်း လက်နက်ကိုင် မဟာမိတ် ၃ ဖွဲ့ နဲ့အတူ အခြားသော ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း ဒုတိယအကျော့ ဖြစ်ပွားလာနိုင်ခြေကို မျှော်လင့်ထားကြလို့ ပြင်ဆင်မှုတွေ လုပ်ထားကြတယ်လို့ ဆိုနိုင်ပါတယ်။
ဒုတိယအကျော့ စစ်ဆင်ရေးမှာ ပြောင်းလဲလာတဲ့ အခင်းအကျင်းတခု မဟာမိတ်ဖွဲ့မှု၊ အကျိုးစီးပွားဆိုင်ရာ လျှို့ဝှက် ဆွေးနွေးပြောဆိုမှုတွေ ရှိနေတဲ့ လက္ခဏာ၊ ရန်ဘက် ဖြစ်တယ်လို့ ယေဘုယျ သတ်မှတ်ထားကြတဲ့ လက်နက်ကိုင်အဖွဲ့တွေအကြား ယာယီမဟာမိတ်၊ ရန်ဘက်ဖြစ်တဲ့ အကြောင်းရင်းကို ခေတ္တ ဆိုင်းငံ့ထားကြပြီး နောက်အချိန်တခု အခြေအနေတခုရောက်မှ ဆက်ဆွေးနွေးမယ် ဆိုတဲ့ သဘောမျိုး စဥ်းစားမှု၊ ချိတ်ဆက် လှုပ်ရှားမှုတွေ ဖြစ်ပေါ်နေတာ ပိုမိုထင်ရှားလာတဲ့ အနေအထား ဖြစ်ပါတယ်။
လက်နက်ကိုင်အဖွဲ့တွေ အများအပြား လှုပ်ရှားနေကြတဲ့ ရှမ်းမြောက်ဒေသရဲ့ အခြေအနေက အထက်က ဆွေးနွေးခဲ့တဲ့ နယ်မြေ စိုးမိုးထိန်းချုပ်ရေးနဲ့ မိမိတို့ရဲ့ အင်အားကို ထိန်းသိမ်းထားရေး ရန်သူနဲ့ မိတ်ဆွေဆိုတဲ့ သတ်မှတ်ချက်တွေကို ပြန်လည်အကဲဖြတ်သုံးသပ်ခြင်း၊ အတိတ်က သတ်မှတ်ခဲ့ကြတဲ့ ရန်သူမိတ်ဆွေ သတ်မှတ်ချက်တွေကို ပြန်သုံးသပ်ပြီး လတ်တလော အနေအထားအရ ဘယ်အဖွဲ့က ရန်သူ၊ ဘယ်အဖွဲ့က ကြားနေ၊ ဘယ်အဖွဲ့က ယာယီ မဟာမိတ်၊ သို့မဟုတ် အကျိုးစီးပွားအရမဟာမိတ် ဆိုတဲ့ပြီး ပြန်လည် အကဲဖြတ် သတ်မှတ်ကြတဲ့ အနေအထားမျိုးလည်း တွေ့လာနေရတာ ဖြစ်ပါတယ်။
ပထမ အပြောင်းအလဲက လားရှိုးမြို့ကို သိမ်းယူဖို့ ကြိုးစားလာတဲ့ MNDAA ကိုးကန့်လက်နက်ကိုင်အဖွဲ့ရဲ့ အကန့်အသတ် စည်းတခုကို ချဖို့ အတွက်နဲ့ စစ်ကောင်စီ အနေနဲ့ အားလုံးကို မိမိတပ်တွေ ထိန်းမထားနိုင်တဲ့ အနေအထားမှာ လက်တွေ့ ပကတိအခြေအနေကို အကဲဖြတ်ပြီး ယခင်တုန်းက သဘောမတူခဲ့ဖူးတဲ့ သဘောတူညီမှု၊ ခွင့်ပြုချက်၊ ညှိနှိုင်းမှုတွေ လုပ်ပြီး လားရှိုးမြို့ ကို ခုခံကာကွယ်နေချိန်မှာ တန့်ယန်းမြို့နဲ့ မိုင်းရယ်မြို့တို့ကို ဝ ပြည်သွေးစည်းညီညွတ်ရေး UWSA လက်နက်ကိုင်တပ်နဲ့ သျှမ်းပြည်တိုးတက်ရေး ပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ထံ အတိုင်းအတာကာလတခု သို့မဟုတ် အခြေအနေ သတ်မှတ်ချက်နဲ့ လွှဲအပ်ခဲ့ပြီး အဲဒီဒေသမှာ ရှိနေတဲ့ ၄င်းရဲ့တပ်တွေကို လားရှိုးနဲ့ ကျောက်မဲ စစ်ပွဲတွေမှာ ထုတ်နုတ်အသုံးချဖို့ ဆုံးဖြတ်လုပ်ဆောင်ခဲ့တဲ့ သဘောမျိုး ကောက်ချက်ချမယ်ဆို ချနိုင်ပါတယ်။
ဒီအဖြစ်အပျက်တွေက ဇူလိုင်လ ၁၁ ရက်နေ့ ဒုတိယအကျော့ စစ်ဆင်ရေး စတင်ပြီး ၃ ပတ်နီးပါး အကြာ၊ ကျောက်မဲ၊ နောင်ချိုမြို့တို့ လက်လွှတ်လိုက်ရချိန်မှာ ဖြစ်ပေါ်လာတာ ဖြစ်ပြီး ကြားသိရတဲ့ သူတွေအနေနဲ့ အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ ဇူလိုင် ၁၁ ရက်နေ့မှာ UWSA အင်အား ၂၀၀၀ ဝန်းကျင် တန့်ယန်းမြို့ထဲ အလံတွေ လွှင့်ထူပြီး ဝင်ရောက်လာကြတာကို သတင်းတွေ၊ မျက်မြင်တွေ့သူတွေက လူမှုကွန်ရက်တွေမှာ ဓာတ်ပုံ၊ ဗီဒီယိုနဲ့ တကွ ဝေမျှခဲ့ကြတာတွေ့ရပါတယ်။ အဲဒီနောက်ရက်မှာပဲ ဆက်တိုက်ဆိုသလို မိုင်းရယ်မြို့ကို SSPP/SSA တပ်တွေ ဝင်ရောက်လာကြတဲ့ ဖြစ်ရပ်တွေက ရှမ်းမြောက်ဒေသက တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စိတ်ဝင်တစား စောင့်ကြည့်နေသူတွေကို အံ့အားသင့်သွားစေပါတယ်။
အထက်ပါ အဖြစ်အပျက် ၂ ခုတင်မကပဲ ဇူလိုင်လ ၁၇၊ ၁၈ ရက်တွေမှာ SSPP/SSA တပ်တွေ နမ့်ခမ်းမြို့ကနေ ဖြတ်သန်းသွားတာ၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ ဧရိယာတွေမှာ စစ်ကောင်စီ ဆုတ်ခွာတဲ့ စခန်းနဲ့ နယ်မြေလို နေရာတွေကို နေရာဝင်ယူ ထိန်းချုပ်တာတွေ လုပ်ဆောင်လာတဲ့ သတင်းတွေ ဆက်ပြီး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
သာမန် လူထုအမြင်မှာတော့ စစ်ကောင်စီဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးနဲ့ NUG ရဲ့ PDF သို့မဟုတ် ဒေသကာကွယ်ရေး တပ်ဖွဲ့ LPDF တွေအားလုံးရဲ့ ဘုံရန်သူလို့ ယူဆနားလည် ကြပြီး အခုတိုက်ပွဲတွေမှာ တိုင်းရင်းသား လက်နက်ကိုင်တွေက တဖက်၊ စစ်ကောင်စီက တဖက်လို့ ယေဘုယျ နားလည်ထားကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ပွဲတွေ တိုက်ခိုက်ကြရာမှာ အနိုင်ရပြီး သိမ်းယူနိုင်တဲ့ နယ်မြေတွေနဲ့ မြို့တွေကို ဆက်လက်အုပ်ချုပ်ဖို့၊ ဒီနယ်မြေဒေသတွေက ကောက်ခံရရှိမယ့် အခွန်အကောက်၊ ဆင့်ခေါ် စုဆောင်းမယ့် စစ်သားစုဆောင်းမှု၊ သယံဇာတက ရရှိမယ့် ဝင်ငွေတွေက အဲဒီလက်နက်ကိုင်အဖွဲ့ရဲ့ အကျိုးစီးပွားလို့ ဆိုရင် မမှားပါဘူး။
ဒီနေရာမှာ စဥ်းစားစရာ အရေးကြီးတဲ့ အချက်တချက်က အများစုသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ စတင်ပေါ်ပေါက်လာကြရာမှာ ၄င်းတို့ ကိုယ်စားပြုတဲ့ လူမျိုးနွယ် တနည်းအားဖြင့် အမျိုးသားအရေးကို ထမ်းဆောင်ပါမယ်၊ ၄င်းတို့ လူမျိုးတွေကို ကာကွယ်ပေးပါမယ် ဆိုတဲ့ စည်းရုံးမှု၊ တနည်း အခြေခံအကြောင်းရင်းကနေ အမျိုးသား လွတ်မြောက်ရေး၊ အမျိုးသားကာကွယ်ရေး ဆိုတဲ့ အမည်နာမတွေနဲ့ လက်နက်ကိုင် အဖွဲ့တွေ ဖွဲ့စည်းလာကြတာ ဖြစ်လို့ ၄င်းတို့ ကိုယ်စားပြု အမည်ယူထားတဲ့ လူမျိုးတွေ နေထိုင်ကြတဲ့ ဒေသတွေကို အကာအကွယ်ပေးဖို့ ဆိုပြီး ရည်ရွယ်ဖွဲ့စည်း ခဲ့ကြတာဖြစ်ပါတယ်။
၁၀၂၇ ပထမအကျော့ စစ်ဆင်ရေးမှာ စစ်ကောင်စီလက်ထဲက နယ်မြေတခုကို တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့ အဖွဲ့က အုပ်ချုပ်ခွင့်၊ ထိန်းချုပ်ခွင့် အာဏာ ၃ ရပ်နဲ့ လုပ်ဆောင်ခွင့် ရတဲ့ အနေအထားမျိုး ဖြစ်လာရာက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြားမှာ ကျေလည်တဲ့ သဘောတူညီမှုမျိုး မရှိခဲ့တဲ့ သဘောတွေ့ရမှာ ဖြစ်ပါတယ်။
စစ်ကောင်စီလက်ထဲက သိမ်းယူပြီး နယ်မြေဒေသတွေမှာ လက်နက်ကိုင် အဖွဲ့အချင်းချင်း အကြား၊ ဖြတ်သန်းသွားလာခွင့် စစ်ဆေးရေး ဂိတ်ဖွင့်လှစ်ခွင့် ဝင်ထွက်ခွင့်တွေနဲ့ပတ်သက်ပြီး ပွတ်တိုက်မှုတွေ တခုမက ဖြစ်ပွားခဲ့ပြီး ဖြစ်ပါတယ်။ ဒီပြဿနာတွေကို အောက်ခြေ တပ်ဖွဲ့ဝင်တွေအကြား နားလည်မှု လွဲမှားမှုကြောင့်လို့ ယေဘုယျအားဖြင့် ပြောဆိုကြပေမယ့် နောက်ကွယ်မှာ မကျေလည်မှုတွေ၊ လက်ဦးမှုရယူတာလို့ နားလည်နေကြတာတွေ၊ အစဥ်အဆက် မိမိတို့ လူမျိုးစုတွေ နေထိုင်ခဲ့ကြတဲ့ ဒေသတွေဟာ မိမိတို့ လူမျိုးလက်နက်ကိုင် အဖွဲ့တွေက အုပ်ချုပ်သင့်တယ်ဆိုတဲ့ အယူအဆ အမြင်တွေလည်း ရှိနေကြတာ ဖြစ်ပြီး အဆိုပါ မကျေလည်မှုတွေက ဒုတိယအကျော့ စစ်ဆင်ရေး စတင်ချိန်မှာ လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ နောက်ကျမနေဖို့ စေ့ဆော်စေတာလည်း ဖြစ်ပါတယ်။
ဒီလို ပြဿနာဖြစ်နိုင်တဲ့ အဖြစ်အပျက်တွေ၊ ဖြစ်ပွားလာတဲ့ အဖြစ်အပျက်တွေကို ဖြေရှင်းနိုင်ဖို့ အခြေခံ နိုင်ငံရေး သဘောတူညီချက် တခု ရှိဖို့လိုအပ်သလို မဟာမိတ်လို့ ဆိုတဲ့ လက်နက်ကိုင် အဖွဲ့တွေအကြား စနစ်ယန္တရား အဖွဲ့အစည်းရှိဖို့ လိုအပ်တာလည်း ဖြစ်ပါတယ်။ လတ်တလောမှာ ငြိမ်းချမ်းရေး ဆွေးနွေးမှုကာလက ဖွဲ့စည်းထားတဲ့ FPNCC သာရှိနေပြီး FPNCC ရဲ့ တာဝန် နဲ့ ဝတ္တရားက အခုလတ်တလော ဖြစ်ရပ်တွေ အပေါ် အခြေပြုထားတာ မဟုတ်တာကြောင့်လည်း ပြဿနာတိုင်းမှာ ဒီအဖွဲ့ကို အသုံးပြုဖို့ အခက်အခဲရှိနေတာလားလို့ စဥ်းစားစရာလည်း ရှိနေတာ ဖြစ်ပါတယ်။
မဟာမိတ်၊ ရန်သူ ဆိုတဲ့ စကားလုံးတွေ၊ အဓိပ္ပာယ် သတ်မှတ်ချက်တွေက များသောအားဖြင့် အကျိုးစီးပွားအပေါ် အခြေပြုပြီး သတ်မှတ်ကြတာကြောင့် မဟာမိတ်လို့ ဆိုသော်လည်း အကျိုးစီးပွားချင်း ပဋိပက္ခ ဖြစ်နေကြလျှင်ဖြင့် မဟာမိတ်ဆိုတဲ့ သတ်မှတ်ချက်က ဘက် အပြောင်းအလဲတွေ ရှိနေမှာဖြစ်တယ် ဆိုတာ သတိပြုကြဖို့ အရေးကြီးတာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်ရဲ့ သမိုင်းတလျှောက် လက်နက်ကိုင် အင်အားနဲ့ နယ်မြေတွေ တိုက်ခိုက်သိမ်းပိုက်ကြ စိုးမိုးကြတဲ့ သမိုင်းအဖြစ်အပျက်တွေ အတက်အကျ အနိမ့်အမြင့်တွေ များစွာရှိခဲ့ကြတာ ဖြစ်ပြီး၊ နိုင်ငံရေးအခြေခံမူတွေ၊ ဆွေးနွေး သဘောတူညီမှုတွေ၊ အခြားသော လူမျိုးစုတွေရဲ့ နယ်မြေ အုပ်ချုပ်ပိုင်ခွင့်၊ တန်းတူရပ်တည်ခွင့် စတဲ့ တန်ဖိုးတွေကို အခြေခံတဲ့ ပြည်နယ်ကြီးတခုဖြစ်ဖို့ အတိတ်က အမှားတွေသာမက လက်ရှိပစ္စုပ္ပန် မှားနိုင်ခြေတွေကိုပါ လေ့လာ သင်ခန်းစာယူဖို့ အရေးကြီးတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar