Breaking News

လူပြိန်းတွေနဲ့ သူတို့ပါတီက ဒေါ်နယ်ထရန့်ကို ကိုးကွယ်သတဲ့လား


လူပြိန်းတွေနဲ့ သူတို့ပါတီက ဒေါ်နယ်ထရန့်ကို ကိုးကွယ်သတဲ့လား

မိုက်ခဲစိန်။ (မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၉


အောက်တိုဘာ ၃၀ ရက်နေ့က ဝါရှင်တန်ဒီစီနေပြည်တော်က အောက်လွှတ်တော်မှာ မဲ ၂၃၂ - ၁၉၆ နဲ့ ဆုံးဖြတ်လိုက်ပါတယ်။ သူတို့သမ္မတကြီး ထရန့်ကို ဖြုတ်ချအရေးယူရေး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်ဖို့ အတည်ပြုလိုက်တာပါ။ ဟဲ့ ဘယ်နှာတုံး။ လွန်ခဲ့တဲ့ အပတ်တွေထဲကပဲ အောက်လွှတ်တော်က သမ္မတကို impeachment inquiry အရေးယူနိုင်ရေးစုံစမ်းမှုတွေ လုပ်နေပြီပဲ မဟုတ်လား။ သည်မဲခွဲတာက ဘာကြီးတုန်းဟ လို့ မေးချင်စရာပါ။ အဖြစ်က ဒီလို။

အမေရိကန်နိုင်ငံတော် သက်တမ်း သည်ဘက် အနှစ် ၅၀ မှာ ထရန့်မတိုင်ခင် သမ္မတ နစ်ဆန်နဲ့ ကလင်တန်ကို အင်ပိချ် လုပ်ဖို့ စုံစမ်းခဲ့ကြတယ်။ အောက်လွှတ်တော်၏ အခြေခံဥပဒေက ပေးအပ်ထားတဲ့ အာဏာနဲ့ ဆောင်ရွက်ခဲ့ကြတာပါ။ သည်လိုပဲ အောက်လွှတ်တော်ကော်မီတီတွေက စတင် စုံစမ်းမှုတွေလုပ်တယ်၊ ပြီးတော့ အရေးယူသင့်ကြောင်း အောက်လွှတ်တော်မှာ အဆိုတင်ပြီး မဲခွဲတယ်။ မဲနိုင်ရင် နောက်ဆုံး ဆုံးဖြတ်ချက်အဖြစ် အထက်လွှတ်တော်ကို တက်တယ်။ အဲသည် လုပ်ထုံးလုပ်နည်းတွေ ရှိပြီးသား။ နစ်ဆင်ကတော့ သူ မတရားလုပ်တာတွေ ထင်ရှားနေတော့ အောက်လွှတ်တော်မဲမခွဲခင် နှုတ်ထွက်တယ်။ ကလင်တန်ကိုတော့ အောက်လွှတ်တော်က မဲခွဲပြီး အရေးယူဖို့ အဆိုတင်တယ်။ အထက်လွှတ်တော်က ပလပ်လိုက်တယ်။ အင်ပိချ်လုပ်ခြင်းငှာ မထိုက်ပေါ့။ ခွင့်လွှတ်တယ်ပေါ့။

အခု ထရန့်ကိုလည်း အောက်လွှတ်တော်က အရေးယူဖို့ စုံစမ်းစစ်ဆေးမှုတွေလုပ်တယ်။ ထရန့်၏ ပါတီ ရီပတ်ဘလစ်ကန်အမတ်တွေက ကန့်ကွက်ကြတယ်။ အခြေခံဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီဘူးပေါ့။ ဒီမိုကရေစီကို အနိုင်ကျင့်ခံနေရတယ်လို့တော့ မြန်မာပြည်က မရွေးကောက်ခံတပ်မတော်အမတ်တွေလို အမေရိကန်ရီပတ်ဘလစ်ကန်အမတ်တွေက မပြောပါဘူး။ သူတို့သမ္မတကြီး အနိုင်ကျင့်ခံနေရတယ်လို့ တုန့်ပြန်ကြတာပါ။ သည်တော့ ရီပတ်ဘလစ်ကန် လူပြိန်းကြိုက် လက်ယာစွဲပါတီကြီးက ဆင်ခြေပေးသည်မှာ - ထရန့်ကို အရေးယူရန် စုံစမ်းမှုတွေ လုပ်ခြင်းသည် တရားဝင်ကြောင်း အတည်ပြုဖို့ မဲခွဲသင့်တယ်၊ ထိုမှသာ ထင်သာမြင်သာသော စစ်ဆေးမှု ကြားနာမှုတွေ သတ်မှတ်နိုင်မယ်၊ လူထုလည်း သိသာထင်ရှားစေမယ်လို့ တောင်းဆိုတာပါ။ ဒါနဲ့ပဲ အောက်လွှတ်တော်အမတ်ချုပ်ကြီး ဒီမိုကရက်ပါတီက နန်စီပလိုစီက ကွန်ဂရက်မှာ မဲခွဲပြီး ယခုလို သမ္မတကို အရေးယူနိုင်ရေး စုံစမ်းမှုများ တရားနည်းဥပဒေများနဲ့အညီ ဆက်လုပ်မယ့်အကြောင်း မဲခွဲလိုက်တာပါ။ ဒီမိုကရက်အများစုနိုင်ထားတဲ့ အောက်လွှတ်တော်မှာ အဆိုပြုချက် နိုင်ပါတယ်။ ဆက်လုပ်ကြမည်ပေါ့။

အခုစုံစမ်းစစ်ဆေးမှုတွေကို လွှတ်တော်ကော်မီတီတွေနဲ့ တခါးပိတ်ကြားနာနေဆဲပါ။ လွှတ်တော်ကော်မီတီမှာက ဒီမိုကရက်ကော ရီပတ်ဘလစ်ကန်ကော အမတ်တွေ ပါဝင်တယ်။ တဖက်သတ်မဟုတ်ပါ။ လူများစုပါတီကတော့ အသာစီးတော့ရှိတာပေါ့။ ဒါက ထုံးစံပါ။ ဒါကို လူပြိန်းပါတီ ဂျီအိုပီ (GOP) (ရီပတ်ဘလစ် ၏ အခြားအမည်) က ကြံဖန်ပြီး ကန့်ကွက်ဝေဖန်နေတာပါ။ ထရန့်ကလည်း သူ့ပါတီက အမတ်တွေကို သူ့ဘက်က ရပ်တည် ကာကွယ်ကြဖို့ အမိန့်ပေးထားတော့ သူတို့အာဏာရှင်သမ္မတကြီးကို မလွန်ဆန်ရဲတာနဲ့ ဖင်ပိတ်ငြင်းနေကြတော့တာပဲ။

သည်တော့ ထရန့်ကို အရေးယူဖို့ တရားကိုယ်အကြောင်းက ဘာလဲ ပြန်ပြောဖို့ လိုမယ်။ တိုင်းတပါးက အစိုးရတရပ်ကို ကိုယ့်တိုင်းပြည်တွင်းက နိုင်ငံရေးမှာ ဝင်ပြီး စွက်ဖက်ဖို့ အမေရိကန်သမ္မတက ဖိတ်ခေါ်ခြင်းအကြပ်ကိုင်ခြင်း ဖြစ်ပါတယ်။ သူနဲ့ပြိုင်ဘက်သမ္မတလောင်းဖြစ်နိုင်မယ့် ဂျိူးဘိုင်ဒင်နဲ့ သားတို့ ခြစားကြောင်း အမှုကို စုံစမ်းပေးရန် ယူကရိန်းသမ္မတကို တောင်းဆိုတာပါ။ ဒါအပြင် သမ္မတက သူရွေးကောက်ပွဲနိုင်ရေး ကိုယ်ကျိုးရှာခြင်းသည် သမ္မတအာဏာကို အလွဲသုံးစားခြင်း ဖြစ်ပါတယ်။ ဒါကို အမေရိကန်ထောက်လှမ်းရေး အရာရှိတွေက ကြားလို့ တရားရေးဌာနကို တိုင်၊ တရားရေးဌာနက မလွဲသာလို့ အောက်လွှတ်တော်ကို တင်ပြ၊ အောက်လွတ်တော်က ဒါကို အရေးယူဖို့ စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။

အောက်လွှတ်တော်အမတ်ချုပ် ၊ ဒီမိုကရက်ခေါင်းဆောင် နန်စီပလိုစီကတော့ သည်ကိစ္စကို အမေရိကန်အခြေခံဥပဒေနဲ့ ကိုင်ပြီးတော့ ရှင်းပါတယ်။ အခြေခံဥပဒေက ပြဌာန်းထားတဲ့အတိုင်း အာဏာသုံးရပ် အချင်းချင်း ထိန်းကွပ်ရမယ်၊ စစ်ဆေး ရမယ်၊ ကာကွယ်ရမယ်၊ အရေးယူရမယ်။ အမေရိကန်ပြည်ထောင်စုကို မပြိုကွဲအောင် စုစည်းထားတဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ခြင်းအလုပ်ကို လုပ်ရတာ ဖြစ်တယ်လို့ သူက ပြတ်ပြတ်သားသား ပြောပါတယ်။ သမ္မတဟာ အာဏာရှင်မဟုတ်ဘူး၊ အလွဲသုံးစားလုပ်လို့မရဘူး။ အောက်လွှတ်တော်၊ အထက်လွှတ်တော်၊ အစိုးရတို့ အချင်းချင်း ညှိနှိုင်းဆောင်ရွက်ရတယ်။ အခြေခံဥပဒေကို ကာကွယ်ခြင်းဟာ မျိုးချစ်စိတ်၊ နိုင်ငံသားကောင်းစိတ် ရှိခြင်းဖြစ်တယ်။ ထရန့်အောက်စွဲပါတီ ရီပတ်ဘလစ်ကန်တွေကလည်း သမ္မတကိုယ်ကျိုးထက် ကျော်လွန်ပြီးတော့ အခြေခံဥပဒေကို  ဦးရွက်သင့်တယ်လို့ ဝေဖန်လိုက်ပါတယ်။

သမ္မတကြီးထရန့်ဟာ လူသာမန်မဟုတ်ပါဘူး။ တော်တော်ကို အတ္တကြီးတဲ့သူပါ။ တနေ့က အိုင်ဇစ် အကြမ်းဖက်ခေါင်းဆောင်ကို အမေရိကန်တပ်မတော်က ချေမှုန်းလိုက်တဲ့အကြောင်း သတင်းစာရှင်းလင်းပွဲလုပ်တော့ သူ ၁နာရီနီးပါး သူ့အကြောင်းကိုပဲ ပြောပါတယ်။ ငါဆိုတာချည်းပဲ သူ့ဝါကျတွေထဲမှာပါတယ်။ ငါက ဒီကောင်ကို ချချင်တယ်ဆိုလို့ စစ်တပ်က လုပ်ရတာ၊ ငါ လုပ်ခိုင်းတာကို လုပ်လို့ အောင်မြင်တာ၊ ငါလုပ်တာတွေဟာ အရင်သမ္မတတွေထက်တောင် သာလွန်သေးတယ်၊ ငါပြောတာလုပ်တဲ့ စစ်သားတွေကို ငါ ချီးကျုးတယ်၊ ငါ့ကို ဆန့်ကျင်တဲ့ အကြမ်းဖက်ခေါင်းဆောင် ခွေးသေသေသွားတာ မြင်တယ် မို့လား။ တချိန်လုံး ငါချည်းပဲ မိုးမွှန်ပါတယ်။ ငါရှိလို့ အမေရိကန်ပြည်ကြီး ကောင်းစားနေတာလို့လည်း ဆိုလိုက်သေး။ ဘယ်မှာလဲ အမေရိကန်နိုင်ငံတော်ကို ဦးထိပ်ထားတယ်ဆိုတာ။ ငါဆိုတဲ့ အတ္တကြီးကို ထိပ်တင်ထားတဲ့ ထရန့်ဆိုတာ ထင်ရှားနေပါပြီ။ ဒါကို လူပြိန်းတွေနဲ့ လူပြိန်းကြိုက်ပါတီက ကြိုက်နေ နှစ်သက် ကြည်ညိုနေလိုက်တာ သည်းသည်းကို လှုပ်နေတာ အံ့ဩစရာပါ။ ဟစ်တလာကို လူတွေ ကြောက်သလို၊ ပူတင်တို့ ကမ်ချုံအီးတို့ စောမောင် ခင်ညွန့် သန်းရွှေ တို့ကို လူတွေ ကြောက်နေကြသလိုမျိုး အမေရိကန်က လူပြိန်းတွေက ဒေါ်နယ်ထရန့်ကြီးကို ကြောက်ရွံ့ခန့်ငြား လေးစား ကိုးကွယ်နေကြပါပေတယ်။ ဒါဆိုရင် အမေရိကန်ပြည်ဟာ အာဏာရှင်လက်အောက်က တိုင်းပြည်ဖြစ်နေပြီလို့ ဆိုရလေမလားပဲ။

ဒီမိုကရေစီနဲ့ အခြေခံဥပဒေဘက်တော်သားတွေအတွက် ကွန်ဂရက်လွှတ်တော်ခေါင်းဆောင် နန်စီပလိုစီ ရှိနေပေလို့ပါပဲ။ သည်အမျိုးသမီးက ၇၉ နှစ် ရှိပြီ။ ၂ နှစ်တကြိမ် သက်တမ်းနဲ့ အောက်လွှတ်တော်အမတ်အဖြစ် ရပ်တည်နေတာ ၁၇ ကြိမ် ရှိပြီ။ ၁၉၈၇ ကတည်းက လွှတ်တော်နိုင်ငံရေးထဲ ဝင်တာ။ ကယ်လီဖိုးနီးယားက။ အကြိမ်ကြိမ် လွှတ်တော်ခေါင်းဆောင်အဖြစ် ပါတီကို ဦးဆောင်မှုပေးတယ်၊ နိုင်ငံတော်ကို ဦးဆောင်မှုပေးတယ်။ နိုင်ငံရေးပါး အလွန်၀တယ်လို့ ဆိုကြတယ်။ လွှတ်တော်နိုင်ငံရေးဟာ အမေရိကန်နိုင်ငံရေးရဲ့ ကန့်လန့်ကာနောက်ကွယ်က အကြီးကျယ်ဆုံး အဓိကကျဆုံး နိုင်ငံရေးပဲ။ လူပြိန်းပါတီက မစ်ချ်မက္ကောနယ်တို့ ဆိုတာ လွှတ်တော်မှာ ရာသက်ပန်ရီပတ်ဘလစ်ကန်အမတ်ကြီးပဲ။ သူတို့ကစားနေတဲ့ နိုင်ငံရေးဟာ သမ္မတကို နောက်ကွယ်ကနေ ကြိုးဆွဲနေသလို အရေးပါပါတယ်။

သမ္မတကို ၄ နှစ်တကြိမ်ရွေးပြီး တိုင်းပြည်အုပ်ချုပ်ခိုင်းတယ်ဆိုတာ အမေရိကန်ဘေ့စ်ဘော ကစားပြိုင်သလို၊ ဗြိတိန်က ပရီမီးယားလိဂ် ကန်ခိုင်းနေကြသလိုပါ။ ကမ္ဘာ့အကြီးမားဆုံး လူပြိန်းကြိုက် ကြည့်ချင်ပွဲကြီး တင်ဆက်သလိုမျိုး ဖြစ်ပါတယ်။ အောင်လတို့ နပန်းပွဲ ကြည့်ရသလိုမျိူးပေါ့။ ပေါ်ပြူလာဖြစ်အောင် သမ္မတတွေက စင်ပေါ်တက် ဟောကြ ပြောကြ ဆော်ကြ တီးကြ။ မဲသမားတွေက အပြောကောင်းသူနောက် လိုက်ပြီး မဲပေးကြ။ အဲသည်လူ သမ္မတဖြစ်တော့ ပါတီစိတ်တိုင်းကျ အစိုးရဖွဲ့ပြီး ပါတီစိတ်တိုင်းကျ နိုင်ငံရေးတွေ လုပ်ကြတော့တာပဲ။ သမ္မတဆိုတာ ပါတီက ဒါရိုက်တာလုပ်ပြီးတင်ရိုက်တဲ့ ရုပ်ရှင်မင်းသားပဲ။ လူပြိန်းကြိုက် စွတ်တင်တဲ့ မင်းသား လူကြိုက်များတာ မဆန်းဘူးမို့လား။ အမေရိကန် နိုင်ငံရေးက လွှတ်တော်နဲ့ သမ္မတတို့ အားပြိုင်မှု ချယ်လှယ်မှုတွေဟာ အဲသည်လိုတွေပါ။

ကဲ သည်တခေါက်တော့ သမ္မတကြီး အတ္တကြီးပြီး အလွဲသုံးစားသိပ်များလာလို့ အတိုက်အခံပါတီဘက်က လွှတ်တော်ကနေ အရေးယူဖို့ ကြိုးစားနေပြီ ဖြစ်ပါတယ်။ သမ္မတကြီးဘက်တော်သား လူပြိန်းများနဲ့ လူပြိန်းပါတီ ရီပတ်ဘလစ်ကန်တို့ကတော့ ခြေကန်ပြီး အာခံဖို့ ကတောင်းကျိုက်နေဆဲ။ ပွဲကတော့ ကြည့်ကောင်းဦးမှာပဲ။