Breaking News

မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်) - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၁၄)


မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်)  - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၁၄)

(မိုးမခစာအုပ်စင်ကောက်နုတ်ချက်)  ဒီဇင်ဘာ ၁၉၊ ၂၀၁၉

အပိုင်း (၁၂) - မဟာမိတ်တပ်ဖွဲ့ ဒုတပ်မှူးချုပ် ဝေ့ချောင်းရင်နှင့် စကားလက်ဆုံပြောဆိုကြတဲ့ အသံဖမ်းတိတ်ခွေမှတ်တမ်း

လက်ရှိ မြန်မာစစ်အစိုးရနဲ့ သဘောတူညီရရှိထားပါတယ်ဆိုတဲ့ ငြိမ်း ချမ်းစွာ ပူးပေါင်းနေထိုင်မှုအသွင်သဏ္ဍာန်က ဥပဒေကြောင်းအရ စာနဲ့ ပေနဲ့ ခိုင်လုံတဲ့ အထောက်အထားအချက်အလက်နဲ့့ ရေးပြုထားတဲ့ သဘောတူညီချက် တွေ မဟုတ်ပါ။ ထိုစဉ် နှစ်တွေတုန်းက စစ်အစိုးရနဲ့ ရေးပြုထားတဲ့ ရည်ရွယ်ချက် သဘောဆောင်တဲ့ အစည်းအဝေးမှတ်တမ်းမျှသာ ဖြစ်တယ်။ ဒီသဘောတူညီ ချက်ဆိုတဲ့အထဲမှာ ဘေးအန္တရာယ်ဆိုးကြီးတွေက မြှုပ်နှံထားနေပါတယ်။ အခွင့်အရေးဆိုတာလည်း ရှိကောင်းလညး် ရှိနိုင်ပါတယ်။ ဒါပေမဲ့လို့ နယ်မြေ ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုတဲ့ နိုင်ငံရေး ရှေ့ခရီးလမ်းကတော့ အလွန်တရာမှပဲ သေးငယ်မှုန်မွှားလှပါတယ်။ အင်မတန်လည်း ဦးနှောက်ခြောက်ဖွယ်ရာ၊ ရင်ထဲ မွန်းကြပ်ဖွယ်ရာတွေပါပဲ။

မူးယစ်ဆေးဝါး ထိန်းချုပ်အပိုင်းဆိုတာက အထူးဒေသကို ခေါင်းဆောင် နေတဲ့သူမှာ တာဝန်ကရှိနေပါတယ်။

ကိုးကန့်မဟာမိတ်တပ်ဖွဲ့ ဒုဦးစီးချုပ် (တွဲဖက်) ပြည်သူ့လုံခြုံရေးမှူး၊ ကုန်သည်စီးပွား ဖိတ်ခေါ်ကမ်းလှမ်းရေးဌာနမှူး ဝေ့ချောင်းရင်ကို ဒေသခံတွေက ''ဗိုလ်ချုပ်'' ရယ်လို့ အမွှန်းတင်ခေါ်ဝေါ်လေ့ရှိကြပါတယ်။ စာရေးသူ (သတင်း ထောက်) မှတ်ဉာဏ်ထဲမှာ ကျန်ရစ်ခဲ့တာကတော့ အတော်လေးကို ဟိန်ဟန်ကြီး ကျယ်တဲ့သူရယ်လို့ ထင်မြင်မိပါတယ်။ သူ့ကို လာရောက်တွေ့ဆုံကြရတဲ့ လူ တိုင်းက ဗိုလ်ချုပ်ကို တရိုတသေ ရှိကြရပါတယ်။ ဇမ္ဗူမှာ ငါသာ ဘာညာစိတ်ကြီး ဝင်နေသူတစ်ယောက်ဖြစ်ပါတယ်။ သူ့ကိုတွေ့ဖို့ရာ နေ့ရက်အတန်ကြာလေး စောင့်ဆိုင်းရပါတယ်။ ဒါပေမဲ့ သူသူငါငါ ပြောကြတာက သူဟာ ကိုးကန့်ခေါင်း ဆောင်တွေအထဲမှာ ကိုယ့်အောက်က ငယ်သားတွေကို ဆက်ဆံရာမှာ သဘော ထားအကောင်းဆုံး လူတစ်ယောက်လို့လည်း ပြောကြပါတယ်။ မဟာ မိတ်စစ် ဝတ်စုံ ဝတ်ဆင်ထားကြတဲ့ တပ်သားလေးတွေ၊ အခိုင်းအစေတွေဟာ ပျာယီးပျာ ယာနဲ့ သွားလာနေကြတာကို တွေ့မြင်နေရပါတယ်။ သူတို့အားလုံးဟာ ခေါင်း တွေ ငုံ့ထားပြီး အရှင်သခင်ကိုရော ဧည့်သည်ကိုပါ ကြည့်ဖို့ရှုဖို့ ရှောင်လွဲ နေကြရပါတယ်။

ရွှေဆင်မြို့တော်ရယ်လို့ အမည်တွင်တဲ့ ဖွံ့ဖြိုးရေးဒေသတစ်ခုကို ဝေ့ ချောင်းရင် တစ်ကိုယ်တည်း တည်ထောင်ဖွင့်လှစ်ခဲ့ပါတယ်။ အင်မတန် ကျယ် ပြန့်တဲ့မြေယာတွေနဲ့ အိမ်ခြေနေရာတွေနဲ့ပါ။ ဒါ့အပြင် ရွှေမြို့တော်ဆိုတဲ့ ဧည့်ဂေဟာကြီးတစ်ခုကိုလည်း ဖွင့်လှစ်ထားပြန်ပါသေးတယ်။ သူ့ရဲ့ ကိုယ်ပိုင် နေရာကိုတော့ ရွှေဆင်မြို့တော်ရဲ့ မြောက်ဘက်က မလှမ်းမကမ်းမှာ ရှိတဲ့ စိမ်းစိမ်းစိုစို သစ်တောတွေ ဖုံးကွယ်ထားတဲ့ မူကွားရွာထဲမှာပါ။ အဲဒီအဆောက် အဦကတော့ ဗမာပြည်ကွန်မြူနစ်ပါတီ ကြီးစိုးစဉ်တုန်းက ဆောက်လုပ်ထားတဲ့ အဆောက်အဦကောင်းဖြစ်ပါတယ်။ အိမ်ခေါင်ကိုတော့ သံအုတြွ်ကပ်အပြန့်မိုး ထားပါတယ်။ အိမ်အလုံးပေါင်း ဆယ်ဂဏန်းကျော်ကျော်လောက်မှာ ခြံဝန်းလေး တစ်ခုပါ။ နေအိမ်ရဲ့ အနေအထားနဲ့ ဗိုလ်ချုပ်ရဲ့ ရာထူးရာခံနဲ့ကတော့ တယ်ပြီး လိုက်ဖက်မညီလှပါ။ ဒါ့အပြင် တဆင့်ပြောစကားတွေရဲ့ ဓနငွေကြေးပိုင်ဆိုင်မှုနဲ့က ပိုလို့တောင် စည်းဝါးမညီလှပါ။ ဗိုလ်ချုပ်က ဒါနဲ့စပ်လျဉ်းပြီး ရှင်းလင်းပြပါတယ်။ သူ့ရဲ့ အသက်က ၇၀ ကျော်ပြီဖြစ်တဲ့ အမေအိုက ဒီနေရာမှာပဲ နေရထိုင်ရ ကောင်းပါသတဲ့။ တခြားနေရာ၊ တခြားတိုက်တာ အိမ်ခြေမှာ မနေလိုပါတဲ့။ နောက်ပြီး ပြန်လည်ပြင်ဆင်တာ၊ မွမ်းမံတာကိုလည်း မပြုလုပ်လိုပါတဲ့။ ဒါပေမဲ့ ဗိုလ်ချုပ်ကတော့ ခုတလောပဲ တန်ကြေး သန်းပေါင်း သောင်းချီရှိတဲ့ ခမ်းနား ထည်ဝါလှတဲ့ ခေတ်မီတိုက်တာကြီးကို ဆောက်လုပ်နေပါသတဲ့။

အခု နေအိမ်ရဲ့ အရှေ့မှ ခေတ်မီတဲ့ ဂျပန်လုပ် အကောင်းစား ဇိမ်ခံ ကားလေးတွေ ရပ်ထားပါတယ်။ ဒုဦးစီးချုပ်ဝေ့ရဲ့ အတွင်းရေးမှူး ဆုန့်နန်းက စာရေးသူကို ပြောပြပါတယ်။ ၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲ ပျက်သုဉ်းလုကာလေးမှာ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက ခန့်မှန်း ခြေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၀-၂၀ ကြီးကျယ်တဲ့ ထုထည်ရှိတဲ့ ငွေ ပင်ငွေရင်းကို ထိုစဉ်တုန်းက ဗမာပြည်ကွန်မြူနစ်ပါတီ စစ်ဦးစီးမှူးကြီး ဝေ့ချောင်း ရင်လက်ထဲကို လွှဲအပ်ထားလိုက်ပါတယ်။ ဗိုလ်ချုပ် ဝေ့ချောင်းရင်းကို ထိန်းသိမ်း ဖို့ လွှဲအပ်ထားလိုက်တာပေါ့။ ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲပျက်သုဉ်းသွားခဲ့တဲ့ နောက် ကိုးကန့်ခေါင်းဆောင်းပိုင်းအားလုံးက ဦးစီးချုပ် ဝေ့ချောင်းရင်လက်ထဲ မှာ ဒီငွေလုံးငွေရင်း ရှိနေတယ်ဆိုတာကို အားလုံးပဲ သိထားကြတယ်။ ဒါပေမဲ့ ဘယ်သူကမှ သူ့ကို ဒီငွေလုံးငွေရင်းအကြောင်းကို မပြောမဆိုရဲကြပါ။ ဆုန့်နန်း က ပြောပါသေးတယ်။ ဗိုလ်ချုပ်က သူ့ကို ပုဂ္ဂိုလ်ရေးအရ ပြောထားပါတယ်တဲ့။ ဒီငွေလုံးငွေရင်းကို ပါတီရဲ့ လုပ်ငန်းဆောင်တာတွေမှာ သုံးစွဲမှာ ဖြစ်ပါတယ်တဲ့။ ဘာကြောင့်ဆိုရင် ဒါဟာ နဂိုမူလကတည်းက ဗမာပြည်ကွန်မြူနစ်ပါတီပိုင် ငွေကြေးတွေ ဖြစ်နေလို့ပါတဲ့။

ညီအစ်ကိုသားချင်းထဲမှာ ဝေ့ချောင်းရင်က ဒုတိမြောက် ဖြစ်တယ်။ သူ့ရဲ့ ညီလေးဝေ့စန်းဟာ နဂိုမူလက ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင် တပ်ဖွဲ့ရဲ့ ဒုတပ်မဟာမှူး ဖြစ်တယ်။ ကနေ့တော့ ပင်လယ်ပြင်ထွက်ပြီး ကုန်သည် စီးပွားလုပ်ကိုင်နေပါတယ်။ ကြားသိရတဲ့ စကားအရ ဝေ့စန်းမှာ ကိုယ်ပိုင်ငွေကြေး အမေရိကန်ဒေါ်လာ ဆယ်သန်းမက ချမ်းသြွာကယ်ဝတယ်ဆိုပဲ။ ဒါပေမဲ့ ကိုး ကန့်အောက်ခြေလူတွေက ပြောကြဆိုကြပါတယ်။ ''သန်းပေါင်းရာချီတဲ့ အထက် ဒေါ်လာတွေရှိပါတယ်'' တဲ့ ။

သူဟာ ရန်ကုန်၊ မန္တလေး၊ လားရှိုးတို့မှာ ကုမ္ပဏီကြီးတွေ ဖွင့်လှစ်ထား ပါတယ်။ ဝေ့စန်းဟာ အမြဲလိုလိုပဲ မြန်မာစစ်အစိုးရရဲ့ ကိုးကန့်မှာ အခြေစိုက် ကြတဲ့ စစ်ဗိုလ်အရာရှိကြီးတွေနဲ့ ကိုးကန့်က ''သဘာဝဂေါက်ကွင်း''မှာ ဂေါက်သီး ရိုက်ကစားကြပါတယ်။ သူတို့ဆော့ကစားကြတဲ့ ဂေါက်တံတွေ၊ ဂေါက်သီးတွေ အားလုံးဟာ ကမ္ဘာ့နာမည်ကြီး တံဆိပ်တွေဖြစ်တယ်။ ဝေ့စန်းဟာ ပြင်ပက လူတွေနဲ့ဆိုရင် သာမန်အားဖြင့် စကားနည်းပါတယ်။ ကိုယ့်ကိုကိုယ် အမြဲနှိမ့််ချ ဟန်၊ ကျိုးနွဟန်ပြသလေ့ရှိတယ်။ ဖုန်ကျားရှင်ရဲ့ သားအကြီးဆုံးက အခု ကိုး ကန့်အထူးဒေသမှာ ဘဏ္ဍာရေးဝန်ကြီး လုပ်နေပါတယ်။ မကြာခဏ လားရှိုးသွား သွားပြီး ဝေ့စန်းကို ရှာပါတယ်။ သူ လုပ်လို့မရဘူးလို့ ဝေ့စန်းကို ပြောပြတယ်။ ဝေ့စန်းထွက်ပြုလာပြီး ကိုးကန့်ရဲ့ ဘဏ္ဍာရေးဝန်ကြီး ထမ်းဆောင်ဖို့ကို နားပူ နားဆာလုပ်ပြီး ဖိတ်ခေါ်ကမ်းလှမ်းပါတယ်။ ဝေ့စန်းက အကြိမ်ကြိမ် ငြင်းဆန်ပါ တယ်။ ဝေ့စန်းရဲ့ တိုးတိုးတိတ်တိတ် ပြောစကားအရကတော့ အချက်အချာကာ လကို သူ စောင့်ဆိုင်းနေပါတယ်တဲ့။ အဲဒီအချက်အချာအချိန်ကာလကို စောင့် ဆိုင်းပါတယ်ဆိုတာက တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သူ့ရဲ့အစ်ကို အုပ်ချုပ်ရေး ကိုင်တွယ်ခဲ့တဲ့ အချိန်ကို ရောက်လာရင် သူတောတောင်တွေထဲက ထွက်လာပါ့ မယ်တဲ့။ ဒါ့အပြင် တခြားကိုးကန့်ခေါင်းဆောင်တွေရဲ့ ဓနငွေကြေးကိန်းဂဏန်း တွေမလဲ ကြီးမားများပြားတာကဖြင့် ''အရမ်းကို ကြောက်စရာ၊ လန့်စရာ၊ သည်းထိတ် ရင်ဖိုစရာတွေပဲဖြစ်မှာပါ''။

ဝေ့ချောင်းရင်က ပြောပါတယ်။ မြန်မာစစ်တပ်အုပ်ချုပ်ရေးအာဏာ ပိုင်တွေက မူးယစ်ဆေးဝါး ပြဿနာတွေ အားလုံးကို မြန်မာနိုင်ငံ မြောက်ဘက် ပိုင်းက တိုင်းရင်းသားလူမျိုးစုတွေရဲ့ ခေါင်းပေါ်ကို ပုံချထားကြတယ်။ အဲဒီကို အကြောင်းအချက်ပြပြီး နိုင်ငံတကာက တင်ပြတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက် နှိမ်နင်းရေးရင်းနှီးမှု ငွေကြေးတွေဟာ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးကို လက်တွေ့အကောင်အထည်ဖော်လုပ်ဆောင်ကြမယ့် မူးယစ်ဆေးဝါးထွက်ရှိ တဲ့ ရင်းမြစ်မြေက လူတွေမရရှိကြတော့ပါ။ တစ်ပြိုင်တည်းမှာပဲ သူတို့နှင့် နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းမယ့် အစည်းအရုံးနဲ့လည်း တိုက်ရိုက်ဆက်သွယ်မှုကို မရှိပြန်ဘူးလေ။ နောက်ပြီး ဆက်သွယ်ရတာလည်းပဲ အင်မတန် ကြပ်တည်းခက်ခဲနေပြန်တယ်လေဗျ။

အမည်ကျော်ကြား လူသိများတဲ့ လော်စစ်ဟန်ရဲ့အကြောင်းကို စကား စပ်မိသွားကြပါတယ်။ ဗိုလ်ချုပ်ဝေ့က သူဟာ လော်စစ်ဟန်ကို အထင်မကြီးပါတဲ့။ ဘာကြောင့်ဆိုရင် ''ဒီလူက နိုင်ငံရေးအသိမရှိတဲ့လူဗျ''။ သူပြောတာက 'လော် စစ်ဟန်ဟာ ကိုးကန့် ''၃-၁၁'' အရေး ငြိမ်းချမ်းရေး ဆယ်နှစ်မြောက်ဂုဏ်ပြု ပွဲမှာ သူက ဖုန်ကျားရှင်ကို ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်လိုက်လို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့တဲ့ အရေးပါတဲ့ လုပ်ဆောင်ချက်တွေရှိခဲ့တယ်ဆိုတဲ့ အကြောင်းချည်းပဲ ထပ်ခါ ထပ်ခါ ဂုဏ်ယူပြောတယ်ဗျာ။ ဒါကိုချည်း ထပ်ခါ တလီလီပြောတော့ ဘယ်သူကမှ မနှစ်မြို့ကြဘူး။ အခု နေရာထိုင်ခင်း ယူထား ကြတဲ့သူတွေ တစ်ဦးတစ်ယောက်မှ နှစ်မြို့ကြမှာ မဟုတ်ဘူးလေဗျာ''

လော်စစ်ဟန်ရဲ့ စီးပွားတိုးတက်လာမှုကို ဝေ့ချောင်းရင်ရဲ့ ဝေဖန်သုံး သပ်ချက်က ''ဒီလူက နိုင်ငံရေးကို အဓိကထားလုပ်တာမှ မဟုတ်တာ။ သူ က စီးပွားရေးသမားပဲ လုပ်နေတဲ့လူဗျ။ အထူးသဖြင့် ဘိန်းကိုပေါ့ဗျာ။ ပြောရရင် တော့ဗျာ။ မြန်မာနိုင်ငံရဲ့ ဘိန်းကုန်သွယ်မှုကို သူတို့ လက်ထဲမှာပဲ လက်ဝါးကြီး အုပ်ထားချင်နေတယ်။ ဒီလိုနဲ့ပဲ ဘိန်းရာဇာကြီးဆိုတဲ့ ခေါင်းစွပ်ကြီး ကိုယ့်ခေါင်း ကိုယ် စွပ်မိရက်သားဖြစ်သွားရောဗျို့။ ဒါ့အတွက်ကြောင့်လည်း မြန်မာအစိုးရက ဒီနောက်ပိုင်းမှာ သူ့ဆီက ဖြောင့်ချက်ထွက်ဆိုတဲ့ စကားရသွားပါရောဗျို့။ ဘာကြောင့်ဆိုရင်ဗျာ၊ ဘိန်းလုပ်ငန်းလုပ်တာ ကိုင်တာကို ကမ္ဘာပေါ်မှာ ဘယ်လို နေရာကမှ လက်သင့်မခံတော့ဘူးလေ။ တရားဥပဒေနဲ့မညီတာတွေ ဖြစ်နေပြီ လေဗျ''

ကိုးကန့်ရဲ့ လာလတ္တံ့ အနာဂတ်ရယ်၊ နိုင်ငံတော်ထဲမှာ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်မလဲဆိုတဲ့ မေးခွန်းကိုမေးတော့ ဝေ့ချောင်ရင်ပြောတာ က ''အဓိက အချက်ကတော့ နိုင်ငံတကာ လူ့ဘောင်လောကရဲ့ အပြောင်းအလဲ ကို ကျွန်တော် စောင့်ဆိုင်းနေပါတယ်။ အခွင့်အခါကိုလည်း စောင့်ဆိုင်းနေပါ တယ်ခင်ဗျာ။ အခုကတော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတွေ၊ ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်ရေးတွေ၊ အမျိုးသား နေရာထိုင်ခင်း ရရှိရေးတွေ အဲဒါ တွေကိုပဲ လုပ်ကိုင်နေပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးကို ရောပေါ့ဗျာ။ ဒါပေမဲ့ မျက်မှောက်အချိန်ကာလမှာတော့ မြန်မာအစိုးရနဲ့က ငြိမ်းချမ်းရေးအနေအထားကို ထိန်းသိမ်းရေးတွေ လုပ်နေကြရတယ်။ အဲဒါဟာ လည်း ဘယ်လိုမျိုး ဥပဒေကြောင်းနဲ့ သတ်မှတ်ထားတဲ့ စာတစ်ကြောင်း ပေ တစ်ဖွဲ့ရေးမှတ်ထားတဲ့ သဘောတူညီချက်က မရှိသေးဘူးဗျ။ အဲဟိုနှစ်ကာလတွေ တုန်းက စစ်အစိုးရနဲ့က သဘောသဘာဝအရ တွေ့ဆုံဆွေးနွေးတဲ့ မှတ်တမ်း မှတ်ရာလောက်ပဲ ရှိနေတာကိုးဗျ။ အဲဒီထဲမှာ ဘေးအန္တရာယ်ဆိုးကြီးတွေ တိမ် မြုပ်ဖုံးကွယ်နေတယ်။ အခွင့်အရေးဆိုတာလည်း ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ နယ်မြေဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုတဲ့ နိုင်ငံရေးရှေ့ရေးကတော့ဗျာ အင်မတန်မှ မှုန်တိမှုန်ဝါး ဖြစ်နေပါတယ်ဗျာ။ သိပ်ကို စိတ်ပျက်စရာပါပဲ။ အင်း အကယ်၍များ တိတ်တဆိတ်နဲ့ ကိုယ့်တပ်ကိုယ် ကြံ့ခိုင်ဖွံ့ဖြိုးတဲ့ စစ်တပ် ကြီးအဖြစ် လုပ်ပြန်ရင်လည်း မြန်မာအစိုးရကို တိုက်ရိုက်ကြီး အပြစ်ကျူးလွန် သလို ဖြစ်သွားပြန်ရောဗျို့။

ဒါပေမဲ့ ဝေ့ချောင်းရင်က ပြောပါတယ်။ ''အစိုရရဲ့ စကားကို နားထောင် ချင်လည်း နားထောင်မှာပဲ။ နားမထောင်ချင်လည်း နားမထောင်ဘဲ နေမှာပဲလေ။ ဒါ ဘာကြောင့်လဲဆိုတော့ ကနေ့ စစ်အစိုးရဆိုတာက ယာယီအစိုးရလေဗျ။ ဒီကနေ့ရဲ့ နောက်ပိုင်းတစ်နေ့နေ့မှာ ဒီအာဏာကို တရားဝင် ပြည်သူတွေက ရွေးချယ်တင်မြှောက်တဲ့ အစိုးရလက်ထဲကို လွှဲအပ်ပေးရမှာပဲ မဟုတ်ဘူးလား ဗျ''

ဗိုလ်ချုပ်ဝေ့က ပြောပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့ပေါင်း ၁၆ ဖွဲ့ရှိပါတယ်။ ဒီဆယ်နှစ်ကာလအပိုင်းအခြားမှာ ၁၅ ဖွဲ့ ကတော့ ယောင်တိယောင်ဝါးနဲ့ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးရလိုက်ကြ ပါတယ်။ အခြားတစ်ဖွဲ့ကတော့ လက်နက်ချ အညံ့ခံလိုက်တယ်။ ဒါကတော့ ခွန်ဆာပါ။ ဒါပေမဲ့ ခွန်ဆာရဲ့ လက်ကျန်အဖွဲ့တချို့လူတွေက ဆက်လက်ပြီး ဒုက္ခပေးနေပါသေးတယ်။ တောင်တန်းတွေပေါ်မှာ ဆက်လက်ပြီး ပြောက်ကျား စစ်ဆင်နွှဲနေတုန်းပါပဲ။ အနာဂတ် ကာလမှာ နိုင်ငံတကာရဲ့ အနေအထား ဘယ်လိုတွေ ပြောင်းလဲချေမလဲ။ ပြောင်းလဲမှု အားလုံးဟာ ရွှေတြိဂံဆီကို အကျိုးသက်ရောက်မှုတွေ ဖြစ်လာမှာပဲ။

ဗိုလ်ချုပ်ဝေ့ရဲ့ ထင်မြင်ယူဆချက်တစ်ရပ်က ''အောင်ဆန်းစုကြည် (ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်။ မြန်မာနိုင်ငံ ဖခင် - သခင်အောင်ဆန်းရဲ့ သမီး) သူမ ဦးဆောင်တဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်းကြီးက ၁၉၈၈ ခုနှစ် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲကြီးမှာ အောက်ပွဲခံခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ လူ့ဘောင်အဖွဲ့အစည်းတွေနှင့် အမေရိကန် ပြည်ထောင်စုက အောင်ဆန်းစု ကြည်အုပ်စုကို ထောက်ခံအားပေးပါတယ်။ ၄င်းအောင်ဆန်းစုကြည်က အနောက်အင်အားဘက်ဆီကို ယိမ်းနေပြီး၊ မြန်မာနိုင်ငံမှာ အခြေခံအား မရှိ ပါ။ သူတို့ဟာ မြန်မာနိုင်ငံရဲ့ တကယ့်လက်တွေ့အနေအထားရဲ့ ကင်းကွာနေပါ တယ်။ ၄င်းတို့ အာဏာရရင်လည်း ကောင်းအောင် မလုပ်နိုင်ပါ''

ဗိုလ်ချုပ်ဝေ့က သေချာပေါက်အနေအထားကို အထက်ပါ အကြောင်း အရာရဲ့ နောက်ဆက်တွဲစကားကို ဆက်ပြီး ပြောပြန်ပါသေးတယ်။ ''ဟုတ်တယ်ဗျ၊ အောင်ဆန်းစုကြည်အုပ်စု တက်လာလည်းပဲ ကောင်းအောင်လုပ်နိုင်ဦးမှာ မဟုတ်သေးဘူးဗျ။ ဒါပေမဲ့ ဘယ်လိုပဲပြောပြော အခုလက်ရှိ စစ်အစိုးရထက်တော့ အများကြီး ကောင်းလာမှာပါ''။ ဗိုလ်ချုပ်ဝေ့ရဲ့ ထင်မြင်ယူချက်က ''အကယ်၍ အမေရိကန် ဦးဆောင်တဲ့ အနောက်လူ့ဘောင်အဖွဲ့အစည်းတွေက ဝင်ရောက် စွက်ဖက်ပြီး အောင်ဆန်းစုကြည် အုပ်စု တက်လာတယ်ပဲ ထားလိုက်ပါတော့၊ တခြားနိုင်ငံတွေက အေးအေးလူလူ လက်ပိုက်ကြည့်နေကြမှာ မဟုတ်ဘူးဗျ။ တကယ်လို့ စတင်ပြီး မြန်မာ့အရေးထဲ ဝင်လာကြရင် မြန်မာနိုင်ငံရဲ့အနေအထား ဟာ အမေရိကန်ရဲ့ အလိုဆန္ဒအတိုင်း ပြည့်ပြည့်ဝ၀ လျှောက်လှမ်းကြမှာ မဟုတ်ပါဘူး ခင်ဗျာ''

ဝေ့က ပြောပြန်ပါသေးတယ်။ ''အောင်ဆန်းစုကြည်အုပ်စုဟာ လက် တွေ့ပိုင်းနဲ့ ကင်းကွာနေပါတယ်။ ကျွန်တော့်ထင်မြင်ချက်ကတော့ တရုတ်ပြည် တင်ပြတဲ့အချက်အလက်တွေက မှန်ကန်နေပါတယ်ခင်ဗျာ။ ဒါဟာ ဘာလဲဆို တော့ လူ့အခွင့်ရေးဆိုတာကို ရှေးဦးအရင်ဆုံး ဘဝရှင်သန်ရေးအခွင့်အာဏာကို ဖော်ဆောင်ပေးရမှာဖြစ်တယ်။ စာမတတ်သူ ပပျောက်ရေးအစရှိတဲ့ အခြေခံ အလုပ်တွေကို အရင်ဆုံး လုပ်ကြရမယ်။ အဲဒီနောက်မှ တဆင့်တက်ပြီး ဒီမိုကရေစီ ရွေးကောက်မှုကို ဖော်ဆောင်ရမယ်။ မြန်မာနိုင်ငံမှာ အခု ရင်ဆိုင် ကြုံတွေ့နေရတဲ့ ပြဿနာက သပွတ်အူလို ပွေလိမ် ရှုတ်နေတဲ့ အမျိုးသားရေး ပြဿနာပဲဗျ။ ဒီဟာကို ကောင်းအောင်ပြုပြင် ပြောင်းလဲဖို့ဟာ၊ တတိယအင်အား စုကနေပြီး ဦးဆောင်ဦးရွက်နိုင်စွမ်း ရှိရမယ်။ အဲဒီအင်အားစုကသာ မျက်မှောက် မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်နေတဲ့ သပွတ်အူအမျိုးသား ရှုပ်ထွေးမှုကြီးကို ဖြေရှင်း ပေးနိုင်လိမ့်မယ်။

ဗိုလ်ချုပ်ဝေ့ရဲ့ ထင်မြင်ယူဆချက်က ''မြန်မာနိုင်ငံရဲ့ အမျိုးသားရေးနှင့် တရုတ်ပြည်ရဲ့ အမျိုးသားရေးဟာ အသွင်ချင်း လားလားမှ မတူပါ။ (သူက တရုတ်အစိုးရရဲ့ အမျိုးသားရေးမူဝါဒနှင့် တရုတ်ပြည်ရဲ့ အမျိုးသားရေး လက် ရှိအနေအထားကို အတော်လေး အားရကျေနပ်နေဟန်ရှိပါတယ်) မြန်မာနိုင်ငံ ရဲ့ ပင်မအမျိုးသားဖြစ်တဲ့ ဗမာလူမျိုးက တစ်မျိုးသားလုံးရဲ့ အများစု (ခန့်မှန်း ခြေ ၅၀ プ ကျော်ရုံကလေး) ရှိနေပါတယ်။ ဒါပေမဲ့ စစ်အစိုးရဟာ နှစ်ကာလ ပေါင်းများစွာကတည်းက ဗမာလူမျိုးကြီးဝါဒကို ကျင့်သုံးနေပါတယ်။ ဒါကို တခြားတိုင်းရင်းသားမျိုးနွယ်စုတို့က မကျေမနပ် ဖြစ်နေပါတယ်။ ဒါ့အပြင် ကျန်လေးဆယ်ရာခိုင်နှုန်းကျော်ကျော် တိုင်းရင်းသားလက်နက်ကိုင် အင်အားစု တွေ ကျန်ရှိနေပါသေးတယ်။ စစ်အစိုးရနှင့် လူနည်းစု တိုင်းရင်းသား လက်နက် ကိုင် အင်အားစုတို့ကြားထဲမှာ အင်အားအရဟာ ချိန်ခွင်လျှာတန်းနေသလို အနေအထားမျိုး ဖြစ်နေပါတယ်။ ဘယ်သူ့ဘယ်သူကိုမှ ဝါးမြို မပစ်နိုင်ပါ။ ငြိမ်းချမ်းရေးဆိုတဲ့ ပုံစံနဲ့သာ ဖြေရှင်းလို့ပဲ ရနိုင်ပါတယ်။

ဒီလို အခြေအနေမျိုးအောက်မှာ ကိုးကန့်တိုင်းရင်းသားတွေ၊ သို့တည်း မဟုတ် သူတို့ရဲ့အင်အားတွေ နောက်ပြီးတော့ ကျန်အထူးဒေသသုံးခုရဲ့ တိုင်း ရင်းသား လက်နက်ကိုင် အဖွဲဲ့အစည်းတွေရဲ့ အင်အားတွေမှာ အခွင့်အရေးတွေ ရှိနေကြပါပြီ။

ဗိုလ်ချုပ်က ပြောပြန်ပါတယ်။ '' နိုင်ငံတကာ လူ့ဘောင်အဖွဲ့အစည်း တွေရဲ့ ပြောင်းလဲမှု''ဆိုတာက အဲဒီအနှစ်သာရ အဓိပ္ပာယ်ပါပဲ။ ကျွန်တော် မျှော်လင့်ထားတဲ့ တစ်နေ့မှာ ကိုးကန့်အမျိုးသားတွေဟာ မြန်မာနိုင်ငံရေး စင် ပေါ်မှာ ပြောမှာကတော့ အကယ်၍ နိုင်ငံတကာ အသိုင်းအဝိုင်းက လူတွေဟာ ကျွန်တော်တို့ကို အားပေးထောက်ခံနိုင်ကြမယ်ဆိုရင် ဒါမှမဟုတ်ရင်လည်း နှုတ်ဖျားကပဲ အားပေးထောက်ခံနိုင်ကြမယ်ဆိုရင် သူတို့ဟာ မြန်မာနိုင်ငံမှာ ရာသီဥတုကြီးတစ်ရပ်အဖြစ် ဖြစ်မြောက်သွားနိုင်ပါတယ်။ ဒီ ''ရာသီဥတုကြီး'' ဆိုတာက ''ချ'' တာကို အားထားပြီးမှ ထွက်ပေါ်လာမှာပါ။ ကျွန်တော် ထပ်ဆင့် ထပ်ခါ အဖန်တလဲလဲ ပြောချင်တာကတော့ ကျွန်တော်တို့ကို မွေးထုတ်လိုက်တာ က တရုတ်ပြည်ပါ။ ကျွန်တော်ပြောတဲ့ တရုတ်ပြည်ဆိုတာက မော်စီတုန်းခေတ် ကာလတုန်းက တရုတ်ပြည်ကို ရည်ညွှန်းခြင်းပါ။ တရုတ်ပြည်ဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ''ကမ္ဘာ့တော်လှန်ရေး'' ကို အားပေးထောက်ခံလိမ့်ဦးမယ်လို့ ကျွန်တော် စိတ်ကူးထဲကနေ မျှော်လင့်နေပါတယ်။

ဗိုလ်ချုပ်ရဲ့ အတွင်းရေးမှူး ဆုန့်နန်းက နိုင်ငံရေးဝါဒ ဖြန့်ချိတဲ့ အလုပ်ကို တာဝန်ယူထားပါတယ်။ ဆုန့်နန်းဟာ စာရေးသူ ကဲ့စုရာကို ပုဂ္ဂိုလ် ရေးအရ ရှင်းလင်းပြောပြပါတယ်။ ''ကျွန်တော်ဟာ ဗိုလ်ချုပ်ရဲ့ ကိုယ်ရေးကိုယ် တာ အတွင်းရေးမှူး ဖြစ်လာပြီးတဲ့နောက်၊ လူအမြောက်အမြားက ကျွန်တော့်ကို ဖြောင်းဖျကြပါတယ်။ ဗိုလ်ချုပ်ကို အကူအညီတွေ ခပ်များများ ပေးပါ။ သူ လမ်းမှန်လျှောက်ဖို့ကို တည့်မတ်ပေးပါ။ (မူးယစ်ဆေးဝါးဆီ ခြေမချမိဖို့ ရည် ညွှန်းပါတယ်)။ ဒီစကားရပ်နဲ့ စပ်လျဉ်းပြီး နည်းနည်းတော့ ရှင်းပြပါရစေ။ ယူ နန်ဒီဘက်က ထင်မြင်ယူဆထားကြတာက လက်ရှိ ကိုးကန့်ခေါင်းဆောင်တွေ အထဲမှာ ဗိုလ်ချုပ်ဝေ့က အကောင်းဆုံးလူဖြစ်ပါသတဲ့။ တစ်ချိန်တည်းမှာပဲ မူးယစ်ဆေးဝါး တိုက်ခိုက်နှိမ်နင်းရေးကို အကောင်းဆုံး လှုပ်ရှားမယ့်သူဖြစ်ဖို့ ကိုလည်း မျှော်လင့်ချက်ထားကြပါတယ်။ နိုင်ငံတကာ အနေအထားက မြန်မာ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုကို အပြည့်အဝ မလုပ်ဆောင်နိုင်သေးတဲ့ကာလမှာ ဗိုလ်ချုပ်ဝေ့ရဲ့ ပြောစကားအရဆိုရင် စီးပွားရေး တည်ဆောက်မှုနှင့် မူးယစ်ဆေး ဝါး တိုက်ဖျက်နှိမ်နင်းမှုကို အမိအရဆုပ်ကိုင်ထားနိုင်ရမယ်။ ''စစ်တပ်တည် ဆောက်ရေးကို ဆုပ်ကိုင်ထားရင် စစ်အစိုးရက နှစ်မြို့မှာမဟုတ်ဘူး''လို့ ဗိုလ် ချုပ်က အတိအလင်း ပြောပါတယ်။ စီးပွားရေးဇုန်သုံးခုကို ဖွင့်လိုက်ပြီးဖြစ်ပါ တယ်။ အဲဒါကတော့ တုန်းချဲန်ဒေသ (အရှေ့မြို့ပြဒေသ)၊ စွမ်းဖုန်းချဲန်ဒေသ (ဇာမဏီငှက်မောင်နှံမြို့ဒေသ) နှင့် ကျန်းရှန့်ဒေသ (ရွှေဆင်မြို့ဒေသ) တို့ ဖြစ်ကြပါတယ်။

မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးအချက်နဲ့ စပ်လျဉ်းပြီး ဗိုလ်ချုပ် ဝေ့ချောင်းရင်ပြောတာက ''ဒါဟာ အထူးဒေသရဲ့ အကြောင်းအရာ ကိစ္စရပ် ကြီးတစ်ခုဖြစ်ပါတယ်။ နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး ဗျူ ရိုအစည်းအရုံးကြီးက မြန်မာအစိုးရနဲ့ တွဲပြီး ရဟတ်ကြီးစီးပြီး အတူနှစ်ကြိမ်လာ ရောက်ခဲ့ဖူးတာကလွဲပြီး (အကြိမ်တိုင်း နာရီပိုင်းလေးပဲ ကြာတယ်) ဒီကို နက် နက်ရှိုင်းရှိုင်း (လေးလေးနက်နက်) အတွင်းကျကျ လာကြတာမဟုတ်ပါဘူး။ ဒါပေမဲ့ တရုတ်ပြည်ဘက်က မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး သူတို့ကို ပေးတဲ့ ဖိအားတွေက အင်မတန် ကြီးမားလှပါတယ်''။

ဗိုလ်ချုပ်ဝေ့က ဘိန်းအပေါ်ကို ဒီလိုမျိုး ထင်မြင်ယူဆထားပါတယ်။

(၁) ကိုးကန့်မှာ နှစ်ပေါင်း ၁၅၀ ကျော်တဲ့ ဘိန်းစိုက်ပျိုးရေး သမိုင်း ကြောင်း ရှိနေပါတယ်။ ခေတ်အဆက်ဆက်က လူတွေရဲ့ ထမင်းစားရေး ပြဿနာဖြစ်ပါတယ်။ ဘိန်းဟာ ယဉ်ကျေးမှုတစ်မျိုးပါ။ ကိုးကန့်တိုင်းရင်းသား တွေရဲ့ သွေးအရည်ထဲမှာ နက်နက်ရှိုင်းရှိုင်း စိုက်ပျိုးထားပါတယ်။ အထူးသဖြင့် တောင်တန်းဒေသတွေပါ။ ဒီမှာက အကယ်၍များ ဘိန်းကို မစိုက်ပျိုးဘူးဆိုရင် မျက်မှောက်အခြေအနေက အဲဒီတောင်တန်းသားတွေ ဘယ့်နှယ်လုပ်ပြီး ကိုယ့် အသက်ကိုယ် မွေးနိုင်တော့မှာလဲဗျ။ ဒါ့အပြင် ဘိန်းဆိုတာက ဆောက်ပျင်းတွေ စိုက်ပျိုးတဲ့အရာတွေပါဗျ။ ကိုးကန့်သားတွေဟာ နှစ်ရာနဲ့ချီပြီးတော့ ဘိန်းကို စိုက်ရင်းပျိုးရင်းကနေ ငပျင်းတိုင်းရင်းသားတစ်ခုအဖြစ် ပြောင်းလဲသွားပြီဗျ။ အဲဒီအကြောင်းအချက်တွေကြောင့် ဘိန်းစိုက်ပျိုးမှုကို အမြစ်ကစ မြေလှန်ပစ် လိုက်ချင်တယ်ဆိုလို့ရှိရင် ကိုးကန့်သားတွေကို ဘယ်လိုမျိုး အသက်ရှင်သန်အောင် မွေးမြူထားမလဲဆိုတဲ့အချက်ကို တွဲဖက်ဆက်စပ်ပြီး လုပ်ဖို့ လိုအပ်နေပါတယ်။ ဘိန်းကို စိုက်တယ်၊ ပျိုးတယ်၊ နိုင်ငံတကာရဲ့ ဖိအားတွေ ရှိလာတယ်။ ဟော မစိုက်တော့ဘူးတဲ့ဗျာ။ ဒီလူတွေ ဘာနဲ့ စားကြမှာလဲ။ တစ်ခုပဲရှိတယ်။ နိုင်ငံ တကာ လူမှုအဖွဲ့အစည်း (တရုတ်လူမှုအဖွဲ့အစည်းအပါအဝင်) ကို အားကုန်သာ ြွေကးကြော်လိုက်ပါတယ်။ ''ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီကြပါဗျို့''

(၂) ကိုးကန့်ကနေ စီးမျောထွက်သွားတဲ့ မူးယစ်ဆေးဝါးတွေကို အားလုံးဟာ ကိုးကန့်နယ်မြေဒေသက စိုက်ပျိုးထုတ်လုပ်တာပါချည်း ပြောလို့ မရပါ။ ဒါတွေဟာ ကိုးကန့်သားတွေ လုပ်တာတွေချည်းလို့လည်း ပြောလို့မရ ပါခင်ဗျာ။ အခြားနေရာဒေသတွေက အခြားလူတွေ စိုက်ပျိုးထုတ်လုပ်ပြီး ကိုး ကန့်နယ်မြေလမ်းကြောင်းကနေ ဖြတ်သန်းကြတာလည်း ဖြစ်နိုင်ချေရှိပါတယ်။ ဒါလောက်ကြီးမားကျယ်ဝန်းလှတဲ့ ကိုးကန့်ရေမြေနယ်တွေကို သံစူးကြိုး ဝိုင်းပတ် ကာရံထားဖို့ဆိုတာကတော့ မဖြစ်နိုင်တဲ့ ကိစ္စပါဗျာ။

(၃) မူးယစ်ဆေးဝါး ထုတ်လုပ်မှုအပိုင်း၊ ဗိုလ်ချုပ်ဝေ့ရဲ့ ပြောစကားအရ ကတော့ ''အင်မတန်အရေးကြီးလွန်းလှတဲ့ လျှို့ဝှက်ချက်ပါ။ မူးယစ်ဆေးဝါး ထုတ်လုပ်မှုအပိုင်းမှာ အထူးဒေသက ခေါင်းဆောင်တွေမှာ တာဝန်ရှိပါတယ်။ အဓိပ္ပာယ်ကတော့ ခေါင်းဆောင်တွေလည်းပဲ ပါဝင်ထုတ်လုပ်နေပါတယ်ဆိုတဲ့ သဘောပါပဲ။ ခေါင်းဆောင်ပိုင်းတွေက ဒီလိုမျိုး ပြုပြင်ပြောင်းလဲထုတ်လုပ်မှု လုပ်ငန်းမှန်သမျှကို ရှင်းလစ်ပစ်လိုက်ရပါတယ်။ လောက်ကိုင်ရဲ့ မြေအောက် လုပ်ငန်းတွေမှာ ဟီးရိုင်းအင်းပြုပြင်ထုတ်လုပ်တဲ့ စက်ရုံ အလုပ်ရုံတွေ ရှိနေပါ တယ်။

ကိုးကန့်သားတိုင်းကို ''ခင်ဗျား ဘာကိုများ စိုက်ပျိုးနေပါသလဲဆိုတဲ့ မေးခွန်းမျိုးကို မေးမြန်းလိုက်တာနဲ့ သူက '' ဘိန်း''လို့ ချက်ချင်း ပြန်ဖြေလိမ့် မယ်။ ဟုတ်ပါတယ်ဗျာ။ အဲဒီသူက ခင်ဗျားသိမှာမဟုတ်ဘူးလို့ စိုးရိမ်မိပြီး သူ့ ကို နောက်ထပ်တစ်ခွန်းထပ်ပြီး ဖြည့်စွက်လိုက်ပါဦးမယ်။ ''ဘိန်းလေးဗျာ။ မူး ယစ်ဆေးဝါးလုပ်တဲ့ ဘိန်း'' ကဲ ခင်ဗျား ဘာဆက်မေးချင်သေးသလဲ။ ရှင်းနေပြီ နော်။ ကျွန်တော်တို့ ဗိုလ်ချုပ်ဝေ့ချောင်းရင်ကို ဆက်ပြီး မေးမြန်းကြပါတယ်။

မေး - ''ခင်ဗျားတို့ဆီမှာ ဘိန်းရောင်းချတာဟာ ဟင်းရွက်စည်း ရောင်းချသလိုမျိုးပဲလို့ ပြောကြတယ်ဗျ။ အဲဒါ ဟုတ်များ ဟုတ်ပါသလား ခင်ဗျား''

ဖြေ - ''ခင်ဗျားကိုယ်တိုင် သွားကြည့်လေဗျာ။ ခင်ဗျားကြားသလိုမျိုး လုံးဝကို မဟုတ်တာကို ခင်ဗျားတွေ့ရမှာပါ။ တကယ်လို့ တွေ့တယ်ဆိုရင် ကျွန်တော့် လာပြော ဟုတ်လား''

ဗိုလ်ချုပ်ဝေ့က အဲသလို ပြန်ဖြေလိုက်တယ်။ ဒါနဲ့ သတင်းထောက် ကဲ့စုရာလည်း မိတ်ဆွေနှစ်ယောက်နဲ့အတူ လောက်ကိုင်မှာ လှည့်ပတ်ကြည့်ကြ တာပေါ့။ ကိုးကန့်ဘုရားကျောင်းကြီးရဲ့ နံဘေးမှာ ဘိန်းရောင်းဝယ်နေတာကို တွေ့လိုက်ကြတယ်။ အဲဒီမြင်ကွင်းက တကယ့်ကို ဟင်းသီးဟင်းရွက်ရောင်းဝယ် နေကြတဲ့ အတိုင်းပါပဲ။ ဘာကိုမှ အမှုထားမနေဘဲ လုပ်ရိုးလုပ်စဉ်အတိုင်း အဆင်ကို ပြေနေကြတယ်။

ဗိုလ်ချုပ်ဝေ့က ပြောပြန်တယ် ''ရွှေတြိဂံမှာ ပီသတဲ့ ကိုးကန့် လေယူ လေသိမ်းသာရှိနေ၊ အဆင်ကို ပြေနေတာပဲ။ မြန်မာပြည်မှာ ခင်ဗျားကို ဘယ်သူ ကမှ မစော်ကားရဲဘူး။ အထူးသဖြင့် အနက်ရောင် လောကသားတွေပေါ့ဗျာ။ ကိုးကန့်သားတွေဟာ အထူးသဖြင့် တစ်စုတစ်စည်းတည်း နေထိုင်လိုကြတယ်။ အတော်များများက မြန်မာနိုင်ငံထဲ ဒါမှမဟုတ် တခြားနေရာဒေသတွေဆီ ရွှေ့ပြောင်းနေထိုင်ကြပါတယ်။ အင်အားက တောင့်တင်းတယ်။ အကယ်၍သာ ပြင်ပဘက်ဆီ အဆက်မပြတ် ရွှေ့ပြောင်းနေထိုင်မှုမျိုးသာ ရှိမနေရင် ခုလောက် ဆို ကိုးကန့်မှာ လူဦးရေ ၁ သန်းကျော်၊ ၂ သန်းလောက်တောင် ရှိနေလိမ့်မယ်။ ခုတော့ ရွှေ့ပြောင်းထွက်ခွာကြသူတွေ များလာတာကြောင့် လူဦးရေ ၂ သိန်း လောက်သာ ရှိပါတော့တယ်။ ကိုးကန့်သားတို့ရဲ့ ထူးခြားချက်က ဗဟိုချဉ်းကပ် အားနှင့် အတွင်းစုစည်းမှုအားတွေ ခိုင်မာတောင့်တင်းလွန်းအားကြီးပါတယ်။ တည်ကြည်လေးနက်ပြီး ရိုသေသမှုကို အလေးထားတယ်။ အမျိုးသားရေးအမြင် ပြင်းထန်လေ့ရှိတယ်။ ဒါတွေက ကိုးကန့်သားတို့ရဲ့ အားကောင်းချက်တွေ ဖြစ် ပါတယ်။ သူတို့ရဲ့ အားနည်းချက်ကတော့ စာပေယဉ်ကျေးမှုပိုင်းမှာ အားနည်း တယ်။ နိုင်ငံရေး အမြင်ကင်းမဲ့တယ်။ စည်းလုံးညီညွတ်မှုမရှိဘဲ အမြဲတမ်း အိမ်ကြက်ချင်း အိုးမည်းသုတ်ပြီး ခွပ်ကြတဲ့ အလေ့အထတွေ ရှိတယ်။ ဒါကြောင့် လည်း ကိုးကန့်ဟာ ရှည်လျားတဲ့ နှစ်နှစ်ဆယ်ကျော်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ရဲ့ ခေတ်တစ်လျှောက်မှာ အကြီးမားဆုံး အမှားကတော့ ပညာရေးကို အလေး မထားကြပါ။ ကျောင်းတွေ တည်ထောင်မှုတွေ မလုပ်ဆောင်ကြပါဆိုတာတွေပါပဲ။