Breaking News

နိုင်စွမ်း ● သဘာဝကို ဆာလောင်ခြင်း

နိုင်စွမ်း ● သဘာဝကို ဆာလောင်ခြင်း
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၉

သူ ပထမဆုံး နှစ်ခြိုက်စွဲလမ်းသွားမိတာက စူးရှရှ ထုံအီအီ ဆတ်သွားဖူးနံ့၊ နီလွင်လွင် ခြေသွားလမ်းကလေး အတိုင်း ပြေလွင်လွင်ချောင်းရိုးကလေးကို ကျော်လိုက်သည့်အခါ လေပြေ တဝှေ့နဲ့အတူ ပါလာသည့် ဆတ်သွားဖူးနံ့က ပိုပိုမွှေးလာသည်ဟု သူထင်မိသည်။ ဘယ်နား မှာလဲ၊ ဘယ်လိုပွင့်သလဲ၊ ဘယ်ပုံလှနေမလဲ သူသိချင်လာသည်။ ထို့ကြောင့် ရနံ့သယ်ဆောင် လာရာ လေညှာဘက်သို့ လှမ်းမျှော်ရင်း တဖြည်းဖြည်းလျှောက်လာခဲ့သည်။

ဟော တွေ့ပါပြီ၊ ရိုးနိမ့်ပိုင်းတစ်နေရာမှာ မြရွက်စိမ်းစိမ်းလက်ချောင်းတွေနဲ့ ကကြိုးဆင်ရင်း ရနံ့သင်းနေတဲ့ ဆတ်သွားဖူးပင်စု။ သူ အတန်ကြာသည်အထိ ဆတ်သွားဖူးနဲ့ကို မက်မက် စက်စက် ရှိုက်သွင်းနေမိသည်။

“တ ကူး ကူး ကူး ကူး”

ညင်သာလတ်ဆတ်သည့် လေပြေညှင်းနှင့်အတူ အဝေးတစ်နေရာက ရောက်လာသော ချိုးငှက်ကူသံကို သူ ကြားလိုက်ရသည်။ ငြိမ်းချမ်းရေး ချိုးငှက်၊ သံလွင်ခက်ကို ကိုက်ချီလာပြီး ငြိမ်းချမ်းခြင်းရဲ့သင်္ကေတကို ဖော်ဆောင်ပေးခဲ့တဲ့ ချစ်စရာငှက်၊ ဘယ်မှာပါလဲကွယ်။

သူ ခြေသွားလမ်းကွေ့ကွေ့ ကောက်ကောက်ဘေးရှိ ခြုံပုတ်တစ်ခုကို ကျော်ဖြတ်လိုက်သည်။ ဟိုတစ်စု သည်တစ်စု ခြုံပုတ်တွေက ငုတ်တုတ်ထိုင် ယိမ်းကနေကြသလား။ တဖျတ်ဖျတ် အတောင်ပံခတ်ရင်း အဝေးကိုပျံထွက်သွားသည့် မြေဝပ်ငှက်နှစ်ကောင်၊ တစ်ကောင်က သူ့ညာဘက်ဘေး ခြုံပုတ်တစ်ခုနောက် ပျောက်ကွယ်သွားပြီး၊ တစ်ခြားတစ်ကောင်က ရှေ့အဝေးကို ပျံသွားသည်ကို သူ ငေးမောရင်း စည်းချက်ညီညီ အဆက်မပြတ် ရောက်လာနေတဲ့ ချိုးကူသံကို နားစွင့်နေမိသည်။ အဝေးကြီးကလား။ အနီးနားကလား။ ချိုးလင်းပြာလား။ ချိုးလည်ပြောက်လား။ ကူပုံကတော့ သာယာလွန်းလှဘိ။

သူ တောတောင် သဘာဝအလှကို အငမ်းမရ ခံစားရင်း တရွေ့ရွေ့ လျှောက်လာနေမိသည်။ မြေနီလမ်းကလေး လွန်လာ တော့ ရုတ်တရက်ဆိုသလို ခပ်မြင့်မြင့်တောင်ကမူလေးကို တွေ့လိုက်ရတော့ သူ ပြုံးမိသည်။ ဒီတောင်စောင်းလေး လောက်တော့ အပျော့ပေါ့။ သူ အေးဆေးစွာပင် တောင်စောင်းကွေ့လမ်းကလေးအတိုင်း တက်လိုက်သည်။ ချိုးကူသံက ပိုမိုနီး လာသလိုလို၊ ပိုပို သာယာလာသလိုလို။ ဝန်းကျင်တခိုရှိ စိမ်းစိုနုသစ်လှသော သစ်ပင်မျိုးစုံနှင့် အေးချမ်းလှသော သစ်ရိပ်ဝါးရိပ်တို့ကြောင့် သူ့စိတ်သည် လန်းဆန်းပေါ့ပါးနေသည်။ လေပြေညှင်းကလည်း တသင်းသင်း တသွဲ့သွဲ့..။

သစ်ပင်မျိုးစုံ၊ တိရိစ္ဆာန်ပေါင်းစုံတို့ ဟိုနားတစ်ချို့၊ သည်နားတစ်ချို့။ မြင်လိုက်၊ ပျောက်လိုက်။ အမျိုးတူတာရော၊ အမျိုးမတူတာရော စုံလို့။ စုံလို့။ အားလုံးလှပ နေတော့သည်။ ဪ ညွှတ်ကြည်ပျောင်းညင်း သာယာဘိခြင်းအတိနဲ့ လှပပေစွ သဘာဝတရားရယ်။ ဒီအလှ တွေကို ဘယ်လိုစာစီခြယ်မှုန်းရပါ့မလဲနော်။ အေးချမ်းပေစွ၊ လှပပေစွ။

“ကွ ကွ  ကွ ကွ ၊ ကွိ ကွိ  ကွိ ကွိ”

ကွကွ ကွိကွိ အော်မြည်ရင်း အစာရှာထွက်လာသည့် တောမျောက်တစ်အုပ်။ ဟင် ငှက်ပျောဖီးကြီးကို ထမ်းလို့။ ဟာ ပိန္နဲသီးကြီးကို အခွံနွှာလို့။ ဟဲ့ ဟဲ့ မျောက်မကြီးရင်ခွင်ထဲက မျောက်နီတာရဲလေးကလည်း ပြူးပြူးကြောင်ကြောင်နဲ့။ သရက်သီးချဉ်ချဉ်ကို ကိုက်စားနေတဲ့ မျောက်နှစ်ကောင်ကလည်း ရှုံ့မဲ့၊ ရှုံ့မဲ့နဲ့။ ဪ.. မြင်ရ တွေ့ရတဲ့ ဒီတောအလှထဲမှာ အုပ်စုဖွဲ့ ညီညာတဲ့ အလှအပတစ်မျိုးကို ဖော်ကျူးပြသနေရော့လား။ ကြည့်စမ်း..၊ မျောက်သေးသေး လေးကို ခါးပေါ်တင်ချီသယ်သွားပုံများ လူလိုပါပဲနော်။ တောမျောက်တစ်အုပ်ကိုကြည့်ရင်း သူ ရယ်ရွှင်ပြုံးမိသေးတော့သည်။

“ပလုံ... ပလုံ… ပလုံ”

သူသည် အသံကြားရာဘက်သို့ လှည့်ကြည့်မိသည်။ သို့သော် အုပ်ဆိုင်းယှက်သိုင်းနေသော သစ်ပင်ဝါးပင်များကြောင့် သဲသဲကွဲကွဲ မမြင်ရ။ မြင်ကွင်းက မရှင်း၊ ထို့ကြောင့် အသံလာရာဘက်သို့ တရွေ့ရွေ့လျှောက်သည်။ ဟယ်..ဟိုရှေ့က သစ်ပင်အိုကြီးဘေးကပါလား။ ဟာ..မဟုတ်သေးဘူး၊ သစ်ပင်အိုကြီးနားကလည်း မဟုတ်သေးဘူး။ ဟင်.. ဟိုရှေ့နားက ဘာပါလိမ့်၊ အသံက အဲဒီဘက်ကလာတာပဲ။ အို… စမ်းချောင်းလေးတစ်ခု ရစ်ခွေ စီးဆင်းနေပါလား။ ရေစီးထဲမှာ ဝါကြဉ်ကြဉ် ရော်ရွက်တွေလည်း မျောလို့…။

သူသည် စမ်းချောင်းလေးဆီ အသော့နှင်မိသည်။ ပလုံ..ပလုံ အသံကလည်း ပိုမိုပီသ ထင်ရှားလာသည်။ သြော်.. တွေ့ပြီ၊ တွေ့ပြီ၊  ပလုံ ပလုံ ဂီတသံရှင်။ ရေသဖန်းပင်ကြီးက မှည့်တစ်ချို့၊ စိမ်းတစ်ချို့၊ ဝါတစ်ချို့ သီးခိုင်ပြွတ်တွေကို သူ့ရင်ခွင်ထဲမှာ လုံးခြုံအောင် ထွေးပွေ့ ထားသလိုပါလား။ သြော်.. သက်ရှိတွေလို အပင်တွေလည်း သားသမီးကို ချစ်တတ်ကြတာ သဘာဝပါပဲနော်။ လေပြေတသွဲ့နဲ့ ချစ်ခွန်းဖွဲ့ပြီး ကိုင်းရိုးရွက်ဖျားလှုပ်ခတ်သွားတော့ အမှည့်လွန် ရေသဖန်းသီးတွေ ချောင်းရေထဲ တဖြုတ်ဖြုတ်ပြုတ်ကျတော့ ပလုံ ပလုံ ပလုံ ဂီတသံစုံက ကြားရသူကို ချမ်းမြသွားစေတာကိုး။ သြော်.. သဘာဝ၊ သဘာဝ။

ဟယ်.. ကွေ့ကွေ့ကိုင်းကိုင်း ရေသဖန်းကိုင်းပေါ်က လှုပ်ရွ လှုပ်ရွ ခေါင်းငြိမ့်ပြနေတာ ဘယ်သူပါလိမ့်၊ ဘာပါလိမ့်။ အိုး… ဟုတ်ပြီ၊ ရေသဖန်းသီးတွေကို လာအုံတဲ့ ယင်ကောင်တွေကို အလစ်ချောင်း အငိုက်ချောင်းပြီး ဆွဲဟပ် စားသောက်နေတဲ့ ကိုရွှေပုတ်သင်ညိုလေးကိုး။ မင်းကလည်း သစ်ရွက်စိမ်းလိုလို၊ သစ်ကိုင်းခြောက်လိုလိုနဲ့ ယင်ကောင်တွေမရိပ်မိအောင် သွေးဆောင်တတ်လွန်းလှပါလား။ အဟင်း…..။

သူသည် ရေသဖန်းပင်ကြီးဘေးမှ တရွေ့ရွေ့လျှောက်လှမ်းရင်း ချောင်းရိုးလေးထဲက သဲ သောင်ပြင်ကို ငေးမောကြည့်မိသည်။ ကြည့်စမ်း။ စီရီညီညာတဲ့ ခြေရာလေးတွေပါလား။ ဘယ်သူ့ ခြေရာတွေပါလိမ့်။ ဘယ်ကိုသွားပါလိမ့်။ ခြေရာတစ်လျှောက် လိုက်ကြည့်မိသည်။ ဟော…တွေ့ပါပြီ။ ရွှေသမင်တစ်အုပ်။ ရေသောက်ဖို့ စမ်းချောင်းလေးထဲ ဆင်းနေကြတာကိုး။ တစ်ချို့ ဦးချိုကားကား၊ တစ်ချို့ ဦးချိုထောင်ထောင်နဲ့၊ အပြစ်ကင်းစွ။ အပူအပင်ကင်းစွ။ အေးချမ်းစွ။

သမင်အုပ်ကိုကြည့်ရင်း သူလျှောက်လာစဉ် ရုတ်တရက် တက်နင်းမိလိုက်သည့် သစ်ကိုင်းခြောက် ဖျောက်ကနဲမြည်သံကြောင့် သမင်ငယ်လေးတွေ စိုးထိတ်စွာ နားတွေစွင့်၊ ကြောက်ရွံ့စွာမျက်စေ့ဖွင့်လျက် အသော့နှင်ကာ တောထဲပြေးဝင်သွားကြပေါ့…။

တောအုပ်သည် ပိုမိုစိမ်းစို အုပ်ဆိုင်းလာသည်။ ပိုမိုအေးစိမ့်လာသည်။ နေရောင်ပင်မထိုး နိုင်အောင် နွှယ်ယှက် ခက်ဖြာနေသည်။ သူသည် အရိပ်ကောင်ကောင်း၊ ထိုင်လို့ကောင်းမည့် သစ်ပင်ကြီးတစ်ပင်၏ အမြစ်ဆုံတစ်ခုကို ရွေးကာ ခေတ္တနားရန် စိတ်ကူးပေါ်လာသည်။ မြစ်ဆုံပေါ်ထိုင်၊ ပင်စည်ကိုမှီထိုင်ရင်း ယိမ်းနွဲ့ယိမ်းထိုးလျက် သစ်ရွက်လက်ဖဝါးချင်း ရိုက်ခတ်သံ တသောသော၊ သစ်ကိုင်းချင်း ပွတ်တိုက်သံ ကျီကျီကျာကျာတို့ကို နားစွင့်နေမိ သည်။

“သဘာဝမှာ အားရှိတယ်။ တစ်သားတည်းကျအောင် ခံစားမိရင် အနှိုင်းမဲ့ အစွမ်းတွေ ပြည့်ဝလာပေမယ်”

ဟိုက္ကူကဗျာတစ်ပုဒ်ကို စိတ်ကလောင်နဲ့ ရေးဖွဲ့ရင်း သူသည် မာယာမပါ၊ အထာမရှိ၊ အကာမရှိ၊ ပကတိရိုးရှင်းလှသော သဘာဝတရားနဲ့ တပ်မက်မှုအလိုဖက်လို့ နဂိုထက်ပိုပိုရချင်၊ ပိုပိုလိုချင်တဲ့ လူ့အတ္တစိတ်တို့ကို…။

“ဟင် ..ရေတံခွန်စီးသံပါလား။ ငါရောက်ချင် မြင်ချင်လွန်းလှတဲ့ 'ဟေဝန်နန်းရဲ့ ပန်းရေတံခွန်' ကို ရောက်တော့မှာပါလား”

သူသည် ထိုင်ရာမှ ထာကာ ရေတံခွန်စီးကျသံလာရာဘက်သို့ လျှောက်လာသည်။ ရေတံခွန်ဟု သိရမှ သူ ရေဆာသလိုလိုဖြစ်လာသည်။ ချောင်းရိုးလေးရဲ့ကမ်း၊ သဘာဝခြေသွား လမ်းလေးက သူ့ကို ရေတံခွန်ရှိရာဆီ လမ်းပြနေသည့်အလား။

သူ့ စိတ်တွင် ရေတံခွန် စီးကျသံသည် ဂီတဆန်ဆန်ပါလားဟု ထင်မိသေးတော့သည်။ စဉ်းစားရင်းနှင့်ပင် သူသည်ရေ ပိုဆာသလိုလို ဖြစ်လာသည်။ သူသည် ချောင်းရေပြင်အနီး ရောက်လာသည်။ သြော်.. ရေတံခွန်စီးကျရာအခြေက ရေအိုင်ငယ်ဖြစ်နေတာကိုး။ သဲပြင်ကျယ်လေးကို နင်းဖြတ်ရင်း နောက်ပြန်လှည့်ကြည့်မိတော့ သူနင်းခဲ့သည့် ခြေရာတွေကို တွေ့ရသည်။ အိုင်ရေပြင်ကျယ်လေး၏ သောင်ပြင်ကမ်းစပ်ကို လှိုင်းကြက်တွန့်လေးများက အဝိုက်လိုက် အဝိုက်လိုက် လာရောက်ရိုက်ခတ်နေကြသည်။ ထိုစဉ်…၊

တရွှီရွှီ တစီစီ ရယ်ပွဲဖွဲ့ပြေးလွှားသံ တစ်ခုကို ကြားလိုက်ရသည်။ ဘာပါလိမ့်၊ ဘာများပါလိမ့်။ သြော်..လေပြေရိုင်းလေးပေါ့။ ရေတံခွန်လေးနဲ့ သစ်ပင်ဝါးပင်တွေကို ကလိထိုး ကျီစယ်ရင်း ပြေးလွှား ရယ်မောနေတာကိုး။ ဟင် ရေတံခွန်လေးစီးကျလာတဲ့ တောင်ကမ်းပါးကြီးကလည်း မိန့်မိန့်ကြီးပြုံးလို့ပါလား။ ရေတံခွန်လေးကလည်း "မလှုပ်မရှား အလကားဟာကြီး"လို့ မကဲ့ရဲ့သလို၊ ကျောက်စိုင် ကမ်းပါးကြီးကလည်း "လျှပ်ပေါ်လော်လီ လျှပ်ပြာလိုက်တာ" လို့ မစော်ကားကြဘူး။ ပြီးတော့ ရေတံခွန်လေးစီးကျနေပုံက ကျောက်သားကမ်းပါးကြီးကို လေးလေးစားစားနဲ့ တည်ငြိမ်ခန့်ငြားပါဘိ လို့ပြောနေသလား ထင်ရသလို၊ ကျောက်သားကမ်းပါးကြီးကလည်း လျင်မြန်ပါဘိ၊ ဖျတ်လတ်ပါဘိ၊ သွက်လက်ပါဘိ လို့ ပြန်ပြောနေသလိုပါပဲလား၊ သြော်….သဘာဝတရား၊ သဘာဝတရား သင်ဟာ မလျှို့ဝှက်သောအလှတွေနဲ့ အေးချမ်းလွန်း လှပါလား။

ရေတံခွန်နဲ့ ကျောက်ကမ်းပါးကြီကို ငေးမောခံစားပြီးနောက်၊ သူသည် ရေထဲမှ ခေါင်းပြူပေါ်ထွက်နေသည့် ကျောက်တုံးလေးများပေါ် နင်းလျှောက်လာမိသည်။ ဟင်….

စမ်းရေလေးက ကြည်လင်လို့ပါလား။ ဟိုး အောက်ခြေက ရောင်စုံ ကျောက်ခဲလေးတွေ၊ ရေမှော်လေးတွေတောင် အတိုင်းသားမြင်နေရပါလား။

ကြည်လင်အေးမြလှသည့် စမ်းရေကို သူအလွန်သောက်ချင်လာသည်။ သူ စမ်းရေကို လက်ခုပ်ဖြင့် ခပ်ယူလိုက်သည်။ သူ့လှုပ်ရှားမှုကြောင့်…

“ဟင်.. ရေမှော်ပင်လေးတွေကို ညင်သာစွာ ဖဲ့ခြွေစားသောက်နေသည့် ရွှေငါးလေးတွေ အလန့်တကြား အဝေးကို ပြေးထွက်သွားကြပါလား”

အို.. သည်းခံပါကွယ်၊ မင်းတို့ကို ထိတ်လန့်အောင်လုပ်မိသလို ဖြစ်သွားတာ ခွင့်လွှတ်ပါကွယ်။

သူသည် စမ်းရေအေးကို တဖြည်းဖြည်းခပ်ယူသောက်သည်။ မျက်နှာသစ်သည်။ တဖန် စမ်းရေအေးကို လက်ဖြင့်ခပ်ယူသောက်ပြန်သည်။ မျက်နှာသစ်ပြန်သည်။ သို့ဖြင့် သဘာဝစမ်းရေအေးနှင့် သဘာဝအလှကို နှစ်နှစ်ခြိုက်ခြိုက် စိတ်ကြိုက်ခံစား နေမိတော့သည်။

ထိုစဉ်… အလင်းရောင်များ တဖျတ်ဖျတ်ပွင့်လာသည်။ မြင်ကွင်းက လင်းရှင်းသွားသည်။ အသံတစ်တစ်ခုကို ကြားလိုက်ရသည်။

“မင်္ဂလာပါရှင်။ ကျွန်မတို့ရဲ့ Virtual Reality Recreation Zone ကို လာရောက်အပန်းဖြေတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်”

သူ ထိုင်ရာမှ ထရပ်ပြီးလျှောက်လာစဉ် Projector ကို ဝင်တိုက်မိမလို ဖြစ်သွားသည်။ ထို့နောက်သူသည် Sound Box များကိုကွေ့ဝိုက်ရှောင်ကာ ရေအိမ်ထဲဝင်လိုက်သည်။ ရေအိမ်ထဲရှိ မှန်ပြင်ပေါ်တွင် သူ့မျက်နှာကို သူပြန်မြင်လိုက်ရသည်။ သူ့မျက်နှာပေါ်က စိုရွှဲနေသည်မှာ စမ်းရေစက်လား ချွေးစက်လား သူမသိတော့။

နိုင်စွမ်း