Breaking News

မြန်မာတပ်နှင့်နီးစပ်သည့် အထည်ချုပ်စက်ရုံများနှင့် ဆက်တွဲမလုပ်ရန် နာမည်ကြီး အဝတ် ကုမ္ပဏီများ ပြန်စဉ်းစားနေ





မြန်မာတပ်နှင့်နီးစပ်သည့် အထည်ချုပ်စက်ရုံများနှင့် ဆက်တွဲမလုပ်ရန် နာမည်ကြီး အဝတ် ကုမ္ပဏီများ ပြန်စဉ်းစားနေ
SHAUN TURTON & YUICHI NITTA  (Myanmar NOW)

(မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၁၉

ဖနွမ်းပင်၊ ရန်ကုန်- အဝတ်အထည်များ ဖြန့်ဖြူးရောင်းချသော Esprit ကုမ္ပဏီသည် မြန်မာတပ်မတော်နှင့် အချိတ်အဆက်ရှိသည်ဟုဆိုသော စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံမှ အထည်များမှာယူတော့မည် မဟုတ်ဟုဆိုသည်။

အခြား ဖက်ရှင်ကုမ္ပဏီများဖြစ်သည့် H&M နှင့် Bestseller တို့ကမူ အခြေအနေကို စုံစမ်းစစ်ဆေးမည်ဟုဆိုသည်။

အဝတ်အစားကုမ္ပဏီများ၏ ကုန်ပေးသွင်းသူစာရင်းနှင့် Nikkei Asian Review ၏ သုံးသပ်ချက်များအရ နာမည်ကြီး အဝတ်အစားကုမ္ပဏီအတော်များများသည် စက်မှုဇုန်နှစ်ခုအတွင်းရှိ စက်ရုံများမှ ကုန်ပစ္စည်းများ မှာယူသည်ဟု သိရသည်။ ထိုစက်မှုဇုန်များကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ပိုင်ဆိုင်ကြောင်း ကုလသမဂ္ဂမစ်ရှင်က ဆိုသည်။

ယခုလ အစောပိုင်းက ကုလသမဂ္ဂ၏ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်က ထုတ်ပြန်လိုက်သော အစီရင်ခံစာတွင် မြန်မာတပ်မတော်က ထိန်းချုပ်ထားသော စီးပွားရေးလုပ်ငန်းအင်ပါယာကြီးအကြောင်းကို အသေးစိတ် ဖော်ပြထားသည်။

ထိုအစီရင်ခံစာအရ Myanmar Wise-Pacific Apparel Yangon ကုမ္ပဏီသည် ဦးပိုင်နှင့် တောင်ကိုးရီးယားအခြေစိုက် ပန်-ပစိဖိတ်ကုမ္ပဏီတို့၏ ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်ကြောင်း အတည်ပြုထားသည်။

ဆောက်လုပ်ရေးလုပ်ငန်း၊ ကျောက်မျက်ရတနာတူးဖော်ရေးလုပ်ငန်း၊ ခရီးသွားအာမခံလုပ်ငန်း၊ ဘဏ်လုပ်ငန်းနှင့် ကုန်ထုတ်လုပ်ရေးလုပ်ငန်း အစရှိသည့် စီးပွားရေးလုပ်ငန်းအမျိုးမျိုး ပါဝင်သော အင်ပါယာကြီးမှ ဝင်ငွေကို လူ့အခွင့်အရေးချိုးဖောက်သော စစ်ဆင်ရေးများတွင် တပ်မတော်က တိုးတိုးတိတ်တိတ် အသုံးပြုသည်ဟု အစီရင်ခံစာတွင် ရေးသားထားသည်။

ထို့ကြောင့် ကုလသမဂ္ဂသည် စစ်တပ်နှင့် ဆက်နွှယ်နေသော စီးပွားရေးလုပ်ငန်းများနှင့် လက်တွဲဖြုတ်ရန် နိုင်ငံတကာကုမ္ပဏီများကို တိုက်တွန်းထားသည်။

တပ်နှင့် တပ်ခေါင်းဆောင်များ၏ စီးပွားရေးကွန်ရက်များကို ပိတ်ဆို့အရေးယူရန် နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင် တိုက်တွန်း

ရန်ကုန်ရှိ ဦးပိုင်လီမိတက်ပိုင် စက်မှုဇုန်များ၊ အထူးသဖြင့် ငွေပင်လယ် စက်မှုဇုန်နှင့် ပျဉ်းမပင် စက်မှုဇုန်များရှိ စက်ရုံများမှ ပစ္စည်းမှာယူသော နိုင်ငံတကာကုမ္ပဏီများတွင် နာမည်ကြီး အဝတ်အစား အမှတ်တံဆိပ်များဖြစ်သော Next၊ Bestseller၊ H&M၊ Marks & Spencer၊ C&A နှင့် Esprit တို့ ပါဝင်သည်။


ဟောင်ကောင်ရှိ Esprit ရုံးချုပ်က ၎င်းသည် ကုမ္ပဏီမှ သွင်းကုန်မှာယူသော လုပ်ငန်းများကို စိစစ်မည်ဖြစ်ပြီး ငွေပင်လယ်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတစ်ခုဖြစ်သော Perfect Gains Garment Manufacturing မှ သွင်းကုန်မှာယူခြင်းကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း Nikkei ကို ပြောသည်။

“Esprit က မြန်မာနိုင်ငံမှာရှိတဲ့ Perfect Gains လို့ခေါ်တဲ့ စက်ရုံကနေ အော်ဒါမှာတာတွေကို ချက်ချင်းရပ်ဆိုင်းပါမယ်။ နောက်ပြီး Esprit အနေနဲ့ အခြေအနေကို အနီးကပ် ဆက်စောင့်ကြည့်သွားမှာပါ ̋ ဟု ကုမ္ပဏီကပို့သည့် အီးမေးလ်ထဲတွင် ရေးသားထားသည်။ ထို့အပြင် ကုမ္ပဏီသည် ၎င်းစက်ရုံများ စစ်တပ်နှင့် အချိတ်အဆက်ရှိကြောင်း ယခင်က မသိခဲ့ပါဟု အီးမေးလ်ထဲတွင် ဖြေရှင်းထားသည်။

FASHION_BRANDS_MEHL_2.JPG


ဟောင်ကောင်ရှိ Esprit က ၎င်းသည် မြန်မာ ငွေပင်လယ်စက်မှုဇုန်ရှိ Perfect Gainsအထည်ချုပ်စက်ရုံနှင့် လက်တွဲဖြုတ်လိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ။ (ဓာတ်ပုံ- Yuichi Nitta)


H&M ကမူ အစီရင်ခံစာတွင် ပါရှိသော တွေ့ရှိချက်များနှင့် ပတ်သက်ပြီး စုံစမ်းမှုများပြုလုပ်မည်ဟု ဆိုသည်။ H&M က ပို့သော အီးမေးလ်တစ်ခုတွင် ကုမ္ပဏီသည် လွန်ခဲ့သည့် နှစ်နှစ်အတွင်း မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂတို့၏ အကြံပေးချက်များသည် “အရေးပါပြီး အလျင်အမြန်လိုက်နာရန် လိုကြောင်း” ထောက်ပြခဲ့သည်ဟု ရေးသားထားသည်။

“အခုဖြစ်ပျက်နေတဲ့ ပြဿနာတွေကို H&M က အလေးထားပြီး ကိုင်တွယ်သွားမှာပါ။ လောလောဆယ်တော့ အစီရင်ခံစာကို နှံ့နှံ့စပ်စပ်လေ့လာပြီး ပြဿနာကို ဘယ်လိုကိုင်တွယ် ဖြေရှင်းရမလဲဆိုတာကို ဆုံးဖြတ်သွားမှာပါ။ ဥပဒေအရကော၊ လုပ်ငန်းအရကော ကုမ္ပဏီရဲ့ ဩဇာပေါက်ရောက်မှုကို အသုံးချပြီး လူ့အခွင့်အရေးကို လေးစားလိုက်နာ အားပေးသွားမှာပါ” ဟု အီးမေးလ်တွင် ရေးသားထားသည်။

BestSeller ကလည်း “တွေ့ရှိချက်များနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုများ လုပ်သင့် မလုပ်သင့် ဆုံးဖြတ်နိုင်ရန်” အစီရင်ခံစာပါ အကြောင်းအရာများကို စုံစမ်းမှုများ ပြုလုပ်မည်ဟု ပြောသည်။ C&A နှင့် Next တို့ကမူ မှတ်ချက်တောင်းသောအခါ အကြောင်းမပြန်ပါ။

Marks & Spencer ၏ အွန်လိုင်းမြေပုံပေါ်တွင် ထောက်ပြထားသော စက်မှုဇုန်တစ်ခုချင်းစီရှိ သွင်းကုန်တင်ပို့သော စက်ရုံများစာရင်းတွင် ဦးပိုင်၏ ဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်သော Myanmar Wise-Pacific Apparel လည်း ပါဝင်သည်။
တပ်ပိုင်လုပ်ငန်းတွေနဲ့ စီးပွားရေးမလုပ်ဖို့ ဘယ်နိုင်ငံခြားကုမ္ပဏီတွေ တိုက်တွန်းခံရသလဲ

Marks & Spencer သည် Wise-Pacific Apparel နှင့် လက်တွဲဖြုတ်ခဲ့ပြီဖြစ်သော်လည်း ဘာကြောင့် လုပ်ငန်းရပ်ဆိုင်းခဲ့သည်၊ မည်သည့်အချိန်တွင်ရပ်ဆိုင်းခဲ့သည်ကိုမူ ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

“လူ့ကျင့်ဝတ်နဲ့အညီ ကုန်သွယ်မှုပြုရေးဟာ ကျွန်တော်တို့ အဝတ်အထည်တွေ ထုတ်လုပ်ရာမှာ လိုက်နာတဲ့ အခြေခံမူပါပဲ။ ကျွန်တော်တို့ရဲ့ ကုန်သွင်းသူအားလုံးဟာ ကုမ္ပဏီရဲ့ နိုင်ငံတကာ ကုန်သွင်းမှု မူဝါဒတွေကို လိုက်နာကြရပါမယ်” ဟု ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အီးမေးလ်မှတစ်ဆင့် ဖြေကြားထားသည်။

“မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးမှာရှိတဲ့ ကျွန်တော်တို့နဲ့ လုပ်ငန်းတူတူတွဲလုပ်တဲ့ စက်ရုံတွေအားလုံးကို ပုံမှန် စစ်ဆေးမှုတွေ ပြုလုပ်ပါတယ်။ လက်တွေ့ကွင်းဆင်း စစ်ဆေးမှုတွေအပြင် ကျင့်ဝတ်နှင့်အညီ ကုန်သွယ်ရေးဆိုင်ရာကို အလေးထားဆောင်ရွက်တဲ့ ETI အဖွဲ့အစည်းနဲ့လည်း ဆက်သွယ်ပြီး ဈေးကွက်ကို အနီးကပ်လေ့လာ စောင့်ကြည့်နေပါတယ်” ဟု ဆိုသည်။

FASHION_BRANDS_MEHL_3.JPG


ကုလသမဂ္ဂက မြန်မာစစ်တပ်နှင့် ဆက်နွယ်သော ကုမ္ပဏီများနှင့် လုပ်ငန်းရပ်ဆိုင်းရန် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများကို တိုက်တွန်းထားသည်။ ။ (ဓာတ်ပုံ- Yuichi Nitta)


စစ်တပ်အကြီးအကဲများ ပိုင်ဆိုင်ထိန်းချုပ်သော ဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့သည် စီးပွားရေးလုပ်ငန်းပေါင်း ၁၂၀ ကို ပိုင်ဆိုင်ပြီး ခရိုနီကုမ္ပဏီ အနည်းဆုံး ၂၇ ခုနှင့် အချိတ်အဆက်ရှိသည်ဟု ကုလသမဂ္ဂမစ်ရှင်က စုံစမ်းတွေ့ရှိထားသည်။

ဘယ်လ်ဂျီယံ ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သော Newtec က ၎င်းသည် ကုလသမဂ္ဂအစီရင်ခံစာအရ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့် ချိတ်ဆက်မှုရှိသော မြန်မာတယ်လီကွန်းကုမ္ပဏီ Mytel နှင့် လက်တွဲဖြုတ်လိုက်ပြီဖြစ်ကြောင်း ယခုလ အစောပိုင်းက ကြေညာချက်ထုတ်ပြန်လိုက်သည်။
ဘယ်ဂျီယံ ဆက်သွယ်ရေးကုမ္ပဏီတခုက MyTel နှင့် ပူးပေါင်းမူကို ရပ်ဆိုင်းမည်

Newtec သည် Mytel ၏ 4G ဆက်သွယ်ရေးကွန်ရက်ကို ထောက်ပံ့သည့် Communication & Commerce (Com & Com) အတွက် ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းများကို တင်သွင်းပေးသည်။

“Newtec သည် တပ်မတော်၏ ရခိုင်ပြည်နယ်တွင် ကျူးလွန်ခဲ့သော အကြမ်းဖက် စစ်ဆင်မှုများ၊ ရိုဟင်ဂျာများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ပတ်သက်မှုရှိသော မည်သည့် အဖွဲ့အစည်း၊ သို့မဟုတ် ကုမ္ပဏီကိုမဆို ပတ်သက်မှုရှိကြောင်းသိသိကြီးနှင့် လုပ်ငန်းတွဲဖက် လုပ်ကိုင်မည် မဟုတ်ကြောင်း အတိအလင်း ကြေညာသည်” ဟု ကုမ္ပဏီ၏ ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

ဦးပိုင်လီမိတက်ကမူ မည်သည့်တုံ့ပြန်စကားမျှ မဆိုခဲ့ပါ။ သို့သော် ဦးပိုင်ကုမ္ပဏီ၏ နာယကအဖွဲ့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့က ဦးဆောင်သည်။

ထို ဦးစီးချုပ်နှစ်ယောက်လုံးကို ကုလသမဂ္ဂက နိုင်ငံတကာဥပဒေအရ ပြစ်မှုကျူးလွန်သူများအဖြစ် သတ်မှတ်ထားသည်။ ထိုသူနှစ်ဦးကို လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်မှုဖြင့် အမေရိကန်က အရေးယူပိတ်ပင်မှုများ ပြုလုပ်ထားသည်။

နိုင်ငံတော်က အထောက်အပံ့ပြုသော လူသတ်မှု၊ အဓမ္မကျင့်မှုနှင့် အကြမ်းဖက်ဖျက်ဆီးမှုများ ပါဝင်သော ရိုဟင်ဂျာ စစ်ဆင်ရေးများကြောင့် မူဆလင် ခုနစ်သိန်းသည် အိမ်နားချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြေးဝင်ခုံလှုံခဲ့ရသည်။

ဤဆောင်းပါးထုတ်ဝေချိန်အထိ ဦးပိုင်လီမိတက်နှင့် Wise-Pacific ကုမ္ပဏီတို့သည် မှတ်ချက် ပြန်ပေးခဲ့ခြင်းမရှိပါ။