စစ်ကောင်စီက ကျင်းပမယ့်ရွေးကောက်ပွဲ ၂၆၇ မြို့နယ်မှာကျင်းပမယ်လို့ ကော်မရှင်ဆို၊ ကျောင်းမတက်ရလို့ သတ်သေသွားတဲ့ ကရင်နီက စစ်ဘေးရှောင် မိန်းကလေးငယ်
မြန်မာနွေဦးခရိုနီကယ် - ဇွန် ၇ မြင်ကွင်း
(မိုးမခ) ဇွန် ၈၊ ၂၀၂၅
စစ်ကောင်စီက ကျင်းပမယ့်ရွေးကောက်ပွဲ ၂၆၇ မြို့နယ်မှာ ကျင်းပမယ်လို့ ကော်မရှင်ဆို၊ ကျောင်းမတက်ရလို့ သတ်သေသွားတဲ့ ကရင်နီက စစ်ဘေးရှောင် မိန်းကလေးငယ်
မဲစာရင်း မသမာမှုရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီက ၄ နှစ်ကျော် ၅ နှစ်ပြည့်ခါနီးအချိန်ကျဖြစ်တဲ့ ၂၀၂၅ ခု ဒီဇင်ဘာနဲ့ ၂၀၂၆ ဇန်နဝါရီလတွေမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာခဲ့ပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မြို့နယ် ၂၆၇ မြို့နယ်မှာ ကျင်းပဖို့ လျာထားကြောင်း သတင်းဌာနတခုရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။
တနိုင်ငံလုံးမှာ မြို့နယ်အားဖြင့် ၃၃၀ ရှိတဲ့အနက် ၂၆၇ မှာ ကျင်းပဖို့ လျာထားတယ်ဆိုတာကြောင့် အဆိုပါ အရေအတွက်ဟာ ၈၀ ရာနှုန်းသော မြို့နယ်တွေမှာ ကျင်းပဖို့ ရည်ရွယ်တာဖြစ်ပေမယ့် လက်တွေ့မှာ ၂၆၇ မြို့နယ်မှာ ကျင်းပနိုင်မလားဆိုတာ မသေချာပါဘူး။
လက်ရှိအနေအထားမှာ စစ်ကောင်စီအနေနဲ့ မြို့တွေဆက်ပြီး လက်လွှတ်ဆုံးရှုံးရတာ နည်းပါးသွားပေမယ့် အများအပြားသော မြို့နယ်တွေမှာ မြို့ကိုသာ ထိန်းချုပ်ထားနိုင်ပြီး မြို့နယ်အုပ်ချုပ်ရေးထဲ ပါဝင်နေတဲ့ ကျေးရွာအုပ်စုတွေကို ထိန်းချုပ်ထားနိုင်ခြင်း မရှိတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် စစ်ကိုင်းတိုင်းထဲမှာ ပုလဲ၊ ယင်းမာပင်၊ ဒီပဲယင်း၊ ဆားလင်းကြီး၊ အရာတော်၊ ရွှေဘို၊ ဝက်လက်၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ မင်းကင်း စတဲ့ မြို့နယ်များစွာမှာ မြို့အုပ်ချုပ်မှုနယ်မြေလောက်သာ ထိန်းချုပ်ထားနိုင်ပြီး မြို့ဧရိယာ ပြင်ပက ကျေးရွာအုပ်စုတွေ အားလုံးနီးပါး အသီးသီးသော လက်နက်ကိုင် အဖွဲ့တွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ဒါက စစ်ကိုင်းတိုင်းဖြစ်ပြီး ကချင်ပြည်နယ်မှာလည်း မြို့နယ်အများအပြား KIA ထိန်းချုပ်ထားသလို၊ ရှမ်းမြောက်မှာလည်း အနည်းအကျဥ်းမျှသော မြို့နယ်တွေကိုသာ စစ်ကောင်စီ ထိန်းချုပ်ထားနိုင်တာပါ။ ကရင်နီ (ကယား) မှာလည်း လွိုင်ကော်၊ ဘော်လခဲ၊ စတဲ့မြို့တွေလောက်သာ စစ်ကောင်စီ ထိန်းချုပ်ထားနိုင်သလို ကရင်ပြည်နယ်မှာ မြို့တွေအများစုကိုသာ ထိန်းချုပ်ထားနိုင်ပြီး မြို့ပေါ်ဒေသမဟုတ်တဲ့ နေရာအများစုကို KNU, စစ်ကောင်စီထံက ခွာသွားတဲ့ BGF, DKBA တို့က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ချင်းပြည်နယ်မှာလည်း ဟားခါး၊ တီးတိန် တို့လို မြို့အချို့သာ ထိန်းချုပ်ထားနိုင်ပြီး အများစုက CNF/CNA, CB နဲ့ ဒေသအလိုက် ဖွဲ့ထားတဲ့ ချင်းလက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
မန္တလေးတိုင်း ပဲခူးတိုင်း၊ မကွေးတိုင်းတို့မှာလည်း PDF, KNU ထိန်းချုပ်နယ်မြေတွေ အများအပြားရှိနေပြီး မိုးကုတ်လိုမြို့ကို TNLA က ထိန်းချုပ်ထားတာလည်း တွေ့ရမှာဖြစ်ပါတယ်။
ဒီအနေအထားကိုကြည့်ရင် စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲက နိုင်ငံအနှံ့ အကြားအလပ်မရှိ ကျင်းပနိုင်မယ့် အခြေအနေမဟုတ်တာ သေချာပါတယ်။ တဖက်မှာလည်း စစ်ကောင်စီ အနေနဲ့ မြို့နယ်တွေ တိုးပြီး ကျင်းပနိုင်တာထက် ၄င်းလက်ထဲမှာ ရှိတဲ့မြို့နယ် နဲ့ မြို့ပေါ်တွေမှာသာ ကျင်းပခြင်းအားဖြင့် ၄င်းတို့ လိုသလို မဲရဖို့ ကြံစည်နိုင်မှာလည်း ဖြစ်ပါတယ်။ နယ်မြေများနိုင်သမျှ များများကျင်းပနိုင်အောင် ကြိုးစားမယ်လို့ ဟန်ရေးပြဖို့ ပြောဆိုခြင်းသာ ဖြစ်နိုင်ပြီး လက်တွေ့မှာတော့ ၄င်းတို့ကျင်းပနိုင်တဲ့မြို့နယ် အရေအတွက်သာ ကျင်းပပြီး တရားဝင်တဲ့ အသွင်ဖြစ်အောင် လုပ်ဆောင်ဖို့ ရည်ရွယ်ထားတာလည်း ဖြစ်နိုင်ပါတယ်။
စစ်တပ်ဟာ ၂၀၁၀ နဲ့ ၂၀၁၅ ခုနှစ်တွေလို အနေနဲ့ ရွေးကောက်ပွဲ မကျင်းပမီမှာ ကာကွယ်ရေး ဝန်ကြီးဌာနအောက်မှာ ရှိတဲ့ ဒါဇင်နဲ့ချီတဲ့ ဗိုလ်ချုပ်တွေကိုတပ်က အငြိမ်းစားပေးပြီး ကြံ့ခိုင်ရေးပါတီ အောက်ကနေ ရွေးကောက်ပွဲ ဝင်စေဖို့ အခုလည်း လုပ်ဆောင်မယ့် အနေအထား တွေ့လာရပါတယ်။ ယနေ့ ဘီဘီစီ မြန်မာပိုင်း သတင်းမှာ စစ်ဗိုလ်ချုပ်တွေကို ရွေးကောက်ပွဲဝင်ဖို့ ဆန္ဒရှိမရှိ မေးမြန်းမှုတွေ ရှိနေပြီလို့ သတင်းဖေါ်ပြထားတာတွေ့ရပါတယ်။ စစ်ဗိုလ်ချုပ်တွေကို ကြံ့ခိုင်ရေးပါတီဘက် ဘာကြောင့် ပြောင်းခိုင်းသလဲ ဆိုတဲ့ အကြောင်းရင်းကို ဆန်းစစ်ကြည့်ရင် ကြံ့ခိုင်ရေးပါတီမှာ လက်ရှိတာဝန်ယူထားတဲ့ ပါတီခေါင်းဆောင်တွေက မင်းအောင်လှိုင်ကို သစ္စာရှိတာ၊ အကြွင်းမဲ့ ထောက်ခံတာမျိုး မဟုတ်တဲ့အနေအထား လို့အကဲဖြတ်ချက်ကြောင့် ဖြစ်နိုင်ပါတယ်။ ကြံ့ခိုင်ရေးပါတီက စစ်ဗိုလ်ချုပ်ဟောင်းတွေ အနေနဲ့ စစ်အာဏာသိမ်းတာကို ထောက်ခံကြပေမယ့် အာဏာသိမ်းပြီးနောက် လုပ်ဆောင်မှုတွေမှာ မင်းအောင်လှိုင်ကို အားလုံးထောက်ခံကြတာတော့ မဟုတ်ပါဘူး။ သာဓက တခုအနေနဲ့ဆို ယခင် စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး လုပ်ခဲ့ဖူးတဲ့ စစ်ဗိုလ်ချုပ်ဟောင်းမြင့်လှိုင်က သာဓကတခု ဖြစ်ပါတယ်။ ဒီအနေအထားတွေက အခုလို စစ်တပ်က ဗိုလ်ချုပ်ကြီးတွေ၊ ဒုဗိုလ်ချုပ်ကြီးတွေကို အသုတ်လိုက် ကြံ့ခိုင်ရေးပါတီပို့ဖို့ ရည်ရွယ်တာ ဖြစ်နိုင်ပါတယ်။
အခုလို နောက်ခံအခြေအနေတွေနဲ့ လုပ်ဆောင်မယ့် ရွေးကောက်ပွဲဟာ မြို့နယ်အရေအတွက်အားဖြင့် စာရွက်ပေါ်မှာ ၂၆၇ မြို့နယ်ရှိပေမယ့် လက်တွေ့မြေပြင်မှာ ဘယ်လောက် ကျင်းပနိုင်မလဲဆိုတာ စောင့်ကြည့်ရမယ့် အချက်ဖြစ်နေပါတယ်။
ဒီနေ့အဖို့ နောက်ပြောမယ့် အကြောင်းအရာက ရင်နင့်စရာအဖြစ်အပျက်တခုအကြောင်း ဖြစ်ပါတယ်။ ကရင်နီ(ကယား)ပြည်နယ်က ငါးတန်းအောင်ထားတဲ့ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် ကျောင်းဆက်တက်ခွင့်မရလို့ မိမိကိုယ်ကိုယ် သတ်သေသွားတဲ့ အဖြစ်အပျက်အကြောင်း ဖြစ်ပါတယ်။
လွိုင်ကော်မြို့နယ်ထဲက ကျေးရွာတရွာမှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင်မိသားစုက မရှဲမယ် အမည်ရှိတဲ့ မိန်းကလေးက မိမိကိုယ်ကိုယ် သတ်သေခြင်း မလုပ်ဆောင်မီ မိသားစုထံ နောက်ဆုံးရေးထားခဲ့တဲ့စာမှာ ကျောင်းတက်ချင်ကြောင်းနဲ့ ကျောင်းတက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ မိသားစုက ဝယ်မပေးနိုင်တဲ့အဖြစ်ကို ဖော်ပြထားတဲ့စာက ဖတ်ရှုသူတွေကို ရင်နင့်စေတာ တွေ့ရပါတယ်။
စစ်ဘေးကြောင့် မိသားစုတွေ စစ်ဘေးရှောင်တိမ်းနေရချိန် အလုပ်အကိုင်၊ အခွင့်အလမ်းတွေ ဆုံးရှုံးသလို ရှိစုမဲ့စု ပိုင်ဆိုင်မှုတွေလည်း ပျက်စီးဆုံးရှုံးကြရသလို၊ ပိတ်ဆို့မှုတွေကြောင့် အစစအရာရာ ကုန်ဈေးနှုန်းတွေ မတန်တဆ မြင့်တက်လာတဲ့အခြေအနေက မိသားစုတွေ အနေနဲ့ ကလေးပညာရေးထက် ထမင်းနပ်မှန်အောင် စားဖို့ အဓိကရုန်းကန်နေကြရတဲ့ အနေအထား ဖြစ်ပါတယ်။
ကံဆိုးတဲ့အဖြစ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ မိန်းကလေးငယ်ဟာ အသက် ၁၃ နှစ်ရှိနေပြီး ၅ တန်းအောင်ထားသူ ဖြစ်တယ်လို့ ဆိုပါတယ်။ အသက်အရွယ်အရဆို ၇ တန်းအဆင့်မှာ သင်ကြားရမယ့် အရွယ်ဖြစ်ပေမယ့် ကိုဗစ်ကပ်ဘေးနဲ့ ပြည်တွင်းစစ်ဘေးတွေမှာ ကလေးငယ်တွေရဲ့ ပညာရေး နှောင့်နှေးခဲ့ကြရတဲ့ အဖြစ်ကိုလည်း မြင်သာစေပါတယ်။
မရှဲမယ်လို အဖြစ်မျိုး ကြုံတွေ့နေရတဲ့ ကလေးငယ်တွေ မြန်မာနိုင်ငံမှာ ဘယ်လောက်ရှိနေဦးမလဲ တိတိကျကျ မသိနိုင်ပေမယ့် ပြည်တွင်းစစ်ကာလအတွင်း သောင်းနဲ့ သိန်းနဲ့ချီတဲ့ ကလေးငယ်တွေ စာသင်ခန်းထဲ ပျော်ရွှင်စွာ စာသင်နိုင်ခြင်း မရှိတော့တာတော့ အသေအချာပင် ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar