Breaking News

မောင်ရစ် - ရွေးကောက်ပွဲတွေ လာနေပြီ၊ တရားရုံးချိန်းက တခြိမ်းခြိမ်း


မောင်ရစ် - ရွေးကောက်ပွဲတွေ လာနေပြီ၊ တရားရုံးချိန်းက တခြိမ်းခြိမ်း

(အယ်ဒီတ့ာလက်ရေး) မိုးမခ၊ မေ ၂၅၊ ၂၀၁၉

လွန်ခဲ့တဲ့ ၂၀၁၆ နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲကနေ အမေရိကန်သမ္မတအသစ်တယောက် တက်ချိန်ကစပြီး အမေရိကန်ဒီမိုကရေစီခေတ် တမျိူးပြောင်းသွားပါတယ်။ သမ္မတထရန့်က လွှတ်တော်၊ အစိုးရ၊ တရားစီရင်ရေးရာ၊ သတင်းစာ နဲ့ တဦးချင်းဆိုင်ရာ လွတ်လပ်ခွင့်အာမခံချက်တွေကို စိန်ခေါ်မှုတွေ ပွတ်တိုက်မှုတွေ တိုးမြှင့်ပြီး လုပ်ဆောင်ခဲ့တယ် ဆိုကြတယ်။ ကမ္ဘာကုန်သွယ်ရေး နိုင်ငံတကာဆက်ဆံရေးတွေမှာလည်း ထိပ်တိုက်ရင်ဆိုင်မှုတွေ တင်းမာတဲ့ ဆက်ဆံရေးတွေ တိုးလုပ်လာတယ်။ သည်တော့ ထောက်ခံသူကော ဆန့်ကျင်သူတွေ ပရိသတ်တွေအချင်းချင်းမှာလည်း ပိုပြီး အတိုက်အခိုက်တွေ ပွတ်တိုက်မှုတွေ ဖြစ်လာရပါတယ်။ အဲသည်လိုဖြစ်တော့ အားလုံးအတွက် ကောင်းသလား၊ ကောင်းတဲ့ရလဒ်တွေ ဖြစ်သလားဆိုတော့ နှစ်ဘက်စလုံး အလုပ်မဖြစ်ကြဘူးပေါ့။ အားလုံးဟာ RESTLESS ဖြစ်လာကြတယ်။ စိုးရိမ်ကြောင့်ကြ ထိုင်လို့ ထလို့မရ အုပ်အုတ်ကြွက်ကြွက် နှစ်တွေချည်းပဲပေါ့။

သည်လိုပြောတော့ ပြည်သူလူထုအားလုံးပဲလားဆိုရင် ယေဘူယျပြည်သူတွေအပေါ် ထိခိုက်ပါတယ်။ အုတ်မြစ်ခိုင်ပြီးသား ဥစ္စာ၊ ဓန၊ ဩဇာ၊ အာဏာ၊ လက်နက်ပိုင်ပြီးသားသူတွေအတွက်ကတော့ ပန်းနဲ့ပေါက်သလောက်ပါပဲ။ ကုန်သွယ်ရေးစစ်ပွဲဖြစ်တော့ ကုန်သည်တွေက စျေးတင်တယ်၊ စားသုံးသူတွေက စျေးကြီးပေး ဝယ်စားရတယ်။ အရှုံးဆိုတာကို လူထုအပေါ် ပုံချလိုက်တာ သက်သက်ပဲ ဖြစ်ပါတယ်။ နိုင်ငံရေးအကြပ်အတည်းတွေ ဖြစ်တယ်ဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲ ဘန်းပြပြီး လူထုဟာ လှုံဆော်ခံရတယ်၊ နိုင်ငံရေးသမားတွေအတွက် လူပြိန်းတွေဟာ လမ်းပေါ်တက်ကြ၊ တရားရင်ဆိုင်ကြ၊ သူ့တို့အိတ်ထဲက ငွေတွေဟာ ကင်ပိန်းအလှူခံပုံးထဲ အစုလိုက် အပြုံလိုက် ရောက်ကုန်ကြပြန်တာပေါ့။

လွန်ခဲ့တဲ့ ၂၀၁၅ နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲကနေ မြန်မာပြည်မှာလည်း ဒီမိုကရေစီနည်းကျ မဲတွေနဲ့ ရွေးကောက်ပွဲနိုင်ပြီး အစိုးရအသစ်တရပ် တက်လာပါတယ်။ သည်တော့ မြန်မာပြည်မှာလည်း မြန်မာနည်းမြန်မာဟန် ဒီမိုကရေစီခေတ် တမျိူးပြောင်းသွားတာပါပဲ။ တကယ်တမ်း ပြောင်းသလားဆိုတော့လည်း အဲလိုလည်း ပြောမရပြန်ပါဘူး။ လွှတ်တော်၊ အစိုးရနဲ့ တရားစီရင်ရေးမှာ ၂၀၁၈ အခြေခံဥပဒေနဲ့ အညီ တပ်မတော်ဟာ နိုင်ငံ၏ အထွေထွေကိစ္စတွေမှာ ရှေ့တန်းက ရှိနေဆဲပါပဲ။ သူတို့မိတ်ဆွေတွေ မဟာမိတ်တွေကလည်း သူတို့နဲ့ အတူတူ ရှိနေဆဲပါပဲ။ သည်တော့ မြန်မာပြည်မှာလည်း စိန်ခေါ်မှုတွေ ပွတ်တိုက်မှုတွေ ရှိနေဆဲလို့ ဆိုရမယ်။ မြန်မာပြည်သူတွေလည်း Restless ဖြစ်နေကြရဆဲပါပဲ။ စိုးရိမ်ကြောင့်ကြ ထိုင်လို့မရ ထလို့မရ အုတ်အုတ်ကြွကြွ နှစ်တွေချည်းပဲပေါ့။

ခြေဥပြင်ဆင်ရေးဆိုတဲ့ အသံနဲ့ လှုပ်ရှားမှု၊ တန်ပြန်ကန့်ကွက်မှု။ ဧရာ၀တီမြစ်ဆုံအရေး ပြန်လည် နိုးကြားလာမှု၊ အတောမသတ်သော မြေသိမ်းယာသိမ်းအရေး စီမံကိန်းများအရေး။ ရခိုင်ပြည် စစ်မီးတောက်များ။ ဘာသာရေးဆူပူလှုံဆော်ထကြွမှုများ။ ဒါတွေအားလုံးဟာ ယေဘူယျပြည်သူတွေကို အများကြီး ဖိဆီးလေးလံစေပါတယ်။ လူထုနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ လမ်းပေါ်တက်ကြ၊ တရားရင်ဆိုင်ကြရ။ အမေရိကန်နဲ့ မတူတာက သူတို့နောက်မှာ ဥစ္စာ ဓန ဩဇာ လက်နက် အာဏာ တောင့်တင်းခိုင်မာသူတွေရဲ့ ကျောထောက်နောက်ခံပေးမှု မရှိကြတာပါပဲ။

တပ်မတော်က ၂၀၁၈၊ ၂၀၁၉ နှစ်တွေမှာ အဲသည်လို လွတ်လပ်စွာ ထုတ်ဖော် ပြောဆို လှုပ်ရှားသူတွေကို ပုဒ်မ အမျိူးမျိူး တပ်ပြီး တရားစွဲဆို အရေးယူမှုတွေ တိုးသည်ထက် တိုးလုပ်လာတာ ဖြစ်ပါတယ်။ တရားစွဲဆိုတာတင်မဟုတ်၊ သူတို့တွေဟာ ဖမ်းဆီးချုပ်နှောင်ခံကြရပြီး အကျဉ်းထောင်ကနေ အကြိမ်ကြိမ် တရားရုံးထုတ်ရင်ဆိုင်မှုတွေကို ခံစားနေကြရပါတယ်။ ထင်ရှားတဲ့ ဥပမာတွေကို ချရေးကြည့်မယ်ဆိုရင် - ဦးနေမျိူးဇင်၊ ဒေါင်းတို့မျိူးဆက် သံချပ်အဖွဲ့ဝင်လူငယ်လေးတွေ၊ မန္တလေးက ဆရာတော် ဦးသောဘိတ။ အနုပညာသည် ဒါရိုက်တာ မင်းထင်ကိုကိုကြီး။ စစ်ဆန့်ကျင်ရေးဆန္ဒပြသူ ပိုင်ရဲသူနဲ့ ဇေယျာလွင်။ ဇွဲအငြိမ့်အဖွဲ့ဝင်များ။ တရားရုံးမှာ ဝန်းယံလို့ တရားစွဲခံရပြန်တဲ့ မနီလာသိန်းတို့ ၅ ဦး။ စသည်ဖြင့် သာဓကတွေ ဆောင်နိုင်ပါတယ်။ အနယ်နယ်အရပ်ရပ်မှာ တပ်မတော်က တရားလိုလုပ်ပြီး စွဲဆိုထားလို့ တရားရင်ဆိုင်နေရတဲ့ လယ်သမား၊ အလုပ်သမား၊ ပြည်သူတွေလေး အနှံ့အပြား ရှိနေတယ်လို့ ဆိုပါတယ်။

မီဒီယာတွေထဲမှာ တပ်မတော်ကနေ စွဲဆိုထားတဲ့ဆီမှာ - အာရ်အက်ဖ်အေ၊ ဧရာ၀တီ၊ Development Media Group တို့လည်း ရှိပါတယ်။ တသီးပုဂ္ဂလ အဖွဲ့အစည်းလိုက် လှုပ်ရှားမှုတွေကြောင့် တပ်မတော်က တိုက်ရိုက်တရားစွဲဆိုတာ၊ တခါတည်း ချူပ်နှောင်တာတွေ လုပ်လာကြတာတွေ၊ စာနယ်ဇင်းလုပ်ငန်းများကိုစွဲဆိုလာတဲ့ဆီမှာ သတင်းမီဒီယာကောင်စီနဲ့ ဆွေးနွေးခြင်း မပြုလုပ်ကြတာတွေဟာ ခေတ်ပြောင်းနေတဲ့ ဒီမိုကရေစီခေတ်ဆိုတဲ့ကာလအောက်မှာ တပ်မတော်အတွက်ကတော့ ကောင်းတဲ့ရလဒ်တွေ ဖြစ်မလာဘူးလို့ ဆိုချင်ပါတယ်။

၂၀၂၀ မှာလည်း မြန်မာပြည်က အမေရိကန်လိုပဲ ရွေးကောက်ပွဲကာလကို ဖြတ်သန်းဦးမှာ ဖြစ်ပါတယ်။ တိုင်းပြည်တွေ တော်တော်များများကတော့ ရွေးကောက်ပွဲဟာ အဆုံးအဖြတ်လို့ သမိုင်းမှာ ဆိုကြပါတယ်။ သို့သော်လည်း ပြည်သူတွေ မဲတပြား အသဲကြားကနေ ပေးခဲ့ကြသော်လည်း မျော်လင့်သလို ဖြစ်မလာတဲ့ အတိုက်အခိုက်အဖျက်အဆီးတွေကို ပြည်သူတွေ ခံစားနေကြရပါတယ်။ သည်လိုနဲ့ ထထကြွကြွ အုံအုံကြွကြွနေထိုင်ရင်ဆိုင်ကြပြီး နောက်ရွေးကောက်ပွဲသက်တမ်းတခုကို ရောက်လာပြန်တာပါပဲ။ အဲသည်မှာလည်း မဲပေးကြမလား၊ မဲမပေးကြဘူးလား မေးခွန်းကို ရင်ဆိုင်ကြရပြန်ပြီး နောက်တော့လည်း အများစုက မဲပေးပြီး တိုင်းပြည်အတွက် ကံစမ်းနေကြရပြန်ပါတယ်။ မဲရလဒ်တွေ ဘယ်လိုဖြစ်ဖြစ် ဘယ်တော့မဆို ပန်းပန်နေတဲ့ သီးသန့် သီးခြား အဆောက်အအုံ လူတန်းစားတွေ အုပ်စုတွေကို ပြည်သူတွေက ဘယ်လိုမျိူး ပြုပြင်ပြောင်းလဲမှုဖြစ်အောင် တောင်းဆိုရမလဲ ဆောင်ရွက်ကြမလဲဆိုတာ အဖြေမပေါ်သေးပါ။

 နိုင်ငံရေးမှာပဲဲဲဲဲဲဲဲဲဲဖြစ်ဖြစ် စီးပွားရေး လူမှုရေးမှာပဲ ဖြစ််ဖြစ် အပေါ်စီးကအမြဲပန်းပန်နိုင်သူတွေက အရှုံးဆိုတာကို လူထုအပေါ်ကို ပုံမချလိုက်ဖို့ လိုပါတယ်။