Breaking News

အရပ်ဘက်လှုပ်ရှားမှုမှသည် ရွေးကောက်ခံနိုင်ငံရေးဆီ ဦးတည်လာသူများ



အရပ်ဘက်လှုပ်ရှားမှုမှသည် ရွေးကောက်ခံနိုင်ငံရေးဆီ ဦးတည်လာသူများ

လက်ရှိ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်၏ စွမ်းဆောင်ချက်များကို အားမရသဖြင့် အရပ်ဘက်အဖွဲ့အစည်းများတွင် ကျင်လည်ခဲ့သူ လူငယ်အချို့ ရွေးကောက်ပွဲဝင်ပြိုင်ကြမည်ဖြစ်သည်

ကျော်လင်းထွန်း (Myanmar NOW)

(မိုးမခ) စက်တင်ဘာ ၇၊ ၂၀၂၀



ရန်ကုန်မြို့တွင် ၂၀၁၉ ခုနှစ်အတွင်းက ပြုလုပ်ခဲ့သည့် စစ်ပွဲများရပ်တန့်ပေးရန် တောင်းဆိုလှုပ်ရှားမှုတစ်ခုတွင် ပါဝင်ခဲ့သည့် တိုင်းရင်းသားလူငယ်များကို တွေ့ရစဉ် (ဓာတ်ပုံ - စိုင်းဇော်/Myanmar Now)

တပ်မတော်အစိုးရခေတ်အစောပိုင်း ၁၉၉၅ တွင် ကျောက်မျက်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေကြောင့် ကချင်ပြည်နယ် ဖားကန့်ရှိ မိရိုးဖလာကျောက်စိမ်းလုပ်ငန်းများ ထိခိုက်ခဲ့ရသည်။ ဒေသခံတိုင်းရင်းသား ကျောက်တူးသမားများ လုပ်ကိုင်ခွင့်မရတော့ဘဲ စီးပွားရေးပျက်ခဲ့ရသည်။

ဖားကန့်ဒေသခံ ကျောက်တူးသမားတစ်ဦး၏ သားဖြစ်သူ ကိုမော်ထွန်းအောင်တစ်ယောက် ထိုကာလကို ကောင်းစွာအမှတ်ရမိနေသေးသည်။ ထိုအချိန်က ၎င်းမှာ အလယ်တန်းကျောင်းသားအရွယ်သာရှိသေးသည်။


ဖခင်ဖြစ်သူက ကျောက်တူးလုပ်ငန်းဖြင့် ဖားကန့်နှင့် မြစ်ကြီးနားကို ကူးချည်သန်းချည် လုပ်ကိုင်နေချိန်တွင် ကိုမော်ထွန်းအောင်နှင့် မိခင်ဖြစ်သူ အလယ်တန်းပြဆရာမတို့မှာ ၁၉၈၆ ခုနှစ် ကတည်းက ရန်ကုန်သို့ ပြောင်းရွှေ့အခြေချခဲ့သည်။

ဥပဒေအပြောင်းအလဲတစ်ခု၏ ကောင်းခြင်းဆိုးခြင်းကို မဝေဖန်တတ်သေးသည့်အရွယ်ဖြစ်သော်လည်း ရိုက်ခတ်မှုကြီးခဲ့သည်ကိုတော့ ကိုမော်ထွန်းအောင် နားလည်သိရှိခဲ့သည်။ မိဘများ စီးပွားရေးမပြေလည်တော့သဖြင့် ကိုယ့်ဘဝကိုယ်ကျောင်းရင်း ပညာသင်ခဲ့ရသည်။

ထို့နောက် ၂၀၀၄ မှ စကာ လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများတွင် လုပ်ကိုင်ခဲ့သည်။ မြန်မာနိုင်ငံသမိုင်းတွင် အဆိုးရွားဆုံးသော နာဂစ်မုန်တိုင်းဖြစ်ပြီးချိန်တွင် မုန်တိုင်းဒဏ်ခံဒေသများသို့ သွားရောက်ကာ အရေးပေါ်တုံ့ပြန်ကူညီရေးလုပ်ငန်းများ လုပ်ကိုင်ရင်း အုပ်ချုပ်ရေးစနစ် အပျက်အယွင်းများနှင့် တာဝန်ယူမှုအားနည်းပုံကို မျက်ဝါးထင်ထင် သိမြင်ခဲ့ရသည်။

ဟောင်ကောင်နှင့် အမေရိကန်ပြည်ထောင်စုတွင် လူမှုဖွံ့ဖြိုးရေးနှင့် မူဝါဒဆိုင်ရာ ဘာသာရပ်များ သင်ယူခွင့်ရသည့်အခါ ဌာနေတိုင်းရင်းသားများအပေါ် အကြီးစားစီမံကိန်းများ၏ ဆိုးကျိုးသက်ရောက်မှုကို ထဲထဲဝင်ဝင် သိရှိလာခဲ့သည်။

ပြည်ပပညာသင်ဘဝမှစ၍ အစိုးရမဟုတ်သော အဖွဲ့အစည်းများနယ်ပယ်တွင် ၁၅ နှစ်ခန့် ကျင်လည်လုပ်ကိုင်ခဲ့သည်။ မကြာသေးခင်အချိန်ထိ သဘာဝသယံဇာတထုတ်ယူသုံးစွဲမှု စောင့်ကြည့်လေ့လာခြင်းများ လုပ်ဆောင်သည့် နယူးယောက်အခြေစိုက်နိုင်ငံတကာအဖွဲ့အစည်း NRGI တွင် မြန်မာနိုင်ငံဌာနေ မန်နေဂျာအဖြစ် ငါးနှစ်ခန့် လုပ်ကိုင်ခဲ့သည်။

ထို့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုဆိုင်ရာပူးတွဲကော်မတီ (UPDJC) ၌ နိုင်ငံရေးပါတီများအစုအဖွဲ့အတွက် နည်းပညာအထောက်အကူပြုပေးသူအဖြစ်လည်း ပါဝင်ဆောင်ရွက်ခဲ့ဖူးသည်။

Maw_tun_aung_photo_by_kyaw_lin_htoon.Jpg


ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကိုယ်စားပြု၍ ရှမ်းပြည်နယ် မူဆယ်ခရိုင် အမျိုးသားလွှတ်တော်နေရာအတွက် ရွေးကောက်ခံမည့် ကိုမော်ထွန်းအောင်ကို ဩဂုတ် ၁၀ တွင် ၎င်း၏ နေအိမ်၌ တွေ့ရစဉ် (ဓာတ်ပုံ- ကျော်လင်းထွန်း/ Myanmar Now)

အစိုးရ၏ မူဝါဒနှင့် ဥပဒေရေးရာအားနည်းချက်များကို ထောက်ပြပြောဆိုရင်း ဥပဒေပြုမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်နိုင်ငံရေးသို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကို‌မော်ထွန်းအောင်ကဆိုသည်။

၎င်းသည် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကိုယ်စားပြုကာ ရှမ်းပြည်နယ် မူဆယ်ခရိုင် အမျိုးသားလွှတ်တော်နေရာအတွက် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဥပဒေပြုရေးနှင့် အစိုးရမူဝါဒများ ထိန်းကျောင်းရေးအပိုင်းတွင် ထိထိရောက်ရောက် လုပ်ဆောင်ပေးလိုသောကြောင့် လွှတ်တော်နိုင်ငံရေးလမ်းကြောင်းကို ဝင်ရောက်ရခြင်းဖြစ်သည်ဟု အသက် ၃၇ နှစ်ရှိပြီဖြစ်သည့် ကိုမော်ထွန်းအောင်က ဆိုသည်။

“ကျွန်တော် မြင်လာတာက နိုင်ငံရေးမပါသည့် မူဝါဒနဲ့ မူဝါဒမပါသည့် နိုင်ငံရေးကလည်း အတူတူပဲ ဘယ်မှ မရောက်ဘူး။ နိုင်ငံရေးစိတ်ဆန္ဒမပါဘဲနဲ့ မူဝါဒတွေကို လုပ်ရင်လည်း မရဘူး။ နိုင်ငံရေးသမားကလည်း ဒီမူဝါဒတွေကို မသိဘဲနဲ့ လျှောက်လုပ်နေရင် ပြည်ပျက်တယ်လေ” ဟု ကိုမော်ထွန်းအောင်က ပြောသည်။

၎င်းဝင်ရောက်အရွေးခံမည့် မူဆယ်ခရိုင်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် မူဆယ်၊ ကွတ်ခိုင်နှင့် နမ့်ခမ်းမြို့နယ်များပါဝင်ကာ တိုင်းရင်းသားစုံသည့် နေရာတစ်ခုလည်းဖြစ်သည်။ SNLD ၏ အနိုင်ရခြေကို သဘောကျသကဲ့သို့ လူမျိုးရေးအခြေပြုပါတီမဟုတ်ဘဲ မူဝါဒကိုအခြေပြုသည့်ပါတီအဖြစ် ပြောင်းလဲမည်ဟု နှုတ်ပြောတင်မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်နေခြင်းက ၎င်းအတွက် ကျားခေါင်းပါတီကိုရွေးချယ်ရန် ဖြစ်လာသည်ဟု ကိုမော်ထွန်းအောင်က ဆိုသည်။

ကချင်တိုင်းရင်းသားတစ်ဦးဖြစ်သော်လည်း ရှမ်းမြောက်ကဲ့သို့ဒေသမျိုးတွင် ရွေးကောက်ပွဲဝင်ရန် ရွေးချယ်ဖြစ်ရခြင်းမှာ ယင်းဒေသသည် ၎င်းလေ့လာခဲ့သော မူဝါဒရေးရာပညာရပ်များ၊ လုပ်ကိုင်ခဲ့သည့် သယံဇာတအုပ်ချုပ်မှုဆိုင်ရာ အတွေ့အကြုံများကို ကောင်းစွာအသုံးချနိုင်မည့်နေရာ ဖြစ်သည့်အတွက်ကြောင့်ဟု ကိုမော်ထွန်းအောင်က ပြောသည်။

“ဒီဒေသကြီးက မကြာခင်မှာပေါ့နော် BRI (တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမစီမံကိန်း) အတွက် ဝင်ပေါက်ကြီး။ အဲဒီတော့ ပြည်သူတွေ နစ်နာမယ့်ကိစ္စတွေ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တာတွေကို လွှတ်တော်ထဲမှာ ပြောင်းနိုင်ဖို့ မျှော်လင့်တယ်” ဟု ၎င်းက ဆိုသည်။

“BRI နဲ့ ပတ်သက်ပြီး တိတိကျကျသိလာရင် ဒေသခံတွေ အခွင့်အရေးတစ်စက်မှ မဆုံးရှုံးရအောင် ကျွန်တော်တို့က လုပ်ရမှာပေါ့နော်” ဟု ၎င်းက ဆက်ပြောသည်။

ကိုမော်ထွန်းအောင်ကဲ့သို့ပင် လူထုအခြေပြုအရပ်ဘက်အဖွဲ့အစည်းနှင့် တက်ကြွလှုပ်ရှားမှု နောက်ခံရှိလူငယ်များသည် ရွေးကောက်ခံနိုင်ငံရေးလမ်းကြောင်းဆီ ဦးတည်လာကြသည်ကို ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလတွင် တွေ့မြင်လာရသည်။

ရွေးကောက်ခံနိုင်ငံရေးလမ်းကြောင်းသို့ ဝင်ရောက်ကြသည့် မျက်နှာသစ်လူငယ်နိုင်ငံရေးသမားများသည် ယခင်က လွှတ်တော်ပြင်ပနည်းလမ်းဖြင့် ဆောင်ရွက်ခဲ့ကြသော်လည်း လက်ရှိ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်၏ စွမ်းဆောင်ချက်များကို အားမရသဖြင့် နိုင်ငံပြုပြင်ပြောင်းလဲရေးတွင် ထဲထဲဝင်ဝင် ဝင်ရောက်လုပ်ကိုင်ရန် ဆန္ဒရှိနေကြသည်။

တောင်သူအရေး လွှတ်တော်မှတစ်ဆင့် လုပ်ပေးချင်သူ


ရွေးကောက်ခံနိုင်ငံရေးဝင်ရောက်လာသူ လူငယ်များတွင် ကျင်လည်ခဲ့ရာ နယ်ပယ်နှင့် ကျွမ်းကျင်မှုများ မတူညီကြပေ။ အခြေအနေအရ နိုင်ငံရေးပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်လိုသူများ ရှိနေသလို တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။

ပဲခူးတိုင်း နတ်တလင်းသား ကိုသန့်ဇင်ထက်မှာ နတ်တလင်းပြည်သူ့လွှတ်တော်နေရာအတွက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မည်ဖြစ်သည်။ ဆယ်ကျော်သက်အရွယ်၌ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ်ပါတီ (NLD) ၏ လူငယ်အဖွဲ့တွင် ပါဝင်ခဲ့သူဖြစ်သည်။ ၂၀၀၈ တွင် စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုရေး ဆန္ဒမဲမပေးရန် ဆန့်ကျင်လှုပ်ရှားခဲ့မှုများကြောင့် အသင်းအဖွဲ့ဥပဒေဖြင့် ခြောက်လကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

NLD က တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်သည့် ၂၀၁၂ တွင်မူ နိုင်ငံရေးယုံကြည်ချက်အရ မိခင်ပါတီနှင့် လမ်းခွဲခဲ့သည်။ ထို့နောက် တောင်သူလယ်သမားနှင့် မြေယာအရေး အဓိကဆောင်ရွက်သည့် ပြည်သူ့အကျိုးဆောင်ကွန်ရက်နှင့် ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားများသမဂ္ဂတွင် တက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။

တောင်သူလယ်သမားများ၏ အခွင့်အရေးကို ဥပဒေပြုရေးလမ်းကြောင်းမှတစ်ဆင့် တောင်းဆိုပေးလိုသည့်အတွက် ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့သည်ဟု အသက် ၃၀ အရွယ်ရှိ ကိုသန့်ဇင်ထက်က ဆိုသည်။

တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းဆိုသော်လည်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP)၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) အဖွဲ့ဝင်ပါတီများအပြင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) တို့နှင့် မိတ်ဖက်ပြုကာ လှုပ်ရှားမည်ဟု ကိုသန့်ဇင်ထက်က ဆိုသည်။

ကိုသန့်ဇင်ထက်သည် ထွန်တုံးတိုက်ပွဲခေါ် သိမ်းဆည်းလယ်ယာမြေအရေး လှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့မှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် ၂၀၁၂ တွင် တစ်ကြိမ်၊ ၂၀၁၄ တွင် တစ်ကြိမ် နှစ်ကြိမ်တိုင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ နှစ်ကြိမ်လုံးတွင် ခြောက်လခန့် ထိန်းသိမ်းခံရပြီး လွတ်မြောက်ခဲ့သည်ဟု ဆိုသည်။

အမျိုးသမီးများအတွက် နိုင်ငံရေးလမ်းဖောက်ချင်သူ


ကိုသန့်ဇင်ထက်ကဲ့သို့ နိုင်ငံရေးတက်ကြွလှုပ်ရှားမှု မရှိသော်လည်း မိမိပြည်နယ်တွင် ပညာရည်မြင့်မားရေး၊ အမျိုးသမီးများအတွက် တန်းတူအခွင့်အရေး ရရှိစေနိုင်ရေး လွှတ်တော်အတွင်းမှ ဝင်ရောက်ကြိုးပမ်းလိုသူတစ်ဦးက ဇိုတုန်လူမျိုး ချင်းတိုင်းရင်းသူ မလင်းလင်းထွန်း ဖြစ်သည်။

အစိုးရဝန်ထမ်းဖြစ်သူ ဖခင်တာဝန်ကျရာ ပဲခူးမြို့တွင် မွေးဖွားခဲ့သော်လည်း စစ်ကိုင်းတိုင်း ကလေးမြို့တွင် ကြီးပြင်းခဲ့သူ ဖြစ်သည်။ မုံရွာတက္ကသိုလ်၌ အင်္ဂလိပ်စာမဟာတန်းပြီးခဲ့သူ မလင်းလင်းထွန်းသည် ၂၀၁၃ မှစ၍ ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် မွမ်းမံသင်တန်းပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ချင်းပြည်နယ်၊ ကချင်ပြည်နယ် အပါအဝင် မြေပြန့်ဒေသများမှ ဆန်းဒေးစကူးလ်၊ ဓမ္မစကူးလ်များနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ ဆရာ၊ ဆရာမများအတွက် မွမ်းမံသင်တန်းများပေးရာတွင် အလွတ်တန်း ပံ့ပိုးဆောင်ရွက်ရာတွင် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့်သာမက ကိုယ်တိုင်လည်း Kua Education Center ကို တွဲဖက်တည်ထောင် လုပ်ကိုင်ခဲ့သည်။

အသက် ၃၇ နှစ်အရွယ် မလင်းလင်းထွန်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ကိုယ်စားပြုပြီး ချင်းပြည်နယ် မတူပီမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

လွှတ်တော်နိုင်ငံရေးတွင် အမျိုးသမီးများပါဝင်မှု ရာခိုင်နှုန်း မည်မျှရှိရမည်ဟူသော သတ်မှတ်ချက်၊ ဖော်ညွှန်းချက်များမှာ မြန်မာနိုင်ငံအတွက် စာအုပ်များထဲတွင်သာ ရှိနေသေးသည့်အချက်ကို ၎င်းက ထောက်ပြသည်။


“ကိုယ် ဒီဟာ (လွှတ်တော်နိုင်ငံရေး) ကို ဝင်တာက ခေါင်းတိုက်ပြီးဝင်တာပေါ့နော် … ကိုယ်ဝင်လိုက်ပြီးရင် တခြား နောက်က အမျိုးသမီးလေးတွေလည်း ဆက်ပြီး ဝင်လာနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ” ဟု သူက ရှင်းပြသည်။

မလင်းလင်းထွန်းကိုယ်စားပြုသော ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ယင်းအမည်ဖြင့်ပင် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည်။ ချင်းပြည်နယ်၌ နှစ်နေရာအနိုင်ရသော်လည်း ထိုစဉ်က စစ်အစိုးရသည် အာဏာလွှဲပြောင်းမပေးဘဲ အမျိုးသားညီလာခံကျင်းပရေးစီစဉ်မှုအပေါ် ကန့်ကွက်သည့် ပါတီများကို ဖျက်သိမ်းရာ CNLD ပါဝင်ခဲ့သည်။

ယင်းနောက် ပါတီဝင်ဟောင်းများသည် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲကာလများတွင် ချင်းပါတီသုံးခုကို အသီးသီးတည်ထောင်ခဲ့ကြသည်။ ၂၀၁၈ ခုနှစ်တွင် ချင်းပါတီသုံးခုလုံးကို အတူတကွပေါင်းစည်းထားသည့် CNLD ကို ပြန်လည်ထူထောင်နိုင်ခဲ့ကြသည်။

Ingo.Ngo_.Jpg


ဆိုင်းနုပန် (ဘယ်အစွန်) ၊ ခူးတူရယ် (အလယ်) နှင့် မလင်းလင်းထွန်း (ညာအစွန်) (ဓာတ်ပုံ- ပေးပို့)

ချင်းပြည်နယ်မှ တစ်ဖန် မြန်မာနိုင်ငံမြောက်ဖျားပိုင်း ကချင်ပြည်နယ်သို့ လှမ်းမျှော်ကြည့်ပါက အရပ်ဘက်အဖွဲ့အစည်းနှင့် တက်ကြွလှုပ်ရှားမှု နောက်ခံရှိသူများ ရွေးကောက်ခံနိုင်ငံရေးပါဝင်ရန် စိတ်အားထက်သန်နေသူများကို တွေ့ရသည်။

အသက် ၂၆ နှစ်အရွယ်သာရှိသေးသည့် ကချင်တိုင်းရင်းသူ ဆိုင်းနုပန်က လာမည့်ရွေးကောက်ပွဲတွင် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ကချင်ပါတီလေးခု ပေါင်းစည်းထားသည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ (Kachin State People’s Party-KSPP) ကိုယ်စားပြုကာ ရွေးကောက်ပွဲဝင်မည်ဖြစ်သည်။

အသက် ၁၈ နှစ်အရွယ်ကတည်းကပင် ဆိုင်းနုပန်တစ်ယောက် ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ကချင်ပြည်နယ်ကျောင်းသားသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ ၂၀၁၄ မှစကာ မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဖြစ်ခဲ့သည်။

ကချင်ပြည်နယ်တိုက်ပွဲများအတွင်း တောထဲပိတ်မိနေသည့် ဒေသခံများအတွက် တောင်းဆိုဆန္ဒပြမှု၊ စစ်ဘေးရှောင်များ၏ ဘဝအခက်အခဲ သရုပ်ဖော်သည့် ပြဇာတ်ကပြခြင်း၊ ဆန္ဒဖော်ထုတ်ခြင်း စသည့်လှုပ်ရှားမှုများတွင် လူငယ်ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။

“လူငယ်တွေနဲ့ပတ်သက်တဲ့ Policy (မူဝါဒ) တော့ ရှိပြီ။ အဲဒါကို အကောင်အထည်ပေါ်အောင် အကောင်းဆုံးလုပ်ဆောင်မယ်။ အမျိုးသမီးမူဝါဒကို Implementation Process (အကောင်အထည်ဖော်မှုလုပ်ငန်းစဉ်) အထိ ရောက်အောင် လုပ်ဆောင်ချင်တယ်” ဟု ဆိုင်းနုပန်က ၎င်း၏ လွှတ်တော်နိုင်ငံရေးရည်မှန်းချက်ကို ပြောပြသည်။

ထို့အပြင် အစိုးရအနေဖြင့် ကချင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်သည့် အတိုင်ပင်ခံအဖွဲ့ကို ဖွဲ့စည်းထားရှိပေးစေလိုပြီး ပြည်သူများကြုံတွေ့ရသော အခက်အခဲများ၊ ဖြစ်ချင်သည့်ဆန္ဒများကို လွတ်လပ်စွာတင်ပြနိုင်မည့် ပြည်သူ့ဆက်ဆံရေးရုံးတစ်ခုလည်း ထားရှိပေးစေလိုသည်ဟု ဆိုင်းနုပန်က ဆိုသည်။

“ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ တန်းတူညီမျှမှုရှိတဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံတော်ကို တည်ဆောက်ချင်တာကတော့ ကျွန်မရဲ့ အန္တိမပန်းတိုင်ပါ” ဟု ဆိုင်းနုပန်က ပြောသည်။

“အိပ်နေတဲ့ လွှတ်တော်ကို အသက်ပြန်သွင်းရမယ်”


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်များ လွှမ်းမိုးခဲ့သည့် လွှတ်တော်သက်တမ်းနှစ်ခုအတွင်း အစည်းအဝေးချိန်များတွင် အိပ်ငိုက်နေသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဓာတ်ပုံများက လူအများရယ်စရာဖြစ်သည်။ ဥပဒေပြုပြင်ရေး အကြိတ်အနယ်ဆွေးနွေးရမည့်အစား အိပ်ပျော်နေသည့် လွှတ်တော်ဟု သရော်ကြသည်။

ထို “အိပ်နေတဲ့ လွှတ်တော်ကို ကျွန်တော်တို့ အသက်ပြန်သွင်းရမယ်” ဟု ဆိုလာသူက ကိုနေယံဦးဆိုသူ လူငယ်ဖြစ်သည်။

Nay_yan_oo_photo_by_kyaw_lin_htoon.Jpg


ပြည်သူ့ပါတီကိုယ်စားပြု၍ ရွေးကောက်ခံမည့် ကိုနေယံဦးကို ဩဂုတ် ၁၀ ရက်နေ့က ကမာရွတ်မြို့နယ်ရှိ ၎င်း၏ ရုံးခန်း၌ တွေ့ရစဉ် (ဓာတ်ပုံ- ကျော်လင်းထွန်း/ Myanmar Now)

ကမာရွတ်မြို့နယ် လှည်းတန်းလမ်းပေါ်ရှိ တိုက်တစ်တိုက်၏ အခန်းကျဉ်းတစ်ခုရှေ့ ဝရံတာတွင် ပြည်သူ့ပါတီအလံက တစ်လွင့်လွင့်ရှိနေသည်။ အခန်းထဲတွင် ရွေးကောက်ပွဲအောင်နိုင်ရေး ကူညီပေးနေသူ လူငယ်နှစ်ဦးတွေ့ရသည်။ ပြည်သူ့ပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုနေယံဦးကို ကူညီပေးနေသူများဖြစ်သည်။

အသက် ၃၄ နှစ်အရွယ် ကိုနေယံဦးသည် အမေရိကန်မြောက်ပိုင်း အီလီနွိုက်နှင့် အောက်စဖို့တက္ကသိုလ်တို့မှ နိုင်ငံရေးသိပ္ပံနှင့် အများပြည်သူဆိုင်ရာ မူဝါဒရေးရာ မဟာဘွဲ့များ ရရှိခဲ့သူဖြစ်သည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဝါရင့်နိုင်ငံရေးသမား ဦးကိုကိုကြီးနှင့် ဝါဒတူပုဂ္ဂိုလ်များ ပူးပေါင်းတည်ထောင်ထားသည့် ပြည်သူ့ပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ကိုနေယံဦးဆုံးဖြတ်ထားသည်။ ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်သည်။

ပြည်သူ့ပါတီ ပေါ်ပေါက်မလာခင်ကတည်းကပင် ဦးကိုကိုကြီးအပါအဝင် အခြားပါတီကခေါင်းဆောင်များနှင့် ရင်းနှီးသော ဆက်ဆံရေးရှိခဲ့သည်ဟု ကိုနေယံဦးက ပြောသည်။

“နိုင်ငံရေးအရ မာတယ်၊ ဖြတ်သန်းမှုက ကြာတယ်ဗျာ။ ယုံကြည်ချက်အရ သာတယ်ဗျ၊ သူတို့ရဲ့ ယုံကြည်ချက်ကို မယိမ်းမယိုင်ဘဲနဲ့ ကိုင်ဆွဲလာတာ အနှစ် ၃၀ နီးနီးရှိပြီ။ ဆိုတော့ ဒီသုံးချက်ကြောင့် ပြည်သူ့ပါတီကို ရွေးတာပါ” ဟု ကိုနေယံဦးက ပြောသည်။

၂၀၁၅ ခုနှစ်ကတည်းက ပညာရပ်ပိုင်းဆိုင်ရာသုတေသီတစ်ဦးအဖြစ် ရပ်တည်ခဲ့သည့် ကိုနေယံဦးအနေဖြင့် အာဏာရပါတီ NLD ကို ရင်ဆိုင်ရန် အသင့်ရှိနေသည်။

“အများလက်ခံထားတဲ့ ပုံစံအရတော့ ၂၀၂၀ မှာလည်း NLD ပဲ နိုင်မယ်ပေါ့၊ အထူးသဖြင့် ရန်ကုန်လို နေရာမျိုးမှာပေါ့။ ကျနော့်ရဲ့ Team (အောင်နိုင်ရေးအဖွဲ့) က သေးသေးလေး၊ ရွေးကောက်ပွဲရန်ပုံငွေလည်း နည်းတယ်” ဟု ကိုနေယံဦးက ဆိုသည်။

သို့သော် သူ့အဖွဲ့၏ အားသာချက်များဖြစ်သည့် သုတေသနပိုင်းအားသာချက်ရှိခြင်း၊ ခေတ်မီသစ်လွင်သည့် အောင်နိုင်ရေး လှုံ့ဆော်မှုနည်းနာများ သိရှိထားခြင်း၊ ဆိုရှယ်မီဒီယာကျွမ်းကျင်ခြင်းများကြောင့် “ကျနော်ကတော့ စောင့်ကြည့်ပါဦးလို့ပဲ ပြောချင်ပါတယ်” ဟု ကိုနေယံဦးက ဆိုသည်။

နှဖူးတွေ့ဒူးတွေ့ပြိုင်ပွဲ


နိုင်ငံရေးအားကစားပြိုင်တွင် ပထမဆုံးခြေစမ်းကြမည့် မျက်နှာသစ်များအတွက် နှဖူးတွေ့ဒူးတွေ့ ကြုံလာရမည့် ပြိုင်ဆိုင်မှုသည် ခက်ခဲပြင်းထန်မည်ဖြစ်သည်။ လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းများတွင် နှစ်ပေါင်းများစွာ ထဲထဲဝင်ဝင်လုပ်ကိုင်ခဲ့သူများအတွက် ပြည်သူ့ဆန္ဒမဲရရန် မခက်ခဲသော်လည်း အဓိကရင်ဆိုင်ရမည့် စိန်ခေါ်မှုမှာ ပြည်သူများ၏ ပါတီအစွဲဖြစ်သည်။

အသက် ၄၀ အရွယ် မခင်ထိပ်ထားတစ်ယောက် ဇာတိမြေတောင်ကုတ်မြို့နယ်မှ ရွေးကောက်ပွဲဝင်ပြိုင်မည်ဖြစ်သည်။ ရခိုင်အမျိုးသားပါတီ (ANP) ကိုယ်စားလှယ်လောင်းအဖြစ် တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မခင်ထိပ်ထားသည် ရခိုင်ပြည်ရေးဘေးသင့်ပြည်သူများအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ရခိုင်စစ်ဘေးရှောင်များ၏ ကလေးငယ်များအတွက် ပညာရေးဖောင်ဒေးရှင်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်သည်။

ရခိုင်ပြည်နယ်စည်ပင်ဝန်ကြီးဟောင်းဖြစ်သူ လက်ရှိပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးကပ်နေခဲ့သူ ဒေါက်တာတင်မာအောင်တို့သည်လည်း တောင်ကုတ်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ဦးမင်းအောင်သည် အာဏာရ NLD ပါတီကိုယ်စားပြု ဝင်ပြိုင်မည်ဖြစ်ကာ ဒေါက်တာတင်မာအောင်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီကိုယ်စားပြု ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်သည်။


“ရခိုင်ပြည်နယ်က နိုင်ငံရဲ့ဒုတိယအဆင်းရဲဆုံးဖြစ်တဲ့အပြင် စစ်ဘေးပါဖြစ်နေတယ်။ ဘာမှမလုပ်ဘဲနဲ့ ပြေးနေရ၊ ပုန်းရှောင်နေရတာတွေလည်း ရှိတယ်။ လွှတ်တော်ကနေတစ်ဆင့် မြန်မာပြည်သူပြည်သားအားလုံးသိအောင် လုပ်ဆောင်ချင်ပါတယ်” ဟု မခင်ထိပ်ထားက ပြောသည်။

အရပ်ဘက်အဖွဲ့အစည်းများနယ်ပယ်တွင် ကျင်လည်ခဲ့သူ မျက်နှာသစ်လူငယ်များအနေဖြင့် ဝါရင့်သမာရင့် နိုင်ငံရေးသမားများနှင့်အပြိုင် သူနိုင်ကိုယ်နိုင် ရွေးကောက်ပွဲဝင်ပြိုင်ကြတော့မည်ဖြစ်သည်။

ရှမ်းပြည်နယ်မြောင်ပိုင်း နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် လူငယ်မျက်နှာသစ်တစ်ဦးဖြစ်သူ ဦးအောင်ကျော်မိုးက ကျားခေါင်းပါတီကိုယ်စားပြု ဝင်ပြိုင်မည်ဖြစ်သည်။ ၎င်းသည် သဘာဝသယံဇာတတူးဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု စောင့်ကြည်ရေး အဖွဲ့ (MATA) ၏ အလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်းဖြစ်သည်။

ကယားပြည်နယ် ဖရူဆိုမြို့နယ် အမျိုးသားမဲဆန္ဒနယ် ၈ တွင် အသက် ၃၅ နှစ်အရွယ် ခူးတူရယ်က ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KSDP) ကိုယ်စားပြု ဝင်ပြိုင်မည်ဖြစ်သည်။ အဖိနှိပ်ခံ ကရင်နီဌာနေတိုင်းရင်းသားများနှင့်အတူ လယ်ယာမြေအရေးဆောင်ရွက်ပေးခဲ့ပြီး ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့သူ ဖြစ်သည်။

ရခိုင်တိုင်းရင်းသားလူငယ်တစ်ဦးဖြစ်သူ ကိုတင်ထူးအောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်သည်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့မှုဖြင့် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံခဲ့ရပြီး ၂၀၁၂ တွင် ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။ ကိုတင်ထူးအောင်သည် ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌလည်း ဖြစ်သည်။

တစ်ပွဲထိုးမဖြစ်စေလို


ပါတီနိုင်ငံရေးအတွေ့အကြုံ မရှိလှသော်လည်း တိုင်းပြည်အပြောင်းအလဲအတွက် အရပ်ဘက်အဖွဲ့အစည်းနှင့် တက်ကြွလှုပ်ရှားသူနယ်ပယ်တွင် ကျင်လည်ခဲ့သူ လူငယ်များ ရွေကောက်ပွဲပါဝင်လာခြင်းကို အများစုက ကြိုဆိုကြသည်။

မျက်နှာသစ်လူငယ်များ နိုင်ငံရေးဇာတ်ခုံပေါ် တက်လာခြင်းသည် တိုင်းပြည်တည်ဆောက်ရေး အတူတကွ ဝိုင်းဝန်းလုပ်ဆောင်ခြင်းဖြစ်သည်ဟု NLD ၏ သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမတ် ကိုနေဘုန်းလတ်က ပြောသည်။

“လူထုအခြေပြုလုပ်ငန်းတွေ သူတို့တွေမှာ ရရှိခဲ့တဲ့ အတွေ့အကြုံတွေ၊ သူတို့ရဲ့သိမှုတွေက ဒီဘက် လွှတ်တော်နိုင်ငံရေးပိုင်း ဝင်လာတဲ့အခါမှာ တစ်စုံတစ်ရာ အထောက်အကူပြုလိမ့်မယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

ကိုနေဘုန်းလတ်သည်လည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမဖြစ်ခင်က ဘလော့ရေးသားသူ၊ မြန်မာအိုင်စီတီဖွံ့ဖြိုးရေးအဖွဲ့ (MIDO) ကို တွဲဖက်တည်ထောင်ခဲ့သူဖြစ်ပြီး Pen Myanmar အဖွဲ့၏ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ဖူးသူလည်း ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်း ဖြစ်သည်။

ထိုသို့သော ပုဂ္ဂိုလ်များ နိုင်ငံရေးတွင် စိတ်ပါဝင်စားလာခြင်းသည် ဦးတည်ချက်၊ ရည်ရွယ်ချက်များ ကောင်းမွန်ပါက တိုင်းပြည်အတွက် အခြေအနေကောင်းများ ဖြစ်လာနိုင်သည်ဟု ပြည်ခိုင်ဖြိုးပါတီ၏ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ဆိုသည်။

“ဒါမှမဟုတ် သူတို့က တခြားသော ရည်ရွယ်ချက်တွေ ပါဝင်လာတယ်ဆိုရင်တော့ ဒါက အန္တရာယ်ရှိတာပေါ့” ဟု ၎င်းက ပြောသည်။ “ကိုယ့်တိုင်းပြည်ပျက်စီးစေမယ့်၊ အကျိုးယုတ်စေမယ့် ကိစ္စမျိုးတွေအတွက် လုပ်မယ်ဆိုရင်တော့ မကောင်းပါဘူး” ဟု ဦးသောင်းအေးက ဆက်လက်ရှင်းပြသည်။

ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူ အချို့ကမူ ရွေးကောက်ခံနိုင်ငံရေးအတွေ့အကြုံ မရှိကြသေး၍ နိုင်ငံရေးကို ပိုလေ့လာကြရန် လိုအပ်ကြောင်းနှင့် နိုင်ငံရေးသမားဖြစ်အောင် အဆင့်ဆင့်တည်ဆောက်သွားကြရန်လိုကြောင်း ထောက်ပြကြသည်။

၂၀၂၀ ရွေးကောက်ပွဲတစ်ခုတည်းကိုသာ ရည်မှန်းချက်ထားခြင်းမျိုးမဟုတ်ဘဲ နောက်ထပ် ၂၀၂၅၊ ၂၀၃၀ ရွေးကောက်ပွဲများအတွက်ပါ ရေရှည်အမြင်ဖြင့် ပြင်ဆင်သင့်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက အကြံပြုသည်။

အရွေးခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ ပြည်သူလူထုနှင့်အတူရပ်တည်လျက် ပြည်သူ့ဘက်တော်သားအဖြစ် တစ်စိုက်မတ်မတ်လုပ်ကြရန် လိုအပ်သလို “ရွေးကောက်ပွဲဆိုတာ တစ်ပွဲတိုး ပြိုင်တဲ့ပုံစံမျိုးမဖြစ်သင့်ဘူး” ဟု ဒေါက်တာရန်မျိုးသိမ်းက မှတ်ချက်ပြုသည်။