Breaking News

နိုင်စွမ်း - ရှက်ရွံ့ဖွယ် မုဒိတာ စကားတခွန်း



နိုင်စွမ်း - ရှက်ရွံ့ဖွယ် မုဒိတာ စကားတခွန်း

(မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၁၉

ကိုယ့်အကြိုက်နဲ့ မကိုက်ညီတိုင်း၊ ကိုယ့် သဘောနဲ့ မညီမျှတိုင်း “အလကားပါကွာ” ဆိုပြီး သဘောထားတတ်တာတွေ၊ တဖက်သတ် နှိမ်ချ ပြောဆို တတ်တာတွေ တွေ့တိုင်း ... “မုဒိတာ” ဆိုတဲ့ စကားလေးကို အမြဲသတိရမိပါတယ်။ ပြီးတော့ ကျနော့် စိတ်မှာ အလွန် ရှက်ရွံ့ နေမိတာလည်း ခံစားရမိ တတ်ပါတယ်။

မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတဲ့ စကားတွေကို ကျနော်တို့ လူမှုအဖွဲ့အစည်းမှာ အပြောသက်သက်သာ လက်ကိုင် ထားကြပေမယ့် တကယ့်လက်တွေ့မှာ သိမြင် ကျင့်သုံးသူ တော်တော် ရှားတယ်၊ မရှိသလောက် ရှားတယ် ဆိုတာ လည်း သတိပြုမိပါတယ်။

အဲဒီလို စကားသက်သက် ကြားကောင်းရုံသက်သက်ပဲ ကိုင်စွဲထားတဲ့ လူတွေကို တွေ့တိုင်း ကျနော့် အဖေပြောတဲ့ မုဒိတာ အကြောင်း အမြဲတမ်း သတိရနေမိသလို၊ အဖေပြောတဲ့ အတိုင်း ကျင့်ကြံနိုင်အောင် ကျနော် ကြိုးစားလေ့ ရှိပါတယ်။ ရှက်ရွံ့စိတ်လည်း ဖြာဝေလို့ပေါ့။ တကယ်တော့ ကျနော့် အဖေက ကျနော့်ကို သွန်သင်ဆုံးမခဲ့တဲ့ စကားလေး တခွန်းသာပါ။

ဒါပေမယ့် အဲဒီ စကားလေးက ကျနော့် စိတ်ဓာတ်၊ ကျနော့်ဘဝကို အခုချိန်အထိ လမ်းပြ တွန်းတင်ပေးနေသလို နောင်လည်း ဒီစကားလေးက ကျနော့်ကို သစ္စာတရားလိုပဲ မပျက်မယွင်း အားပေးနေဦးမှာ လို့လည်း ကျနော် ခိုင်ခိုင်မာမာ ယုံကြည် ပါတယ်။ အဲဒီစကားလေးကို အလွန်ရှက်ရွံ့စွာနဲ့ ထပ်ဆင့် မျှဝေပေးချင်ပါတယ်။ ကျနော် ဘာဖြစ်လို့ အလွန် ရှက်ရွံ့တဲ့ စိတ် ဖြစ်ရတာလဲ ဆိုတာ နောက်ပိုင်းမှာ အသေအချာ ဖော်ပြပေးသွားမှာပါ။

ကျနော် ၁၀ တန်းအောင်တော့ အဖေက “သား ဘာလုပ်မှာလဲ” လို့ မေးပါတယ်။ ကျနော်ကလည်း “သီချင်းရေးဆရာ လုပ်မယ် အဖေ” လို့ ချက်ချင်းပြန်ဖြေ လိုက်ပါတယ်။ အဖိုးကတော့ စာရေးဆရာ လုပ်စေချင်တယ် လို့ ပြောပါတယ်။ အမေကတော့ ဘာမှ မပြောဘဲ ‘သားသဘောပဲလေ’ ဆိုတဲ့ အပြုံးနဲ့ ပြုံးလို့။ အစ်မ ၂ ယောက်ကလည်း သူတို့မောင် ၁၀ တန်းအောင်လို့ ဆိုပြီး ဂုဏ်ယူမဆုံး မျက်နှာတွေနဲ့ ပေါ့။

ညီမလေးကတော့ မူလတန်းမှာပဲ ရှိသေးတော့ ဘာမှ မပြောပေမယ့် အားကျတဲ့ မျက်နှာလေးက ဝင်းလို့ လက်လို့။ ကျနော့်ဘဝ အတွက် ကျနော်ကိုယ်တိုင် ရွေးချယ်နိုင်ဖို့ အတွက် အလံနီကွန်မြူနစ်လမ်းစဉ်ကို ယုံကြည်ခဲ့တဲ့ အနီ အဖိုး ဦးလှဒင်၊ ပုလွေဆရာ နှဲဆရာ အဖေ ဦးရွှေလှ၊ မန္တလေး တိုင်းကောင်စီဝင်ဟောင်း အဖေ့ရဲ့ညီ ဘဒွေးလေး ဦးရွှေမောင်၊ အမေ ဒေါ်မြရှိန်နဲ့ မိသားစုတွေ အားလုံးစုံပြီး စကားပြောခဲ့တဲ့ အဲဒီ တညနေကို အခုချိန်အထိ ပြန်မြင်ယောင်နေဆဲပါ။

“ဒါဆိုလည်း သားဖြစ်အောင်လုပ်ပေါ့။ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ပဲ” လို့ အဖေက ပြောပါတယ်။ အဖေ ထပ်ပြီး ပြောတာ က “ကိုယ့် စိတ်ကြိုက် ရွေးချယ်နော် သား။ ဟိုဟာ ကောင်းနိုး ဒီဟာ ကောင်းနိုး မဖြစ်နဲ့။ အပြောင်းအလဲ ခဏခဏ မဖြစ်စေနဲ့” လို့ အဖေက အထပ်ထပ် သတိပေး စကားတွေ ပြောပါတယ်။

ဘဒွေးလေးကတော့ နိုင်ငံရေးသမား ဖြစ်စေ ချင်ပုံ ရပါတယ်။ ဘာမှ ဝင်မပြောခဲ့။ အဖိုးကလည်း ကိုယ့် စိတ်ကြိုက် ရွေးချယ်တာ အတွက် ကိုယ်တိုင် တာဝန်ယူရမှာ ဖြစ်တယ်၊ ကိုယ်ရွေးချယ်တဲ့ တေးရေးဆရာ ဖြစ်ဖို့ ဆိုရင် လိုအပ်တဲ့ အတတ်ပညာနဲ့ စိတ်ခံစားမှုကို ပေါင်းစပ်ရေးဖွဲ့ရမှာ ဖြစ်တယ်၊ ဗဟုသုတ အတွေ့အကြုံများများ ရဖို့ စာများများ ဖတ်ဖို့ လိုတယ် ဆိုပြီး တချက်ချင်း ရေးမှတ်ဖို့ ပြောပါတယ်။ ဒါနဲ့ ကျနော်လည်း ဒိုင်ယာရီလေးထဲမှာ အသေအချာ မှတ်တမ်းတင် ထားခဲ့ပါတယ်။

ကျနော် အထက်တန်း အောင်ခဲ့တုန်းက စနစ်သစ် သင်ရိုး ဖြစ်တဲ့ A E, OB နဲ့ ၁၀ တန်းအောင်ခဲ့တာပါ။ Additional English, Optional Burmese အထူးပြု ဝိဇ္ဇာတွဲပါ။ ဆက်လက်ပြီး မြန်မာစာ အထူးပြုနဲ့ တက္ကသိုလ် တက်ရောက်ဖို့ ပြင်ဆင်နေဆဲပါ။ ကျနော့် အဖေက ပုလွေဆရာ၊ နှဲဆရာ တဦး ဖြစ်တာကြောင့် ငယ်စဉ်ကတည်းက အနုပညာနဲ့ နီးစပ်ခဲ့သလို အထက်တန်းတုန်းက ကဗျာရေးဖွဲ့နည်း အပါအဝင် မြန်မာစာပေကို ကောင်းကောင်း သင်ယူခဲ့ရပါတယ်။ မဟာ ကံကောင်းမှုကြီး ပါ။

ပြီးတော့ ကျနော်က သူငယ်ချင်းတွေ အတွက် ကဗျာတွေ ရေးပေးတာတွေလည်း အများကြီး ရှိခဲ့ပါတယ်။ ဘာသာပြန် ကဗျာတွေလည်း ရေးဖြစ်တာလည်း အများအပြား ရှိတယ်ပေါ့။ နောက်ပြီး ဂစ်တာလည်း နည်းနည်းပါးပါး တီးတတ်နေပြီး သီချင်းတွေလည်း စမ်းသပ် ရေးဖွဲ့နေချိန်ပါ။

အဲဒီလိုနဲ့ ကျနော်ဟာ လေးစားချစ်ခင်ရဲ့ ‘ဆရာသူငယ်ချင်း’ ဆီမှာ ဂစ်တာသင်တန်းတက်ပြီး သီချင်း ရေးဖွဲ့ပုံ Composition သီအိုရီတွေ အပါအဝင် သီချင်းတပုဒ်ကို ဘယ်လို ချဉ်းကပ်မယ်၊ သီအိုရီက ဘယ်လို၊ ခံစားမှုက ဘယ်လို ဆိုတာတွေကို လေ့လာ သင်ယူခဲ့ ပါတယ်။ Natural Scale, Melodic Scale, Chromatic Scale, Blues Scale သို့မဟုတ် 7 flat Scale အပါ အဝင် သီချင်းရေးဖွဲ့ပုံ စကေးတွေ အကြောင်း၊ စကေးတွေရဲ့ ဖြစ်တည်မှု ဇစ်မြစ် စသဖြင့် ဂီတ ဆိုင်ရာတွေကို လေ့လာ သင်ယူ ခဲ့ပါတယ်။ အဲဒီလိုနဲ့ နှစ် အနည်းငယ် အတွင်းမှာ သီချင်း အပုဒ်ရေ ၂၀ဝ နီးပါးလောက် ရေးဖြစ်ခဲ့ပါတယ်။ ကောင်းတာရော မကောင်းတာတွေရော ပါဝင်နေပါလိမ့်မယ်။

အဲဒီထဲမှာ ကော်ပီသီချင်းတွေလည်းပါ၊ ကိုယ်တိုင်ရေး သီချင်းတွေလည်း ပါဝင်ပြီး ကိုယ့်ကိုယ်ကိုလည်း အတော် ဟုတ်နေပြီ လို့ ခံစားနေမိတဲ့ ကာလ တခု ရောက်လာ ပါတယ်။ ကိုယ့်ကိုယ်ကို လည်း နည်းနည်းလည်း အထင်ကြီးစိတ်လည်း ရှိနေ ပါပြီ။ အဲဒီ အချိန်မှာ ကျနော် အလွန်ရှက်ရွံ့စရာ အဖြစ်အပျက်တခု ဖြစ်ပျက်ပါတော့တယ်။

ဖြစ်ပျက်တာကလည်း တခြားလူနဲ့ မဟုတ်၊ ကျနော့် အဖေနဲ့ ဖြစ်ရတာပါ။ ဖြစ်ရတဲ့ အကြောင်းရင်းကလည်း ကိုဗဒင်နဲ့ ဆက်စပ်နေ ပါတယ်။ တကယ်တမ်း ပြောရရင် ကျနော် သီချင်းတွေ ရေးနေတဲ့ အချိန်က ကိုဗဒင်ရဲ့ “နေရာ” ဆိုတဲ့ စီးရီးက နိုင်ငံတဝှမ်း အရမ်းအရမ်းကို ပေါက်နေတဲ့ အချိန်ပါ။

ကိုဗဒင်ရဲ့ သီချင်းတွေ နားထောင်ရလွန်းလို့ ကြားနေရလွန်းလို့ ဆိုပြီး စိတ်ဆိုးဆိုးနဲ့ အိမ်ထဲ အဝင်မှာ အိပ်နေတဲ့ ခွေးကို မကျေမနပ်နဲ့ ပိတ်ကန် ပစ်လိုက်တာတောင် ခွေးက “ပျိုပျိုမေ ရေ့” လို့ လန့်အော်တဲ့ အကြောင်း လူရွှင်တော်တွေကပါ ပြက်လုံးထည့်ခဲ့တာတွေ အထိ အောင်မြင်မှု ကျယ်ပြန့်ခဲ့ပါတယ်။ မြို့ပေါ်ရော၊ တောနယ်ရော၊ ကလေး လူကြီးပါ မကျန် ကိုဗဒင်ရဲ့ သီးချင်းကို မညည်းဆိုသူ မရှိသလောက် ဖြစ်တဲ့ အကြောင်းပါ။

ဒါပေမယ့် ကိုဗဒင်ရဲ့ သီချင်းတွေကို လက်မခံနိုင်သူက ကျနော် ဖြစ်ခဲ့ဖူးပါတယ်။ သူ့ သီချင်းတွေကို အကြိမ်ကြိမ် ဆိုခဲ့ တီးခဲ့ ပေမယ့် လက်မခံနိုင်အောင် ဖြစ်နေရပါတယ်။ ကိုဗဒင်ရဲ့ သီချင်းကို ဖွင့်မယ့် ကက်ဆက်သမား ဆိုရင် ကျနော်က “ဖွင့်မနေပါနဲ့ဗျာ..၊ အပျော်သက်သက် သီချင်းတွေပဲ” လို့ ဆိုပြီး ပိတ်ပင်ခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။ ကိုဗဒင်ကို မြင်လည်း မမြင်ဖူး၊ တွေ့လည်း မတွေ့ဖူးဘဲနဲ့ ကျနော် အဲဒီလို မကျေမနပ်စိတ် ဖြစ်ခဲ့ပါတယ်။

အဲဒီလို မကြာခဏ ကျနော် ပိတ်ပင်တာတွေ တွေ့နေတော့ တရက်မှာ အဖေက ကျနော့်ကို မေးပါတယ်။ “မောင်ပု.. မင်းက သီချင်းရေးဆရာ ဖြစ်ချင်သူ ဆိုတော့ မင်းကို မေးရဦးမယ်။ ငါ့သား သီချင်းတပုဒ်ကို နားထောင်ရင် ဘယ်လို နားထောင်လဲ” တဲ့။

ကျနော်ကလည်း ကျနော် သိထားတဲ့ သီအိုရီပိုင်းတွေ ဖြစ်တဲ့ ဘာ Beat နဲ့ တီးသလဲ၊ Intro က ဘယ်လို၊ Verse ပိုဒ်တွေမှာ ဘယ်လို ဝင်ထွက်သလဲ၊ နောက်ဆုံး အဆုံးသတ် Ending မှာ Fade Out လား၊ ဒါမှမဟုတ် Fine (ပြင်သစ် လို ဖီနေး) လား ဆိုပြီး ပိုင်းခြားဝေဖန် သုံးသပ်တဲ့ အပြင် ရေးဖွဲ့တဲ့ စကားလုံး သုံးစွဲမှုနဲ့ အသံ အင်အား ကောင်းမွန် ပြည့်စုံမှုတွေကိုလည်း သေသေချာချာ လေ့လာတဲ့ အကြောင်း ပြန်ပြောပြပါတယ်။

အဲဒီမှာ ကျနော် တွေ့လိုက်ရတာက အဖေ့ရဲ့ နှုတ်ခမ်းတဖက်စွန်းမှာ “တွန့်ကနဲ” ကွေးသွားတဲ့ အပြုံးပါ။ အဲဒီလို အပြုံးက ကျနော် မကြိုက်ဆုံး အပြုံးပါ။ တခြားသူတွေ မသိပေမယ့် ကျနော့်ဘဝမှာ အဖေ ဒီလို အပြုံးကို ဘယ်အချိန်တွေမှာ ပြုံးတယ် ဆိုတာ တခြားလူတွေ အလွယ်တကူ မသိနိုင်ပေမယ့် ကျနော်က သားတယောက်ပီပီ ကောင်းကောင်း သိမြင် ပြီးသားပါ။

အထူးသဖြင့် အားမလိုအားမရ ဖြစ်တဲ့ အခါမျိုးမှာ၊ “ပြောတော့ လေကြီးလေကျယ်... ဒါပေမယ့် လုပ်တဲ့ အလုပ်က သာမန်လူလိုပဲ တွေးခေါ် လုပ်ကိုင်တာမျိုး” ကို တွေ့ရတဲ့ အခါ အဖေ ပြုံးလေ့ရှိတဲ့ အပြုံးပါ။ အဖေဟာ ဘယ်တော့မှ တခြားသူတွေကို နင့်နင့်သီးသီး ပြောဆိုတာတွေ၊ ပြုမူတာတွေ မရှိခဲ့ပါဘူး။ ဒါပေမယ့် နှုတ်ခမ်း တဖက်စွန်းမှာ တွန့်ကနဲ ကွေးသွားတဲ့ အပြုံးတွေ ကိုတော့ ကျနော် မကြာခဏ တွေ့ဖူးနေကျပါ။ အဖေ့ရဲ့ အဲဒီလို အပြုံးကို ကျနော် မကျေနပ်ပါ။

ဒါနဲ့ ကျနော်က “အဖေ ဘာဖြစ်လို့ ကျနော့်ရဲ့ ပညာရပ်ဆိုင်ရာ ပြောပြတာကို ပြုံးတာလဲ” လို့ ချက်ချင်းပြန်မေးလိုက် ပါတယ်။ “အဖေ ဘာဖြစ်လို့ အဲဒီလို ပြုံးတာလဲ” လို့။ အဖေက အေးအေးဆေးဆေးပဲ ကျနော့်ကို ပြန်ပြောပါတယ်။

“မောင်ပု မင်းက အနုပညာ သမား လုပ်မယ့်လူ။ ဒါပေမယ့် အနုပညာကို အနုပညာလို့ သဘောမထားဘဲ မင်းက ဘာကြောင့် ခွဲခြမ်း စိတ်ဖြာ လုပ်နေရတာလဲ။ အနုပညာကို ခွဲခြမ်းစိတ်ဖြာ လုပ်ပြီး တင်ပြရမှာက ဝေဖန်ရေးဆရာတွေ ရဲ့ အလုပ်ပဲ ဖြစ်တယ်။ အနုပညာသမား ဆိုပြီး ဝေဖန်ရေးဆရာတွေ လုပ်ရမယ့် အလုပ်ကို ဘာကြောင့် လုပ်နေရတာ လဲ။ အနုပညာ သမား တယောက်ဟာ စာပဲ ဖတ်ဖတ်၊ သီးချင်းပဲ နားထောင်ထောင်၊ ပန်းချီကားပဲ ကြည့်ကြည့် မုဒိတာစိတ်နဲ့ နားထောင်မှ၊ မုဒိတာစိတ်နဲ့ ဖတ်ရှုမှ၊ မုဒိတာစိတ်နဲ့ ခံစားမှ အနုပညာကိစ္စ ပြီးမြောက်မှာ ဖြစ်တယ်၊ ပြည့်စုံမှာ ဖြစ်တယ်” လို့ ပြောပါတယ်။

အဲဒီတုန်းက အဖေ့စကားကို ကျနော် အပြည့်အစုံ နားမလည်ခဲ့ပါ။ ဒါနဲ့ “အဖေ ပြောတဲ့ မုဒိတာ ဆိုတာ ဘာကို ပြောတာလဲ” လို့ ပြန်မေးလိုက်ပါတယ်။ စိတ်မှာလည်း မကျေမနပ် ဖြစ်လို့ပေါ့။

အဖေက “မှတ်ထား မောင်ပု…၊ အနုပညာ သမား လုပ်တော့မယ် ဆိုရင် မုဒိတာ ရှိရမယ်ကွဲ့။ မုဒိတာမှာ အပိုင်း ၂ ပိုင်း ပါဝင်တယ်။ ပထမ တခုက … တခြား အနုပညာရှင်နဲ့ သူ့ရဲ့ ဖန်တီးမှုကို အသိအမှတ်ပြုရမယ် ကွဲ့။ သြော်.. သူက ဒီသီချင်း၊ ဒီဝတ္ထု၊ ဒီကဗျာ၊ ဒီ ပန်းချီကားကို ဒီလို ဖန်တီးတာကိုး ဆိုပြီး အသိအမှတ် ပြုဖို့ လိုတယ်” လို့ ပြောတယ်။

“ဒုတိယ တခုက တကယ်လို့သာ ငါသာ သူ့လို ဖန်တီးခွင့်ရမယ်၊ သူ့လို လုပ်ဆောင်ခွင့်ရမယ် ဆိုရင် သူ့ထက် ကောင်းမွန် ပြည့်စုံအောင် ဘယ်လို ပေါင်းဆင့်ဖန်တီး တင်ပြသွားမယ် ဆိုတာ တွေးမိဖို့ပဲ။ ကိုယ်က ဘာမှ လုပ်ကိုင်ခွင့်လည်း ရသေး တာလည်း မဟုတ်၊ တခြားသူ ဖန်တီးတင်ပြမှုတွေကို အသိအမှတ် မပြုနိုင်၊ ဘယ်လိုပေါင်းဆင့် ဖန်တီးတင်ပြ သွားမလဲ မစဉ်းစားနိုင်တဲ့ အနေအထားမှာ ငါ့သား အတွက် ဘာတွေ ရလဲ” ဆိုပြီး ပြောပါတယ်။ အဖေ့ရဲ့ စကားကို ဒိုင်ယာရီမှာ မှတ်တမ်း ပြုခဲ့ပါတယ်။

အမှန်တကယ်တွင် ကျနော်ဟာ တေးရေးဖြစ်ဖို့ ကြိုးစားပမ်းစား လေ့လာနေသူသာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ပြည့်စုံပြီလို့ မာန ထောင်လွှားကာ သူတပါးကို အကောင်းမမြင်နိုင်တာ မဟုတ်ပေမယ့် ပညာရပ်နဲ့ နှိုင်းယှဉ် သုံးသပ်ပြီး အနုပညာ မြောက်မှုကို မသိဆိုးရွားစွာ အသိဉာဏ်တိမ်တိမ်နဲ့ ငြင်းပယ်ဖို့ ကြိုးစားမိခဲ့တာ ဖြစ်တယ် ဆိုတာ ပြန်လည် ရှုမြင်မိ၊ ရှက်ရွံ့ မိပါတယ်။

အခု ကျနော် ရန်ကုန်မှာ အခြေချ နေထိုင်နေပါပြီ။ ကျနော် မှားယွင်းစွာ သဘောထားမိခဲ့တာကို ကိုဗဒင် သိသည် ဖြစ်စေ၊ မသိသည် ဖြစ်စေ ကျနော့် ဘဝအစိတ်အပိုင်း တနေရာမှာ သိမြင်ထင်ရှား စေခဲ့တာ သေချာပါတယ်။ ကိုဗဒင်ကို တောင်းပန် စကား ပြောဖို့တော့ မဖြစ်နိုင်တော့ပါ။ သံသရာ ခရီးကို ထွက်ခွာသွားပြီမို့ ပေါ့။

သံသရာခရီး ထွက်ခွာ မသွားရ သေးခင် ကျနော် အတွက်တော့ မုဒိတာ စိတ်နဲ့ အနုပညာလက်ရာ ခံစားမှုတွေ၊ အနုပညာ ဆိုင်ရာ အင်တာဗျူးတွေကို ဆက်လက် လုပ်ဆောင်သွားဦးမှာပါ။ အနုပညာဟာ Art comes from heart. ဆိုသလို ကျနော်တို့ရဲ့ ပကတိ နှလုံးသားကနေ ဖြစ်တည်လာတာ မဟုတ်လား။ ကျနော် အနေနဲ့ အဲဒီလိုပဲ ယုံကြည်မိပါတယ်။ ။

နိုင်စွမ်း၊ မတ် ၂၉၊ ၂၀၁၅