Breaking News

နိုင်စွမ်း - ငယ်ရည်းစား ဦးကြီး၏ စာတစောင်



နိုင်စွမ်း - ငယ်ရည်းစား ဦးကြီး၏ စာတစောင်

(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၁၉

နိဒါန်း

အရာရာတွင်အမြဲသတိရှိနေတတ်ပြီး ၊ အလွန်တာဝန်ကျေသော၊ အလွန်တာဝန်သိတတ်သော သူလိုမန်နေဂျာကောင်း တစ်ယောက်မှာ တောင် မည်သူ့ကိုမျှ ဖွင့်မပြောသာသည့် အကြောင်းအရာတစ်ရပ် ရှိသည်ဟုဆိုလျှင် အလွန်အံသြစရာ ဖြစ်နေပေလိမ့်မည်။ သို့သော် ထိုအဖြစ် အပျက်သည် သူ ရုံးလုံခြုံရေး အထူးတာဝန် ထမ်းဆောင်နေစဉ် ညတစ်ည၌ အမှန်တကယ်ဖြစ်ပွားခဲ့ပါသည်။

ထုံးစံအတိုင်း ပြဿနာတစ်ခု ဖြစ်လာသည့်အခါ နောက်ဆုံး “မည်သူ့တွင်တာဝန်ရှိသနည်း။ တာဝန်ရှိသူမှ ပြေလည်သည် အထိ ရှင်းလင်းဆောင်ရွက်ရန်။ လိုအပ်ပါက အရေးယူရန်” စသည်ဖြင့် အထက်အရာရှိ အဆင့်ဆင့်၏ မှတ်ချက်များကို သူအလွန် ကြောက်ပါသည်။ အပြစ်ပေး အရေးယူ ခံရမည်ကို သူအလွန်စိုးရိမ်ပါသည်။ ထို့ကြောင့်ပင် သူသည် အတတ်နိုင်ဆုံး စေ့စပ်သေချာအောင် ဂရုစိုက်၍ တာဝန်ကို ထမ်းဆောင်လေ့ရှိပါသည်။ ထိုကဲ့သို့သော မန်နေဂျာကောင်းတစ်ဦး တာဝန်ထမ်းဆောင်နေသည့်ည၌ ထိုအဖြစ် အပျက်က အမှတ်မထင် ပေါ်ပေါက်လာ ခဲ့ပါသည်။

ထိုအဖြစ်အပျက်၏ အရင်းခံအကြောင်းအရင်းကို သေသေချာချာ စိစစ်ကြည့်လျှင် အညာကျေးလက်မှ သူ့ထံ အလည်အပတ် ရောက်လာသော စိတ်မြန်ကိုယ်မြန် ဦးကြီးအန်ထော်နီကြောင့်ဟု ဆိုရမည် ဖြစ်သော်လည်း စိတ်သဘောထား ကောင်းမွန်လှသည့် ဦးကြီး အန်ထော်နီသည် သူံအား ဒုက္ခရောက်စေရန်ရည်ရွယ်လုပ်ဆောင်ြခင်းလည်း လုံးဝမဖြစ်နိုင်။

သို့သော် ဦးကြီးအန်ထော်နီကြောင့်……

(၁)


“ဟေ့ ကောင်တွေ မန်နေဂျာအေဘယ် လာနေပြီ။ အားလုံးအသင့်ပြင်ထားကြ။ Stand By!”

တတိယတန်း အရာရှိငယ်က သူ၏ လက်အောက်များအပေါ် ညွှန်ကြား ပြောဆိုနေသံကို မသိဟန်ဆောင်၍ တာဝန်ချိန် စစ်ဆေးမှုကို မန်နေဂျာအေဘယ် စေ့စေ့စပ်စပ် လုပ်သည်။ အရာရှိငယ်နှင့် ဝန်ထမ်းအားလုံး တာဝန်ချိန်အတွင်း အသင့် အနေအထား ရှိနေသည်ကို တွေ့ရသဖြင့် သူကျေနပ်သွားသည်။ သို့သော် ကျေနပ်ဟန် ပြလို့မဖြစ်။ ထို့ကြောင့် သူက-

“မင်းတို့အားလုံး အသင့်ရှိနေကြလို့ ဆရာ ဝမ်းသာတယ်ဟေ့။ ဒါပေမဲ့ ဟို ဝန်ထမ်းငယ် မင်းကဘာဖြစ်လို့ လုံခြုံရေး ဦးထုပ်ကို ဆောင်းမထားရတာလဲ။ တာဝန်ချိန်မှာ လုံခြံုရေးဦးထုပ် ဆောင်းထားကွာ”

သူ့ ပြောစကားကြောင့် တတိယတန်း အရာရှိငယ်သည် လက်အောက် ဝန်ထမ်းငယ်အား မကျေမနပ် လှမ်းကြည့် လိုက်သည်။ သေသေချာချာ မှာထားပါလျက် ထိုသို့ဖြစ် ရသည်ကို မကျေနပ်သောကြောင့် ဖြစ်သည်။ သူ ဦးထုပ် မဆောင်းတာကြောင့် ကျန်တဲ့လူတွေ အားလုံး သတိပေးပြောဆို ခံရတော့မည်ကို သိနေပြီးသား။ မန်နေဂျာအေဘယ်က ဂရုမစိုက်ပဲဆက်၍

“သတိဆိုတာ ဆားပမာ၊ ဘယ်သောအခါမှ မမေ့နဲ့။ သတိရှိမှ အသိရှိမယ်။ အသိ ရှိနေမှ လုပ်ကိုင်ဆောင်ရွက် စရာတွေကို အကောင်းဆုံး ဆုံးဖြတ် လုပ်ကိုင်ဆောင်ရွက်နိုင်မယ်။ ဒါကြောင့် ငါတို့အားလုံး သတိရှိနေရမယ်။ အထူးသဖြင့် အဝင်အထွက် တံခါးတွေ၊ အတက်-အဆင်း ဓါတ်လှေခါးတွေကို ပိုပြီးသတိထားရမယ်။ လှေခါးတွေကို ညပိုင်းမှာ ပိတ်ထားတယ်။ ဓါတ်လှေခါး ၆ စင်းကတော့ ထူးခြားမှုမှန်သမျှ ငါ့ဆီကို အချိန်နဲ့တပြေးညီ သတင်းပို့နိုင်ဖို့ သုံးနိုင်တယ်။ အရေးကြီးတာက မင်းတို့ တာဝန် ထမ်းဆောင်တဲ့အခါမှာ “ရပါတယ်လေ၊ ဒါလေးနဲ့တော့ ဘာမှ မဖြစ်လောက်ပါဘူး”လို့ သဘော မထားကြနဲ့။ အကြီးမားဆုံး ဆိုတာ အသေးအမွှားဆုံး လေးတွေနဲ့ ဖွဲ့စည်းထားတာနော်။ ဘယ်လောက် သေးမွှားတဲ့အရာဖြစ်ပါစေ သတိနဲ့ကြည့်ပါ၊ သတိနဲ့စိစစ်ပါ၊ သတိနဲ့ဆုံးဖြတ်ပါ။ သတိရှိရှိ လုပ်ကိုင်ဆောင်ရွက်ကြပါ”

မန်နေဂျာအေဘယ်သည် သတိနှင့်ပတ်သတ်ပြီး သူ၏ တပည့်များကို မိနစ်အနည်းငယ်ကြာ ဆက်လက်သြဝါဒ ခြွေလိုက်ပြီး တာဝန်ချိန် စစ်ဆေးမှု မှတ်တမ်း၌ စစ်ဆေးတွေ့ရှိမှု၊ လမ်းညွှန်မှာကြားချက်များကို ရေးသွင်းလိုက်သည်။ ထို့နောက် လာရောက် စစ်ဆေး ချိန် ၀၀း ၅၆ နာရီကို အတိအကျ ရေးသွင်းကာ လတ်မှတ်ရေးထိုးပြီးနောက် သူ့အခန်းထဲသို့ ဝင်ရောက်ခဲ့လေသည်။ ထို့ည…..

(၂)

“တီ---တီ----တီီ” “ တီ---တီ----တီ”

အဆက်မပြတ် အော်မြည်လာသည့် အရေးပေါ် အချက်ပေးသံကြောင့် မန်နေဂျာအေဘယ် နိုးသွားသည်။ ကုတင်ပေါ်မှ အမြန် ထရပ်ရင်း လက်မှ နာရီကို ကြည့်လိုက်ရာ ၀၁း၅၄ နာရီအတိ။ ထို့နောက် အရေးပေါ် ဧရိယာပြ ကွန်ပြူတာဖန်သား ပြင်ကို ကြည့်လိုက် သည်။ ဖန်သားပြင်ပေါ်တွင် အရေးကြီး ဝင် ထွက် တက် ဆင်း ရသည့် အမှတ် ၃ ဓါတ်လှေခါး၏ ပုံပေါ်နေသည်။ ဓါတ်လှေခါးအတွင်းတွင် အတော်အတန် ကြီးသည့် ပီနန်အိတ်ကြီးတစ်လုံး ရှိနေသည်။ ထိုအိတ်ကြီးထဲမှ ပစ္စည်းများထိုးထိုး ထောင်ထောင်ထနေသည်။ ထိုအိတ် အောက်ခြေနားတွင် ဓါတ်ခဲအသေး ၂ လုံးကိုပင် ဖန်သားပြင်၌ ထင်ထင်ရှားရှားမြင်တွေ့လိုက်ရသည်။

မန်နေဂျာ အေဘယ်သည် တွေဝေ တုန့်ဆိုင်းမှု လုံးဝမရှိဘဲ အရေးပေါ် လုံခြုံရေး အထူးအဖွဲ့သို့ ဖုန်းဆက်လိုက်သည်။ သူ့ အထက် အရာရှိ အဆင့်ဆင့်သို့လည်း အမှတ် ၃ ဓါတ်လှေခါးအတွင်း၊ မသင်္ကာဖွယ်ရာ အိတ်တစ်လုံးနှင့် ဓါတ်ခဲများတွေ့ ရသဖြင့် အထူး လုံခြံုရေး အဖွဲ့သို့ အကြောင်းကြားထား ပြီးကြောင်း၊ အမြန်ဆုံး ရှာဖွေဖော်ထုတ်ရန် ညွန်ကြားထားပြီးကြောင်း၊ ဖြစ်စဉ်နှင့် စစ်ဆေးတွေ့ရှိ ချက်များကို အချိန်နှင့် တပြေးညီ ဆက်လက်တင်ပြ သွားမည်ဖြစ်ကြောင်း” မမေ့မလျော့ သတင်းပို့ တင်ပြလိုက်သည်။

မန်နေဂျာ အေဘယ် သတင်းပို့သည့်အတိုင်း လုံခြုံရေး အထူးအဖွဲ့ ရောက်ရှိလာသည်။ ထို့နောက် မသင်္ကာဖွယ်ရာ ဓါတ်လှေ ခါးကို အထူး ကြပ်မတ် ဝန်းရံလိုက်ကြသည်။ ဓါတ်လှေခါး အတွင်းရှိ အိတ်ထဲတွင် မည်သို့သော အန္တရာယ်ကြီးမား သည့်ပစ္စည်းများ ပါရှိနေမည်ကို မည်သူမျှ မခန့်မှန်းနိုင်ကြသဖြင့် အလွန်သတိကြီးစွာဖြင့် စောင့်ကြပ် ကြည့်ရှုနေကြသည်။ ငြိမ်သက်စွာ စောင့်ကြပ်ကြည့်နေ ကြသည့်လုံခြံုရေး အထူးအဖွဲ့သားများနှင့် မန်နေဂျာ အေဘယ်ပါ ချွေးပြန်နေတော့သည်။ သို့ဖြင့်……

သို့ဖြင့်လုံခြုံရေး အဖွဲ့ခေါင်းဆောင်က တဖြည်းဖြည်း အကာအကွယ်ကောင်းယူပြီး စွန့်စွန့်စားစား ချဉ်းကပ်ကြရန် အမိန့်ပေး လိုက်သည်။ အဖွဲ့သည် အမိန့်အတိုင်း တဖြည်းဖြည်း ချဉ်းကပ်သွားသည်။ ဘာမျှမထူးခြား၊ ထို့ကြောင့် ဓါတ်လှေခါး တံခါးကိုဖွင့်ပြီး ပစ္စည်း အထုပ်ကို အနီးကပ်ကြည့်ရှု စစ်ဆေးကြရန် ဆက်လက် ကြိုးစားသည်။ လုံခြံုရေး အဖွဲ့သားများ အနီးကပ် ရောက်ရှိသွား သော်လည်း မည်သို့မျှ မထူးခြား။ အချိန်များသာ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ ထူးခြားမှုကားမရှိသေး။ သို့ဖြင့်…

နောက်ဆုံး လုံခြုံရေး အထူးကျွမ်းကျင် အဖွဲ့သားများက သတိရှိရှိ လုပ်ကိုင် ဆောင်ရွက်နိုင်မှုကြောင့်၊ ဓါတ်လှေခါးထဲမှ မသင်္ကာဖွယ် အထုပ်တစ်ထုပ်နှင့် ဓါတ်ခဲလေးများကို သိမ်းဆည်းယူနိုင်ခဲ့ကြသည်။ အခြား သဲလွန်စ တစုံတရာ မတွွေ့ကြရ။ အထုပ်ထဲ တွင်ကား ညစ်ပတ်ပေရေ နေသော အင်္ကျီႌဟောင်းတစ်ချို့။ ဆေးပေါ့လိပ် တစ်ထုပ်၊ ရေဒီယိုအသေးစား ထည့်သည့် ကတ္ထူ သေတ္တာငယ် တစ်ခုနှင့် ဓါတ်ခဲဟောင်းအသေး ၂ လုံးသာ တွေ့ကြရသည်။ ထိုပစ္စည်းအားလုံးကို ဆက်လက်၍ ဓါတ်ခွဲစစ်ဆေး ဖော်ထုတ်ရမည် ဖြစ်သဖြင့် လုံခြံုရေးအဖွဲ့မှ တဆင့် ဓါတုဗေဒဌာနသို့ ပေးပို့လိုက်တော့သည်။ မန်နေဂျာ အေဘယ် အပါအဝင် လုံခြံုရေး ဝန်ထမ်းအားလုံး စိတ်မော လူမော ဖြစ်ကြရသည့်အပြင် လုံးဝ မအိပ်ရတော့။ ထိုအဖြစ်ကြောင့် မန်နေဂျာအေဘယ်သည် ပို၍ပို၍ သတိရှိရန် လိုအပ်ကြေင်း ဆုံးဖြတ် လိုက်တော့သည်။

(၃)

ထိုအဖြစ်အပျက်ဖြစ်ပြီး ၃ ရက်မြောက်သောနေ့၌ မန်နေဂျာ အေဘယ်ထံ စာတိုက်မှ စာတစ်စောင် ရောက်လာသည်။ ယခုကဲ့သို့ အရေးကြီးချိန်၌ ရောက်လာသည့်စာသည် အရေးကြီးသည့် စာဖြစ်မည်ဟု ခန့်မှန်းမိသည်။ ထို့ကြောင့် သူသည် သတိရှိရှိဖြင့် ဖွင့်ဖောက် ဖတ်ရှုလိုက်ရာ…

“သို့တူ မောင်အေဘယ်၊ ဦးကြီးရုတ်တရက် ရွာပြန်သွားလို့ မင်း စိတ်ဆိုးနေပြီလား။ စိတ်မဆိုးပါနဲ့ကွယ်။ ဦးကြီးက စိတ်မြန် ကိုယ်မြန်သမား ဆိုတော့ကွာ။ ငါ ပြန်သွားတာ မင်းမိန်းမကြောင့် ပေါ့။ မင်းမိန်းမက မင့်ရှေ့မှာတော့ ငါ့ကို ရိုရိုသေသေပါပဲ။ မင်းလုံခြုံရေး တာဝန်ကျတဲ့ညက မင်း ရုံးကိုသွားရော မင်းမိန်းမက အိမ်မှာ ငါရှိနေတာကို မကြိုက်တဲ့ပုံနဲ့ ဆူဆောင့်နေတယ်။ ဘာမဆိုင် ညာမဆိုင် မင်းအိမ်က ကောင်မလေးကို ပြောဆိုနေပါရောလား။ အစပိုင်းတော့ ငါ့ကိုပြောတယ်လို့ ငါမသိပါဘူး။ နောက်ကျတော့ ဧည့်ရှုပ်တယ်၊ အိမ်ရှုပ်တယ် ဆိုတာတွေပါလာတယ်။

ငါ သည်းမခံနိုင်တော့တာနဲ့ မင်းဝယ်ပေးတဲ့ ရေဒီယိုနဲ့ ဓာတ်မီးလေးတွေထည့်၊ အပိုဝယ်ပေးထားတဲ့ ဓာတ်ခဲလေးတွေလည်း အိတ်ကပ်ထဲ ထည့်ပြီး အိမ်က ထွက်လာတယ်။ ည ၈ နာရီလောက်ဆိုတော့ ည ၁၂ နာရီ ထွက်မယ့်ရထား လတ်မှတ် ဝင်ဝယ်လိုက်တယ်။ အချိန် နည်းနည်းရသေးတာနဲ့ မင်းရုံးကို ငါလိုက်လာခဲ့တယ်။ မင်းရုံးက လူတွေတွေ့ရင် အကျိုး အကြောင်းပြောပြီး မင်းဆီ သွားချင်တဲ့ အကြောင်း ပြောမလို့ပဲကွ။ ဒါပေမယ့် အားလုံး အိပ်ပျော်နေပါရောလား။ ပထမတော့ ငါ သူတို့ကို နှိုးသေးတယ်။ မနိုးကြဘူး။ ဒါနဲ့ ငါလည်း စိတ်မရှည်တာနဲ့ သူတို့ကို မနှိုးတော့ပဲ ငါ့ဖာသာ မင်းဆီတက်လာခဲ့တယ်။ လှေခါးတွေက ပိတ်ထားတော့ ငါ ယောင်လည်လည်နဲ့ ဓါတ်လှေခါးနား ရောက်သွားတယ်။ အိတ်ကြီးတစ်လုံးကို ထမ်း၊ လက်ဆွဲခြင်းတစ်လုံးကို ဆွဲပြီးတော့ပေါ့။ ဒါနဲ့ လက်ဆွဲခြင်းကို ခဏချထားပြီး ဓါတ်လှေခါးရဲ့ ခလုတ်တစ်ခုကို စမ်းနှိပ်ကြည့်တယ်။ အဲဒီမှာ ဓါတ်လှေခါးအပေါက် ပွင့်သွားတယ်။ ငါ ဝမ်းသာအားရနဲ့ ထမ်းထားတဲ့ အထုပ်ကို လှေခါးထဲချ၊ ခါး နည်းနည်းကုန်းလိုက်တော့ ငါ့အိတ်ကပ်ထဲက ဓါတ်ခဲတွေ ထွက်ကျသွားပါရော။ ငါချက်ချင်း ပြန်မကောက်နိိုင်သေးဘူး၊ အပြင်မှာ ကျန်ခဲ့တဲ့ ဆွဲခြင်းကို ထွက်ယူရသေးတယ်။ ဆွဲခြင်း ယူနေတုန်း မင်းတို့အပေါက်ကြီးက ပိတ်သွား ပါရော။ ငါလည်း ဟိုဟာစမ်းနှိပ်၊ ဒီဟာစမ်းနှိပ်နဲ့ အချိန်နည်းနည်း ကြာသွားတော့ ငါစိတ်မရှည်တော့ဘူး။ ဒါနဲ့ ဘူတာကို….”

မန်နေဂျာ အေဘယ်သည် စာကို အစိပ်စိပ်အမွှာမွှာ ဆုတ်ဖြဲပစ်လိုက်သည်။ အမှိုက်ခြင်းထဲသို့ ပစ်ရန် ဆုံးဖြတ်လိုက် သော်လည်း အလွန် သတိရှိသောသူ့အကျင့်အတိုင်း အခန်းထောင့် တနေရာတွင် မီးရှို့ပစ်လိုက်သည်။ ထိုစဉ်…..

“ဆရာ ဆရာ ဓါတုဗေဒဌာနက ဖုန်းဆက်တယ်။ တိကျတဲ့ သက်သေခံ ရှာမတွေ့သေးလို့ အိတ်ကို ဆက်လက် သိမ်းဆည်း ထားရဦးမယ်တဲ့ ဆရာ”

“ အေး - အေး”

“ဟင် ဆရာ စက္ကူညှော်နံ့ရတယ်ဆရာ”

“ဟုတ်တယ်ကွ။ ငါငယ်ငယ်က ရည်းစားဟောင်းရဲ့ ပြန်စာပေးထားတဲ့ စာဟောင်းလေးပေါကွာ။ အိမ်က မိန်းမလိုက်လာရင် မတော်တဆ တွေ့သွားနိုင်တယ်ကွ”

“ဒါ့ကြောင့်ဆရာ့ကိုအလွန်စေ့စပ်ေသချာသူလို့ပြောတာ”

“ဟဲ --ဟဲ--ဟဲ”

နိုင်စွမ်း