Breaking News

ဂန္ထဝင်မောင်ထူး - ယောမင်းကြီးကြားရင် ရယ်လိမ့်မယ်



ဂန္ထဝင်မောင်ထူး - ယောမင်းကြီးကြားရင် ရယ်လိမ့်မယ် 

(မိုးမခ) ဇန်နဝါရီ ၂၇၊ ၂၀၂၁

အများစုကတော့ ကိုယ့်ကို အသိအမှတ်ပြုတာခံချင်ကြတာပဲ။ ရိုသေလေးစားတာခံချင်တယ်။ ချီးမြှင့်မြှောက် စားတာခံချင်ကြတာလည်း လူ့သဘာဝတခုပါပဲ။ ဘယ်လောက်ထိ ဂုဏ်ဆာသလဲ၊ အသိအမှတ်ပြုခံချင်လဲဆိုရင် ကျောက်တိုင်စိုက် မော်ကွန်တင်ပေးသည်အထိ လိုလားကျေနပ်နေတတ်ကြသဗျ။ 

ကိုယ့်ကို အသိမှတ်ပြုပေးမယ့် လူက လူလိမ်လား ဘာလားတောင်မသိတော့ဘူးပေါ့။ ဒါပေမယ့် ကိုယ်တိုင်ကတော့ အသိမှတ်ပြုလေးစားခြင်း ဂုဏ်နဲ့ညီအောင် နေထိုင်တာမျိုးအထိတော့ ကိုယ် ကျင့်ပြည့်စုံချင်မှပြည့်စုံပေမပေါ့။ ဒီတော့ ဗာလာနံအချင်းချင်း ‘ကျီးကိုဘုတ်ကမြှောက် ဘုတ်ကိုကျီးကမြှောက်’ကြတော့တာကိုး။ ‘လူမိုက်’ နဲ့ ‘အန္ဓ’ ခွဲမရအောင် တွဲစပ်လိုက်ကြတော့တာပါပဲ။ သို့ပေမယ့် ပရိတ်သတ်လက်ခုပ်သံဆိုတာကလည်း ချီးမြှောက်ခြင်းရှိသလို ရှုတ်ချခြင်းလည်းရှိတတ်တာကိုတော့ သတိပြုဖို့လိုပါမယ်။ 

ဒီလိုခွဲခြားတတ်ဖို့ကလည်း ပညာဉာဏ်ရှိမှဖြစ်ပေတာကိုး။ ပညာဉာဏ်လည်းကင်းသလို ပရိသတ်ချစ်ခင်မှုလည်း မရတတ်တဲ့သူတွေကြတော့ ကိုယ့်ကို ချီးမြှင့်မယ်သူ အသိအမှတ်ပြုမယ့်သူဟာ ‘ဘယ်လိုလူမျိုးလဲ’ ဝေခွဲမနေအားတော့ဘူးလေ။ ဒီတော့ ကိုယ့်ကို ချီးမြှင့်မြှောက်စားမယ့်သူဟာ လူဆိုးလား။ သူခိုးလား။ လူလိမ်လား။ ဘိန်းစားလားဆိုတာဝေ ခွဲမနေတော့ဘူး။ ‘မသူတော်ချင်းချင်း သတင်းလွေ့လွေ့’ဆိုသလို ‘အသေဝဠာစ ဗာလာနံ”ဖြစ်တော့တာပါပဲ။ ‘ဂျို(ချို)ကုတ်ရှိရာ ဂျို(ချို)ထောင်မလာ’တတ်ဘူးပေါ့။ ဘယ်လာပါ့မလဲ။ ပညာရှိက ‘လူမိုက်ကိုရှောင်သလေ့လေ့’ပေါ့။ ဒီတော့လည်း သူ့ပတ်ဝန်းကျင်မှာ လူဆိုးလူမိုက် လူလိမ်လူကောက်တို့ပဲ ဝိုင်းရံသပေါ့လေ။

 ရှိစေတော့ အခုပြောချင်တာက ‘မြန်မာပညာရှိကြီး ဦးဘိုးလှိုင်အကြောင်းပါ။ ယောအတွင်းဝန်ဦးဘိုးလှိုင်လို့ ပြောလိုက်ရင် မြန်မာစာဖတ်ပရိတ်ကသိပြီးသား။ သူပြုစုခဲ့တဲ့ကျမ်းတွေအကြောင်း သိကြပြီးသား။ နိုင်ငံရေးသမားအများစုကတော့ ‘ရာဇဓမ္မသင်္ဂဟ’ဆိုရင် သိနေကြပြီ။ဆရာကြီးက အဲ့ဒီကျမ်းမှာ “လူမိုက်ဆိုတာ လောကမှာရှိတယ်။ လူမိုက်မှာ မိုက်လုံးကြီး ‘အား’ရှိ၏။ သို့သော် မင်း၏အား ငါးပါး။ သူတော်ကောင်းအား ၇ ပါးတို့တွင် တစ်ပါးမှမပါဝင်သောကြောင့် ‘အား’အစစ်မဟုတ်’လို့ ဆိုခဲ့တယ်။ ဆရာကြီးဆိုလိုဟန်ကို ‘အဌကထာ’လုပ်ကြည့်ရင် လူမိုက်က ကျောက်တိုင်ပဲစိုက်စိုက် ကမ္ဗည်းပဲထိုးထိုး ဗေဒင်စကားနဲ့ပြောရရင် ‘ဆန်း’  မဝင်ဘူး။ ‘ဆန်းပျက်’နေတာ။ တနည်း ‘အား’မဖြစ်ဘူးလို့ဆိုလိုဟန်ပါ။ ဆရာကြီးက ပညာမဲ့သူကို ‘မိုက်လုံးကြီး’လို့ ဆိုခဲ့တာ။ ပညာမဲ့သူရဲ့ ကျောက်တိုင်စိုက် ကမ္ဗည်းတင်ဖို့မပြောနဲ့ သူ့ကို ချီးမွန်းစကားပြောမှာကိုတောင် ထိတ်လန့်မိသတဲ့။ 

အဲ့ဒါနဲ့ပတ်သက်ပြီး ဆရာကြီးနဲ့မြင်းထိန်း’ငတာ’အကြောင်းပြောရအုံးမယ်။ မြန်မာစာဖတ်ပရိတ်သတ်ကတော့ မြင်းထိန်းငတာဟာ စာပေမတတ် စာမဖတ်တဲ့သူဆိုတာ သိပြီးပေါ့ဗျာ။ ဒါပေမယ့်ပြောပြပါရစေ….။ ရတနာပုံနေပြည်တော်ကြီးမှာ ဦးဘိုးလှိုင်ပြုစုခဲ့တဲ့ ကျမ်းတွေနဲ့ပတ်သက်ပြီး နာမည်အရမ်းကြီးနေတဲ့အချိန်ပေါ့။ မြင်းထိန်းငတာကလည်း သူ့ကိုပညာရှိလို့ အထင်ခံချင်တော့ (အခုခေတ်စကားနဲ့ဆိုရင် နိုင်ငံရေးဝေဖန်သုံးသပ်သူတို့၊ နိုင်ငံရေးကျွမ်းကျင်သူလို့ အထင်ခံလိုဟန်ထင်ပါရဲ့။ ဤကားစကားချပ်) အလှူအိမ်တကာနဲ့လူစည်စည်ရှိတဲ့ အသုဘအိမ်မကျန်သွားပြီး ယောမင်းကြီးရဲ့စာတွေကောင်းကြောင်း ဖတ်သင့်ကြောင်း ပြီးတော့ အဲ့ဒီ ကျမ်းတွေကို ကြာဖူးနားဝနဲ့ ‘ဝေဖန်တိက’လုပ်ပြီးလိုက်ပြောနေတော့ တာပေါ့။

 ဒီအကြောင်းကို ယောမင်းကြီးကြားတော့ ငတာကိုခေါပြီး ဒေါင်းဒင်္ဂါး ၁၆ ပြားထုတ်ပေးရင်း “၎င်းငွေနှင့် မောင်မင်းပုဆိုးဝယ်၍ဝတ်လေ။ နောက်ကို ယနေ့စ၍ ငါရေးသောကျမ်းများကို လူတွေ့တိုင်းမချီးမွန်းလေနဲ့ ကြည့်ရှုရန်မတိုက်တွန်းလေနှင့်”လို့ ပြောပြီးပြန်လွှတ်လိုက်သတဲ့။ တကယ်တော့ စာမတတ်တဲ့သူက ချီးကျူး နေရင် ပညာရှင်ကိုသတ်တာနဲ့တူတာကိုး။ ပညာရှိတို့က လူမိုက်ချီမွန်းမှာကို အဲ့လောက်ထိတ်လန့်ကြရှာတယ်။ 

အခုဖေါ်ပြခဲ့တာတွေက မှော်ဘီဆရာသိန်းရဲ့ မှတ်တမ်းထဲပါရှိတာတွေပေါ့။ ဒါပေမယ့် မှော်ဘီဆရာသိန်းရဲ့မှတ် တမ်းထဲမပါပဲ ကျန်ရှိနေတာကို ဂန္ထဝင်မောင်ထူးရဲ့ မှတ်တမ်းမှာတွေ့ရှိထားတာကလည်းရှိသေးတယ်။ 

အဲ့ဒါက…

 မြင်းထိန်းငတာဟာ ယောအတွင်းဝန်ပေးလိုက်တဲ့ ဒေါင်းဒင်္ဂါး ၁၆ ပြားနဲ့ အင်္ကျီ ပုဆိုးတွေဝယ်ဝတ်ပြီး ရတနာပုံ နေပြည်တော်ထဲ လမ်းသလားနေတော့တာပေါ့။ မြို့သူမြို့သားတွေပါးစပ်ဖျားမှာတော့ ‘ယောမင်းကြီးကတောင် ငတာကို ပုဆိုးနဲ့အင်္ကျီကန်တော့ဆိုပဲ’ လို့ပြောကြသတဲ့။ တကယ်တော့က ‘ယောမင်းကြီးကန်တော့လိုက်တာ’ လို့ ငတာက ဝါဒဖြန့်နေတာကိုး။ ငတာလည်း ယောမင်းကြီးပေးတဲ့ငွေကုန်တော့ ငွေရရာလမ်းအတွက် နေ့စားဆန္ဒပြပွဲ လိုက်လိုလိုက်။ ကတုံးတုန်းလို့ ဘုန်းဘုန်းအတု လုပ်လိုလုပ်ပေါ့။ နောက်ဆုံး မြက်မြက်လေးစားရဖို့ သူခိုးကြီးမိုး မှောင်ဆီမှာတပည့်ခံပြီးခိုးဆိုးလုယက် မြှောက်ပင့်စားသောက် နေတော့တာပေါ့။ ငတာကို ခိုးမှု လုယက်မှု လိမ်လည်မှုတွေနဲ့ရုံးတော်က ဖမ်းဆီးအမိန့်ထုတ်ပြန်ထားပေမယ့် သူခိုးကြီးမိုးမှောင်ကိုလည်းကြောက်နေရတော့ မြို့စောင့်တပ်ကလည်းမဖမ်းရဲဘူးဖြစ်နေတယ်။ 

အဲ့ဒီအချိန်မှာပဲ ငတာက ကျွန်းတိုင် ကောင်းကောင်းတလုံးရှာပြီး ‘သူ ခိုးကြီးမိုးမှောင် ကမ္ဗည်းတိုင်’စိုက်ဖို့ လုပ်တော့တာပဲပေါ့။ သူခိုးကြီးမိုးမှောင်ကလည်း တလောကလုံးမှာ‘ငါ့ရဲ့မြေခိုးယာခိုးနဲ့ ဘဏ္ဏာခိုး’နေတဲ့ကြားထဲက ငါ့ကို အသိအမှတ်ပြုတာဆိုလို့ ငတာနဲ့ ထောင်မှူး (လူတထောင်နဲ့စောင့်ရတဲ့ ကိုယ်ရံတော်တပ်ကိုခေါ်။ရွှေဘုံနိဒါန်းအလိုတည်း)တို့ အမိန့်တော်ပြန် ‘ငမဲလုံး’တို့ပဲ ရှိတယ်။ မတတ်နိုင်ဘူး။ ဘွဲ့ပေးရင်လည်း ယူရမှာပဲ။ တိုင်စိုက်ရင်လည်း ထူပေးရမှာပဲ။ ဝရမ်းပြေးရင်လည်း ကာကွယ်ပေးရမှာပဲလေ’ လို့ စဉ်းစားပြီးပီတိအပြည့်နဲ့ဆိတ်ငြိမ်နေသတဲ့ကွယ်။ 

ဂန္ထဝင်မောင်ထူးရဲ့မှတ်တမ်းကလည်း ဒီမျှသာပါပဲ။ ကျနော်စဉ်းစားနေမိတာက “တကယ်လို့များ ယောမင်ကြီး အနေနဲ့ သူပေးတဲ့ပိုက်ဆံနဲ့ မြင်းထိန်းငတာတယောက်ဟာ သစ်လွင်တောက်ပတဲ့ အဝတ်အစားတွေဝတ်ပြီး သူခိုး ကြီးမိုးမှောင်အတွက်ကမ္ဗည်းတိုင်စိုက်ဖို့ပြင်ဆင်ရင်း လူ့ကပ်ပါး‘ငတာ’တယောက် ဝရမ်းပြေးနေရကြောင်းသိရင်… ပညာရှိတို့ရဲ့ပြုံးရယ်ခြင်း ‘သိတ’ ‘ဟသိတ’နှစ်ပါးဖြင့် ရယ်မောနေလေသလော မဆိုနိုင်တော့ပြီ…။ မြန်မာပြည်သူအပေါင်း သူခိုးကြီးမိုးမှောင်ဘေးမှ အမြန်ကင်းဝေးကြပါစေ။ 

ဂန္ထဝင်မောင်ထူး