Breaking News

စမ်းစမ်းတင် - စစ်၊ပိုးသတ်ဆေးနဲ့ ပျောက်ဆုံးမှာ စိုးရတဲ့ ကမ္ဘာ့အနာဂတ်


စမ်းစမ်းတင် - စစ်၊ပိုးသတ်ဆေးနဲ့ ပျောက်ဆုံးမှာ စိုးရတဲ့ ကမ္ဘာ့အနာဂတ်

(မိုးမခ) အောက်တိုဘာ ၆၊ ၂၀၁၉

စစ်ကြောက်တဲ့ ကုလသမဂ္ဂ၊ ပိုးသတ်ဆေးကြောက်တဲ့ Rachael Carson နဲ့ အနာဂတ်ပျောက်မှာ စိုးကြောက်တဲ့ Greta Thunberg
ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ အောက်တိုဘာ ၂၄ ရက်မှာ စတင်ဖွဲ့စည်းတည်ထောင်လိုက် တဲ့ ကုလသမဂ္ဂဟာ သက်တမ်း ၇၄ နှစ်ရှိလို့သွားပါပြီ၊သူ့မတိုင်ခင်က နိုင်ငံပေါင်းစုံက အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး သူလို့ပဲ ကမ္ဘာ့ရေးရာတွေအကျိုး ဆောင်တဲ့ The League of Nations နိုင်ငံ ပေါင်းချုပ် အသင်းကြီးကတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလို သက်တမ်းက ၂၆ နှစ်ပဲခံ။

ပထမကမ္ဘာစစ်ဖြစ်သွားပြီးတဲ့နေက်- နောက် ကမ္ဘာစစ်တွေထပ်မဖြစ်ပွားရအောင် ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့ ရည်ရွယ် ထူထောင်တယ်ဆိုပေမဲ့ ဒုတိယကမ္ဘာစစ်ကို မတားနိုင်တဲ့ အဖွဲ့ဟာ နိုင်ငံ ပေါင်းချုပ် အသင်းကြီးပါ။ ဒီတော့ ရှေ့မတက်နိုင် -ရှေ့မဆက်နိုင်ခဲ့၊
ပထမကမ္ဘာစစ်အပြီး ၁၉၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၀ ရက်မှာ နိုင်ငံ ပေါင်းချုပ် အသင်းကြီးကို ဖွဲ့စည်းနိုင်ဖို့ ၂၈ ယောက်မြောက် အမေရိကန် သမ္မတ Woodrow Wilson က ရှေ့တန်းက ဦးစီးဦးဆောင် ကြိုးပမ်းတဲ့အတွက် ၁၉၁၉ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ဆွတ်ခူးခဲ့ပေမဲ့ သူ့အိပ်မက် အသင်းကြီးက ရေရှည်မခံ- ပျက်ချိန်တန် ပျက်ရဆိုတဲ့ကိန်းပါပဲ။
ငြိမ်းချမ်းရေးအပြင် လက်နက်ဖျက်သိမ်းရေးက တဆင့် စစ်မက်မဖြစ်ပွား အောင်ကာကွယ် တားဆီးဖို့လည်းရည်ရွယ်၊ စေ့စပ်ဆွေးနွေးတာနဲ့ ခုံရုံးနဲ့ စီရင်ဆုံးဖြတ်တာက တဆင့် နိုင်ငံတကာ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့လည်း ရည်ရွယ်၊ အလုပ်သမားရေးရာ၊ လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ လက်နက်အရောင်းအဝယ်၊ ကမ္ဘာကျန်းမာရေး၊ စစ်အကျဉ်းသားရေးရာ၊ ဥရောပ လူနည်းစုတွေ အကာအကွယ်ပေးရေး စတာတွေကိုလည်း ကိုင်တွယ်ဖြေရှင်းဖို့လည်း ရည်ရွယ်… ရည်ရွယ်ချက်တွေက ကောင်းမှ ကောင်း၊
ဒါကြောင့်ပဲ ၁၉၃၄ - ၃၅ မှာ အဖွဲ့ဝင် ၅၈ နိုင်ငံထိရှိလာပြီး အသင်းကြီးက အားကောင်းလာခဲ့ပေမဲ့ မရည်ရွယ်တာတွေလည်း ဖြစ်တတ်တဲ့ ဓမ္မတာကို သူလည်း မလွန်ဆန်နိုင်၊ စစ်မဖြစ်အောင်ဖွဲ့စည်းထားတဲ့ အသင်းကြီးက စစ်မဖြစ်အောင် မကာကွယ်နိုင်၊ ဒုတိယကမ္ဘာစစ်မီး ဟုန်းဟုန်းတောက်ခဲ့၊ ဒီတော့ အသင်းကြီးလည်း ပျက်။

ဖြစ်ပြီးရင် အချိန်တိုင် ဆုံးခမ်းတိုင်တတ်တဲ့ ထုံးစံ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးသွားတဲ့နောက် ကမ္ဘာ့ ကုလသမဂ္ဂနဲ့ ၁၉၄၅ ခုနှစ်မှာ အစားထိုးလိုက်တဲ့အခါ နိုင်ငံပေါင်းချုပ် အသင်းကြီးရဲ့ နဂိုအခြေခံမူတွေ ကို ထိန်းထားရင်း ခေတ်စနစ် ပြောင်းလာတာနဲ့အညီ တခြားကဏ္ဍတွေ ထပ်ပွားလာတာလည်း အားလုံး အသိ၊
ခုဆိုရင် အသင်းဝင် ၁၉၃ နိုင်ငံရှိပြီဖြစ်တဲ့ ကုလသမဂ္ဂဟာ ၂၁ ရာစုမှာလည်း ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စရပ်ကို ကိုင်တွယ်ရင်း ရာသီဥတုပြောင်းလဲမှု၊ ရေရှည်တည်တံ့ဖွံဖြိုးရေး၊ လူ့အခွင့်အရေး၊ လက်နက်ဖျက်သိမ်းရေး၊ အကြမ်းဖက်မှု၊ လူသားချင်းစာနာမှုနဲ့ ကျန်းမာရေး အရေးပေါ်ကိစ္စရပ်၊ ကျား-မ တန်းတူရေး၊ စားနပ်ရိက္ခာစတဲ့ ကဏ္ဍတွေကိုလည်း အလေးထားဆောင်ရွက်နေပြန်။
ကုလသမဂ္ဂမမွေးဖွားခင်က ရှိခဲ့တဲ့ နိုင်ငံ ပေါင်းချုပ် အသင်းကြီးရဲ့ ပဲ့ကိုင်ရှင် Woodrow Wilson ဟာ အသက် ၆၇ နှစ်ရွယ်- ၁၉၂၄ မှာ ကွယ်လွန်သွားတာမို့ သူတားချင်တဲ့ ဒုတိယ ကမ္ဘာစစ် ဖြစ်သွားတာလည်း မမြင်ရ၊ နည်းပညာထွန်းသစ်တဲ့ အီလက်ထရွန်းနစ်ခေတ်ကိုလည်း တွေ့မသွားရ။ နောက်…ကမ္ဘာကြီး အပြောင်းအလဲကိုလည်း သိမသွားရ၊
နိုင်ငံပေါင်းချုပ်ကြီး တဖြစ်လဲ ကုလသမဂ္ဂ ဖွဲ့စည်းပြီး သုံးနှစ်အကြာ ၁၉၄၈ ခုနှစ်မှာ သူ့လို ကံကြမ္မာနဲ့ ကြုံရမယ့် နိုဘယ်ဆုရှင် တဦးပေါ်ထွန်းလာတာကိုလည်း Woodrow Wilson သိမသွားရလို့လည်း ပြောနိုင်ပြန်၊
အဲဒါကတော့- ဒီတီတီပိုးသတ်ဆေးကိစ္စ၊
ဒုတိယကမ္ဘာစစ်မှာ ကျည်ဆန်တွေ ဗုံးတွေကြောင့်မဟုတ်ဘဲ တိုက်ပွဲဝင်အမေရိကန်စစ်သားတွေ ငန်းဖျားရောဂါဖြစ်၊ ငှက်ဖျားမိ သေကြရတာ ပိုးကောင်၊ မွှားကောင်တွေ၊ ခြင်တွေကြောင့်။ ဒီတော့ ဒီ ပိုးမွှားတွေ ခြင်တွေရန်က ကင်းအောင် ပိုးသတ်ဆေးကို ၁၉၃၉ မှာ တီထွင်နိုင်၊ တီထွင်နိုင်တော့  ဒုတိယကမ္ဘာစစ်မှာ အမေရိကန်စစ်သားတွေ ဒီတီတီကို လှိုင်လှိုင်သုံးခဲ့။

ဒုတိယကမ္ဘာ စစ်အတွင်း ပိုသတ်ဆေးကို ဖော်စပ်နိုင်တဲ့ သူက ဆွစ်လူမျိုး ဓာတုပညာရှင် Paul Hermann Muller ။ ငှက်ဖျားနဲ့ ငန်းဝါ အဖျားရောဂါပျောက်ကင်းအောင်ကုသနိုင်မယ့် ဓာတုပစ္စည်း ရှာဖွေတွေ့ရှိလို့ ဆေးပညာရပ်ဆိုင်ရာ နိုဘယ်ဆုတောင် ဆွတ်ခူးခဲ့။ Woodrow Wilson ကတော့ ငြိမ်းချမ်းရေးနိုဘယ်ဆုပေါ့နော်။
သူလည်း ရွယ်ရည်ချက်ကောင်းနဲ့ ပိုးသတ်ဆေးတီထွင်တာပါ။ ဒါပေမဲ့ သူ့တီထွင်မှုဟာ သဘာဝဟန်ချက် ပျက်စေတယ်ဆိုတာ နောက်နှစ်တွေကြာလာမှ သိရတာရယ်။
သိလာရတာကလည်း အမေရိကန် သိပ္ပံပညာရှင် Rachael Carson ၁၉၆၂ မှာ ရေးသားထုတ်ဝေတဲ့ Silent Spring တိတ်ဆိတ်သော နွေဦးစာအုပ်ကြောင့်၊
ပိုးသတ်ဆေးဟာ အဆိပ်ဖြစ်နေတာကို ဆရာမ Rachael Carson က ဖော်ထုတ်တာမို့ နောက် ၁၀ နှစ်အကြာမှာ ဒီတီတီ ပိုးသတ်ဆေး သုံးခွင့်ကို အမေရိကန်မှာ ပိတ်ပင်၊ ဒိတော့လည်း အမေရိကန် သမ္မတ Woodrow Wilson ကံကြမ္မာမျိုးပါပဲ။ ဆွစ်ပညာရှင် Paul Hermann Muller လည်း ရည်ရွယ်ချက်ကောင်းနဲ့ တီထွင်ပေမဲ့ အခြေအနေကောင်းကဖြစ်မလာ၊
Rachael Carson ဘက်ဆက်ရရင်သူ ဟာ အဏ္ဍဝါဗေဒပညာရှင်ဖြစ်ပေမဲ့ အနုဏုဗုံးကြဲလိုက်မှ နိဂုံးချုပ်သွားတဲ့ ဒုတိယကမ္ဘာစစ်ကိုလည်း မှီလိုက်တာမို့ ကင်ဆာရောဂါဖြစ်စေတဲ့ ရေဒီယိုသတ္တိကြွပစ္စည်းတွေရဲ့ အန္တရာယ်ကိုမြင်ရုံမက ဒုတိယကမ္ဘာစစ်အပြီး အသုံးများလာတဲ့ ပိုးသတ်ဆေး အဆိပ်ကိုလည်း သိတဲ့အတွက် သူကိုယ်တိုင် ရင်သားကင်ဆာ ခံစား နေရတဲ့ကြားက Silent Spring နဲ့ ကမ္ဘာကိုအရအမိ ကိုင်လှုပ်လိုက်တာ။

ပိုးသတ်ဆေးတွေအလုံးအရင်းသုံးတဲ့အတွက် အတိမ်းအစောင်းမခံတဲ့ သဘာဝဟန်ချက်ပျက်တာကို Silent Spring ကနေပြောပြ။ ဒီနေ့ပြောနေတဲ့ ဂေဟစနစ်က သဘာဝဟန်ချက်ကိုရှင်းပြ၊ မြေဆီ၊ ရေပြင်နဲ့ ကမ္ဘာမြေကြီးက ဇီဝရုပ်ဟန်ချက်ကိုလည်း ရှင်းပြ၊
ပိုးသတ်ဆေး အန္တရာယ်ကို အမျိုးသမီးတယောက်က စေ့စေ့ပေါက်ပေါက် သုတေသနပြုပြီး အချက်အလက် ခိုင်ခိုင်လုံလုံနဲ့ ထောက်ပြပေမဲ့ ဓာတုလုပ်ငန်းရှင်တွေက သုတို့ စီးပွားပျက်မှာမို့ လက်မခံနိုင်၊ Silent Spring ဖန်တီးရှင် ဆရာမကို အကြီးအကျယ် တိုက်ခိုက်ပုတ်ခတ် စွပ်စွဲ၊ နည်းမျိုးစုံနဲ့ ပုတ်ခတ်ရှုတ်ချ ပုတ်ခတ်၊ ရူးနေပြီတို့ ဘာတို့။

ခုလည်းကြည့်၊ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဆော်သြတဲ့ ဒီနှစ် ၁၇ နှစ်ရွယ်ရောက်လာတဲ့ ဆွီဒင်သူလေး Greta Thunberg ကို တချို့ပုဂ္ဂိုလ်တွေက ကိုယ်တိုင် ရာသီ ဖောက်ပြန်တာ ကြုံနေတဲ့ကြားက ပုတ်ခတ်နေလိုက်ကြတာ။
ဒါပေမဲ့ စေတနာဆိုတာ အကျိုးမမဲ့ပါ။ ဆရာမ Rachael Carson အဝေဖန်ခံပြီး ကြိုးစားခဲ့လို့ ဒီတီတီပိုးသတ်ဆေးအခန်းကဏ္ဍ မှေးမှိန်သွားလိုက်တာ တကျော့ပြန်မလာနိုင်။
၁၉၆၄ ခုနှစ်မှာ Rachael Carson ဟာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားချိန်ထိ ကုလသမဂ္ဂမှာရော ကမ္ဘာမှာရော လေထုညစ်ညမ်းတဲ့အကြောင်း ပြောကြပေမဲ့ ကမ္ဘာ့ရာသီ ဥတုပြောင်းလဲတဲ့ ကိစ္စက ဒီနေ့လောက် သိသိသာသာ မထင်ရှားလှ၊
ဒါတောင် ကျောက်မီးသွေးလို ရုပ်ကြွင်းလောင်စာတွေ ဒိလောက် လောင်ကျွမ်းနေရင် ကမ္ဘာကြီးဟာ ကာဘွန်ထောင်ချောက်ထဲမိပြီး ပူနွေးလာတော့မယ်လို့ ဆွီဒင် သိပ္ပံပညာရှင် Svante August Arrhenius က ၁၈၉၆ ခု ကတည်းက ဟောကိန်းထုတ်ခဲ့တာ ကလား။

ဒါကို Rachael Carson နဲ့ ခေတ်ပြိုင် ပတ်ဝန်းကျင်ဝါဒီတွေက ၁၉၆၀ ဝန်းကျင်လောက်မှာ စ သတိထားလာပေမဲ့ သိပ္ပံပညာရှင်တွေက ၁၉၈၀ နှစ်ပိုင်းတွေမှာ ကမ္ဘာ့ရာသီ ဥတုပြောင်းလဲတဲ့ ကိစ္စကိုလက်ခံလာတာတဲ့၊
ဒီနေ့တော့ လက်မခံချင်လည်း မရတော့ပါ၊ ရာသီဥတုက တကယ်ကို ပြောင်းလဲသွားပါပြီ၊ 

သိပ္ပံသဘောတရားအရ သာမန်ရှိသင့်တာထက် လေထုထဲမှာ ကာဘွန်ဒိုင်အောက်ဆိုဒ် အပါအဝင် ဖန်လုံအိမ်ဓာတ်ငွေ့တွေများလာတဲ့အတွက် ကမ္ဘာကြီး ပူနွေးလာတဲ့ အဆင့်ထက် ကျော်လွန်ပြီး ပိုပို ပူပြင်းလာတဲ့အတွက် ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချဖို့ ကုလသမဂ္ဂကဦးဆောင်ပြီး ကြိုးပမ်းနေတာ အားလုံးလည်းသိ၊
ကမ္ဘာ့နိင်ငံစုံနဲ့ ဖွဲ့စည်းခဲ့တဲ့ နိုင်ငံပေါင်းချုပ်အသင်းကြီးဟာ ရည်ရွယ်ချက်အထမမြောက်ဘဲ ကမ္ဘာစစ်ကြောင့် လုပ်ငန်းရပ်သွားပြီး ကုလသမဂ္ဂအသွင်ပြောင်းခဲ့တာမို့ တခြားကဏ္ဍအဖြာဖြာကြားက ဒီနေ့ ကမ္ဘာမှာ အရေးတကြီးဖြေရှင်းရမယ့် ရာသီဥတုပြောင်းလဲ ခြင်းကို နိုင်နင်းအောင် သူကရော လုပ်နိင်ပါ့မလား၊
မလုပ်ဆောင်နိုင်ရင်တော့ ဆွီဒင်ပါလီမန်ရှေ့ တကိုယ်တော် ဆန္ဒပြရာက ကမ္ဘာကျော်လာတဲ့ ပတ်ဝန်းကျင်ရေးလှုပ်ရှားသူ ၁၆ နှစ်ကျောင်းသူလေး ဂရေတာသွန်းဘာ့ဂ်ပြောတဲ့ မျိုးဆက်သစ်တွေ အနာဂတ်က အမှန်တကယ်မဲ့တော့မှာလား။
ရှေ့ဆက်မစဉ်းစားရဲပါ။

စမ်းစမ်းတင်