Breaking News

ဆရာဒဂုန်တာရာနှင့်မောင်မိုးသူ

ဒီလှိုင်းစာစောင်၊ ဖေ့စ်ဘွတ်


ဆရာဒဂုန်တာရာနှင့်မောင်မိုးသူ

(မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၁၉

မောင်မိုးသူတို့ စာရေးဖော် မိတ်ဆွေအပေါင်းအသင်း တော်တော်များများက မေလထဲမှာ မွေးကြ သူများဖြစ်ပါတယ်၊ ဆရာဒဂုန်တာရာနှင့်မောင်မိုးသူတို့လည်း မေလထဲမှာမွေးကြသူများဖြစ်ပါတယ်၊ ဆရာက မေလ ၇ရက်နေ့မှာမွေးဖွားသူဖြစ်ပြီး မောင်မိုးသူက မေလ ၁၇ရက်နေ့မှာမွေးဖွားသူဖြစ်ပါတယ်၊ မောင်မိုးသူ သိသလောက် မှတ်မိသလောက်ပြောရမယ်ဆိုရင် မမခင်(ပတ္တမြားခင်)၊ မမဝင်း(ဒေါ်ကလျာ) တို့လည်း မေလ ထဲမှာမွေးကြသူများဖြစ်ပါတယ်၊ စာရေးဖော်မှာဖြစ်ကြတဲ့ မင်းလူ၊ နှင်းဝတ်ရည်တို့လည်း မေလထဲမှာ မွေးကြသူ များဖြစ်ပါတယ်၊ အဲ.. တိုက်တိုက်ဆိုင်ဆိ်ုင်ပြောရမယ်ဆိုရင် ချစ်ရတဲ့သူငယ်ချင်း နာမည်ကျော် မော်ဒန်စာရေး ဆရာကြီး ဇော်ဇော်အောင်ရဲ့ မွေးနေ့ဟာ မေလ ၁၈ရက်နေ့ဖြစ်ပြီး မောင်မိုးသူထက် ၁နှစ်ထဲ မှာမွေးပြီး ၁ရက်ပဲ ငယ်တဲ့သူဖြစ်ပါတယ်၊ အဲဒီလို ရေးဖော်တွေတော်တော်များများ မေလမွေးကြတဲ့အထဲမှာ ဆရာဒဂုန်တာရာက တော့ အသက်အကြီးဆုံးပဲဖြစ်ပါတယ်၊ ဆရာဒဂုန်တာရာတို့ လူထုဒေါ်အမာတို့ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ လုပ်ဖော်ကိုင်ဘက်များဖြစ်ပြီး ဆရာဒဂုန်တာရာဆိုရင် ဗိုလ်ချုပ်အောင်ဆန်းအတွက် စန္ဒရားတီးပေးရသူပုဂိုလ် ပေါ့၊ ဂျပန်ခေတ် ဗိုလ်ချုပ်အောင်ဆန်း ဒေါ်ခင်ကြည်နဲ့လက်ထပ်တဲ့ပွဲမှာ ဆရာဒဂုန်တာရာ တက်ခဲ့ပြီး အဲဒီမင်္ဂ လာအခမ်းအနားဘယ်လိုကျင်းပသလဲဆိုတာ မောင်မိုးသူ ဆရာ့ထံ အင်တာဗျူးလုပ်ခဲ့ဖူးပါတယ်၊

မောင်မိုးသူတို့ မန္တလေးအုပ်စုက ကဗျာဆရာတွေသိပ်များတယ်၊ စဉ်းစားကြည့်လေ၊ ဘုတလင်ချစ်လေး၊ တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်၊ ကိုလေး(အင်းဝဂုဏ်ရည်)တို့အားလုံးကဗျာသမားတွေကြီးပဲ၊ မောင်မိုးသူ လည်း တက္ကသိုလ်မရောက်ခင်နဲ့ တက္ကသိုလ်ရောက်ပြီးစမှာ မောင်သက်ဦးဆိုတဲ့ကလောင်အမည်နဲ့ကဗျာတွေ ရေးခဲ့တာပေါ့၊ အချစ်ကဗျာ၊ အသည်းကွဲကဗျာတွေရေးခဲ့ပြီး မောင်မိုးသူက အယ်ဒီတာ ၊ ကြည်အောင်နဲ့မောင် စွမ်းရည်တို့က ကဗျာဆရာပေါက်စတွေ၊ မောင်မိုးသူက ဆရာကြီးလုပ်ပြီး သူတို့ကို ကဗျာဆိုတာ ဘာညာဘာ ညာဆိုပြီး မိန့်ခွန်းချွေခဲ့ဖူးတယ်၊ မောင်မိုးသူဖတ်တဲ့ အင်္ဂလိပ်ကဗျာဆရာစာအုပ်တွေနဲ့ အိန္ဒိယကဗျာဆရာကြီး တဂိုး၊ ပါရှင်ကဗျာဆရာကြီး အိုမာခရမ်းတို့ရဲ့ ကဗျာစာအုပ်တွေကို သူတို့ကိုပေးခဲ့ဖူးပါတယ်၊ နောက် သူတို့ရေး ဖွဲ့ကြတဲ့ ဘဝနဲ့အားမာန်ကဗျာတွေကို ဖတ်ရပြီးတဲ့နောက် အချစ်နဲ့အသည်းကွဲကဗျာတွေရေးခဲ့တဲ့ မောင်သက်ဦး ရှက်ပြီး ကဗျာရေးခြင်းအလုပ်ကိုစွန့်လွှတ်ပြီး စကားပြေပြောင်းရေးခဲ့တာဖြစ်ပါတယ်၊

ဆရာဒဂုန်တာရာရဲ့ နာမည်ကြီးဝတ္ထု “မေ” ကိုစစ်ပြီးခေတ်မှာ ပထမဦးဆုံးထုတ်ဝေခဲ့သူက မောင်မိုးသူ ရဲ့ မိုးဦးပန်း စာအုပ်တိုက်ဖြစ်ပါတယ်၊ မောင်မိုးသူတို့ ကလောင်ရှင်အသင်းရဲ့ ပွဲဦးထွက် တင်မိုးရဲ့ဖန်မီးအိမ် ကဗျာစာအုပ်မှာလည်း အမှာစာရေးပေးခဲ့သူက ဆရာဒဂုန်တာရာပါပဲ၊ မောင်မိုးသူတို့ လူငယ်စာပေကဗျာသမား တွေအားလုံးဟာ လူထုဒေါ်ဒေါ်အမာရဲ့ မွေးနေ့များကို တက်ရောက်ခဲ့ကြသလိုပဲ ဆရာဒဂုန်တာရာရဲ့မွေးနေ့ကို လည်းတက်ရောက်ခဲ့ကြပါတယ်၊ မှတ်မှတ်ရရ ဆရာဒဂုန်တာရာရဲ့မွေးနေ့ပွဲတစ်ခုကို မှော်ဘီကဘုန်းကြီး ကျောင်းတစ်ကျောင်းမှာပြုလုပ်တာကို အမှတ်ရမိနေပါတယ်၊

မောင်မိုးသူ အကျဉ်းထောင်ကလွတ်ပြီးချိန်မှာ သားကြီးမောင်ပန်းသီးက သာယာဝတီထောင်မှာရှိနေဆဲ ဖြစ်နေတော့ ၂ပါတ်တစ်ကြိမ်မော်တော်ကားနဲ့ ထောင်ဝင်စားသွားရပါတယ်။ သာယာဝတီကိုသွားတိုင်း အသွား သို့မဟုတ် အပြန်ဖြစ်ဖြစ် မှော်ဘီမှာနေတဲ့ ဆရာဒဂုန်တာရာရဲ့အိမ်မှာ ဆရာနဲ့ အနုပညာအကြောင်းတွေပြော ဖြစ်ကြပါတယ်၊ ဆရာက အနုပညာအကြောင်းကို စိတ်ကူးစိတ်သန်းသာမက အနုပညာနဲ့ပတ်သက်ပြီး သဘော တရားစာတန်းတွေအများကြီးရေးခဲ့သူဖြစ်ပါတယ်။

မှောဘီမှာနေတဲ့ ဆရာဒဂုန်တာရာဟာ နောက်ပိုင်းမှာ ကောလိပ်ဂျင်နေဝင်း မခင်မာလာတို့ရဲ့အိမ်မှာ နေပါတယ်၊ ဆရာဒဂုန်တာရာအတွက် စာအုပ်ပုံတွေအများကြီးနှင့်သီးသန့်အခန်းတစ်ခန်းနေသူဖြစ်ပါတယ်၊ အဲဒီအခန်းမှာ စန္ဒရားတစ်လုံးနှင့်ပန်းချီကားတွေလည်းရှိပါတယ်၊ မှတ်မှတ်ရရ အဆိုကျော် ဟေမာနေဝင်းဟာ အဲဒီအချိန်မှာ ကလေးပဲရှိသေးတယ်၊ ဆရာဒဂုန်တာရာရဲ့ စန္ဒရားမှာ သီချင်းဆိုလေ့ရှိသူဖြစ်ပါတယ်၊ မောင်မိုးသူ ကောလိပ်ဂျင်နေဝင်းတို့အိမ်ကို တရင်းတနှီးရောက်ဖြစ်တဲ့အကြောင်းကတော့ ကောလိပ်ဂျင်နေဝင်း ဒေါ်ခင်မာ လာတို့ဇနီးမောင်နှံက ဒါရိုက်တာဦးသက်လယ်ရဲ့ မိုးကောင်းရုပ်ရှင်ကနေပြီး ရုပ်ရှင်ကားတစ်ကားရိုက်ဖို့စီစဉ်ပါ တယ်၊ ဦးသက်လယ်က ကျောက်မြောင်းမှာနေတဲ့မောင်မိုးသူအိမ်လာပြီး တချိန်တခါက ဆရာကြီးမြမျိုးလွင်ရဲ့ တစ်လိမ်နှစ်လိမ် ဝတ္ထုကို မောင်မိုးသူကိုတောင်းပေးဖို့ပြောပါတယ်၊ မောင်မိုုးသူလည်း မန္တလေးကအမဆီကတ ဆင့် ဆရာမျိုးဆီက တစ်လိမ်နှစ်လိမ် ဝတ္ထုကိုတောင်းပေးရပါတယ်၊ အဲဒီဝတ္ထုကို မောင်မိုးသူက ဇာတ်ညွှန်းရေး ရပါတယ်၊ ဒါရိုက်တာက ဦးသက်လယ်ဖြစ်ပါတယ်၊ တစ်လိမ်နှစ်လိမ် ဝတ္ထုကို ယနေ့ခေတ်နာမည်ပေးသူကတော့ ဆရာဒဂုန်တာရာဖြစ်ပြီး စိန်ကဲ ကျောက်ကဲ ပတ္တမြားကဲ လို့ နာမည်ပေးခဲ့ပါတယ်၊ အဲဒီဇာတ်ကားကို ကောလိပ် ဂျင်နေဝင်း နှစ်ကိုယ်ခွဲ မင်းသမီးခင်သန်းနုနှင့် မန္တလေးကျောက်ဆည်တဝိုက် တပျော်တပါးကြီးသွားရောက်ရိုက် ကူးခဲ့ပါတယ်၊ မိုးကောင်းရုပ်ရှင် ဒါရိုက်တာဦးသက်လယ်၊ ဇာတ်ညွှန်းမောင်မိုးသူ၊ ဝတ္ထု မြမျိုးလွင်ရဲ့ စိန်ကဲ ကျောက်ကဲ ပတ္တမြားကဲ ရိုက်ရှင်ဇာတ်ကားဟာ အင်မတန်အောင်မြင်တဲ့ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်၊ မောင် မိုးသူလည်း ကိုနေဝင်း မခင်မာလာတို့နဲ့ မိသားစုလိုဖြစ်ပြီး ယခင်က ဆရာဒဂုန်တာရာကို ဆရာလို့အခေါ် အဝေါ် သုံးနှုန်းခဲ့ရာမှ ကိုနေဝင်း မခင်မာလာနဲ့ ကလေးတွေအားလုံးက ခေါ်ကြတဲ့အတိုင်း ဦးလေးလို့ နှုတ်ကျိုးသွားပြီး ဆရာ့ကို ဦးလေးလို့ပဲခေါ်ဖြစ်ခဲ့ပါတယ်။ 

နောက် ဆရာဒဂုန်တာရာ အောင်ပန်းကိုပြောင်းသွားတော့ သူ့မွေးနေ့ပွဲ တွေလည်း အောင်ပန်းကိုလိုက်လုပ်ကြပါတယ်၊ သူ့ဆီတွေ့ဖို့လည်း အနုပညာ ကဗျာသမားတွေကသွားလေ့ရှိကြ ပေမယ့် မောင်မိုးသူကတော့မရောက်ဖြစ်နိုင်ပါ၊ မှတ်မှတ်ရရ ဆရာဒဂုန်တာရာရဲ့ ကဗျာဝိုင်းတဝိုင်းမှာ မောင်မိုး သူရောက်ရှိသွားပြီး အတော် ကတီလင်တနိုင်ခဲ့ဖူးပါတယ်၊ အဲဒါကတော့ မှော်ဘီလား သန်လျင်လားတော့ မသိဘူး၊ ဆရာဒဂုန်တာရာကို လေးစားချစ်ခင်နေတဲ့ ကဗျာအုပ်စုကစီစဉ်ကြတဲ့ပွဲပါ၊ မောင်မိုးသူလည်း သားငယ် နဲ့ရောက်သွားမိပါတယ်၊ အဲဒီပွဲမှာ မောင်မိုးသူရဲ့ ရဲဘော်မိတ်ဆွေကြီး မောင်သာနိုးနှင့် ဆရာဒဂုန်တာရာတို့၏ အယူအဆ ကဗျာသဘောတရားတွေ ပေါ့၊ မောင်မိုးသူက ပုံနားတိုင်လို အလယ်မှာထိုင်ပြီး တဖက်ကတခုပြော လိုက် နောက်တဖက်ကတခုပြောလိုက် ဖြစ်နေတော့ နောက်ဆုံးမောင်မိုးသူ သားငယ်ကိုခေါ်ပြီး ထွက်ပြေးခဲ့ရ ဖူးပါတယ်၊ 

ဆရာဒဂုန်တာရာဟာ လူထုဒေါ်ဒေါ်ရဲ့မွေးနေ့ပွဲတွေလည်း အမြဲလာလေ့ရှိသူတစ်ဦးဖြစ်ပါတယ်၊ နောက်ပြီး ရန်ုကုန်ရောက်နေကြတဲ့ တင်မိုးရဲ့အိမ်မှာ မောင်သာနိုး၊ ကြည်အောင်၊ မောင်စွမ်းရည် ၊ မောင်မိုးသူ တို့ဆုံစည်းကြစဉ်မှာလည်း ဆရာဒဂုန်တာရာ အမြဲပါလေ့ရှိပါတယ်၊ နောက်ထပ် မှတ်မှတ်ရရ ပွဲတစ်ပွဲက လူထု ဒေါ်ဒေါ်မာ ရန်ကုန်ရောက်နေခိုက် ဆရာဒဂုန်တာရာလည်းရန်ကုန်ရောက်နေခိုက်မှာ ဒေါ်အောင်ဆန်းစုကြည် က သူတို့နှစ်ဦးနဲ့တွေ့ဆုံ ကန်တော့်ချင်တယ်ဆိုလို့ ရှေ့နေကြီးဦးထွန်းတင်ရဲ့အိမ်မှာ မောင်မိုးသူ၊ မောင်ဝံသ တို့ဟာ ဆရာဒဂုန်တာရာနဲ့ ဒေါ်ဒေါ်မာ့ကိုဖိတ်ကြားပြီး တွေ့ဆုံပွဲကျင်းပခဲ့ဖူးတာကိုမှတ်မိပါတယ်။ အဲဒီပွဲမှာ သခင်အုန်းမြင့်လည်းပါသပေါ့၊ ဒေါ်ဒေါ်မာ၊ ဆရာဒဂုန်တာရာနှင့်မောင်မိုးသူတို့ ထိုင်နေရာက မျက်စိအားမ ကောင်းတဲ့ ဆရာဒဂုန်တာရာက ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုဝတ်စားထားလဲ ဘယ်လိုအရောင်တွေဝတ် ထားသလဲ အရောင်တွေဘာတွေဘယ်လိုရှိလဲ မေးမြန်းပါတယ်၊ သူက မျက်စိအားမကောင်းတော့ ဒေါ်စုရဲ့ရုပ် ရှည်ကိုသဲကွဲစွာမမြင်ရဘူးလေ၊ အဲလိုမေးမြန်းနေရာက စိတ်မရှည်တော့ပဲ ဒေါ်ဒေါ်မာက ကိုဌေးမြိုင် ဒေါ်စုဟာ သူ့အဖေ ကိုအောင်ဆန်းထက် ပိုထက်ပိုချောတယ်ဗျလို့ပြောတဲ့အသံကြောင့် ဒေါ်စုကရှက်ပြီး အဲလိုမပြောပါ နဲ့အမေရယ်လို့ပြောပါတယ်၊ တကယ်တော့ ဒေါ်ဒေါ်မာဟာ ဗိုလ်ချုပ်အောင်ဆန်းကို သိမှီ ဆက်ဆံခဲ့ဖူးသူ ဒေါ်စုခြံထဲကိုလည်း အမေဒေါ်ခင်ကြည်ကွယ်လွန်ချိန်မှာ မန္တလေးကနေ တကူးတက လာရောက်ဂါရဝပြုခဲ့သူ တစ်ဦးဖြစ်ပါတယ်၊ အဲဒီပွဲလေးရဲ့ အမှတ်တရဓါတ်ပုံကို ယခုစည်ပင်လူကြီးဖြစ်တဲ့ ဓါတ်ပုံဆရာစိန်အုန်းက မှတ်တမ်းတင်ဓါတ်ပုံတွေရိုက်ခဲ့ဖူးပါတယ်၊ ဒါပေမယ့်် မောင်စိန်ုအုန်းလည်း အဖမ်းခံသွားရလေတော့ အဲဒီပုံ လည်း မောင်မိုးသူမကြည့်လိုက်ရပါဘူး၊ စိန်အုန်းဆီမှာ ရှိသေးလား မရှိသေးလားမပြောတတ်တော့ပါဘူး၊ ရှိသေးရှိအုံးမယ်ဆိုရင်တော့ သမိုင်းဝင်ဓါတ်ပုံများ ဖြစ်သွားပေမှာပေါ့၊ 

ဆရာဒဂုန်တာရာ အောင်ပန်းရောက်သွား ပြီးတဲ့နောက်တော့ သူ့မွေးနေ့ပွဲတွေ အောင်ပန်းမှာပြုလုပ်ပေမယ့် မောင်မိုးသူမရောက်ဖြစ်ပါ၊ ဆရာဒဂုန်တာရာ အောင်ပန်းမှာကွယ်လွန်တော့လည်း မောင်မိုးသူမရောက်ဖြစ်ပါ၊ ကဗျာရေးသူသာမက ပန်းချီပါရေးဆွဲတဲ့ ဆရာဒဂုန်တာရာဟာ မောင်မိုးသူပန်းချီဆွဲတယ် ပန်းချီပြပွဲလုပ်တယ်ဆိုတော့ စိတ်ဝင်တစားနဲ့မေးဖူးမြန်းဖူး ပါတယ်၊ မောင်မိုးသူရေးတဲ့ ပန်းချီကားတွေကတော့ မော်ဒန်ပန်းချီတွေဖြစ်နေပါတယ်။

အဲဒီလိုအဲဒီလို မောင်မိုးသူဘဝမှာ ချစ်ရတဲ့ လေးစားရတဲ့ ဒေါ်ဒေါ်မာ၊ ဆရာဒဂုန်တာရာတို့နှင့်တွေ့ခဲ့ရ ဆုံခဲ့ရ ပြောခဲ့ရ ဆိုခဲ့ရတာတွေဟာ တစ်သက်တာမှာ မမေ့နိ်ုင်စရာဘဝမှတ်တမ်းတွေပါပဲ၊ သရဖူမဂဇင်းမှာ လွမ်းတော်မူလို့စာကိုစီတယ် ဆိုပြီး ကွယ်လွန်သွားကြတဲ့ ချစ်ရတဲ့အနုပညာသည်များအကြောင်းကို ရေးခဲ့တဲ့ စာအုပ်ကြီးထဲမှာ ဒေါ်ဒေါ်မာတို့ ဆရာဒဂုန်တာရာတို့လည်းပါသပေါ့၊

ယခု မုံရွာအောင်ရှင် ကြီးမှူးထုတ်ဝေတဲ့ ဒီလှိုင်းဂျာနယ်မှာ မုံရွာအောင်ရှင်က မေလထုတ် အထူးထုတ်မှာ မောင်မိုးသူကို ဆရာဒဂုန်တာရာအကြောင်းရေးသားဖို့ တာဝန်ပေးတဲ့အတွက် ဆရာဒဂုန်တာရာနှင့်မောင်မိုးသူ ဆိုပြီး အမှတ်တရဆောင်းပါးတပုဒ်ရေးသားလိုက်ရခြင်းပဲဖြစ်ပါတယ်။

ဒီလှိုင်းစာစောင်၊ အတွဲ(၈)၊ အမှတ်(၁၆)