Breaking News

ကောင်းဇေလူ - မြန်မာ့အရေး - ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၀င် နိုင်ငံကြီးကိုယ်တိုင် စစ်ရာဇ၀တ်မှု ကျူးလွန်နေပြီလား

ကောင်းဇေလူ - မြန်မာ့အရေး - ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၀င် နိုင်ငံကြီးကိုယ်တိုင် စစ်ရာဇ၀တ်မှု ကျူးလွန်နေပြီလား

(မိုးမခ) စက်တင်ဘာ ၂၂ ၊ ၂၀၂၄


အခုတလော မြန်မာ့အရေးမှာ တရုတ်နိုင်ငံရဲ့ လက်ရဲဇက်ရဲစွက်ဖက်မှုတွေက အတော် တရားလွန်နေတာတွေ့ရတယ်။ နွေဦးတော်လှန်ရေး ဘက်တော်သားတွေအနေနဲ့ ရှေးကထက်ပိုပြီး ညီညွတ်ကြဖို့နဲ့ ပိုပြီးဇွဲရှိကြဖို့ တရုတ်က တပ်လှန့်နေပြီလို့ သဘောထားကြရပေလိမ့်မယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မ့ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဘူးလို့  ကြိမ်ဖန်များစွာ  ပြောနေပေမယ့် လက်တွေ့လုပ်ရပ်တွေကတော့ ဆန့်ကျင်ဖက် ဖြစ်နေတာ မြင်နေရတယ်။ မကြာသေးခင်ကပဲ TNLA အနေနဲ့ တိုက်ပွဲတွေ ချက်ချင်းမရပ်ဘူးဆိုရင် တရုတ်က ကြောက်ရွံ့ကျိုးနွံသွားအောင် ဆုံးမသွန်သင်ခြင်းနည်းလမ်းတွေကို ပိုမိုလုပ်ဆောင်သွားမှာဖြစ်ပြီး ဖြစ်ပေါ်လာတဲ့ အကျိုးဆက်အားလုံးကို TNLA က တာဝန်ယူရမယ်လို့လည်း ခြိမ်းခြောက်စာပေးပို့ခဲ့ပါသေးတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ မတည်မငြိမ်ဖြစ်မှု၊ စစ်ပွဲဖြစ်နေမှုတွေကို ဆန့်ကျင်ပြီး ပြည်ပအင်အားစုတွေက မြန်မာနိုင်ငံပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှုတွေကို ဆန့်ကျင်တယ်လို့လည်း ဆိုတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ချစ်ကြည်ရေးမူဝါဒဟာ "ပြည်သူတစ်ရပ်လုံးကို မျက်နှာမူတယ်လို့ဆိုတယ်။ ဒါပေမယ့် လက်တွေ့မှာ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်၊ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ကျေးရွာတွေကို  ဗုံးကြဲ မီးရှို့စသဖြင့် စစ်ရာဇ၀တ်မှုတွေ ကျူးလွနေတဲ့ မင်းအောင်လှိုင်ဘက်ကို မျက်နှာမူနေတာတွေ့ရတယ်။ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေဘက် ကိုိုအမြန်ဆုံး အပစ်အခတ်ရပ်စဲဖို့နဲ့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းဖို့ တရုတ်က တိုက်တွန်းနေပေမယ့်၊ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်နေတဲ့ မင်းအောင်လှိုင်တပ်တွေကိုတော့  အကြမ်းဖက်လူသတ်မီးရှိုနေတာ ရပ်ဖို့ နှုတ်ဆိတ်နေတာ တွေ့ရတယ်။ တရုတ်စီမံကိန်းတွေနဲ့ သူတို့နိုင်ငံသားတွေကို ကာကွယ်ပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တရုတ် သံအမတ်ကြီး မစ္စ မာကျားတို့က စစ်ကောင်စီခေါင်းဆောင်တွေကို ဩဂုတ်လထဲမှာ သုံးကြိမ်တိုင်တိုင် ပြောဆိုခဲ့ပေမယ့် စစ်ရေးပစ်မှတ် မဟုတ်တဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုမှုမလုပ်ဖို့ တရုတ်အနေနဲ့ မပြောခဲ့ဘူး။ ကရင်နီဒေသမှာ စာသင်ကျောင်းတွေနဲ့ ဒုက္ခသည်စခန်းတွေအပေါ် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအနေနဲ့ ထိထိရောက်ရောက်ကာကွယ်ပေးဖို့ ကရင်နီလူငယ်ကျောင်းဆရာ၊ ဆရာမတွေက တောင်းဆိုခဲ့တာ သတိပြုမိတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား ၅,၃၅၀ ထက်မနည်း သေဆုံးခဲ့ပြီး ၃.၃ သန်းကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကာ၊ စစ်ရေးပဋိပက္ခတွေကြောင့် လူဦးရေထက်ဝက်ကျော်ဟာလည်း ဆင်းရဲမွဲတွေမှု သတ်မှတ်ချက်ထက် နိမ့်ကျပြီး နေထိုင်နေကြရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး က စက်တင်ဘာ ၁၇ ရက်နေ့က သတင်းထုတ်ပြန်ထားတာတွေ့ရတယ်။ အခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို ပြင်းထန်စွာချိုးဖောက်ကျူးလွန်မှုမှာ တာဝန်ရှိသူတွေအနေနဲ့ တာဝန်ခံကြရမှာ ဖြစ်ကြောင်းနဲ့ ဒီအပြုအမူတွေကို ရှင်းရှင်းလင်းလင်းဖော်ထုတ်ပြီး ဟန့်တားဖို့ လိုအပ်ကြောင်း ဖော်ပြထားပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၀င်ဖြစ်တဲ့ အိမ်နီးချင်း တရုတ်ကတော့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုမျိုးစုံ ကျူးလွန်နေတာကို မမြင်ဟန်ပြုနေတာကတော့ အံ့သြစရာကောင်းပါတယ်။

ကရင်ပြည်နယ်အတွင်းမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေက လစဉ်ပုံမှန်လိုရှိနေပြီး ၂၀၂၄ ခုနှစ်ထဲမှာတော့ စစ်ဘေးရှောင်လူဦးရေသိန်းနဲ့ချီတိုးလာနေရာမှာ အခုဆိုရင် ကရင်ပြည်နယ်ထဲမှာ စစ်ဘေးရှောင်သူ တသန်းနှစ်သိန်းကျော်ထိ ရှိလာပြီလို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ပြောကြောင်း VOA ကဖေါ် ပြပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၃ နှစ်အကြာ မြန်မာနိုင်ငံရဲ့လူဦးရေ ၃ ပုံတပုံဖြစ်တဲ့ ၁၈.၆ သန်းဟာ လူသားချင်းစာနာထောက်ထားမှု အကူညီတွေလိုအပ်နေတယ်လို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA)ကပြောပါတယ်။ ဒီထဲက အိုးမဲ့အိမ်မဲ့ဖြစ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာသင်ကြားမှု အခွင့်အရေးဆုံးရှုံးမှု၊ စားနပ်ရိက္ခာမဖူလုံမှု၊ အာဟာရချို့တဲ့မှု၊ အတင်းအကြပ် လူစုဆောင်းမှု၊ စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေအပါဝင် အကာကွယ်မဲ့မှုတွေကို ကလေး ၆ သန်းက ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။

ဒီလို ပြည်သူတွေ စစ်ဘေးဒဏ်သင့်အောင် အာဏာလု စစ်တပ်က လုပ်ခဲ့တာကို သိသာထင်ရှားနေပါလျှက်နဲ့ အဲဒီအကြမ်းဖက်စစ်တက်ကို တရုတ်က ဆက်လက်ထောက်ခံပံ့ပိုးနေတယ်။          ဒါကြေင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ချစ်ကြည်ရေးမူဝါဒဟာ "ပြည်သူတစ်ရပ်လုံး"ကို မျက်နှာမူတယ်လို့ဆိုတာဟာ မျက်နှာပြောင်တိုက်ပြီး မုသားစကားပြောတာဖြစ်တယ်။

ဒီအတောအတွင်းမှာပဲ MNDAA ရဲ့  စက်တင်ဘာလ ၄ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ချက်ကို  တွေ့ရတဲ့အခါ တရုတ်နိုင်ငံအပေါ်  မြန်မာပြည်သူတွေ အတော်ရွံရှာသွားတာတွေ့ရတယ်။ စက်တင်ဘာလ ၄ ရက်နေ့က MNDAA ရဲ့ ထုတ်ပြန်ချက်ကို  လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပြီး မိနစ်ပိုင်းအတွင်းပြန်ဖြုတ်ချသွာပါတယ်။ MNDAA အနေနဲ့ နိုင်ငံတော်ရဲ့ အာဏာကိုမလုဘူး ၊ နိုင်ငံတော်ကနေ ခွဲထွက်တာ နဲ့ သီးခြားနိုင်ငံအသစ်ထူထောင်တာမျိုးကိုလည်း လုံးဝမလုပ်ဘူးလို့ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။ MNDAA အနေနဲ့ တရုတ်နိုင်ငံရဲ့ ဆန့်ကျင်ဘက် နိုင်ငံခြားအသိုင်းအဝိုင်းတွေနဲ့ အပြန်အလှန်မဆက်ဆံဖို့၊ မပူးပေါင်းဖို့၊ မဟာမိတ်မဖွဲ့ဖို့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပိုပြီးဆိုးရွားတဲ့အချက်က NUG နဲ့ စစ်ရေး ၊ နိုင်ငံရေးအရ မပူးပေါင်းဘူးဆိုတဲ့ သဘော ဖေ်ပြထားတယ်။

ဆိုးသထက် ဆိုးတာက တရုတ်နိုင်ငံအနေနဲ့ ဆိုရွားနေတဲ့မြန်မာနိုင်ငံအခြေအနေကို ပြေလည်အောင် အမြန်ကြားဝင်စေ့စပ်ပေးဖို့တောင်းဆိုထားပြီး MNDAA အနေနဲ့ ချက်ချင်းအပစ်ရပ်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပဋိပက္ခတွေကို နိုင်ငံရေးတွေ့ဆုံဆွေးနွေး ရေးလမ်းစဉ်နဲ့အဖြေရှာဖြေရှင်းသွားမယ်လို့လည်း ဆိုတယ်။ MNDAA ရဲ့ ထုတ်ပြန်ချက်တခုလုံးကိုကြည့်ရင် ဗမြန်မာ့ပြည်တွင်းရေး အပေါ် တရုတ်နိုင်ငံရဲ့ အခါတော်ပေးချက် အတိုင်း ဇောင်းပေးဖော်ပြထားတာကိုတွေ့ရပါတယ်။ ဒီထုတ်ပြန်ချက်ဟာ တရုတ်နိုင်ငံအနေနဲ့ တိုင်းရင်းသား လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့တွေအပေါ်  တရုတ်ဟာ ဘယ်လိုသဘောထားတယ်၊ ဘယ်လောက် သြဇာလွှမ်းမိုးမှုရှိတယ်ဆိုတဲ့ အချက်ကို ဖော်ပြနေတာတွေ့ရတယ်။

အခြားတဖက်မှာ တရုတ်နိုင်ငံခြားရေး ၀န်ကြီး ဝမ်ယိက သြဂုတ်လ ၁၄ ရက်နေ့မှာ မြန်မာ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပရေးကို ထောက်ခံကြောင်း၊  မြန်မာ့အရေးမှာ ပြည်ပအင်အားစုတွေ စွက်ဖက်မှုကို ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိက ပြောဆိုခဲ့တာကို တရုတ် နိုင်ငံပိုင် ရှင်ဟွာ သတင်းက ဖော်ပြခဲ့တယ်။

တရုတ်နိုင်ငံရဲ့ စစ်ကောင်စီ လုပ်မယ့် ရွေးကောက်ပွဲ ထောက်ခံမှုဟာ မြန်မာပြည်သူလူထုရဲ့ သဘောထားအမှန်ကို တိုက်ရိုက်ဆန့်ကျင်လိုက်ခြင်း ဖြစ်တယ်။ အကြမ်းဖက် စစ်ခေါင်းဆောင်ရဲ့ သွေးစွန်းနေတဲ့ လက်ကို ကိုင်ဆွဲနှုတ်ဆက်ခဲ့ခြင်းဟာ တရုတ်နိုင်ငံက စစ်တပ်ရဲ့ အကြမ်းဖက်မှု စစ်ရာဇ၀တ်မှုတွေ ကျူးလွန်နေမှုကို အားပေးထောက်ခံကြောင်း ဖော်ပြခြင်းဖြစ်တယ်။ တရုတ်ဟာ စကားအရ မြန်မာ့ပြည်တွင်းရေးကို မစွက်ဖက်ပါလို့ပြောနေပေမယ့် လက်တွေ့မြေပြင်ပေါ် မှာတော့ ‌လက်ရဲဇက်ရဲ ၀င်ရောက်စွက်ဖက်နေတယ်။

မြန်မာပြည်တွင်း ပဋိပက္ခတွေ ရှိနေပေမဲ့ ရခိုင်ပြည်နယ်က ကျောက်ဖြူစီမံကိန်း အပါအဝင် သူတို့ရဲ့ စီမံကိန်းတွေကို တရုတ်အစိုးရက ပုံမှန်ဆက်လည်ပတ်ဖို့ ကြိုးစားနေတာတွေ့ရတယ်။

စစ်ရေး အရှိန်မြင့်လာချိန်မှာတော့ တရုတ်က မဖြစ်မနေ တိုက်ရိုက်ပါဝင်ပတ်သက်ဖို့  အားထုတ်လာတယ်လို့ မြန်မာ့အရေးလေ့လာသူအချိုံက သုံးသပ်တယ်။ ဒေသတွင်း  အဓိကပြိုင်ဘက် အိန္ဒိယနိုင်ငံမှာ ခန့်အပ်ထားတဲ့ သံအမတ် မစ္စမာကျားကို မြန်မာနိုင်ငံမှာ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်စေခြင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ စစ်ခေါင်းဆောင်တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ခြင်း၊ မန္တလေးမှာ တရုတ်ကောင်စစ်ဝန် အသစ်ခန့်အပ်ခြင်း၊ မြန်မာ့အရေး တရုတ်က သူတို့လိုလားချက်တွေကို အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်း၊ အာဏာရှင်ဟောင်းတွေနဲ့ တွေ့ဆုံခဲ့ခြင်း၊ နိုင်ငံရေးပါတီတွေ နိုင်ငံရေးသမားတွေနဲ့ တွေ့ဆုံခြင်း၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အကြားမှာ ဆွေးနွေးပွဲတွေ ကြားခံစီစဉ်ပေးခြင်း အစရှိတဲ့ တရုတ်အစိုးရရဲ့ ခြေလှမ်းစိပ်စိပ် လှုပ်ရှားလာတာကို အချိန်တိုတိုအတွင်း တွေ့မြင်ရတဲ့အတွက် နွေဦးတော်လှန်ရေးအဖွဲ့တွေဘက်က အထူး သတိရှိကြဖို့လိုပါတယ်။

တရုတ်ရဲ့  ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒအရ မြန်မာ အကြမ်းဖက်စစ်တပ်ကို မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ဆက်ရှိနေဖို့ လိုလားကြောင်း ထင်ရှားတယ်။ အာဏာရှင်စနစ် ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးရဲ့အရှိန်အဟုန်ကို ဆွဲချပြီး မြန်မာနိုင်ငံကို ၂၀၀၈ စစ်တပ်ဖွဲ့စည်းပုံအောက် ပြန်ပို့လိုတာဟာ တရုတ်ရဲ့  မြန်မာ့အရေးဆိုင်ရာ သဘောထား ဖြစ်တယ်။ အာဆီယံမှာ တရုတ်ရဲ့ သြဇာမကင်းတဲ့ အဖွဲ့ဝင်တွေ ပါ၀င်နေတဲ့အတွက် အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ကို အခိုင်အမာ ဆက်လက် အကောင်အထည်ဖော်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ တရုတ် ဖြစ်ချင်တဲ့ နိုင်ငံရေးလုပ်ကြံမှု ဖြစ်တယ်။  

မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်အုပ်စုဟာ မြန်မာပြည်သူတွေကို လုံးဝကိုယ်စားပြုခွင့် မရှိဘူးဆိုတဲ့ အချက်ကို တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေ အနေနဲ့ သိသင့်တယ်။ အာဆီယံအဖွဲ့အနေနဲ့ မြန်မာပြည်သူတွေရဲ့ သဘောထားအမှန်ကို သိအောင် ကြိုးစားဖို့လိုတယ်။ ဂျန်ဇီးလူငယ်မျိုးဆက်သစ်တွေဦးဆောင်တဲ့ နွေဦးတော်လှန်ရေးသန္နိဋ္ဌာန်အရ မြန်မာ တိုင်းရင်းသားပြည်သူ လူထုဟာ တရုတ်နဲ့ စစ်ကောင်စီ ကြံစည်နေတဲ့ ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲအစီအစဉ်ကို လုံး၀လက်ခံလိမ့်မည် မဟုတ်။  အဲဒီ အတုအယောင် ရွေးကောက်ပွဲကြောင့် မြန်မာနိုင်ငံမှာ သွေးချောင်းစီးမှုတွေ ဆက်လက်ဖြစ်လာမယ့်အရေးကို တရုတ်နဲ့ အာဆီယံနိုင်ငံတွေ သတိပြုဖို့လိုတယ်။

ပြည်သူ ငြင်းပယ်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အောက်ကနေ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ဖြေရှင်းဖို့ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုဟာ နိုင်ငံ မတည်မငြိမ်ဖြစ်ဖို့  အလားအလာ ပိုများတယ်လို့ ‌ထောက်ပြမှုတွေ ရှိနေတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းဖို့ထက် တရုတ်အကျိုးစီးပွား ကာကွယ်ပေးရေးကိုသာ ဦးစားပေးဆောင်ရွက်နေခြင်းကြောင့် ၂၀၂၅ ရွေးကောက်ပွဲ စီမံချက်ဟာ အဆိုးဘက်ကို ဦးတည်နေတယ်လို့ နိုင်ငံရေးအသိုက်အဝန်းက သုံးသပ်ကြတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်အပြီး ထုတ်ပြန်ခဲ့တဲ့ သတင်းစကားတွေအပေါ်  မြန်မာ့နိုင်ငံရေးအသိုက်အဝန်းက  အခုလို အဆိုးမြင် တုန့်ပြန်ကြတာဖြစ်တယ်လို့ သတင်းတွေအရ သိရတယ်။

တရုတ်နိုင်ငံဟာ မြန်မာလူထုဘက်က မရပ်ဘဲ စစ်အာဏာရှင်ဘက်ကပဲ အမြဲ ရပ်တည်ခဲ့တာကို ကြည့်ရင် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိသွားမှာ မလိုလားကြောင်း တွေ့နိုင်တယ်။ တရုတ်နိုင်ငံဟာ

အနောက်အုပ်စု ဒီမိုကရေစီနိုင်ငံတွေနဲ့ မြန်မာက ရင်းရင်းနှီးနှီး ဆက်ဆံမှာကို မလိုလားမရှုစိမ့်နိုင် ဖြစ်နေတာတွေ့ရတယ်။   ဒါကြောင့် မြန်မာ့အရေးအတွက် နွေဦးတော်လှန်ရေးဘက်တော်သားတွေအနေနဲ့ ကိုယ့်အားကိုယ် အားကိုးကြရမှာ ဖြစ်တယ်။ ဒါကြောင့် နွေဦးတော်လှန်ရေးအင်အားစုများနဲ့တကွ တိုင်းရင်းသား EAOs အဖွဲ့အားလုံး သွေးစည်းညီညွတ်ကြဖို့အရေးဟာ ဒီကနေ့ အဓိက ဦးစားပေးလုပ်ရမယ့် ပဓါန တာ၀န်ဖြစ်လာတယ်။ 

လက်ရှိ နွေဦးတော်လှန်ရေးဘက်တော်သားတွေရဲ့  သွးစည်းမှုကြောင့် စစ်ရေးအရ အသာစီးရနေတာဖြစ်တယ်။ လက်ရှိ စစ်ရေးအောင်မြင်မှုတွေကို ဆက်လက်တိုး  ပိုမိုသွေးစည်းညီညွတ်ဖို့ လိုပါတယ်။ အချိန်ဆွဲတာနဲ့အမျှ မင်းအောင်လှိုင်ဘက်က ပြင်ဆင်ချိန်ပိုရသွားနိုင်တယ်။ 

ဒီနှစ်အတွင်းမှာ တော်လှန်ရေးအောင်ပွဲ ရဖို့ စုစုစည်းစည်း ဆတက်ထမ်းပိုး အားထုတ်ကြရမှာဖြစ်တယ်။  တရုတ်နဲ့ အာဆီယံရဲ့ နိုင်ငံရေးဖိအားပေးမှုတွေဟာ စစ်တက်အတွက် အချိန်ဆွဲပေးတာ အခွင့်အရေးဖန်တီးပေးနေတာ ဖြစ်တယ်။ ဖက်ဆစ် စစ်တပ် သက်ဆိုးရှည်ဖို့ အချိန်ဆွဲပေးတာ ဖြစ်တယ်။ 

တရုတ်ရဲ့ ဖိအားပေးမှုကြောင့် PDFs အဖွဲ့တွေနဲ့ EAOs အဖွဲ့တွေ မူလ ရည်မှန်းချက်ကနေ လမ်းကြောင်း ရွ့သွားစရာ အကြောင်းမရှိပါ။  ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို အခွင့်သာခိုက်မှာ အပြီးအပြတ် ချေမှုန်းဖို့ ပျက်ကွက်ခဲ့ရင် လွတ်လပ်ရေး မျှော်မှန်းချက် ပြိုပျက်သွားနိုင်တယ်။ ဖက်ဆစ်စစ်အာဏာရှင်စနစ် မကျရှုံးသမျှ တိုင်းရင်းသားပြည်သူတွေ အားလုံးရဲ့ဘ၀တွေ မလွတ်မြောက်နိုင်ဘူးဆိုတဲ့ အချက်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားကြဖို့ လိုတယ်။

မြန်မာဟာ လူဦးရေ သန်းတစ်ထောင်ကျော်စီ ရှိတဲ့ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံအကြားမှာ တည်ရှိနေခြင်း၊ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(ASEAN) အဖွဲ့၀င် ဖြစ်နေခြင်း ဆိုတဲ့ အချက်တွေကြောင့် ပထ၀ီ၀င်နိုင်ငံရေးအရ အလွန်အချက်အချာ ကျနေတယ်။ ဒါကြောင့်လည်း မြန်မာ့နိုင်ငံခြားရေးမူ၀ါဒဟာ အမြဲဘက်မလိုက်၀ါဒ ကျင့်သုံးခဲ့တာ ဖြစ်တယ်။ 

ဒါပေမဲ့ တရုတ်နိုင်ငံက မြန်မာ တော်လှန်ရေးအင်အားစုတွေကို အနောက်အုပ်စုနဲ့ နီးစပ်သယောင် အမေရိကန်နဲ့ နီးစပ်သယောင် စွပ်စွဲနေတဲ့ အချက်က ရိုးသားမှုမရှိတာ တွေ့ရတယ်။ မြန်မာကို သူကြိုးဆွဲရာ ကမယ့် ရုပ်သေး/လက်အောက်ခံ နိုင်ငံအဖြစ် ဖန်တီးဖို့ ကြိုးစားနေတယ်။ 

ဒီကနေ့ UWSA နဲ့  MNDAA  တို့ဟာ တရုတ်သြဇာကို မလွန်ဆန်နိုင်ပုံကို မျက်၀ါးထင်ထင် မြင်နေရတယ်။ ဒီ ပြဿနာဟာ ပြည်ထောင်စုပြိုကွဲရေး (Balkanization) ဆီ ရောက်မသွားနိုင်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူး။ 

လက်ရှိ အဆိုပါဒေသတွေမှာ တရုတ်စကားနဲ့ တရုတ်ပိုက်ဆံက ချုပ်ကိုင်လွှမ်းမိုးနေတာကို မမေ့ပါနဲ့။ တရုတ်ရဲ့ ခေတ်သစ်နယ်ချဲ့စနစ်အောက်မှာ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေ (EAOs) ရဲ့ မျှော်မှန်းချက် "ဖက်ဒရယ်ပြည်ထောင်စု"  အိပ်မက် ပျက်ပြယ်မသွားဖို့ အရေးကြီးတယ်။

အမှန်တကယ်က မြန်မာနိုင်ငံကို သူ့ရဲ့ လက်အောက်ခံအဖြစ် နည်းမျိုးစုံနဲ့   တရုတ်နိုင်ငံ သိမ်းသွင်းနေတယ်။ တရုတ်က ဆူပါ ပါ၀ါနိုင်ငံအဖြစ် ရပ်တည်ချင်ရင် ဗိုလ်ကျလွှမ်းမိုးမှု မလုပ်ဖို့ လိုတယ်။ အမှန်တရားဘက်၊ ပြည်သူလူထုရဲ့ လိုလားချက် "ဖက်ဒရယ်ပြည်ထောင်စု" ဘက်ကို မျက်နှာမူ အားပေး ထောက်ခံသင့်တယ်။ 

လက်ရှိ မြန်မာ့အရေးမှာ မြန်မာပြည်သူတို့ရဲ့ လိုလားချက်ကို တရုတ်က ကျောခိုင်းထားတယ်။ အကြမ်းဖက်စစ်တပ်ကို ဒရုန်း အပါအ၀င် စစ်လက်နက် ထောက်ပံ့နေတာကို မြန်မာလူထုက စိတ်ပျက် ရွံရှာနေကြတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၀င် ဖြစ်တဲ့ တရုတ်ရဲ့ စစ်ရေးဆိုင်ရာ ထောက်ပံ့မှုတွေကြောင့် လက်ရှိ မင်းအောင်လှိုင်ရဲ့ တိုက်လေယာဉ်တွေ ပျံသန်း တိုက်ခိုက်နေနိုင်ခြင်း ဖြစ်တယ်။  အရပ်သားပြည်သူ ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှု လုပ်ခြင်းဟာ စစ်ရာဇ၀တ်မှု ဖြစ်တယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၀င် နိုင်ငံကြီးကိုယ်တိုင် စစ်ရာဇ၀တ်မှု ကျူးလွန်နေခြင်း ဖြစ်တယ်။  

အာဏာသိမ်းစစ်ကောင်စီကို ကူညီထောက်ပံ့မှုတွေ ဆက်မလုပ်ဘဲ ရပ်တန့်ဖို့အတွက် တရုတ်အစိုးရကို မြန်မာအရပ်ဘက်အဖွဲ့အစည်း ၂၇၆ ဖွဲ့က စက်တင်ဘာ ၅ ရက်နေ့က ထုတ်ပြန်တောင်းဆိုလိုက်ကြောင်း RFA သတင်းအရ သိရတယ်။ ထုတ်ပြန်ချက်မှာ အချက် ခုနစ်ချက် ပါဝင်ပြီး တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီကို ကာကွယ်ရပ်တည်မှုတွေ မလုပ်ဖို့၊ နိုင်ငံရေးအရ အရေးယူ ဖိနှိပ်တာတွေ လုပ်ပေးဖို့ တောင်းဆိုထားတာပါ။

တရုတ်အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်၊ တော်လှန်ရေးအဖွဲ့အစည်းတွေအပေါ် ခြိမ်းခြောက်မှုတွေ၊ စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် ဖိအားပေးမှုတွေကို ရပ်တန့်ဖို့လိုအပ်တယ်လို့လည်း ဆိုပါတယ်။ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို ကူညီပံ့ပိုးတာမျိုးမလုပ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို အသိအမှတ်ပြုပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုထားတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်ဖြစ်တဲ့ တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီအပေါ်  စီးပွားရေးနဲ့ စစ်လက်နက်ရောင်းချမှုတွေအပြင် စစ်ဘက်-အရပ်ဘက်သုံး လေယာဉ်ဆီ လွှဲပြောင်းရောင်းချတာတွေကို ပိတ်ဆို့ပြီး မြန်မာနိုင်ငံအတွက် အထူးသီးသန့်ရာဇဝတ်ခုံရုံးတစ်ခု ဖွဲ့စည်းနိုင်ရေး ထောက်ခံပေးဖို့လိုကြောင်း အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုထားတယ်။ မြန်မာနိုင်ငံအရေးကို ဖြေရှင်းရာမှာ ကုလသမဂ္ဂရဲ့အရေးယူဆောင်ရွက်မှုတွေကို တရုတ်နိုင်ငံက ပိတ်ပင်တားဆီးတာမျိုး မလုပ်ဖို့လည်း တောင်းဆိုထားတယ်။

လက်ရှိ ရေဘေးသင့် ပြည်သူတွေကို အကူအညီပေးဖို့ တရုတ်နိုင်ငံက ၀တ်ကျေတန်းကျေ သဘော လေသံတောင် မဟပါဘူး။ လတ်တလော ဖြစ်စဉ်တွေမှာ တရုတ်ဟာ အကြမ်းဖက်စစ်တပ်ဘက်က ရပ်တည်ရုံမက UWSA ကိုလည်း ကြိုးကိုင်ထားတာ တွေ့နေရတယ်။ ဒီလုပ်ရပ်တွေက တရုတ်ရဲ့ မရိုးသားမှုနဲ့ မြန်မာပြည်တွင်းရေးကို ဗြောင်ကျကျ ၀င်ရောက်စွက်ဖက်နေတာ ဖြစ်တယ်။ အရပ်ထဲက သာမန်ပြည်သူတွေ ပြောလေ့ရှိတဲ့ လေသံနဲ့ပြောရရင် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ်  ဆက်ဆံပုံက အထက်စီးနိုင်လွန်းတယ်။ လူဝါး၀လွန်းတယ်လို့ ‌ပြောရတော့မယ်။ မြန်မာနိုင်ငံနဲ့ ရေရှည်ဆက်ဆံရေး မပျက်ချင်ရင် တရုတ်အနေနဲ့ လူဝါးမ၀နဲ့လို့  အကြံပေးလိုတယ်။   ။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar