Breaking News

မယ်မွှေးနှင့် ယဉ်ခြင်းဆုတောင်း

Illustration from The Hindu


မယ်မွှေးနှင့် ယဉ်ခြင်းဆုတောင်း

မယ်မွှေး
(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၉

မယ်မွှေးမနက်ကနိုးချိန်မှာ မစောလှ။မစောဆို ညက နှစ်နာရီနီးမှ အိပ်ယာဝင်သည်ကိုး။ စောစောသာထမိလျှင်ဖြင့် ဒီစာကိုရေးစရာအကြောင်းမရှိလေ။ ဘုရားကိုလည်း ဒိထက်အေးအေးရှိခိုးရပေမည်။ မနက်နိုးသည်နှင့် လေးဆယ့်ငါးမိနစ်စာ ဘုရားရှိခိုး၊ ယောဂနှင့် တရားထိုင်တာ သုံးမျိုးပေါင်းထားသည့် ကိုယ့်ဘာသာဖော်ထားသောဆေးကိုသောက်သည်။ ဒီဆေးသာမရှိလျှင်ခန္ဓာကလည်း သူ့ကိုမဟန်တာတွေချည်း မတန်မရာခိုင်းသည်ဟု ဆိုကာ သောင်းကျန်းဒဏ်ခတ်လိမ့်မည်။ စိတ်ကလည်း ဆင်ရိုင်းလို ချွန်းမအုပ်နိုင်ဖြစ်မည်။ ဘုရားစင်ရှေ့ သြကာသ ပင်မဆုံးသေး ကြည့်မြင်တိုင်ဟိုဖက်ရပ်ကွက်ဆီမှ ရွှေတိဂုံစေတီတော်ကြီးအားနှစ်စဉ်ရွှေသင်္ကန်းဆက်ကပ်တော်မူကြကုန်သော သပ္ပူရိသအပေါင်းသူတော်ကောင်းတို့ဦးစီးသည့် ဥပသကာများအဖွဲ့ကားခြိမ့်ခြိမ့်သည်းသည်းလမ်းထဲသို့ရောက်လာချေပြီတမုံ့။

မနက်ခင်း ဆယ်ငါးမိနစ်အနိုင်နိုင်တရားထိုင်နေရသူ၏ ပါရမီဉာဏ်ကား အထုံနည်းလှသည့်ထင့်။ အလှုခံလူတန်းကြီးတွင်ဖွင့်ထားသော သီချင်းများက ငါ့အားအနှောင့်အယှက်မဖြစ်စေရဟူ၍အဓိဌာန်သော်လည်း နုနယ်လှသော သူ့သမာဓိနှင့် လမ်းပေါ်မှ ဘင်သံဆိုင်းသံတို့မှာ ဗုံလုံတလှည့်ငါးပျံတလှည့်ဆိုသလို တလှည့်စီသာ အထက်စီးရနေကြလေသည်။ တနင်္ဂနွေရက်သတ္တတစ်ပါတ်စာကိုမင်္ဂလာတရားနှင့် စစိမ့်ခြင်းငှာ အသက်ဆယ်နှစ်က အဖေ့ညီ ဦးဇင်းကြီး သံနေသံထားဖြင့် ချပေးသော မင်္ဂလသုတ်ကို ရွတ်သော်လည်း မှတ်ဉာဏ်မှာ ဇောက်ထိုးဖြစ်လုမတတ်ဖြစ်ရာက မထိန်းနိုင်ချေ။

ဖုဌသလောက ဓမ္မေဟိ စိတ္တံယသနကမ္ပတိနားရောက်ခါမှ မယ်မွှေးမှာ အစကိုရော ဆိုဖြစ်ခဲ့ရဲ့လားမသေချာ။ သို့နှင့် ယံမင်္ဂလံ ဒွါဒသဟိ စိန္တိယိံသု သဒေဝကာ ဆီနောက်တစ်ခေါက်ပြန်ရောက်လေသည်။ ရွှေသင်္ကန်းကပ်လှုရန်အလှုခံသူတို့ကား အုံးအုံးကျက်ကျက် အသံချဲ့စက် ငါးစုံမျှ မြေနီကုန်းမှသည် ကြည့်မြင့်တိုင်ကမ်းနား ဗားကရာချောက်ပတ်ဝန်းကျင် တလျှောက်လုံး နိဗ္ဗာန်ဆော်ကိုမကြားသူမရှိစေရဟူသော အဓိဌာန်ဖြင့် ရောက်ရှိလာကြလေသည်။ ပထမ ဆိုက်ကားသည် ပေါ်မှ အသံချဲ့စက်သည် အောင်ခြင်းရှစ်ပါးကိုဖွင့်ပြီး သူ့နောက်မှလိုက်သော ဟိုက်ဂျက်ပေါ်မှာ အသံချဲ့စက်ကား မမပုသိမ်သူဖြစ်၏။ တတိယတစ်စင်းပေါ်မှ အသံချဲ့စက်ကား ငါကဗိုလ်အောင်ဒင်ဟု ကြုံးဝါးနေပြီး စတုတ္ထလိုက်သည်ကား မိုးလုံးမှိုင်းဖြစ်၏။

သမာဓိသည် ဆောက်တည်ရန်ခက်ခဲလေစွ။ သူတို့ဘာသာလမ်းပေါ်ဖြတ်တာပဲ။ မယ်မွှေးရယ်သည်းရန်ကော။ ကိုယ့်သီလကိုယ်ဆောက်တည်စမ်းဟု ဆိုကာ ဆိုလက်စ မေတ္တာသုတ်ကို အစကပြန်ကောက်သည်။ မေတ္တာ မေတ္တာ သာမပါရင်ဖြင့် ဘာမှ မအောင်နိုင်ဘူး။ ရုံးမှာလည်း အဆင်မပြေနိုင်ဘူး။ ဈေးမှာလည်း အဆင်မပြေနိုင်ဘူး။ သူတို့ဘာသာသူတို့ ပျော်လို့ရွှင်လို့ အသံချဲ့စက်နဲ့ ကလိုက်ခုန်လိုက် အလှုခံတဲ့ကိစ္စမှာလည်း မိမိမေတ္တာ မပွားနိုင်ရင်ဖြင့် မိမိသာပင်ပန်းမယ်။ အာရုံကိုပြန်ခေါ်။ ဒါနဲ့ ဆိုနေတာက ဘယ်နားရောက်ပြီတုံး။ ယေ ကိစိ ပါဏ ဘူတတ္ထိ… အဲလေ အဲဒီနားကိုမရောက်သေးဘူး။ ပါဠိလိုအာရုံစိုက်လို့မရတော့ရင် ဗမာလိုသာ စိတ်ထဲက အာရုံပြုပြီး ဒီနေ့ဦးချရစ်ပေတော့။ အိမ်ရှေ့ကကြာရှည်ကြာများ ဆိုနေကနေကြတဲ့ အလှုခံတန်းကြီးကိုလည်း အာရုံပြု မေတ္တာပို့လို့ အမျှဝေ။

ရောင့်ရဲလွယ်ရာ၏၊ သူတပါးတို့က ပြုစုလွယ်၊ မွေးမြူလွယ်သူမျိုးဖြစ်ရာ၏။ ကိစ္စနည်းစေရာ၏ အသက်မွေးမှုပေါ့ပါးခြင်းရှိရာ၏။ မျက်စိစသော ဣန္ဒြေတည်ငြိမ်မှုရှိရာ၏..ရင့်ကျက်သောပညာရှိရာ၏။ အမူအယာမကြမ်းတမ်းစေရာ၊ ဒါယကာများ၊ဆွေမျိုးများသံယောဇဉ်ငြိတွယ်လွန်းခြင်းမဖြစ်စေရာ။.....

ဟောတော့်... ခုနက အရေးပိုင်မင်းကို ကော်ဖီပေးမယ်ပြောထားတာခုထိရေနွေးအိုးက ပလပ်မတပ်ရသေးဘူး။ ဒီလောက်ဆူညံသံတွေကြားထဲမှာသူက အသံမထွက်ဘဲ ဘာလုပ်နေတာပါလိမ့်။ သြော် နေနိုင်လေခြင်း။နေတတ်လေခြင်း။ မှန်တံခါးအလုံပိတ်အခန်းထဲမတော့ ငါ့လောက် အကုသိုလ်ဘယ်များမတုံး။ ဟယ် ငါ့နှယ် ကိုယ့်ဟာကိုယ်စိတ်မထားတတ်တာကိုပဲ သူတပါးအေးဆေးနေတာကို အပြစ်တင်နေသေးတယ်။ နေပါဦး မေတ္တာ သုတ်က ဘယ်ရောက်သွားတာပါလိမ့်။

...အမိသည် မိမိဝမ်း၌လွယ်၍ မွေးရသော တစ်ဦးတည်းသောသားကို အသက်လောက်ချစ်မြတ်နိုး၍ အစဉ်မပြတ်စောင့်ရှောက်သည့်နည်းတူ သတ္တဝါ အားလုံးတို့အပေါ်၌ အတိုင်းမသိကြီးမားသော မေတ္တာစိတ်ကို ပွားများရာ၏။......

ဟယ်တော်ပါပြီ.. ဆက်စဉ်းစားလို့လည်းမရတော့ဘူး။ အလှုခံတွေဒီတစ်ခါ အိမ်ရှေ့မှာရပ်တာ ကြာလှချည်လား။ အုန်းအုန်းဒိုင်းဒိုင်းက ခုမှ ပိုဆိုးလာသလိုပဲ။ ပိုဆိုးဆိုတော့ အခုခေတ် ကောင်ကလေးတွေဆိုတဲ့ အဆဲတွေအများကြီးပါတဲ့ ရပ်ပ် တွေဖွင့်ပြီး ကတဲ့အဖွဲ့ကိုး။ မနက်ကြီးလည်း ကလပ်ရောက်နေသလို ကနေကြပြန်ပြီထင်ပါရဲ့။

ကဲ ကဲ မထူးပါဘူး။ အရှင်ဘုရားတပည့်တော် ဒီကနေ့တော့ ပြုမြဲဝတ်ကို မပြီးတော့ပါဘူးဘုရား။ ညကျမှပဲ တစ်ကျော့ မအိပ်ခင်သတိရရင်တော့ ဝတ်ပြုသေးတာပေါ့ဘုရား။

တပည့်တော် တလောဆီက The Economist က ကိုးကားတဲ့ ၁၉ ရာစုက သြဇာကြီးတဲ့ စာအုပ်တစ်အုပ်အကြောင်းကိုနည်းနည်းမြည်းမိပါတယ်ဘုရား။ ရေးတဲ့သူက Matthew Arnold ပါတဲ့။ သူပြောတဲ့အကြောင်းအရာက ယဉ်ကျေးမှုနှင့်မင်းမဲ့စရိုက်ပါတဲ့ဘုရား။ “Culture and Anarchy” လိုနာမည်တပ်ထားပါတယ်။ အဲသည်ထဲမှာသူပြောချင်တာကတော့ ဒီလို စက်မှုခေတ်ကြီးထဲမှာ စားသုံးသူပဓာနဝါဒထွန်းကားတဲ့ ခေတ်ကြီးထဲမှာ လူအဖွ့ဲအစည်းကို အရိုင်းအစိုင်းတွေလို သွေးကွဲ ပြိုပျက်မသွားအောင်၊ရန်စောင်မနေကြအောင် ထိန်းထားတာကတော့ High culture ပါပဲတဲ့ဘုရား။ ဘယ်လိုလှအောင် ဘာသာပြန်ရမလဲတော့ တပည့်တော်မသိပါဘုရား။ အဆင့်အတန်းရှိတဲ့ ယဉ်ကျေးမှုလို့ဆိုရင်လည်း ဘယ်ယဉ်ကျေးမှုက အဆင့်အတန်းမရှိတာလဲဆိုပြီးဖြစ်ဦးမယ်။ မေတ္တာသုတ်ထဲမှာကလည်း အထင်သေးခြင်း အချင်းချင်းကင်းရှင်းကြပါစေလို့ ဆိုတယ်မဟုတ်လား ဘုရား။ အဲဒီစာရေးတဲ့သူဆိုလိုတဲ့ အဆင့်အတန်းရှိတဲ့ ယဉ်ကျေးမှု ရှိတယ်ဆိုတာက လူတွေဟာ ဘယ်လို အတန်းအစား အခြေအနေ ဆင်းရဲချမ်းသာမျိုးကပဲလာလာ တိုင်းနိုင်ငံတစ်ခုရဲ့ ပြည်သူပြည်သားတွေအနေနဲ့ ချိုသာတဲ့ ပတ်ဝန်းကျင် ကြည်လင်အေးချမ်းတဲ့ ပတ်ဝန်းကျင်မျိုးမှာ နေထိုင်နိုင်တာတဲ့ ဘုရား။လူ့အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တိုင်းက မိမိတို့ ယဉ်ကျေးမှုရဲ့ အကောင်းဆုံးဆိုတဲ့ စာပေ ဂီတ အနုပညာတွေ ခံစားခွင့်ရနေတဲ့ အရပ်မျိုးပါတဲ့ ဘုရား။ “best that has been thought and known in the world” ပါတဲ့။

တပည့်တော် မြန်မာပြည်မှာပဲ နေချင်ပါတယ်ဘုရား။ High culture ဖွံ့ဖြိုးတဲ့ နေရာက လူတွေကို အားကျသော်လည်း တပည့်တော်ကို အဲဒီကိုပြောင်းပေးဖို့ မတောင်းဆိုပါဘူးဘုရား။ တကယ်လို့ လုပ်များလုပ်ပေးနိုင်ရင် ချိုတဲ့ ကြည်တဲ့ ပေါ့ပါးတဲ့ နေမှုထိုင်မှုမျိုး များများကြီးကြိုက်တတ်တဲ့ ပတ်ဝန်းကျင် (an “atmosphere of sweetness and light”) ဖြစ်လာအောင်သာ မြန်မာပြည်ကိုပြောင်းပေးပါဘုရား။ ဗမာတွေယဉ်တဲ့ ဟိုတခေတ်ကလိုပေါ့ဘုရား။ တပည့်တော် ဆုတောင်းတာနည်းနည်းများလောဘကြီးသွားသလားဘုရား။ ညကျတော့ ဆက်ကြသေးတာပေါ့။ ခုတော့ ဆိုင်းသံကဆူလှတယ်ဘုရား။