Breaking News

ဆိုင်းဗျူ ● ကချင်လူမှုဘဝကို ခြိမ်းခြောက်နေသော မူးယစ်ဆေးဝါး

 ဆိုင်းဗျူ ● ကချင်လူမှုဘဝကို ခြိမ်းခြောက်နေသော မူးယစ်ဆေးဝါး
(မိုးမခ) မေ ၇၊ ၂ဝ၁၉

ကချင်ပြည်က  ထွက်ရှိလာသော မူးယစ်ဆေးဝါးသည် ပပျောက်သွားရန်အလွန် ခက်ခဲနေသည့် ကာလကိုရင်ဆိုင်နေရသည်။ ကုန်ကြမ်းထုတ်လုပ်မှုအဆင့်သည် အနာဂတ်လူငယ်များအတွက် စိုးရိမ်စရာ ထောက်ချောက်ဖြစ်နေပါသည်။

ဓာတုဆေးဝါးအဖြစ်မပြောင်းလဲမီ ကုန်ကြမ်းအဖြစ်ထုတ်လုပ်မှုဟာ ကချင်ပြည်နယ်ထဲတွင် အများဆုံး စိုက်ပျိုးထုပ်လုပ်နေကြ သည်။ ဘိန်းစိုက်ပျိုးမှုကို ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့ ကန်ပိုင်တည်မြို့ စသည့်နယ်စပ်မြို့ဖြစ်သော တောင်ပေါ် ဒေသများတွင် စိုက်ပျိုးကြပြီး တနိုင်းဒေသတွင်လည်စိုက်ပျိုးကြသည်။ ဆဒုံး ကန်ပိုင်တည် တောင်ပေါ်မြို့များသည် နယ်ခြား စောင့်တပ်က ထိန်းချုပ်ထားသော ဧရိယာရပ်ဝန်းဖြစ်လေသည်။ ထိုတောင်ပေါ်ဒေသများသည် ဘိန်းစိုက်ပျိုးမှု အများဆုံး ဒေသများဖြစ်သည်။ဒေသခံများလည်း စိုက်ပျိုးကြပြီး အခြားတိုင်းတပါးသားများလည်း ဒေသခံများကို ငွေကြေးအရင်းအနှီး ထုပ်ပေးကာ စိုက်ပျိုးခိုင်းကြသည်။ ဘိန်းစိုက်ပျိုးမှု ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းရှင်မှာ တရုတ်လူမျိုးဖြစ်သည်။

"ကျနော်တို့ ဒီဆဒုံးတောင်ပေါ်ဒေသမှာ အခြားသော အလုပ်အကိုင်လည်း မရှိသောကြောင့် ဒီဘိန်းခင်းလုပ်တာက ဝင်ငွေတော်တော်ကောင်းတယ်ဆိုတော့ အများဆုံးက ဘိန်းစိုက်ပျိုးကြတယ်။ တရုတ်လောပန်တွေက ငွေးကြေးမရှိတဲ့သူတွေကို ငွေကြေးထောင်ပံ့ပေးတယ်။ ဘိန်းစိုက်ခိုင်းတယ်။ ထွက်လာတဲ့ဘိန်းတွေကို ဝယ်ပေးတယ်" ဟု ဒေသခံလူငယ် ကိုဘောမ်ယိန်းကပြောပြသည်။  

ထိုဒေသများတွင် ဘိန်းပေါ်လာချိန်တွင် ဆဒုံးမြို့တို့တွင် ရောင်းချလျှက်ရှိကြသည်။ ဆဒုံး ဝေမော်ကျးရွာတွင်လည်း ဘိန်း မည်းဘိန်းဖြူများစွာရ ရှိနိုင်သည်။ ဘိန်းစိုက်ပျိုးမှုသည် ဝင်ငွေအလွယ်တကူ ရရှိနိုင်သည်။ ထိုဒေသတွင် ဘိန်း (၁) ပိဿ တရုတ်ယွမ်ငွေ ၁ဝဝဝ ကျော်ပေးချေပြီး ရောင်းချလျှက်ရှိကြသည်။


ကချင်ဒေသတွင် ဘိန်းမည်းစိုက်ပျိုးထုတ်လုပ်မှု ဘိန်းဖြူရောင်းဝယ်မှုစံချိန် တဖြည်းဖြည်းမြင့်တက်လာနေခြင်းကြောင့် ပြည် သူများ၏  လူမှုဘဝ (သို့မဟုတ်) မိသားစုများတွင် အခက်အခဲများစွာဝင်လာနေသည်။ ဘိန်းဖြူ ဘိန်းမည်းထုတ်လုပ်မှု မြင့် တက်လာခြင်းနှင့်အတူ သုံးစွဲသူလည်း မြင့်တက်လာနေဆဲ ဖြစ်သည်။ သုံးစွဲသူ မြင့်တက်လာခြင်းနှင့်အတူ မိသားစုလူမှုဘဝ ရပ်ဝန်း ပတ်ဝန်းကျင်တို့တွင်လည်း စိုးရိမ်ကြောက်ရွံ့မှု မြင့်တက်လာနေဆဲ ဖြစ်နေသည်ကို တွေ့ရသည်။ လူငယ်များ၏ အနာဂတ်ဟာ ချောက်ထဲသို့ကျရန်ပြင်ဆင်နေသည်မှာ ဝမ်းနည်းစရာကောင်းလှပါသည်။ မိဘများ၏စိုးရိမ်မှုသည် အမြင့်ဆုံး
ဖြစ်သည်။

မူးယစ်ဆေးဝါးသုံးစွဲမှု မြင့်တက်လာခြင်းနှင့်အတူ မိသားစုပိုင်အမွေများ ရတနာများ ရွှေများ ခိုးယူရောင်းချပြီး ဆေးသုံးစွဲရန် အတွက် လူငယ်များ ငွေကိုရှာလာကြသည်။ မြို့ထဲရပ်ကွက်ထဲတွင်လည်း ခိုးမှု လုယှက်မှုများ ပိုမိများပြားလာခဲ့သည်။ ထိုသို့ အဖြစ်များလာသည်မှာ ကချင်ပြည်နယ် ဝိုင်းမော်မြို့ မြစ်ကြီးနားမြို့ နမ္မတီးဒေသတို့တွင် အများဆုံး ပြည်သူများ ထိတ်လန့်ကြုံ တွေ့နေရခြင်းဖြစ်သည်။

ဘိန်းဖြူအကြောထဲ ဆေးထိုးအပ်နဲ့ထိုးသွင်းသည့် လူငယ်သည် အသက်ရှင်ဖို့အခွင့်အလမ်း အလွန်နည်းပါးသည်ကို တွေ့ရ သည်။ အသက်ရှင်ဖို့သက်တမ်း ၅ နှစ်ကျော်သာ ဆက်ရှင်နိုင်သည်။ ဘိန်းဖြူသုံးစွဲသူများသည် အကြောထဲဆေးထိုးအပ်နှင့် ထိုးသွင်းရသည်။ နောက်ဆုံးအဆင့်ဆေးထိုးလို့ရသည့်နေရာသည် ယောင်္ကျားအင်္ဂါအနီးတွင်ရှိသော သွေးကြောထဲတွင် ထိုး သွင်းခြင်းမှာ နောက်ဆုံးအဆင့်ဖြစ်သည်ဟု မူးယစ်ဆေဝါးသုံးစွဲသည့်လောကတွင် ပြောဆိုနေကြသည်။ ဘိန်းချက်ပြီးသောက် သောသူများသည် အသက်ရှည်စွာနေနိုင်သေးသည်။ ဆိုးကျိုးခံစားရမှု နှေးကွေးသည်။ ဘိန်းဖြူသုံးစွဲသူများသည် ဆိုးကျိုး သက်ရောက်မှု မြန်ဆန်သည်။ ယခုအခါတွင် ဝိုင်းမော်မြို့ မူးယစ်ဆေးဝါးသုံးစွဲမှု  ဆယ်ကျော်သက်လူငယ်များ ပိုမိုများပြား လာကြောင်းသိရသည်။

''ဝိုင်းမော်မှာ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူ ပိုများလာတယ်။ အခုကအလယ်တန်းကျောင်းနဲ့ မူလတန်းကျောင်းထိပါ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူရှိလာတယ်ဆိုတဲ့အကြောင်း ဒေသခံ မူးယစ်ဆေးဝါး ပိတ်ပင်တားဆီးရေးအဖွဲ့တွေဆီက အစီရင်ခံစာတက်လာ တယ်'' ဟု ဝိုင်းမော်မြို့ လူထုအခြေပြု မူးယစ်ဆေးဝါးပိတ်ပင်တားဆီးရေးအဖွဲ့အစည်းမှ လွမ်းခေါင်ကပြောသည်။


ယခုအချိန်ခါတွင် ကချင်ပြည်နယ်ထဲတွင် မူးယစ်ဆေးဝါးဖြတ်ပေးသော သင်တန်းကျောင်းများ ပေါ်ထွက်လာပါသည်။ ကေဘီစီနှစ်ခြင်းခရစ်ယာန်အသင်းချုပ်မှ ဖွင့်လှစ်ထားရှိသော သာသနာအလင်းသင်တန်းကျောင်း အသင်းတော်အသီးသီးမှ ဖွင့် လှစ်သော သင်တန်းကျောင်းငယ်များ ရှိလာပါသည်။ မူးယစ်ဆေးဝါးဖြတ်ပေးသောသင်တန်းကျောင်းသို့ ရောက်လာသူများ သည် မိဘကလာရောက်ပို့ဆောင်ခြင်း အချို့လူငယ်များမှာမူ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးအဖွဲ့အစည်းမှ ဖမ်းဆီးပြီး လူငယ်များကို လာရောက်ပို့ဆောင်ကြလေသည်။

ကချင်ပြည်နယ်မ ှအချို့သောလူငယ်များမှာ မူးယစ်ဆေးဝါးတွေ့ရှိမှု သုံးစွဲမှုတို့ကြောင့် အကျဉ်းထောင်အသီးသီးတွင် ဘဝကို          စတေးနေကြရသည်မှာ ရင်နာစရာကောင်းလှပါသည်။  သူတို့အတွ အသိဉာဏ် အသက်မွေးဝမ်းကျာင်းဆိုင်ရာပညာရပ်များ ဗဟုသုတများ ဘဝအတွက်တိုးတက်မှု အခွင့်အလမ်းများ စသည့်လူအခွင့်အရေးများ ထောင်ထဲတွင် ဆုံးရှုံးနေရသည်။ ထောင်ထဲတွင် သူတို့လုပ်နေရသောဘဝမှာ ၆ ပေါင်တူကိုင်ပြီး ကျောက်ထု ကျောက်ခွဲဘဝနဲ့သာ သွားနေရသည်။ မျှော်လင့် ချက် ပျောက်ဆုံးနေပါသည်။

လူငယ်များ မူးယစ်ဆေးဝါးသားကောင်အဖြစ် နေထိုင်သွားရသည်မှာ မိသားစုပြဿနာ၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါး ခြင်း လူငယ်တွေ လမ်းစ မျှော်လင့်ချက်မဲ့နေသောရပ်ဝန်းသာ တွေ့နေရသောကြောင့် ဖြစ်သည်။ အထူးသဖြင့် မူးယစ်ဆေးဝါး ထုတ်လပ်မှု ကုန်သွယ်မှုသည် တစထက် တစ စီးပွားရေးမဏ္ဍိုင်တရပ်လို အားကောင်းလာနေခြင်းကြောင့်ဟုလည်း ချိတ် ဆက်မိပါသည်။ နေရာတကာ လူငယ်များနှင့်ထိတွေ့နေသောရပ်ဝန်းများတွင် လွယ်ကူစွာ ရောင်းဝယ်နိုင်သောကြောင့်ဖြစ်သည်။ လူငယ်များသုံးစွဲရင်းနဲ့ ရောင်းဝယ်သယ်ဆောင်ခြင်းကိုပြုလုပ်လာကြသည့်ကိုလည်း တွေ့ရသည်။

ပြည်ထောင်စုလွတ်တော်မှ အသစ်ပြင်ဆင်ပြောင်းလဲလိုက်သော မူးယစ်ဆေးဝါးနှင့်ဆိုင်သော ဥပဒေတွင်ပါရှိသည့် ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်များအမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန်သာ လိုအပ်နေပါသည်။ ကချင်ပြည်နယ်တွင် လူထုအခြေပြု မူးယစ်ဆေးဝါး ပိတ်ပင်တားဆီးရေးအဖွဲ့အစည်းသည်လည်း စေတနာ့ဝန်ထမ်းများဖြင့် လုပ်ကိုင်ဆောင်ရွက် နေပြီး အဓိကလိုအပ်နေသည်မှာဘတ်ဂျတ်ဖြစ်ကြောင်းသိရသည်။ အဖွဲ့အစည်းတွင် ဘတ်ဂျတ်လုံလောက်မှု မရှိသော ကြောင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရာတွင် အခက်အခဲရှိနေသည်။

"အခုလောလောဆယ်တော့ ကျနော်တို့ အမြင်ဖွင့်သင်တန်းတွေနဲ့ လူထုကိုပေးနေတယ်။ မူးယစ်ဆေးရောင်းဝယ်တဲ့သူတွေကို ဖမ်းမယ်ဆိုရင် အရမ်းခက်ခဲတယ်။ ဒီမှာက အိမ်ထောင်သည်ဖခင်တွေ၊ သက်ကြီးပိုင်းတွေ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူများ တယ်။ ဘိန်းဖြူသုံးစွဲတဲ့သူ ပိုများတယ်" ဟု ဟူးကောင်းချိုင့်ဝှမ်း မူးယစ်ဆေးဝါးပိတ်ပင်တားဆီးရေးအဖွဲ့မှ ခေါင်းဆောင်ဆရာ တန်ဂွမ်းက ပြောသည်။ 

မူးယစ်ဆေးဝါးသုံးစွဲတဲ့သူများလာသည့်အခါ လူမှုရပ်ဝန်းတွင် ပြဿနာအများအပြား ကြုံတွေ့လာရသည်။ ဆေးသုံးစွဲခွင့်ရဖို့ အာရကီ ဖန်ရာတွင် ဓားမြတိုက်ခြင်း၊ ညအချိန်သွားလာနေသော ပြည်သူများထံမှ ဆက်ကြေးကောက်ခံခြင်း၊ ဆိုင်ကယ် လု ယူခြင်း၊ လက်ဝက်ရတနာများ လုယူခြင်းများ စသည့်ပဋိပက္ခများ နောက်ဆက်တွဲဖြစ်ပေါ်လာရသည်။ မိသားစုထဲတွင်လည်း မိဘများက စိတ်ညစ်စရာများ ခံစားလာရတော့သည်။ တချိုသောမိဘများသည် သားများကို ဆုံးရှုံးရလေသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင် စိမ့်ဝင်နေသော မူးယစ်ဆေးဝါးများကို အစိုးရအနေဖြင့် ထိထိရောက်ရောက် ဖမ်း ဆီး နိုင်နှင်းသင့်သည်။ မူးယစ်ဆေးဝါးကုန်သွယ်မှု ရောင်းဝယ်မှု မြင့်တက်လာခြင်းသည်သည် ပြည်ထဲရေးဝန်ကြီးဌာနနှင့် အစိုးရထံတွင် စိမ့်ဝင်လာနေသည်။ မုန့်ပုံနဲ့တည်ဆောက်ထားသော အစိုးရတစ်ရပ်ဖြစ်လာမည်ကို အနာဂတ်တွင် စိုးရိမ်နေရ သည်။ မြန်မာနိုင်ငံ၏မူးယစ်ဆေးဝါးဆိုင်ရာမူဝါဒ နှစ် ၂ဝ စီမံကိန်းသည် ယခု ၂ဝ၁၉ ခုနှစ်အထိဖြစ်သည်။ နောက်ထပ်စီမံ ကိန်းများကို အစိုးရမှ မည်သို့ဆက်လက်ဆောင်ရွက်မည်ကို စောင့်ကြည့်နေရတော့မည်။ အဖြေဟာ ကောင်းမွန်လာနိုင် မည်လား။ ကမ္ဘာတွင် မြန်မာနိုင်ငံ၏မူးယစ်ဆေးဝါး ဖွံ့ဖြိုးတိုးတက်ပြောင်းလဲမှုမှာ အရှက်ရစရာကောင်းနေသည်။ အစိုးရမှ ဖွင့်လှစ်မည်ဟုဆိုသည့် လူငယ်ပြုပြင်ထိန်းသိမ်းရေးသင်တန်းကျောင်း မည်သို့အခြေအနေရောက်နေသည် ခရီးမည်မျှ ရေ က်နေသည်ကို ချပြသင့်သည်။

"သူတို့ဒေသကအေးတဲ့တောင်ပေါ်ဒေသဆိုတော့ တခြားဟာတွေစိုက်လို့ရတယ်။ စိုက်လို့ရပေမဲ့ သူတို့အတွက် ဈေးကွက် မရှိဘူး။ အစိုးရကနေ ပေါ်လစီကောင်းချပေးရမယ်။ ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်ပေးရမယ်။ အသီးအနှံတွေ စိုက် မယ်။ ပို့ကုန်တွေအတွက် အစိုးရကနေတာဝန်ခံပြီး အဓိကလုပ်ဆောင်ပေးရမယ်" ဟု နိုင်ငံတက်ကြွလှုပ်ရှားနေသူ ဒေါ်ဆိုင်း နူးပန်က ပြောပြသည်။

မူးယစ်ဆေးဝါး လွမ်းမိုးမှု ခြိမ်းခြောက်ခြင်းဟာ မိသားစု မိမိပြည်နယ်နှင့်တိုင်းဒေသအသီးသီးတွင် ဖိအားပေးနေဦးမလား။ မဟာဗျူဟာကျကျ အကောင်အထည်မဖော်နိုင်လျှင် မြန်မာနိုင်ငံဟာ ခြိမ်းခြောက်မှုအောက်မှာ ကျရှုံးတော့မည်။

ဆိုင်းဗျူ

ဓာတ်ပုံ ခွန်လတ်