Breaking News

မောင်လူရေး - ပူတာအို မြစ်ကြီးနား တောင်ကတုံးများ



 မောင်လူရေး - ပူတာအို မြစ်ကြီးနား တောင်ကတုံးများ

(မိုးမခ)  ေမ ၇၊ ၂၀၁၉ 

ပူတာအိုကနေ မြစ်ကြီးနားပြန်တော့ ကားနဲ့ပြန်တယ်။ အသွားမှာ လေယဉ်နဲ့ သွားဖြစ်တော့ နယ်မြေဒေသ ဘာမှ မမြင်ရ။ ကားခ တယောက်သုံးသောင်းကျတယ်။ ကားလမ်းကောင်းတာကတော့ မနှစ်ကနဲ့ ဒီနှစ် ၂ နှစ်လောက်ပဲ ရှိသေးတယ်တဲ့။ နောက်တနှစ်လောက်ကြာရင်တော့ လမ်းတွေ လုံးဝ ကောင်းသွားတော့မယ်တဲ့။ ခု လမ်းမှာ လုပ်လက်စ ဆိုက်တွေ အများကြီးတွေ့ရတယ်။ ကားဆရာနဲ့ ပွားရင်း သိရတာတွေအများကြီး။ အရင်က ကားကြီးနဲ့ တစ်လကျော် မောင်းရတယ်။ အတက်အဆင်း ၂ ကြောင်းပေါင်းပေါ့။ လမ်းမှာ အိပ်ရတယ်။ စပယ်ရာ၊ ဒရိုင်ဘာ ၂ ယောက်ထဲကို ဆန် တစ်အိတ်၊ တစ်အိတ်ကျော် အာ့လို ပါရတယ်။ ကုန်ကားမောင်းတယ်တဲ့။ အဓိကကတော့ ဒီဘက်က စားသောက်ကုန်တွေပဲ သယ်ရတာ။ အိမ်သုံးကုန် ပစ္စည်းတွေ ဆီပေပါတွေ။ တစ်ခေါက်ဆို ၅ သိန်းခွဲ ၆ သိန်း။ စပယ်ရာက ၃ သိန်း၊ ၃ သိန်းခွဲတဲ့။ အဲလိုရခဲ့သတဲ့။

အာ့တုန်းက လမ်းမှာ နည်းနည်းဘဲ ရွေ့တယ်။ ၂ ရက်၊ ၃ ရက် ဆက်တိုက်က မရွေ့ရဘူး။ အခုမှ နေပူတယ်ဆိုတာ ရှိတာ။ အရင်က နေ့တိုင်း မိုးကတော့ နှင်းမိုးကတော့ အမြဲ ရွာနေတာ။ မိုးပဲ ရွာနေတာ။ နေမမြင်ရဘူး။ နွေရာသီဆိုတာ မရှိဘူး။ မိုးတွင်းနဲ့ ဆောင်းတွင်းပဲ ရှိတာ။ နွေရာသီကမကြာသေးဘူး။လွန်ခဲ့တဲ့ ၅ နှစ်လောက်ကမှ နေထွက်လာတာတဲ့။ တောတောင်တွေလည်း ပြုန်းလို့ နေမှာပေါ့။ လမ်းဘေး တောက်လျှောက်တွေလည်း အကုန်လုံးက သစ်ခုတ် ဝါးခုတ်တွေက များတယ်လေ။ ဆွမ်ပရာဘွမ်းနားအထိ သစ်ခုတ် ဝါးခုတ်တွေက အရမ်းပေါတာကိုး။ အရင်က မရှိဘူး။ လမ်းတွေကလည်း တောတွေ ချည်းဘဲ။ ပူတာအိုဆိုရင် ရေတွေ ဘာတွေ အပေါ်အခြမ်းလေးတွေ ခဲတယ်လေ။ ပူတာအိုထက်ကို ဆွမ်ပရာဘွမ်းက ပိုအေးတာ။ လေ တအားတိုက်တာ။ အာ့မှာ နေ့လည်ပဲ ရောက်ရောက် ဘယ်အချိန်ပဲ ရောက်ရောက် မိုးအုံ့နေတာ။ အချိန်ပြည့် မိုးအုံ့ပြီးတော့ လေတအားတိုက်တာ။ အိမ်တွေဆို လူတွေ အပြင်မထွက်တော့ ဘယ်သူမှ မရှိဘူး ထင်နေတာ။ မြို့ဆိုပေမယ့်။



ဒါက မူလာရှီးဒီးတံတား။ အရင်က အာ့ဒါ ကြိုးတံတား။ ဒါက လူပဲ သွားလို့ ရတာ။ ကားကြီးတွေက ဒီဘက်က ကူးတာ။ ဒီလမ်းကနေတက်တာ။ ကြိုးတံတားထိပ်မှာ ကပ်တရာလမ်းရှိတယ်။ အာ့ကနေ တက်တာ။ ဒီတံတားဆောက်ဖို့ စီမံကိန်းက အကြာကြီး။ ဟိုတုန်းက ကားက ချောင်းအောက်နားက ကူးရတာ။ အထက်မှာ မှိုင်းနေတယ်ဆိုရင် မကူးဘူး။ ရေခဲတောင် မြင်ရရင် ကူးတယ်။ အထက်မှာ မှိုင်းနေရင် မိုးရွာနေလို့။ ချောင်းကို ဖြတ်ကူးနေရင်း ရေလုံးရောက်လာမှာစိုးလို့။ ချောင်းကူးတာက နာရီဝက်လောက်ကြာတယ်။ အောက်မှာ ကျောက်တုံးတွေနဲ့ ညိသွားပြီဆို ၂ နာရီလောက်ကြာတယ်။ မိုးက မှိုင်းနေတယ်၊ အောက်မှာလဲ ကျောက်တွေနဲ့ ငြိနေတယ်ဆိုရင် ရေက အလုံးလိုက် ဆင်းတာ။ ကားတွေပါ မျောတာ။ မဆင်းရဲကြဘူး။ မျောသွားတဲ့ ကားတွေလည်း ရှိတယ်။ ကျောက်တုံးနဲ့ ငြိပြီဆို အောက်ကို ဆင်းပြီး လုပ်ရတယ်လေ။ ရေထဲလည်း အကြာကြီး မဆင်းနိုင်ဆိုတော့တဲ့။

အင်း ဂိတ်ကြေးပေးရတယ်။ ၁၀၀၀ ပေးရတယ်။ သုံးဖွဲ့ဆို ၃ ထောင်။ ရိုးရိုးရဲ ရှိမယ်။ ယာဉ်ထိန်းရဲ ရှိမယ်။ သူတို့က နားလည်မှုနဲ့ တောင်းတာပေါ့။ စစ်တပ်ကို ၁၀၀၀ ပေးရတယ်။ ရဲက ၂ ဖွဲ့ ရှိလို့ ၂၀၀၀ ပေးရတယ်။ အရင်က မရှိဘူး။ ပေါ်တာ ၂ နှစ်လောက်ပဲ ရှိသေးတယ်။ KIAကတော့ တနှစ်စာ တခါတည်းသွင်းထားတယ်။ ကြားပေါက်တောင်းတာတွေလဲ ရှိတတ်တယ်။ အဲဒါကျ တနှစ်စာ လက်မှတ်ပြလိုက်ရင် ရတယ်။ ဒါ မူလာဒီး ကျေးရွာ။ တခြားမှာ စစ်တပ်ဂိတ်တွေတော့ ရှိတယ်။ အတက်တော့ မပေးရဘူး။ ပေးရတဲ့ ဂိတ်ကတော့ ပေးရတယ်။ တစ်ချို့ ဂိတ်တွေက သွား သွား။ တစ်ချို့ ဂိတ်တွေကတော့ သတင်းပို့။ သတင်းပို့ဆို ပေးရပြီ။ တစ်ချို့ဂိတ်ကတော့ လက်မခံဘူး။ သတင်းလည်း ပို့စရာ မလိုဘူး။ လူအပေါ်မူတည်တယ်။

ခု ချောင်းဖြတ်လိုက်တာ ၁ မိနစ်တောင် မကြာဘူး။ အရင်က အာ့နားမှာ ကားတွေကို တန်းစီလို့။ အထက်က ရာသီဥတုကို ကြည့်တာ။ ရာသီဥတု မကောင်းရင် ဘယ်သူမှ မဆင်းရဲဘူး။ ကူးသွားလိုက်လို့ ၄၊ ၅ မိနစ်နဲ့ ရောက်သွားရင် ကိစ္စမရှိဘူး။ ကူးသွားလိုက်လို့ အထက်မှာလည်း မှိုင်းနေတယ်။ လျှောလျှောရှူရှူ မသွားနိုင်ရင် တစ်နာရီ တစ်နာရီခွဲနဲ့ ရောက်လာတာ။ ရေက အလုံးလိုက်နဲ့ လာတော့ ကားက လိမ့်သွားတော့တာ။ ကိုယ့် ရှေ့မှာပဲ လိမ့်သွားတာ။ ဟိုး အောက်မှာတော့ ပြန်သွားငြိတယ်။ မြေက ပြန်သွားြ့ပီလေ။ ကားအချင်းချင်း ပြန်တွဲပေးတယ်။ ပစ္စည်းပျက်သွားရင်လဲ အလျော်အစားမရှိဘူး။ ပိုင်ရှင်တွေလည်း ကံပဲ။ အသက်နဲ့ ရင်းရတာပဲ။

ကားကြီးတစ်ခေါက်တက်ရင် သိန်း ၅၀၊ ၆၀ အာ့လိုမျိုးပါတယ်လေ။ ၅၅ သိန်းကတော့ အနည်းအကျည်းပါပဲ။ လုံးဝ မပါရင် အနည်းဆုံး သိန်း ၅၀ ပါတယ်။ ကားက ၆ ဘီးကား 3 ground တွေလေ။ ဒီ့ပြင်ဟာလည်း တက်မရဘူး။ မြေက ဒါမျိုးမှ မဟုတ်တာ။ ပျော့စိ ပျော့စိနဲ့ လာရတာ။ ဘေးပတ်ချာလှည့် ဂုန်မင်း။ သူက စိမ့်ရေတွေကို ဖမ်းထားတာ။ ဂုန်မင်း ပင်တွေ။ အာ့တော့ လမ်းက ပျော့စိ ပျော့စိနဲ့။ ပြီးတော့ မိုးကလည်း တစ်ချိန်လုံး ရွာနေတာကိုး။

အစောပိုင်းက နေတောင် မမြင်ရဘူး။ ခုက နေကို မြင်ရုံမက အခု 31 ံတောင် ရှိတယ်။ အရင်က ဒီလို မပူဘူး။ ပူဖို့ဝေးရော၊ နေကို မမြင်ရဘူး။ အာ့ဒါကြောင့် ကချင် သီချင်းတစ်ပုဒ်ရှိတယ်လေ။ “၁၂ ရာသီ အချိန်ခါမရွေး မိုးသံပေးလေ” သီချင်းတောင် ဖွဲ့ထားတာ။ ခုမှ နွေရာသီ မြင်ရတော့တာ။ နွေရာသီလည်း ဖြစ်နေပြီ။ ဒီလိုလည်း အရင်က အိမ်တွေက မစည်ကားဘူးလေ။ တစ်ရွာမှ ၅ အိမ်၊ ၆ အိမ်ပဲ ရှိတာ။ ခု ဒါ များလာတာ။ လူတွေက ဒီမှာ ပွားတာတွေရော တောင်ပေါ်က ဆင်းခဲ့တာတွေရော။ ခေါင်လန်ဖူးမြို့က ပျက်သလို ဖြစ်သွားတာ။ ဒီဘက်တွေ ဆင်းလာခဲ့တာ။ အခုမှ လမ်းပမ်းဆက်သွယ်ရေး ကောင်းလို့ ပြန်နေကြတာ။ တစ်ချို့ကလည်း ဒီဘက်ကို ပြန်လာနေကြတယ်။



ဒီဘက်ကလူတွေ ဘာလုပ်စားကြလဲဆို ဘာမှ မလုပ်ဘူး။ အရင်က သနားစရာကြီး။ တအားသနားဖို့ ကောင်းတယ်။ အရင်က လယ်တွေ ဘာတွေ မရှိဘူးလေ။ ခုမှ မြင်ရတာ။ မလုပ်တတ်ကြတာ။ မဖွံ့ဖြိုးကြတာ။ ဆန်လေးတွေဆို တပြည်ချင်း တစ်ခွက်ချင်း ဝယ်စားကြရတာ။ တကယ် သနားဖို့ ကောင်းတယ်။ ကျနော်တို့ဆို အောက်ပိုင်းကနေ ဆန်တွေ သယ်လာတာ။ ထက်ဝက် မြတ်တာလေ။ မြစ်ကြီးနားကနေ ဆန်တစ်အိတ်ဆို ၂ သောင်းခွဲ၊ ၂ သောင်း အာ့လောက်ပဲ ရှိတာ။ ဒီမှာ ၆ သောင်း၊ ၇ သောင်း အာ့လို ပြန်ရောင်းစားရတယ်။ ဒီဘက်က လူတွေက ဝယ်စားတော့ စျေးကြီးကြီးတွေ ဝယ်စားတယ်။ သူတို့က ဘာလုပ်စားကြသလဲဆိုတော့ အာ့ဒါပဲ ကျနော်လဲ စဉ်းစားနေတာ။

လီဆူးတွေဆို ဆေးမြစ်ရှာတယ်။ တရုတ်ပြည်ပို့တာတွေ ရှိတယ်။ ရဝမ်တွေကျတော့လည်း သူတို့က မုဆိုးရှိတယ်။ ရေခဲတောင်တက်တယ်။ ဆေးရှာတယ်။ ဆေးဆိုပေမယ့် တောထွက်ပစ္စည်းပေါ့။ မကျည်းနွယ်တို့ တပင်ရွှေထီးတို့ အာ့ဒါတွေ ရှာတယ်။ တောကောင်ပစ်တယ်။ အာ့ဒါနဲ့ပဲ စားတယ်။ ကျုပ်မေးကြည့်တော့ ရှိးပတီးရှာတာ စျေးကောင်းရတယ်တဲ့။ တနှစ်စာ လောက်တယ်ဆိုဘဲ။ တပိဿာ သိန်းနှစ်ရာကျော်ဆိုဘဲ။ အင်း အဲဒါလဲ ဟုတ်မှာပေါ့တဲ့။

အရင်က ဆန်နဲ့ ဆားနဲ့၊ အာ့ ၂မျိုးပဲ အဓိက အားထားတယ်။ ဟင်းတွေ မလိုဘူး။ ဆန်နဲ့ ဆားနဲ့ ရှိရင် ရပြီ။ အဓိက ဆားတအားလှောင်တယ်။ ဆန်တအား လှောင်တယ်။ ဆားသယ်နိုင်ရင် ဖြစ်တယ်။ ဟိုမှာ ဆားတအိတ် ၇၀၀၀၊ ၈၀၀၀။ ဒီမှာ ၁၀၀၀၀၊ ၁၅၀၀၀ ရောင်းရတယ်။ အိုင်အိုဒင်းတွေ။ အိမ်တိုင်းဝယ်တယ်။ ရောက်တာနဲ့ ကုန်တယ်၊ ပူစရာ မလိုဘူး။ ခုတော့ တအားတိုးတက်သွားကုန်ပြီ။ ခုက လမ်းပမ်းဆက်သွယ်ရေးလည်း ကောင်းလာပြီ။ အခုက လေကြောင်းကလည်း နေ့တိုင်း ရှိတယ်။ အာ့လိုမျိုးဆိုတော့ သူတို့ဘဝက တအားအဆင်ပြေလာတယ်။ အခုဆို တရုတ်ပြည် သွားတဲ့ သူနဲ့။ တနိုင်းဘက် သွားတဲ့ လူနဲ့။ ဖားကန့်ဘက် သွားတဲ့သူနဲ့။ အပြင်မှာ ပိုက်ဆံရှာကြတယ်။ သူတို့ လမ်းပွင့်သွားပြီ။

အင်း ဘိန်းသမားတွေ အများကြီးရှိလာပြီ။ HIV/AIDSတွေလဲ သိပ်များလာပြီလို့လဲ ကျုပ်အသိ ဒေါက်တာက ပြောသေးတယ်ဗျဆိုတော့ ဒီမှာ အဲတာ သိပ်များလာပြီလေ။ မလုပ်တဲ့သူ ခပ်ရှားရှားပေါ့။ အင်း နံပတ်ဖိုးကိုနိုင်တဲ့ဟာမှ မပေါ်သေးတာကိုး။

အရင်က လေကြောင်းကလည်း တစ်လမှ တစ်ကြောင်းပဲ သွားတာလေ။ အာ့ဒါကလည်း လေယာဉ်က အစုတ်။ လေယာဉ်က ရာသီဥတု မကောင်းရင် မဆင်းဘူး။ အာ့ဒါကြောင့် ခများတို့ မြင်ရင်လည်း မြင်မှာ။ ဟိုဘက်ရွာကို သွားတဲ့ လမ်းဘေးမှာ လေယာဉ်တွေ ပျက်ကျထားတာ ၃၊ ၄ စင်းရှိတယ်။ မိုးရွာတာနဲ့ နှင်းတွေ ပိတ်လိုက်တာနဲ့ အာ့လိုမျိုးပျက်ကျတာတွေ ရှိတယ်။ တစ်ချို့ကလည်း လမ်းကြောင်းလွဲပြီး ကွေ့သွားတာတွေ ရှိတယ်။ အခုကတော့ လေကြောင်းပွင့်နေတော့ နေတိုင်းဆင်းနေတာပဲ။

ဒါတွေဆို အရင်က တံတား မရှိဘူးလေ။ တံတားတွေက ယိုင်တိ ယိုင်တိုင်လေးတွေဆိုတော့ ဘယ်သူမှ မသွားရဲဘူး။ အောက်လမ်းကနေ ဆင်းပြီးသွားတာ။ ချောင်းတွေက မိုးရွာရင် ရေများတယ်။ အထက်မှာ မိုးများရင် ရေများတာပဲ။ အာ့ဒါမျိုးကြောင့် ၁ လကျော်ကြာတာပဲ။ အာ့လို ရေတက်ရင် ၁ ရက်၊ ၂ ရက် ကြာတာပဲ၊ ရေကျအောင် စောင့်ရတာ။ ပြီးမှ ကူးတာ။ ချောင်းဘေးတင်စောင့် ချက်ပြုတ်စား။ ထင်းကတော့ လမ်းက တွေ့တဲ့နေရာ ချိုးခဲ့ရတာ။ လမ်းမှာ ရှာပြီးတော့ မ လာခဲ့တာ။ မီးကလည်း လှုံရဦးမှာ။

တောကောင်တွေကတော့ ပေါတယ်။ လမ်းပေါ်မှာတော့ အာ့လောက် မတွေ့မိဘူး။ အနီးနား ပတ်ချာလှည့် တောင်တွေကတော့ အော်သံတွေ ကြားရတယ်။ လမ်းအိပ်ရင် ဟင်းတော့ မရှားပါဘူး။

ခု ဒီမှာ ဆောင်းတွင်းပါ နေမြင်နေရပြီ။ အရင်က နွေရာသီပါ မမြင်ရဘူး။ ခု ချောင်းရေတွေပါ လျော့သွားပြီ။သိသာတယ်။ အခု မူလာရှီးဒီး ချောင်းတောင် ရေသိပ်မရှိသလိုပဲ။ အရင်က များတယ်လေ။ ချောင်း အထက်ပိုင်းတွေမှာ သစ်ခုတ်တဲ့သူ ရှိမှာပဲ။ ဒီဘက်က တရုတ်ပြည်နဲ့ နီးသွားပြီ။ အကုန်တရုတ်ပြည်ရောက်ကုန်ပြီ။ ဒီဘက်က သစ်တောတို့ စစ်တပ်တွေကလည်း မထိန်းနိုင်ဘူး။ ဒီဘက်က ဝန်ထမ်းတွေကလဲ ရဝမ်တွေပဲ ရှိတာ။ စစ်တပ် တစ်တပ်လုံးလဲ ရဝမ်တွေပဲ များတာ။



မြင်မြင်သမျှ တောင်ကတုံးတွေချည်းဘဲဆိုတော့ ဒီဘက်က တောင်ယာလုပ်တယ်လေ။ ခုက တောင်ယာခုတ်ချိန်တဲ့။ သူတို့က ခုတ်ပြီး ပစ်ထား။ တော်တော်ကြာရင် မီးလာရှို့။ ခု ရှို့ချိန်။ သူတို့ရှို့ပြီးရင် မိုးလာတော့မှာ။ ပြီးတော့ သူတို့က တခါခုတ် တခါဘဲစိုက်တာတဲ့။ တနှစ် တနှစ် တောင်ယာခုတ်လို့ပျက်သွားတဲ့ ဧကပေါင်း ဘယ်လောက်တောင်များရှိမလဲမသိ။ နှစ်စဉ်နှစ်တိုင်းခုတ်လာကြတာဆိုတော့လေ။ သစ်ထုတ်တယ်။ တောင်ယာခုတ်တယ်။ တောင်ယာခုတ်တဲ့ထဲမှာလဲ အပင်ကြီးတွေပါတာဘဲ။ အဲဒီမှာ နွယ်ဝါးလောက်အလွယ်ပြန်ပေါက်တော့တာတဲ့။ ကားဆရာကို တောင်ယာခုတ်ထားတဲ့နေရာတွေရပ်ပေးဖို့၊ ဒါ့ပုံရိုက်မလို့လို့ပြောရတယ်။



မနှစ်က KIAက တံတားရဲ့ ထိပ်ကလေးတွေပဲ ဖြတ်တာပါ။ တံတားတွေ ချိုးတာက၂၀၀၀-၂၀၀၁-၂၀၀၂ လောက်က၊ လုံးဝကို ပိတ်လိုက်တာ။ ဘယ်မှ မသွားရဘူး။ စားဖို့သောက်ဖို့က လေကြောင်းကဘဲ ရမယ်ထင်တယ်။ မနှစ်က ဟာက နိုင်ငံရေးတွေတော့ မသိဘူး။ ဇနံတံတား။ ချိုးပြစ်တာတော့ မဟုတ်ပါဘူး။ ထိပ်ကလေးတွေဘဲ ချိုးတာပါ။ သူတို့က မဆောက်ခိုင်းတာကို ဆောက်လုပ်ရေးတွေကလည်း ဆောက်တာ။ တံတား ထိပ်ကို ဖျက်စီးလိုက်တာ။ ကားတွေ စက်တွေ မီးရှို့တယ်။ သူတို့က မဆောက်စေချင်တာက ဆက်သွယ်ရေးကောင်းသွားရင် သူတို့အတွက် ခက်ခဲမှာစိုးလို့ ထင်တယ်။ ဒီနယ်ခံတွေကတော့ ဘယ်ကြိုက်မလဲ။ အာ့ဒါကြောင့် ဆန္ဒပြကြတာပေါ့။ အာ့ဒါကြောင့်လည်း ရဝမ်တွေနဲ့ ကချင်မတည့်တာ။ လီဆူတွေ ရဝမ်တွေက ဒီလောက် ဆက်သွယ်ရေးကောင်းအောင် လုပ်ပေးတာ ဖျက်စီးရမလားပေါ့။ သူတို့က ဒုက္ခရောက်တာကိုး။ ဖျက်စီးတဲ့ သူတွေက ဒီမှာ မနေဘူးလေ။ တံတားတွေ ချိုးတုန်းကဆို ရပ်ထားလိုက်ရတော့တာ။ ဒီဘက်မှာ ရောက်တဲ့ ကားကလည်း ဒီဘက်မှာ ရပ်။ ဟိုဘက်က ကားလည်း ဟိုဘက်မှာရပ်။ အဲတုန်းက ဆီ တစ်ပုလင်းကို ၁၀၀၀ဝဖြစ်သွားတာ။ အဲဒီတံတား ဆောက်လုပ်ရေးဆိုက်ကလူတွေလဲ ဖမ်းသွားတယ်။ လမ်းလုပ်သားတွေလဲ အကုန်ထွက်ပြေးကြတယ်။ ပူတာအိုဘက်အခြမ်းဆို တောင်တန်းသာသနာပြုဗဟိုကျောင်းထဲမှာ အပြည့်ဘဲ။ အဲဒီမှာသွားနေကြရတာ။

ပူတာအိုမှာနေတုန်း သတိထားမိတာက ချပ်ကျောင်းတွေ သိပ်ပေါတာကို။ ပေါတယ်ဆိုတာက အမျိုးအစားပါများတာ။ ဂိုဏ်းကွဲ ရှစ်ခုလောက်ရှိတယ်ပြောတယ်။ တရွာတရွာမှာကို အများကြီးတွေ့တာ။ အမှတ်မထင် ဖတ်မာဒီဆိုတဲ့ရွာလေးကိုဖြတ်တော့ ဂိုဏ်းမတူ သုံးကျောင်းတွေ့တယ်။ ကားဆရာက အိမ်ခြေ ဆယ့်ငါးအိမ်လောက်ရှိမယ်လို့ဆိုတယ်။ ဆယ့်ငါးအိမ် ချာ့တ်သုံးကျောင်းဘယ်လိုကိုးကွယ်ကြသလဲဆိုတာ စိတ်ဝင်စားစရာကောင်းတော့ မြစ်ကြီးနားမှာ မိတ်ဆွေဓမ္မဆရာကို ဒီအကြောင်းတွေမေးကြည့်တယ်။ သူပြောတာက တအိမ်ထဲမှာ လင်မယား သားအမိ သားအဖ ညီကိုမောင်နှမ ဂိုဏ်းကွဲကြတာတဲ့။ တချို့ဆို မခေါ်နိုင် မပြောနိုင်တဲ့။ ကျောင်းမြေလုရင်း ရန်ပွဲကြီးတွေတောင် ဖြစ်ကြတာတဲ့။

နောက်ကွဲပုံတမျိုးက လူမျိုးအလိုက်ကွဲလာတာတွေရှိသတဲ့။ ဆိုပါစို့၊ နှစ်ခြင်းတခုထဲမှာတင် လီဆူးကလဲ လီဆူးအလျောက်၊ ရဝမ်ကလဲ ရဝမ်အလျောက်၊ ကချင်ကလဲ ကချင်အလျောက် ထပ်ကွဲလာတာ ရှိတယ်တဲ့။ နောင်မွန်းတို့ ခေါင်လန်ဖူးတို့ သွားမယ်ဆိုတော့ တည်းတဲ့ကျောင်းဘုန်းကြီးက စားဖို့ သောက်ဖို့ အဆင်မပြေနိုင်ဘူးတဲ့။ ရေခဲတောင်တက်မယ်ဆိုတာကို မြစ်ကြီးနားက မိတ်ဆွေနဲ့ပြောဖြစ်တော့လဲ အဆင်မပြေနိုင်လောက်ဖူးလို့ပြောတယ်။ ဘယ်ဟာက အဆင်မပြေနိုင်တာတုန်းဆိုတော့ သူတို့က တခြားဘာသာဘုန်းကြီးတပါးကို တခုခုလုပ်ပေးလိုက်ရတယ်ဆိုတာဟာ အပြစ်တခုအနေနဲ့ သတ်မှတ်သလိုမျိုးရှိတယ်လို့ဆိုတယ်။ သူပြောတဲ့အတိုင်းဘဲ တကယ်တက်မယ်ဆိုတဲ့ရက်မတိုင်ခင်ညမှာ ဘုန်းကြီးဆို အဆင်မပြေဘူးဆိုလို့ မလိုက်ဖြစ်တော့ဘူး။ တခြား ခရီးသွားလုပ်ငန်းလုပ်တဲ့ ခရစ်ယန်မိတ်ဆွေတယောက်ကတော့ သူစီစဉ်ပေးမယ်ပြောပေမယ့် ကိုယ့်အဖွဲ့နဲ့မဟုတ်တော့ မလိုက်ဖြစ်တော့ဘူး။ ရေခဲတောင်ကို အဝေးကဘဲ လှမ်းရှိုးခဲ့ရတာပလေ။

မောင်လူရေး