ရေဘေး နဲ့ စစ်ဘေးနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအကျိုးဆက်တွေ
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၂၁ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၂၄
ရေဘေး နဲ့ စစ်ဘေးနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအကျိုးဆက်တွေ
ယခု စက်တင်ဘာလထဲမှာ မြန်မာနိုင်ငံအနှံ့အပြားလို့ ဆိုရလောက်အောင် ပြည်နယ်တိုင်းဒေသတွေ ၅ ခုထက်မနည်းက မြို့တွေရွာတွေမှာ ရုတ်တရက် တောင်ကျရေကျရောက်ပြီး မျောပါကာ အသက်ဆုံးရှုံးရတာ၊ ရေကြီးနစ်မြုပ်ပြီး အသက်သေဆုံးမှုနဲ့ နေအိမ်၊ ကျွဲနွား၊ စိုက်ပျိုးထားတဲ့ လယ်၊ ယာတွေဆုံးရှုံးတဲ့ အဖြစ်အပျက်တွေ ရက်ပိုင်းတင်မကပဲ သီတင်းပတ်ချီ ဖြစ်ပွားနေပြီး လူရာနဲ့ချီ အသက်ဆုံးရှုံးကာ ပျောက်ဆုံးနေသူတွေလည်းရှိနေကြတာ ဖြစ်ပါတယ်။ ကျယ်ပြန့်တဲ့ ဒေသ၊ မြစ်တွေချောင်းတွေနဲ့ ထိစပ်နေတဲ့ ကျေးရွာတွေ မြို့တွေမှာ ရေရုတ်တရက် မြင့်တက်လာတာ ပြင်းထန်တဲ့ အရှိန်အဟုန်နဲ့ တောင်ကျရေကျပြီး သိမ်းကျုံးတိုက်စားကာ နေအိမ်၊ လူနဲ့ ကျွဲနွားတွေ မျောပါသေဆုံးရတဲ့ အဖြစ်အပျက်မျိုး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားတာ မြန်မာနိုင်ငံအဖို့ အခုတကြိမ်ဟာ ပထမဆုံးဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ယခင်က ဖြစ်ပျက်ဖူးပေမယ့် ကျယ်ပြန့်တဲ့ ဒေသအတိုင်းအတာနဲ့ ဖြစ်ပွားတာမျိုး မရှိခဲ့ပါဘူး။ ဒီဖြစ်ပွားမှုတွေကို လေ့လာကြည့်တဲ့အခါ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးထားတဲ့ နေရာဒေသတွေလိုမျိုးမှာ ပိုမိုထိခိုက် ဆုံးရှုံးကြရတဲ့ အထောက်အထားတွေလည်း တွေ့ကြရမှာ ဖြစ်ပါတယ်။ သစ်တောတွေ ပြုန်းတီးတဲ့ အနေအထားရောက် အောင် ထုတ်လုပ်ထားကြတဲ့ ဒေသတွေက မြို့တွေ၊ ရွာတွေ၊ ရွှေ၊ သတ္တု စတဲ့ သယံဇာတတွေ အလွန်အကျွံထုတ်လုပ်ဖို့ရာ တောတွေခုတ်ထွင်ပြီး မြေတွေ တူးထားတဲ့ ဒေသတွေ၊ မြို့ရွာဖေါ်ထုတ်ရာမှာ ရေကြီးမြေပြိုနိုင်တဲ့ အနေအထားမျိုး ထည့်သွင်းတွက်ချက်ခြင်း မရှိပဲ နေရာချထားတဲ့ နေရာတွေမှာ ပိုမိုပြီး လူ့အသက်ဆုံးရှုံးမှုတွေနဲ့ ပျက်စီးဆုံးရှုံးမှု ပိုများတာတွေ့ရတာပါ။
ဥပမာအားဖြင့် ရမည်းသင်းမြို့နယ်ထဲက မိုးထိ မိုးမိဒေသမှာ ရေကြီး၊ တောင်ကျရေကျတဲ့ ဖြစ်ရပ်မှာ လူအသက်ဆုံးရှုံးမှု အများဆုံးတွေ့ရမှာဖြစ်ပါတယ်။ ရွှေရှာဖို့ရာ သဘာဝ တောတွေကို ခုတ်ထွင်ပြီး မြေတွေကို တူးကာ တနေရာမှ တနေရာရွှေ့ပြောင်းပြီး ရွှေမျောထုတ်လုပ်တဲ့ ဒေသဖြစ်သလို မြစ်ဝှမ်းလွင်ပြင်လို ဒေသမဟုတ်ပဲ တောင်တွေ ကုန်းတွေနဲ့ ဒေသဖြစ်တာကလည်း ဒီဒေသမှာ အသက်မွေးဝမ်းကျောင်းမှု အတွက် လာရောက်နေထိုင်ကြသူတွေ၊ နကိုကတည်းက စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ပြီး နေထိုင်ကြတဲ့ ဒေသခံ တွေအတွက် အန္တရာယ်ပိုမိုကျရောက်စေတဲ့ အကြောင်းဖြစ်စေခဲ့ပါတယ်။ ရွှေထုတ်လုပ်တဲ့ လုပ်ငန်းဖြစ်လို့ အလုပ်သမား အများအပြားလိုအပ်ပြီး နကိုထက် လူဦးရေထူထပ်လာခြင်းကလည်း သဘာဝဘေးအန္တရာယ် ကျရောက်ချိန်မှာ အသက်ဆုံးရှုံးမှု များစေတာ ဖြစ်ပါတယ်။
အလားတူ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း နဲ့ ကရင်နီဒေသတို့မှာလည်း သစ်တောပြုန်းတီးမှုက အခုလို မုန်တိုင်းအကြွင်းအကျန် နဲ့ မိုးသည်းထန်စွာရွာသွန်းမှုကနေ မကြုံဖူးတဲ့ရေဘေး အန္တရာယ်အဖြစ်ကို ပြောင်းလဲ ကျရောက်စေတာ ဖြစ်ပါတယ်။
ယခင် စစ်အစိုးရလက်ထက်တွေကတည်းက ဆယ်စုနှစ်နဲ့ချီ သစ်အလွန်အကျွံ ထုတ်လုပ်မှု၊ သယံဇာတ အလွန်အကျွံထုတ်လုပ်မှုတွေက အခုလို သဘာဝဘေးအန္တရာယ် ကျရောက်ချိန်မှာပိုမို ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်း သယံဇာတ အလွန်အကျွံထုတ်လုပ်မှုတွေ၊ သစ်ထုတ်လုပ်မှုတွေ မြန်မာနိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတာပါ။ သာဓက အားဖြင့် ပြရရင် ကချင်ပြည်နယ် ဖားကန့်ဒေသမှာ တဖက်မှာ လက်နက်ကိုင် တိုက်ပွဲတွေ ပြင်းပြင်ထန်ထန် ဖြစ်ပွားနေသည့်တိုင် တရားဥပဒေ စိုးမိုးမှုမရှိတော့တဲ့ အခြေအနေအောက်မှာ ကျောက်စိမ်းတူးဖော်တာတွေ တလျှောက်လုံး ဖြစ်ပွားနေပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနဲ့ ပတ်သက်လို့ ထိန်းကွပ်မှုတွေ မရှိတော့တဲ့ အနေအထားရောက်ရှိနေသလို၊ စစ်ကိုင်းတိုင်း အလောင်းတော် ကဿပ ဘေးမဲ့ သစ်တောကြိုးဝိုင်းဒေသလိုမျိုးမှာလည်း တရားမဝင် သစ်ထုတ်လုပ်မှုတွေ ဘယ်တုန်းကနဲ့မှ မတူအောင် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းထဲက ဧရာဝတီ မြစ်၊ ချင်းတွင်းမြစ်တကြောမှာလည်း ရွှေမျောလုပ်ငန်းတွေ ဘယ်တုန်းကနဲ့မှ မတူအောင် များပြားလာတဲ့ အနေအထားတွေလည်း သတင်းတွေထဲ တစွန်းတစ ကြားသိကြရမှာ ဖြစ်ပါတယ်။
ဒီကာလမှာ သဘာဝ ပတ်ဝန်းကျင် မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆိုတဲ့ တိုက်တွန်းနှိုးဆော်မှုတွေက ခေတ်နဲ့ မဆီလျော်သလို ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ အဖွဲ့အစည်းတွေရဲ့ ရံပုံငွေ၊ ခြစားမှု၊ လက်နက်ကိုင် ပဋိပက္ခမှာ လိုအပ်တဲ့ ရန်ပုံငွေ ရရှိဖို့ အရေးကိစ္စတွေက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုတွေကို ဖုံးလွှမ်းသွားခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီလို ဖြစ်စဥ်တွေ၊ ဖြစ်ရပ်တွေရဲ့ အကျိုးဆက်အနေနဲ့ အခုလိုရေဘေးအန္တရာယ် ကျရောက်တဲ့အခါ အသက်ဆုံးရှုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှု များပြားကြတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ကျရောက်နေဆဲ ရေဘေးအန္တရာယ်ကို လူထုအချင်းချင်း ကူညီဖေးမကြ ကူညီကြပေမယ့် နောက်မဝေးတဲ့ ကာလ၊ အနာဂတ်တွေမှာ ထပ်မံကျရောက်နိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေ၊ လူလုပ်ဘေးအန္တရာယ်တွေကို လျော့ချ တားဆီးဖို့ရာမှာ ဘယ်အဖွဲ့အစည်းလိုမျိုးက တာဝန်ရှိတယ်လို့ ယူဆကြလဲ ဆိုတဲ့ မေးခွန်းပေါ်ထွက်လာပေမယ့် အဖြေကတော့ မရှိသေးဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ လူထုရဲ့ အနာဂတ်က လူထုလက်ထဲ ပြည့်ပြည့်ဝဝ မရှိတဲ့ သဘောကလည်း ထင်ရှားနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar