Breaking News

သက်ဝေ- မိုးကောင်းကင်ကို ဖွင့်ခဲ့သူ


မိုးကောင်းကင်ကို ဖွင့်ခဲ့သူ
သက်ဝေ
(မိုးမခ) အောက်တိုဘာ ရက်၊ ၂၀၁၉

တော်ရုံ နှလုံးသားမျိုး၊ တော်ရုံစိတ်ဓာတ်ကြံ့ခိုင်မှုမျိုးနဲ့ ဖန်တီးရေးသားဖို့ ဘယ်လိုမှမလွယ်ကူတဲ့ စာအုပ် တစ်အုပ် ကျွန်မလက်ထဲမှာရှိနေတာ နှစ်ပေါင်းအတော်ကြာခဲ့ပါပြီ။ ဟိုတစ်ရက်က စာရေးသူက သူရေး ခဲ့တဲ့စာအုပ်လေးကို ဖတ်ချင်တဲ့သူတွေရှိရင် PDF နဲ့ ပို့ပေးမယ် Email address တွေ ရေးပေးခဲ့ပါလို့ Facebook မှာ စတေးတပ်စ်တင်တာ တွေ့လိုက်ရတော့ စိတ်ထဲ ဇဝေဇဝါဖြစ်သွားတယ်။ သူပြောတာ နောက်ထပ်စာအုပ်အသစ် တစ်အုပ်များလားဆိုပြီး အဲဒီစတေးတပ်စ်အောက်မှာ ကျွန်မ email လိပ်စာ လေး ချရေးခဲ့ပါတယ်။ မိနစ်ပိုင်းအတွင်း စာအုပ် PDF File နဲ့အတူ သူ့ဆီက email ပြန်ဝင်လာတယ်။ ရရချင်း ဖတ်ကြည့်လိုက်တော့မှ ကျွန်မမှာ ရှိနေခဲ့ပြီးသား စာအုပ်ပဲ ဆိုတာ သိလိုက်ရတယ်။ ဒါနဲ့ စာစု လေးကို အစအဆုံးတစ်ခေါက်ပြန်ဖတ်ပြီး နောက်တစ်နေ့မှာတော့ ကျွန်မမှာရှိတဲ့စာအုပ်ကို ပြန်ရှာခဲ့ပါ တယ်။ ရိုးသားရှင်းလင်းတဲ့ အပြင်အဆင်နဲ့ စာအုပ်ပါးလေးဟာ ကျွန်မရဲ့ စာအုပ်စင်မှာ ငြိမ်ငြိမ်သက် သက် ရှိနေခဲ့ပါတယ်။

***

စာရေးသူ ဒေဝဟာ သူ့ကိုယ်သူ "ကျွန်တော့်နာမည် ဒေဝ ပါ" လို့ ရိုးရိုးပဲမိတ်ဖွဲ့ရင်း သူ့ရဲ့စုကို အစပြု လိုက်ပါတယ်။ ကလေးတစ်ယောက်ရဲ့ မိုးကောင်းကင်ဟာ သူ့ဘဝရဲ့ဟီးရိုးဆိုရင် စာရေးသူဒေဝရဲ့ မိုး ကောင်းကင်ဟာ "စိုးလွင်လွင်" လို့ ကျွန်မတို့သိခဲ့တဲ့အဆိုတော်တစ်ယောက်ပါ။ အဲဒီဟီးရိုးတစ်ယောက် အကြောင်း (သို့) ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်အကြောင်းကို အမှတ်တရ သတိတရရေးထားတဲ့စာမို့ စာရေးသူရဲ့ နှလုံးသား အခင်းအကျင်းကို ကြည်လင် ပြတ်သားစွာ မြင်တွေ့ခွင့်ရခဲ့ပါတယ်။

သူ့ရဲ့ ငယ်ဘဝလေးထဲမှာ သူချစ်တဲ့ အဖေ၊ သူ့ရဲ့ မိုးကောင်းကင်နဲ့ ပတ်သက်လို့...အဖေ အငှားကား မောင်းလို့ အဆင်ပြေတဲ့ညဖက်တွေမှာ ပြန်လာရင် ခေါက်ဆွဲကြော်ဝယ်လာတတ်တာက အစ၊ ၁၉၈၅/ ၈၆ မှာ ချစ်လူမိုက် အခွေထွက်တာ၊ ညီမလေး ရွှေအိမ်စည်ကိုမွေးတဲ့အချိန်မှာ ချစ်လူမိုက် အခွေပေါက် ပြီး အောင်မြင်လာတာ၊ သူတို့ရဲ့ ရန်ကင်းအိမ်လေး လျှာထိုးကြမ်းခင်းတာ၊ အဖေရေး ထားတဲ့သီချင်း တွေ လူကြိုက်များပြီး ရောင်းရလာတာ... စတဲ့ အမှတ်ရစရာလေးတွေ ဖတ်ရတယ်။ ကြားဖူးကြမယ်ထင်ပါတယ်အဲဒီအချိန်က ကျွန်မတို့ သိခဲ့တဲ့၊ ရိုးသားပြီး ချစ်စရာ ကောင်းလှတဲ့သီချင်းလေးတစ်ပုဒ်… "ဆံပင်တွေကို လေနဲ့ မှုတ်မယ် ချစ်လို့ချစ်လို့..." ဆိုတာ စိုးလွင်လွင်ရဲ့ လက်ရာတွေထဲက တစ်ခုပေါ့။

သူ့စာထဲမှာ ထူးထူးခြားခြား ရင်ထဲကို ရောက်လာတဲ့ အဖြစ်တစ်ခုကတော့ အသိတစ်ယောက်နဲ့ ဆက်စပ်ပြီး အဆိုတော်အသစ်ရဲ့ အခွေတစ်ခွေ မူပိုင်ဝယ်မလားလို့ လာမေးတာ၊ အမေက ဝယ်လိုက်ပါလား ဆိုတာကို အဖေက "ငါက အနုပညာသမား စီးပွားရေး မလုပ်နိုင်ဘူး... အဲဒီအခွေကို ဝယ်လိုက်ရင် အဆိုတော်ကို ခေါင်းပုံဖြတ်သလို ဖြစ်သွားမယ်၊ အနုပညာသမားအချင်းချင်း ခေါင်းပုံဖြတ်တဲ့အလုပ်ကို တသက်လုံး မလုပ်ဘူး" လို့ ပြန်ပြောလိုက်တဲ့ အကြောင်းလေးပါ။ တကယ့် အနုပညာသမား စစ်စစ်တစ်ယောက်ရဲ့ စိတ်ဓါတ်ကို အထင်အရှား မြင်လိုက်ရပါတယ်။ အခွေကတော့ "နာရီပေါ်မှမျက်ရည်စက်များ" ဖြစ်ပြီး အဆိုတော်ကတော့ အားလုံးသိတဲ့ "ထူးအိမ်သင်" ပါ။

နောက်ပိုင်းမှာ အဖေသွားရာ တကောက်ကောက်လိုက်ရင်း စိုးလွင်လွင်ရဲ့ လက်တွဲဖော်တေးရေးဆရာတွေ ဖြစ်လာမယ့် ညီညီသွင်၊ ညီညီစံတို့နဲ့ ရန်ကင်း ၁၂ လုံးတန်းထိပ်က စုရပ်လေးမှာ တွေ့ဆုံဖြစ်ကြတာ၊ သူရဲကောင်း တို့ရဲ့ နှလုံးသား တေးစု ထွက်လာတာ၊ ခေတ်ကာလ မတည်မငြိမ်အနေအထားထဲမှာ သီချင်းကောင်းလေးတွေ ပါရဲ့သားနဲ့ အခွေက ထင်သလောက် မအောင်မြင်ခဲ့တာ၊ နောက်ပိုင်းမှာ သူတို့အိမ်ကို အောင်ရင် ထူးအိမ်သင်တို့ ရောက်လာတတ်တာ၊ ညီညီသွင်ရဲ့ "မင်းမရှိရင် အသက်မရှင်ချင်ဘူး အချစ်ရယ် မနေ့က ငါသေဆုံးသွားခဲ့…" ဆိုတဲ့ စာသား အဆန်းလေးကို ကြားကြားချင်း နှစ်သက် သွားရတာစတဲ့ အကြောင်းတွေအပြင် သူတို့ရဲ့ မိသားစု အခြေအနေလေးတွေကိုပါ စီစီရီရီ ရေးပြထားတာမို့ စာရေးသူဟာ ငယ်ပေမယ့် အတော်မှတ်မိတဲ့သူပဲ လို့ ကောက်ချက်ချရပါတယ်။

ကစားစရာတွေဆို ဘယ်လောက်စျေးကြီးကြီး ဝယ်ပေးတတ်တဲ့ အဖေတစ်ယောက်အကြောင်းကို ပြန်ပြောပြတဲ့အခါ သားကိုလက်ဆွဲလို့ ပန်းဆိုးတန်းနားက စတိုးဆိုင်မှာ ကစားစရာဝယ်နေတဲ့ သားအဖ နှစ်ယောက်ကို မျက်စိထဲ မြင်ယောင်လာစေပါတယ်။ စာအုပ်ထဲမှာပါတဲ့ ဓာတ်ပုံဝါးဝါးလေးမှာတောင် သားအတွက် ကစားစရာ ဆင်ပေးနေတဲ့ စိုးလွင်လွင်ရဲ့ အပြုံးကို တိတိပပ ပုံဖော်လို့ရခဲ့ပါတယ်။ သမီးငယ် ရွှေအိမ်စည်လေးကတော့ အရုပ်အကြီးကြီး တစ်ခုကိုပွေ့ပိုက်ရင်း ပြုံးပျော်လို့။

အဖေက သားကို သွားလေရာခေါ်သွားတတ်တယ်၊ သီချင်းသွင်းတဲ့ စတူဒီယိုတွေ၊ စတိတ်ရှိုးတွေ ခေါ် သွားဖို့လိုတယ်ဆို ကျောင်းဖျက်ပြီး ခေါ်သွားတတ်တယ် တဲ့။ အဲဒီနောက် ရသမျှပိုက်ဆံတွေကို ကြွပ်ကြွပ်အိတ်တစ်လုံးထဲထည့်ထားပြီး သားအဖသုံးယောက် အတူတူနေခဲ့ကြတဲ့ပျော်စရာနေ့စွဲတွေအကြောင်း၊ အင်းလျားလိတ်မှာ သွားစားကြတဲ့ နေ့စွဲတွေ ရှိသလို စားစရာမရှိတဲ့ နေ့တွေနဲ့အိမ်နားက ထမင်းဆိုင်မှာ အကြွေးစားရတဲ့နေ့တွေ ရှိခဲ့တဲ့ အကြောင်း၊ ဒါပေမယ့် သားအဖ သုံးယောက် အဲဒီလို နေခဲ့ရတဲ့ နေ့ရက်တွေကို ဘာနဲ့မှမလဲနိုင်ဘူး တဲ့။ စာရေးသူနဲ့ ထပ်တူခံစားရတဲ့ စာမျက်နှာတွေပါ။ ပြန်လည်ရှာဖွေလို့ မရ၊ ဘာနဲ့မှ အစားထိုးလို့ မရနိုင်တော့တဲ့ အချိန်တွေ

"
မိုးရေစက်တွေလိုပဲ လေထဲ မျောလွင့်ပါကိုယ့်ရဲ့ စိတ်တွေ လှုပ်ရှား…" ဆိုတဲ့ မာနမျက်နှာ သီချင်းကို ရေးတုန်းက အပြင်မှာ မိုးဖွဲလေးတွေ ကျနေခဲ့တာ၊ အဲဒီသီချင်းကို တီးကြ ဆိုကြ အသံသွင်းကြချိန်က စောဘွဲ့မှူးနဲ့ ချစ်စမ်းမောင်ပါဝင်ခဲ့တာ။ မာနမျက်နှာအခွေ အောင်မြင်တဲ့အချိန်မှာ စာရေးသူ မောင်ဒေဝ လေးတန်း ပထမအစမ်း စာမေးပွဲကျပါတယ်ခင်ဗျာ... ဆိုတဲ့နေရာရောက်တော့ ကျွန်မ ရယ်မိတယ်။ လေးတန်းကလေးရဲ့ မှတ်ဉာဏ်တွေထဲ သယ်ပိုးထားရတဲ့စာမျက်နှာတွေ များလှချည့်လို့ လည်း တွေးမိ ပြန်ပါတယ်။

သူ့အဖေ ရေးခဲ့တဲ့ တချို့သီချင်းတွေရဲ့ သမိုင်းကြောင်းလေးတွေကိုလည်း သူ့စာထဲမှာ ဖတ်ရတယ်။ ဘယ်တော့မှမေ့မရတဲ့ငယ်ချစ်ဆိုတာ လူတိုင်းမှာရှိမယ်မဟုတ်လားဆိုတဲ့အတွေးနဲ့ ရေးခဲ့တဲ့ "ငယ် သူမို့" ဘဝရေးမပြေလည်တဲ့အတွက် ချစ်သူနဲ့ ရင်မဆိုင်ရဲခဲ့တဲ့ဝေဒနာကို ဖော်ညွှန်းတဲ့ "ရင်ဆိုင်စရာ စွမ်းအားမရှိတော့လို့ပါ" သူ့ကိုသိပ်ချစ်ပြီး သူကလည်း သိပ်ချစ်တဲ့ချစ်ဇနီးအတွက်ရည်ရွယ်ခဲ့တဲ့ "မှန်တာပြောရင် သစ္စာ…" စတဲ့ သီချင်းတွေအကြောင်းဖတ်ရတော့ စာဖတ်ရင်း စာရေး နေရင်းမှာ တစ်ချို့သီချင်းတွေကို သတိတရနားထောင်ရပြန်ပါတယ်။

လွမ်းဆွေးရတဲ့ နေ့တချို့မှာ ဖြေစရာ ရှာကြည့်ရင်း
ဒီသီချင်းဟာ မင်းအတွက် ဖြစ်လာတယ်...
သောက တချို့တဝက်ကို ဖြေဖျောက်ပေးစွမ်းရှိလို့လည်း
ဒီသီချင်းအတွက် မင်းကို ကျေးဇူးပဲ... ...
(
စိတ်ဖြေသီချင်း)

မခွဲဘူးအချစ်ရေမခွဲဘူး အသက်ရေ
စိန္တေမြတ်ဘုရား ဆုပန်ခြွေလို့သာ
အလွမ်းပန်းပွင့်တွေ ပေးဆက်ရင်းသာ
အဆင်ပြေကြဆုံး တို့နှစ်ယောက် ချစ်ကမ္ဘာမှာ
(
နမိတ်)

ပိုးချည်မျှင် လွန်းရက်ကန်းတင် အကွက်လှလှလိမ်းခြယ်
ထားသစ္စာခိုင်စေဦး ရွက်လူးပျိုငယ်
ဘဝပုံကာချစ်ကြစို့ကွယ် တိုးရစ်ပတ်အချစ်နွယ်
စိမ်းလဲ့ရေကြည်စေဦး ချစ်ပြုံးစီခြယ်
(
ချစ်ပြုံးစီခြယ်)

***

အဲဒီနောက် ခိုင်ထူးနဲ့ နှစ်ယောက်တွဲအခွေ "ထားရစ်ခက် နေခဲ့တော့မယ် " အတွက် သီချင်းတွေသွင်းတဲ့အကြောင်းတွေ ဖတ်ရတယ်။ တစ်ည စတူဒီယိုတစ်ခုကနေ သီချင်းသွင်းပြီးအပြန် ကားမောင်းလာရင်း အင်းလျားရောက်တော့ ဆီကုန်သွားတာနဲ့ ကားကိုရပ်ထားခဲ့ပြီး အိမ်ပြန်အိပ်နေတဲ့အကြောင်းဖတ်ရတော့ အင်းလုပ်တော့မယ်လို့တွေးရင်း ပြုံးမိတယ်။ တကယ်ကို ရိုးရိုးသားသား စိတ်ရှင်းရှင်း လူတစ်ယောက်ဆိုတော့ ဒီလိုပဲ တွေး၊ ဒီလိုပဲပြုမူလိမ့်မယ်ဆိုတာ နည်းနည်းမှ ယုံမှားသံသယမရှိခဲ့ပါဘူး။ ဆီကုန်တယ် မောင်း မရတော့လို့ ထားခဲ့တယ်ပေါ့။ ခေတ်ကာလကလည်း ကောင်းတော့ နောက်တစ်နေ့ မနက်မှာ ကားကို အလုံး အထည်မပျက် ဒီတိုင်း ပြန်တွေ့ရတယ် တဲ့။

၁၉၉၀ မှာ မောင့်မျက်ရည်ဝိုင်းထွက်တယ်။ မောင့်မျက်ရည်ဝိုင်းက ကိုင်ဇာရေးပြီး စိုးလွင်လွင် ဆို၊ အင် မတန်နာမည်ကျော်သွားခဲ့တဲ့သီချင်းတစ်ပုဒ်။ အဲဒီအချိန်က ကျွန်မတို့ ကျောင်းတွေပိတ်ပြီး နားနေရတဲ့အချိန်ဖြစ်လို့ သီချင်းတွေ အများကြီးနားထောင်ဖြစ်တဲ့အချိန်ပါ။ အဲဒီအခွေထဲက သီချင်းတွေအကုန်လုံးကို စွဲလမ်းနှစ်သက်ခဲ့တာ မှတ်မိနေပါတယ်။ မျက်လုံးရိုင်း၊ ရက်စက်တယ်၊ ဝေးဝေးမသွားပါနဲ့၊ ခရေသီချင်းကောင်းလေးတွေ အများကြီးပါတဲ့ အခွေလေးပါ။ အကြိုက်ဆုံးသီချင်းကတော့ အလွမ်း ရင့် လွမ်းမပြယ်

အနေအထိုင်တွေ တစ်မျိုးပြောင်းလို့ ရင်မှာ နာကျင်တယ်
စေတနာတွေ လမ်းခင်းလည်း လှမ်းလျှောက်မလာခဲ့
ဝမ်းနည်းတာ ကိုယ်တစ်ယောက်တည်း ဖြစ်မယ်
(
အလွမ်းရင့် လွမ်းမပြယ်)

စာရေးသူဟာ သူ့ရဲ့ မိုးကောင်းကင်အကြောင်းကို ပုံဖော်ရာမှာ ဆံပင်ညှပ်ရင် အင်းလျားလိတ်မှာ ညှပ်တာကအစ သောက်ရေဆို Evian မှ သောက်တာ၊ ဂျင်းဂျာကင်ကို မချွတ်တမ်းဝတ်တတ်တာဆိုတာ မျိုးအထိ အသေးစိတ်ပါတယ်။ မွေးကျေးဇူး ကျွေးကျေးဇူးတွေတွေထက်ပိုတဲ့ အဖေတစ်ယောက်လို့လည်း အရိုးရှင်းဆုံး ရည်ညွှန်းထားပါတယ်။ ချစ်ခြင်းမေတ္တာရဲ့ အမှတ်အသားတွေ။

နောက်တော့ ၁၉၉၃ မှာ ကာရန်သစ်အခွေထွက်လာ၊ ရှိုးတွေအများကြီးဆိုရ၊ မိသားစုရေးရာတွေ အပြောင်း အလဲဖြစ်ခဲ့ရ၊ အဖေနဲ့ တကွဲတပြားနေခဲ့ရတဲ့အချိန်တွေအကြောင်း၊ အမေနဲ့နေတဲ့အချိန်မှာ အဖေလာခေါ်တဲ့အခါ သားအဖတတွေလျှောက်လည်ကြ မုန့်တွေဝယ်စားကြ ပျော်ရွှင်ကြရတဲ့ ကြောင်း၊ သားအဖနှစ်ယောက်အပြင်သွားရင်း ကားတိုက်မိမလိုဖြစ်တော့ အဖေက သူ့ကို တွန်းထုတ်လိုက်တာ၊ အဖေကိုယ်တိုင်ကတော့ ကားရှေ့မှာ ပွန်းပဲ့ ဒဏ်ရာတွေနဲ့ လဲကျနေခဲ့တာ တဲ့။ ကံကောင်းလို့ အဲဒါတွေအပြင် ဘယ်နေရာသွားသွား ဘာကိစ္စလေးပဲ ဖြစ်ဖြစ် အဆိုတော် စိုးလွင် လွင်ရဲ့သားလား ဆိုပြီး ကူညီတတ်တဲ့ မိတ်ဆွေတွေအကြောင်းကိုလည်း မမေ့မလျော့ မှတ်တမ်းတင် ထားပါတယ်။

စာရေးသူက "ကျွန်တော့အဖေဟာ ဘဝမှာ အနုပညာသမားတစ်ယောက်ပီသစွာ နေထိုင်သွားခဲ့တယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ အနုပညာမာန်မာနလည်း အလွန်ကြီးခဲ့ပါတယ်။ သူ့အနုပညာနဲ့ ပတ် သက်ရင် ဆတ်ဆတ်ထိမခံပါဘူး။ သိတဲ့သူတွေလည်း သိပြီးသားမို့ ထပ်မပြောတော့ပါဘူး။ သူဟာ တကယ်ပဲ သူ့အတွက်ရော ကျွန်တော်တို့အတွက်ပါ မိုးကောင်းကင်ကို ဖွင့်ပေးသွားခဲ့တယ်လို့ ပြော ရင်း သူ့ရဲ့ စာကို အဆုံးသတ်ပါတယ်။

ကွယ်လွန်တဲ့အချိန်မှာ သူရေးခဲ့တဲ့မူပိုင်သံစဉ်နဲ့ ကော်ပီသီချင်း အပုဒ် ၄၀၀ ကျော်ချန်ခဲ့သူ၊ ကော်ပီကတော့ ရေးခိုင်းတဲ့သူရှိလို့ရေးခဲ့ဟန်တူပေမယ့် သူကိုယ်တိုင်တော့ ကော်ပီတစ်ခါမှမဆိုခဲ့သူ၊ ဝတ္ထုတို ဝတ္ထုရှည်တွေနဲ့ ကဗျာတွေလည်း ရေးခဲ့သူ၊ အနုပညာသမားပီသစွာနေထိုင်ရှင်သန်ခဲ့သူ၊ သူ့အတွက်တော့ အဖေဟာ မိုး ကောင်းကင်ကို အလှပဆုံး ဖွင့်ပေးခဲ့သူစိုးလွင်လွင်။

သက်ဝေ
(
၁၃ စက်တင်ဘာ ၂၀၁၉)

မှတ်ချက် - အဆိုတော် စိုးလွင်လွင်ရဲ့သား စာရေးသူဒေဝရဲ့ မိုးကောင်းကင်ကိုဖွင့်ပေးခဲ့သူစာအုပ်ကို သူ့ရဲ့ အားပေး တိုက်တွန်းမှုနဲ့ ပြန်လည်ခံစားရေးသားပါတယ်။ ဒီစာ ရေးနေပြီဆိုတော့ မောင်ဒေဝက ပြောတယ်၊ နှလုံးသားနဲ့ရေးပါ အမ တဲ့။ ကျွန်မ သူပြောတဲ့အတိုင်း နှလုံးသားနဲ့ ခံစားရေးသားခဲ့ပါတယ်။