Breaking News

သန်း၀င်းလှိုင် - ကင်းဝန်မင်းကြီးဦးကောင်း (၅)


သန်း၀င်းလှိုင် - ကင်းဝန်မင်းကြီးဦးကောင်း (၅)

မိုးမခစာအုပ်စင် ကောက်နုတ်ချက်၊ ဇွန် ၂၆၊ ၂၀၁၉

လွှတ်တော်စာရေးကြီး ခန့်အပ်ခံရခြင်း
အခန်း (၄)

ဦးကောင်းသည် အလုံမြို့ဝန်အဖြစ် တောင်ငူ၊ ရမည်းသင်းသစ်တော များတွင် သစ်အလုပ်အဆောင်နေရာမကျ၊ အခွန်ဘဏ္ဍာတော်ယုတ်လျော့မှု ရှိသည်နှင့် တောင်ငူ၊ ရမည်းသင်းမြို့၊ ရွာသို့ အမှုထမ်း အရာထမ်းခန့်တော်မူ ရန် စီမံဆောင်ရွက်တော်မူခဲ့ရသည်။ ယင်းနောက် မင်းတုန်းမင်းတရားကြီး သည် ဦးကောင်းအား အလုံမြို့ဝန်အရာမှ ပြောင်း၍ လွှတ်တော်စာရေးကြီး အဖြစ် ပြန်လည်ခန့်အပ်တော်မူသည်။ သက္ကရာဇ် ၁၂၂၇ ခုနှစ်တွင် တောင်ငူ- ရမည်းသင်း နှစ်မြို့ အခွန်ဝန်အရာ ပေးသနားတော်မူသည်။

သက္ကရာဇ် ၁၂၂၈ (ခရစ် ၁၈၆၆) ခုနှစ်တွင် အမှုတော်တို့တွင် ကုန်စင်ပြီး ပြေသမျှအကြောင်းအရာတို့ကို ရွှေဖဝါးတော်အောက်သို့ တင်လျှောက်၍နေဆဲအခါ၌ ၁၈၈၆ ခုနှစ် သြဂုတ်လ ၂ ရက် နှစ်ချက်တီးအချိန် ခန့်တွင် မင်းတုန်းမင်းတရားနှင့် တောင်ရွှေရေးဆောင်မိဖုရားတို့ သားတော် များဖြစ်ကြသော မြစ်ကွန်းနှင့် မြစ်ခုံတိုင်မင်းသား နှစ်ပါးဦးဆောင်သော နောက်လိုက်တို့ ပုန်ကန်ခြားနားမှုကြောင့် မင်းတရား၏ ညီတော် အိမ်ရှေ့စံ ကနောင်မင်းကျဆုံးခဲ့ရသည်။



ထိုစဉ်က မန္တလေးတောင်ခြေ နန်းမြေဘုံသာစံနန်းတော် (ယခု စန္ဒာမုနိဘုရားတည်နေရာ)၌ လွှတ်တော်အနီး တဲကြီးတွင် အိမ်ရှေ့စံနှင့်တကွ မြန်မာ မှူးကြီး မတ်ကြီးတို့သည် (၇) ဌာနအပါအဝင်ဖြစ်သော ကုသိုလ်တော် ဘုရား၊ အတုမရှိကျောင်းတော်၊ ပိဋကတ်တိုက်၊ ပဋ္ဌာန်းသိမ်တော်၊ သုဓမ္မ ဇရပ်များဆောက်လုပ်မှုနှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင်နေကြစဉ် ဖြစ်သည်။ ထိုအနီး၌ ကျောက်တော်ကြီးများလည်း ထုဆစ်နေသလို စံကျောင်းတော်ကို လည်း ဆောက်လုပ်နေသည်။ ထို့အပြင် မန္တလေးတောင်ပေါ်ဘုရား (အနော် ရထာမင်း၏ ကုသိုလ်တော်ဆုတောင်းပြည့်ဘုရား)နှင့် ဗျာဒိတ်ဥစ္စာရုပ်ပွားတော် ကြီးနှင့် စောင်းတန်းများကို ဆောက်လုပ်နေချိန် ဖြစ်သည်။ ထိုနေ့က အိမ်ရှေ့စံ ကနောင်မင်းသည် လွှတ်တော်သို့တက်ရာ လက်သုံးတော် ဓား၊ လှံ၊ သေနတ်မှစ၍ နောက်ပါ ကျွန်တော်မျိုးများကို စံနန်းတော်ဝင်းပြင် အုတ်ဇရပ် တွင် ထားခဲ့ရလေသည်။ ဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်အပြီး တဲကြီးက ဆင်းသွားသည်နှင့် လွှတ်တော်တောင်လှေကားအနီး၌ ပုန်းခိုနေ သော ငဖြူ သီးလုပ်ကြံ၍ နတ်ရွာစံခဲ့ရသည်။ မြတောင်မြို့စား သေနတ်ဝန်ကြီး လည်း သူပုန်တို့ ဓားချက်ဖြင့် ဆုံးခဲ့ရသည်။ လောင်းရှည်မြို့စားဝန်ကြီး၊ လက်ဝဲ ဝင်းမှူး မြေဒူးမြို့စား၊ လယ်ဝန်သံတော်ဆင့်၊ နားခံငပြားကြီး၊ ငရန် ခေါ် သန္တီနှစ်မြို့အုပ်တို့နှင့် လူအများအပြားမှာ သူပုန်တို့၏ ဓားထိခြင်းခံရသည်။ ဝန်ထောက်မြို့သစ်မြို့စား မိုးနဲဗိုလ်မှူး၊ ဝန်ထောက် ပုပ္ပါးမြို့စား၊ ကျောက်ရဲ မြို့စား၊ မြို့သာမြို့စား၊ မြို့ဝန်၊ သစ်တောဝန်၊ ကျီဝန်၊ ဆင်ဝန်၊ ပင်းတလဲ ဝန်၊ တောင်ငူ ရမည်းသင်း နှစ်မြို့ဝန် ဦးကောင်းတို့မှစ၍ မှူးတော် မတ်တော် တို့လည်း ကိုယ်လွတ်ရှောင်ရှား ထွက်ပြေးကြရသည်။

သားတော် မလွန်မင်းသား၊ ပြင်စည်မင်းသား၊ စကုမင်းသားတို့ကို လည်း အိမ်ရှေ့မင်းအမိန့်တော်နှင့်ဆိုကာ လူစေလွှတ်ခေါ်ယူပြီး စံနန်းတော် လက်ယာဝင်းတံခါးအပြင်၌ လုပ်ကြံသတ်ဖြတ်လိုက်ကြသည်။

သူပုန် ၅၀ ခန့်နှင့် မြင်ကွန်းညီနောင်တို့သည် တံခါးက အတင်းဝင် ပြီး နန်းမြေဘုံ၊ စံနန်းတော်သို့တက်၍ ရှေ့ဝင်းမှူးသူရဲဝန်၊ တောင်ဒဝယ် ဗိုလ်မောင်မောင်ပိန်၊ ကင်းဝန်မင်းကြီး ဦးမာလိန်တို့သည် ခုခံတိုက်ခိုက်ရင်း သူပုန်ဓားချက်ဖြင့် စံနန်းတော်ထက်၌ ဦးလည်ပတ်သွေးသံတချင်းနှင့် ကျဆုံးသွားခဲ့ရလေသည်။

မင်းတုန်းမင်းတရားသည် သက္ကရာဇ် ၁၂၂၄ ခုနှစ် နှောင်းတန်ခူး လပြည့်ကျော် ၅ ရက် (ခရစ် ၁၈၆၃ ခုနှစ် ဧပြီလ ၇ ရက်) အင်္ဂါနေ့မှစ၍ မြေနန်းဘုံသာ စံမြန်းတော်သို့ ထွက်၍ အရပ်ရပ်လုပ်ဆောင်နေမှုများကို ကြည့်ရှုတော်မူခဲ့သည်။ အရေးတော်ပုံဖြစ်ပွားသည့်နေ့က ပွဲတော်ဆောင်မှ သားတော် မက္ခရာမင်းသား၊ အနောက်ဝန်ရပ်စောက်မြို့စား၊ လှိုင်းတက်မြို့ စား၊ ဘုန်းတော်ဖြစ်သေနတ်ဗိုလ်ကိုယ်ရံတော်၊ စားတော်ကွမ်း၊ ရေထီးဓား လက်စွဲရိုးမိသမျှ လူ ၅၀ ခန့်နှင့် နန်းမတော် စကြာဒေဝီမိဘုရားခေါင်ကြီး၊ မင်းမိဘုရား၊ သားတော်၊ သမီးတော်တို့နှင့်အတူ စံနန်းတော်ရှိရာသို့ အနောက် တံခါးမှ ထွက်လာကြသည်။ ဝင်းတော်ပြင်ရောက်မှ မြင်းကွန်း၊ မြင်းခုံတိုင် စားတို့က လုပ်ကြံရန် အစောင့်ထားသူ ငပိုက်ကြီးကို တွေ့ကြရသည်။ ငပိုက်ကြီးက မလုပ်ကြံဝံ့၍ မင်းတရားကြီး ကျောပိုးကာ မန္တလေးတောင်ခြေရှိ မြို့မြောက် 'မန်းဦး'တံခါးမှ ရွှေနန်းတော်သို့ ပို့ပေးခဲ့ရလေသည်။

ကနောင်မင်း၏ ကြေးကျွန်များလည်း သူတို့၏ သခင်ကို အနှံ့ရှာဖွေ ရန် စံနန်းတော်ဦးတံခါးမှ ဝင်လာကြရာ မြင်ကွန်းမင်းသားနှင့် သူပုန်တို့ လည်း ထွက်ပြေးကာ ကျုံးအတွင်း ရွှေမြို့တော် ဦးထိပ်တံခါးကိုဖွင့်၍ ရွေးတော်ယူတံခါးကို ဖောက်ကြပြန်သည်။ ထိုမှတစ်ဆင့် သစ်တပ်တွင်းသို့ ဝင်ရောက်ကာ မြနန်းစံကျော် ရွှေနန်းတော်အတွင်းရှိ လွှတ်တော်တွင်နေကြ သော မကွေးမြို့စားဝန်ကြီး သတိုးမင်းကြီး မဟာမင်းလှသီဟသူ၊ ဝန်ထောက် ကျောက်ရဲမြို့စားမင်းကြီး မင်းခေါင် မဟာသီဟသူ၊ ဝန်ထောက်အသည်ဝန် မဟာသီဟသူတို့ကို ဖမ်းဆီးချုပ်နှောင်ထားခဲ့ကြသည်။

သူပုန်တို့သည် တံခါးကို ဖွင့်၍ မင်းတုန်းမင်းတရားအား လုပ်ကြံ ရန် ကြံစည်သော်လည်း တံခါးမှာ ဖွင့်မရချေ။ ထိုစဉ်အတွင်း 'ငါ့ကို ရန်မပြု နှင့်'ဟူသော အမိန့်တော်စာပုရပိုက်ကို ပဝါနီရစ်ပတ်ပြီး မြင်းကွန်း၊ မြင်းခုံ တိုင်တို့၏ မယ်တော် ရွှေရေးဆောင်မိဘုရားကို သွားရောက်ပေးစေသည်။ မြင်းကွန်း၊ မြင်းခုံတိုင်စားတို့ စီးထားသော လွှတ်တော်သို့ အိမ်ရှေ့အမှုထမ်း များက ဝင်ရောက်တိုက်ခိုက်ရာ သူပုန်တို့သေကြေပျက်စီး၍ ထွက်ပြေးရ လေသည်။ ထို့နောက် ၎င်းတို့သည် မြို့တော်တောင်မျက်နှာ ရန်နည်းတံခါး မှ ထွက်ခွာ၍ ဧရာဝတီမြစ်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော 'ရေနန်းစကြာ' ဘုရင့်သင်္ဘောကိုယူ၍ စုန်ဆင်းပြေးသွားကြလေသည်။



မြင်ကွန်းညီနောင်လုပ်ကြံပြီးနောက် နောက်တစ်နေ့ ၁၈၆၆ ခုနှစ် သြဂုတ်လ ၃ ရက်တွင် အိမ်ရှေ့စံ ကနောင်မင်းသား၏ သားတော် ပန်းတိမ်းစား သည် မိမိခမည်းတော် ကနောင်မင်းကို မင်းတုန်းမင်းနှင့် သူ၏သားတော် များ လုပ်ကြံသတ်ဖြတ်သည်ဟု အထင်မှတ်မှားကာ စတင်ပုန်ကန်ခြားနား သည့်အနေဖြင့် ရတနာသိင်္ဃရွှေဘိုမြို့ကို သိမ်းယူ၍ ဒီပဲရင်းဝန် မောင်မှန်ကို အဂ္ဂမဟာသေနာပတိ ဗိုလ်ချုပ်ဝန်ကြီး၊ ပ္စြုာလဝန် မောင်အောင်မြတ်ကို လက်ယာဝင်းမှူး ခန့်အပ်၍ ရတနာပုံရွှေမြို့တော်သို့ ချီတက် တိုက်ခိုက်စေသည်။

ပန်းတိမ်းမင်းသားမှာ အိမ်ရှေ့စံ ကနောင်မင်းနှင့် ကိုယ်လုပ်တော် သခင်ကြီး သီရိသင်္ခါမဟာ (ငယ်မည် ခင်ကျေး)တို့၏ သားတော်အကြီးဆုံး ဖြစ်သည်။ ခင်ကျေးသည် ဒီပဲယင်းမြို့ဝန် ဦးမှန်း၏ သမီးဖြစ်သည်။ ခင်ကျေးသည် တက်သေးအင်းထဲတွင်ရှိသော သာယာကုန်းခေါ်သည့် တံငါ ရွာကလေးကို စားရသဖြင့် သာယာကုန်းသခင်ကြီးဟူ၍လည်း ခေါ်ကြသည်။ ခင်ကျေးကို မြောင်ဆောင်တော်သခင်ဟုလည်း ခေါ်ကြသေးသည်။ အိမ်ရှေ့ မိဘုရား လှိုင်ထိပ်ထား (လှိုင်ထိပ်ခေါင်တင်)အောက် ကိုယ်လုပ်တော်များထဲ တွင် အဆင့်မြင့်ဆုံး မြောက်တောင်တော်တွင် စံရသည်။ အိမ်ရှေ့စံ ကနောင်မင်းနှင့် မြောက်ဆောင်တော် ခင်ကျေးတို့မှ သားတော်ကြီး ပန်းတိမ်း မင်းသား၊ သမီးတော် တောင်ညိုမင်းသမီး၊ ရန်အောင်မြင် မင်းသမီး၊ စမ္ပာယ် နဂိုန်မင်းသမီးနှင့် သားတော် တိုင်းတာမင်းသားတို့ ငါးပါးထွန်းကားသည်။ သားတော် ပန်းတိမ်းမင်းသား၏ ငယ်မည်မှာ မောင်ဆွေဆက်ဖြစ်ပြီး ပထမ သတိုးမင်းလှ သီဟသူရ၊ နောင်မဟာသီရိဓမ္မရာဇာဘွဲ့စံမင်းသားကြီး ဖြစ်လာသည်။

ခမည်းတော် ကနောင်မင်းသားသည် ဘကြီးတော် မင်းတုန်းမင်း၏ သားတော်များဖြစ်ကြသော မြင်းကွန်းနှင့် မြင်းခုံတိုင်မင်းသား လုပ်ကြံသတ် ဖြတ်မှုကြောင့် ကျဆုံးရသည်ကို ဘကြီးတော် မင်းတုန်းမင်းတရား အသောက ပါသည်ဟု ထင်မြင်မှုလွဲကာ မင်းတုန်းမင်းတရားကြီးကို ပုန်ကန်ထြွကသည် ကို ပန်းတိမ်းအရေးတော်ပုံဟု ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။

ဦးကောင်းသည် ပခန်းကြီးမြို့စား ဦးရန်ဝေးနှင့်အတူ နေ့ညမပြတ် မင်းတရားထံဝင်ထွက်တင်လျှောက် စုရုံးမိသမျှသော ရဲမက်ဗိုလ်ပါအပေါင်း တို့ကို ဆင့်ဆိုစည်းကြပ်၍ သူပုန်တို့ကို တိုက်ခိုက်စေသည်။ ထို့ပြင် အိမ်ရှေ့ မင်းနှင့် ကျွမ်းဝင်သော မောင်းထောင်၊ ပခန်း၊ စလင်း၊ မတ္တရာဆရာတော် လေးပါးတို့ကို ပန်းတိမ်းမင်းသားရှိရာ ရွှေဘိုမြို့သို့ သွားရောက်ကာ စေ့စပ် ဆွေးနွေးပန်လျှောက်ထားသည်။

သို့ကလို နေ့ညမပြတ် ဆောင်ရွက်မှုကြောင့် အရေးတော်ပုံပြီးပြေသော် အထူးလေးမြတ် သဒ္ဓါတော်မူသည့် မှူးတော်မတ်တော်ကြီးတို့မှ သနားတော် မြတ်ခံရသောအခါ ဝန်ထောက်ကင်းဝန် ဦးကောင်းကို ၁၈၇၂ ခုနှစ် ဇန်နဝါရီ လ ၁၅ ရက်တွင် 'မင်းကြီးမဟာစည်သူ'ဟူသော 'မင်းကြီး'တပ်ဘွဲ့နှင့်တကွ ဝန်ကြီးရာထူးခန့်ထား သူကောင်းပြုခဲ့လေသည်။