Breaking News

မန္တလေးပန်းချီဆရာများနှင့် ဘကြီးမိုး

သရုပ်ဖော် အော်ပီကျယ်


မန္တလေးပန်းချီဆရာများနှင့် ဘကြီးမိုး

(ကုမုဒြာအွန်လိုင်း) (မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၉

ဘကြီးမိုးရဲ့ အနုပညာလုပ်ငန်းအရပ် ရပ်ဟာ မန္တလေးမှ စတင်ခဲ့တာဖြစ်ပါတယ်။ တကယ်တမ်းပြောရမယ်ဆိုရင် အယ်ဒီတာ စတင်လုပ်ခဲ့ဖူးတာလည်း မန္တလေး တက္က သိုလ် နှစ်လည်မဂ္ဂဇင်းမှာ မြန်မာစာတည်း တာဝန်ယူခဲ့ရချိန်မှာ ဖြစ်ပါတယ်။ နှစ်လည် မဂ္ဂဇင်းရဲ့ အင်္ဂလိပ်စာတည်းမှာ မောင်သာ နိုး ဖြစ်ပါတယ်။ တွဲဖက် မြန်မာစာတည်းက တော့ ကိုဘဂျမ်း (တင်မိုး) ဖြစ်ပါတယ်။

နှစ်လည်မဂ္ဂဇင်း တာဝန်ခံ ပုံနှိပ်ထုတ် ဝေရမယ့်သူဖြစ်လာတော့ ပုံနှိပ်တိုက်ကို ရွေးချယ်ရပါတယ်။ တကယ်တမ်း နီးစပ် တာ ဖြစ်နိုင်တာကတော့ ကြီးပွားရေးပုံနှိပ် တိုက် (လူထုတိုက်) ဖြစ်ပါတယ်။ ဒါပေမဲ့ ဘကြီးမိုး ရွေးချယ်လိုက်တဲ့ ပုံနှိပ်တိုက်က တော့ အိမ် နဲ့ နီးတဲ့ ပွဲကုန်းရပ် ဦးလေးဒွေး ရဲ့ တက်နေဝန်း ပုံနှိပ်တိုက်ပဲ ဖြစ်ပါတယ်။ ဒါလည်း ဦးလေးဒွေးရဲ့ တောင်းဆိုမှု ကြောင့် ပဲ ဖြစ်ပါတယ်။ ဦးလေးဒွေးဟာ ပုံနှိပ်တိုက် ကို တည်ထောင်ပြီးသည့်တိုင် ဂျော့ အ လုပ်တွေ အ များကြီး လက်ခံ ရိုက်နှိပ်တဲ့ ပုံနှိပ်တိုက် ဖြစ်ပေမဲ့ တစ်ခါမှ မဂ္ဂဇင်းကြီး တစ်စောင်ကို ရိုက်ဖူးတာ မဟုတ်ပါဘူး။

ဦးလေးဒွေးက မြန်မာစာတည်း ဘကြီး မိုးနဲ့ အင်္ဂလိပ်စာတည်း မောင်သာနိုးတို့ကို သူ့ရဲ့ ပုံနှိပ်တိုက်မှာ မဂ္ဂဇင်းရိုက်ပါ၊ လိုအပ် သမျှ ခဲစာလုံးများနဲ့တကွ ကျွမ်းကျင်တဲ့ ဖိုမင်တွေ၊ စက်ရိုက်တွေပါ စီစဉ်ပေးပါ့မယ် လို့ ဆိုတာနဲ့ လုပ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဘကြီးမိုးတို့ ကြိုက်နှစ်သက်တဲ့ ခဲစာလုံး အသစ်တွေဝယ်၊ စာစီသမားတွေခန့်၊ ဖိုမင် နဲ့ စက်ရိုက်သမားတွေပါ ခန့်ထားခွင့်ရှိလေ တော့ ကိုယ့်ခြေ ကိုယ့်လက် ကိုယ်လုပ်ချင် သလို လုပ်နိုင်ခွင့်ရှိခဲ့ပါတယ်။ သည်တော့ ဘကြီးမိုးရဲ့ မဂ္ဂဇင်းအယ်ဒီတာဘဝဟာ ရေကန်ထဲ ကန်ချခံရတဲ့ ကျောင်းသားလို ယက်ကန်ယက်ကန်လှုပ်ရှားရင်း ရေကူး တတ်လာခဲ့သလိုပေါ့။ ပုံနှိပ်စာလုံးများနဲ့ အကျွမ်းတဝင် ဖြစ်ခဲ့ပါတယ်။ စာတည်း၊ စက်ရိုက်လုပ်ငန်းများနဲ့ အကျွမ်းတဝင် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်မို့ နောက်ထပ် ရိုက်နှိပ်ကြရတဲ့ တင်မိုးရဲ့ဖန်မီးအိမ် စာအုပ် နဲ့ တခြားစာအုပ်တော်တော်များများကို တက်နေဝန်းမှာ ရိုက်ဖြစ်ပါတယ်။

သည်နောက်တော့ ဘကြီးမိုး တစ် ယောက် မန်းခေတ် သတင်းစာတိုက်မှာ ညအယ်ဒီတာအဖြစ် တာဝန်ယူရပါတယ်။ သည်တော့ မဂ္ဂဇင်းအလုပ်သာမက သတင်း စာအလုပ်ပါ တတ်မြောက်ကျွမ်းကျင်ဖြစ် သွားတော့တာပါပဲ။

မန်းခေတ်သတင်းစာတိုက်ပိုင်ရှင်က ဦးလှရွှေ ဖြစ်ပါတယ်။ ရန်ကုန်က မြန်မာ့ ခေတ်သတင်းစာတိုက်ရဲ့ တိုက်ခွဲအဖြစ် မန်းခေတ်သတင်းစာတိုက်ကို တည်ထောင် တာ ဖြစ်ပါတယ်။ မန်းခေတ်သတင်းစာ တိုက်ကို ပထမဆုံး ရန်ကုန်မှ အယ်ဒီတာ ဖြစ်တဲ့ ဦးခင်မောင်ရီ (စိန်ခင်မောင်ရီ) ခေါ် ပြီး ခန့်အပ်ပါတယ်။ ဦးခင်မောင်ရီက ခဏ တာလုပ်ပြီး ရန်ကုန်ပြန်သွားတော့ ဦးခင် မောင်ရီ နေရာအတွက် ကိုတင်ထွေးကို ခန့်ပါတယ်။ ကိုတင်ထွေးကလည်း ခဏ တစ်ဖြုတ်သာလုပ်နိုင်ပြီး ရန်ကုန်ပြန်ဖို့ ဖြစ် လာလေတော့ မန်းခေတ်သတင်းစာတိုက် ရဲ့ အယ်ဒီတာအလုပ်ကို သတင်းစာ အ တွေ့အကြုံလည်းရှိတဲ့ ကျောင်းသားခေါင်း ဆောင် မောင်သာနိုးကို ခေါ်ယူခန့်ထားဖို့ စီစဉ်ပါတယ်။ မောင်သာနိုးက ကျူရှင်ဝိုင်း တွေ ပြသနေရသူ ဖြစ်လေတော့ အချိန် မအားတဲ့အတွက် သူ့အစား ဘကြီးမိုး သွား ရောက် လုပ်ကိုင်စေပါတယ်။ သည်လို သည်လိုနဲ့ ဘကြီးမိုးတစ်ယောက် နှစ်လည် မဂ္ဂဇင်းအယ်ဒီတာ လုပ်ဖူးခဲ့တဲ့ အတွေ့အ ကြုံကို အားပြုပြီး မန်းခေတ်သတင်းစာ တိုက်ရဲ့ အယ်ဒီတာအဖြစ် တာဝန်ယူရပါ တယ်။

နေ့စဉ် သတင်းစာတစ်စောင်ရဲ့ မျက် နှာဖုံး၊ ကျောဖုံးနဲ့ အတွင်းအပြင် သတင်း တွေအားလုံး တည်းဖြတ်ဖော်ပြပြီး ညလုံး ပေါက် အလုပ်လုပ်ရပြီး မနက်မိုလင်းခါနီး ၄းဝဝ နာရီ၊ ၅းဝဝ နာရီတွင် ပထမဆုံး စက် က ကျလာတဲ့ မန်းခေတ် သတင်းစာအသစ် ကို ယူပြီး အိမ်ပြန်အိပ်ရတာပါ။ အိပ်ရာက ၁၁းဝဝ နာရီ၊ ၁၂းဝဝ နာရီနိုးပြီး မန်းခေတ် တိုက်ကို ပြန်ဝင်ရပါတယ်။ နောက်နေ့ မနက် သတင်းစာထွက်ချိန်အထိပေါ့။

မန်းခေတ်သတင်းစာတိုက်တွင် လုပ် ကိုင်နေစဉ်အတွင်းမှာပဲ မိုးဦးပန်းစာအုပ် တိုက် တည်ထောင် ထုတ်ဝေဖြစ်ပါတယ်။ စာအုပ်ထုတ်ဝေခွင့်ပါ တာဝန်ယူရလေ တော့ စာအုပ်မျက်နှာဖုံးရေးဆွဲဖို့ အနီးစပ် ဆုံး မန ္တလေး ပန်းချီဆရာသုံးဦးကို အပူကပ် ရေးဆွဲခိုင်းရပါတယ်။ ပေါ်ဦးသက်၊ ဝင်းဖေ နဲ့ ဦးအေးမြင့် (မြန်မာမှု)တို့ပဲ ဖြစ်ပါတယ်။ မိုးဦးပန်းစာအုပ်တိုက်ရဲ့ မျက်နှာဖုံး တော် တော်များများမှာ အဲသည် မန္တလေး ပန်းချီ ဆရာသုံးယောက်ရဲ့ လက်ရာ တွေပဲ ဖြစ်ပါ တယ်။ သူတို့သုံးယောက်စလုံးဟာ မျက်နှာ ဖုံးပန်းချီဆွဲခ တစ်ပြားတစ်ချပ်မှမရတဲ့ အ ပြင် အမရပူရမှာနေထိုင်တဲ့ ဦးအေးမြင့်က ဆိုရင် စာအုပ်မျက်နှာဖုံး သာ ဆွဲပေးရတာ မဟုတ်ပါဘူး၊ မျက်နှာဖုံး လာရောက်အပ် တဲ့ ဘကြီးမိုးကိုပါ မြီးရှည်လည်း ကျွေး၊ လက်ဖက်ရည်လည်း တိုက်ရပါသေးတယ်။ ဒါ့အပြင် ဘကြီးမိုး အတင်း ဝင်ရောက်ရေး ဆွဲတဲ့ ကျောဖုံး၊ မျက်နှာဖုံးပန်းချီများကိုလည်း သည်းညည်းခံပြီး လုပ်ကိုင်ပေးရ ရှာပါတယ်။

မန်းခေတ် သတင်းစာတိုက်ပြီးနောက် မောင်သာနိုးနဲ့ ဘကြီးမိုးတို့နှစ်ယောက် ခေတ် ဂျာနယ်ကို အယ်ဒီတာအဖြစ် တာဝန် ယူရပါတယ်။ အဲသည် ခေတ် ဂျာနယ်ကျ တော့ ပန်းချီတာဝန်ခံဖြစ်လာသူကတော့ ဝင်းဖေပဲ ဖြစ်ပါတယ်။ ဝင်းဖေဟာ မျက်နှာ ဖုံးက ကယ်ရီကေးချားပုံများသာမက အ တွင်းပုံများ၊ ကြော်ငြာများ အားလုံးဒိုင်ခံ ဆွဲရပါတယ်။ ခေတ်ဂျာနယ်ဟာ အပတ် စဉ်ထုတ်ဝေတဲ့ ဂျာနယ်ဖြစ်ပြီး ခေတ် ဂျာ နယ်ရဲ့ သက်တမ်းဟာ ခြောက်လသာ ခံရှာ ပါတယ်။ ဂျာနယ်ရဲ့ သက်တမ်းတစ်ဝက် လောက်မှာ အယ်ဒီတာတစ်ဦးဖြစ်တဲ့ မောင်သာနိုးဟာ ပုဒ်မ ၅ နဲ့ ဖမ်းဆီးခံသွား ရပြီး ဂျာနယ်သက်တမ်းခြောက်လအကြာ မှာ မှတ်ပုံတင်ရုပ်သိမ်းရပ်နားလိုက်တဲ့ အ တွက် ဘကြီးမိုးလည်း ခေတ် ဂျာနယ်ရဲ့ အယ်ဒီတာရာထူး ပြုတ်သွားပါတော့ တယ်။ ခေတ်ဂျာနယ်ရပ်နားလိုက်တဲ့ အ တွက် ဘကြီးမိုးနဲ့အတူ ပန်းချီတာဝန်ခံ ဖြစ် တဲ့ ဝင်းဖေလည်း ရာထူးပြုတ်သွားတာ ပေါ့။

အဲသည်တော့မှ လူထုမှာ ရောက်ရှိနေ တဲ့ ပေါ်ဦးသက်က သူငယ်ချင်းဝင်းဖေကို သူနဲ့အတူ လူထုမှာလုပ်ဖို့ခေါ်ယူတဲ့အတွက် ဝင်းဖေဟာ လူထုသတင်းစာတိုက်ကို ရောက်ရှိသွားပါတော့တယ်။ အဲသည်မှာ လူထု သတင်းစာမှာ ပေါ်ဦးသက်၊ ဝင်းဖေ တို့ရဲ့ ရုပ်ပြောင်ပုံများနဲ့ စာဖတ်သူများကို အများကြီး ဆွဲဆောင်နိုင်ခဲ့ပါတယ်။ အဲ သည်အချိန်မှာ လူထုရဲ့ အယ်ဒီတာချုပ်က ဆရာကြီး ရွှေဥဒေါင်း ဖြစ်ပါတယ်။ တိုက်မှာ လုပ်တဲ့ အယ်ဒီတာကတော့ ဦးလေးလှ၊ ဒေါ်ဒေါ်တို့အပြင် ဦးထွန်းဖေ (သူရရှမ်း ပြည်) က အယ်ဒီတာအဖြစ် တာဝန်ယူရ ပါတယ်။ ဘကြီးမိုးကတော့ လူထုတိုက်မှာ တရားဝင် ဘာမှ လုပ်ဖူးကိုင်ဖူးတာမရှိပေမဲ့ ဦးလေး၊ ဒေါ်ဒေါ်တို့ရဲ့ မိသားစုမှာ ထမင်း အတူတူစား၊တိုက်က စာစီ၊ စက်ရိုက် သမား၊ ဖိုမင်နဲ့တကွ အားလုံး တရင်းတနှီး နေထိုင် လုပ်ကိုင်ခဲ့ဖူးသူ တစ်ဦးဖြစ်ပါ တယ်။

ဘကြီးမိုးရဲ့ အနှိပ်စက်ခံ မန္တလေးက ပန်းချီဆရာသုံးဦးမှာ ပေါ်ဦးသက်၊ ဝင်းဖေ၊ ဦးအေးမြင့်တို့ပဲ ဖြစ်ပါတယ်။ ဘို ဓာတ်ပုံ အဖွဲ ့ရဲ့ တာဝန်ခံဖြစ်တဲ့ ဇော်ဇော်ရဲ့ ဖခင် ပန်းချီ ဦးအေးမောင်လေးကလည်း ဘကြီး မိုးနဲ့ ရင်းနှီးတဲ့ ပန်းချီဆရာတယောက်ပါပဲ။ ဦးအေးမောင်လေးက ရွှေတိုက် မစိုးရိမ်တို့ ရဲ့ ရုံဆင် ပိုစတာရေးဆွဲရသူတစ်ဦး ဖြစ်ပါ တယ်။

ပေါ်ဦးသက်၊ ဝင်းဖေတို့ရဲ့ လက်ဦး ဆရာကတော့ မန ္တလေး မြို့ ရဲ့ ထင်ရှားတဲ့ ပန်းချီဆရာ ဘကြီးသက်ပဲ ဖြစ်ပါတယ်။ ဘကြီးသက်မှာ လက်ရင်းတပည့် သုံး ယောက်ရှိပါတယ်။ လူငယ်ပန်းချီဆရာက သုံးယောက်ပါ။ အဲသည် သုံးယောက်က ကိုမောင်မောင်၊ ပေါ်ဦးသက်နဲ့ ဝင်းဖေတို့ပဲ ဖြစ်ပါတယ်။ ကိုမောင်မောင်ဆိုတာ ဆရာ မြို့မငြိမ်းရဲ့သား ဖြစ်ပါတယ်။ ပေါ်ဦးသက်၊ ဝင်းဖေတို့ထက် အသက်ကြီးတဲ့အပြင် ပန်း ချီဆွဲတဲ့အခါမှာလည်း ပိုတော်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ ကွယ်လွန်သွားရှာ ပါတယ်။

ပေါ်ဦးသက်နဲ့ ဝင်းဖေတို့ဟာ ဘကြီး သက်ဆီမှာ ပန်းချီပညာတွေ သင်ကြားပြီး နောက် ဘကြီးသက်ကလည်း ပန်းချီနည်း ပညာများ ဆက်လက်သင်ကြားစေဖို့ ဦးခင် မောင်ထံမှာ အပ်ပါတယ်။ ဦးခင်မောင်ရဲ့ နာမည်မှာ (ဘဏ်) ဆိုတဲ့ စာလုံးထည့်ဖြစ် တဲ့ အကြောင်းက ဦးခင်မောင်ဟာ ဘဏ် တိုက်ကြီးတစ်ခုရဲ့ မန်နေဂျာတစ်ဦးဖြစ်လို့ ပါပဲ။ ဆရာဦးခင်မောင်ဟာ ခေတ်ပေါ်ခေတ် သစ် ပန်းချီပညာများ လေ့လာရေးဆွဲတတ် သူတစ်ဦးဖြစ်တဲ့အတွက် သူ့ထံလာအပ်တဲ့ ပေါ်ဦးသက်နဲ့ ဝင်းဖေတို့ကို အနောက်နိုင်ငံ က စာပေးစာယူသင်တန်းနှစ်ခုဖြစ်တဲ့ ပေါ် ဦးသက်ကို ဖေ့မက်အားတစ်ကျောင်း၊ ဝင်း ဖေကို ဝါရှင်တန်စကူးအော့အတ် စာပေး စာယူကို သူကပဲ ပိုက်ဆံစိုက်ထုတ်ပေးပြီး သင်တန်းအပ်ပေးပါတယ်။

ပေါ်ဦးသက်ကို ဖေ့မက်အားတစ် ကျောင်းက ပထမဆုံးဆွဲဖိို့ တာဝန်ပေးအပ် တာက ဝ လုံး ၃၀ ရေးဆွဲဖို့ တာဝန်ပါပဲ။ အဲသည်အချိန်မှာ ပေါ်ဦးသက်ဟာ ပန်းချီ ဆရာတစ်ယောက်ဖြစ်နေပါပြီ။ အလွယ် တကူပဲ ဝလုံး ၃၀ ရေးဆွဲပြီး ပို့လိုက်ပါ တယ်။ ကျောင်းကနေ ဝလုံး ၃၀ ကို စက္ကူ ပါးနဲ့ ထပ်ပြီး ဆွဲလိုက်တဲ့ ဝလုံး ၃၀ က ပေါ်ဦးသက်ထက် လှပါတယ်။ ဒါတင်မက ပါဘူး၊ ဒုတိယတာဝန်အဖြစ်နဲ့ ပြေးနေတဲ့ လူတစ်ယောက်ပုံကို ရေးဆွဲခိုင်းပါတယ်။ ပေါ်ဦးသက်က ပြေးနေတဲ့ပုံကို ဆွဲဖြစ်တာ ပေါ့။ ဆွဲနေတဲ့အချိန်မှာ ဝင်းဖေနဲ့ ဘကြီးမိုး တို့ အတူ ရှိပါတယ်။ ဘကြီးမိုးတို့ကိုလည်း ပြပါတယ်။ တကယ်ပဲ ပြေးနေတဲ့ပုံ ကောင်း ပြီဆိုမှ ကျောင်းကိုပို့လိုက်ပါတယ်။ကျောင်း ကနေ ပြန်လာတဲ့ပုံကတော့ ပေါ်ဦးသက် ရေးဆွဲနေတဲ့ ပြေးနေတဲ့ပုံအပေါ်မှာ စက္ကူ ထပ်ပြီး ကလေးတစ်ယောက်ပြေးနေတဲ့ ပုံကို ရေးဆွဲပြလိုက်ပါတယ်။ အဲသည် တော့မှ ပေါ်ဦးသက်ဆွဲတဲ့ ပြေးနေတဲ့ ပုံက ရပ်နေ တဲ့ အဆင့်လောက်ပဲရှိပြီးတော့ ဖေ့မက် အားတစ်က ဆွဲပေးလိုက်တဲ့ပုံကမှ တကယ်ပဲ ပြေးနေတဲ့ပုံဖြစ်နေလေတော့ တကယ့် ပညာရှင်များရဲ့ ကျောင်းဖြစ် ကြောင်း သိရပါတော့တယ်။

ဖေ့မက်အားတစ်ကျောင်းကတော့ အင်္ဂလန်မှာရှိတဲ့ တကယ့်ပန်းချီဆရာ အ ကျော်အမော်များ ဦးစီးတဲ့ကျောင်း ဖြစ်ပါတယ်။ ဝင်းဖေရဲ့ ဝါရှင်တန်စကူးအော့ အတ် ကတော့ ခေတ်ပေါ် ပန်းချီဆရာများ ဖြစ်ပါတယ်။ ပေါ်ဦးသက်နဲ့ ဝင်းဖေတို့ဟာ အဲ သည်စာပေးစာယူကျောင်းနှစ်ကျောင်း မှာ ဆရာ ဦးခင်မောင် အပ်ပေးလို့ သင်ယူ ခွင့် ရခဲ့ပေ မဲ့ နှစ်ပတ်ခန့်အရောက်မှာ နိုင်ငံ ခြားက စာပေးစာယူ ပန်းချီသင်ခွင့် ရပ် ဆိုင်း ခံလိုက်ရတဲ့အတွက် ပေါ်ဦးသက်၊ ဝင်းဖေတို့ဟာ ဆက်လက်သင်ကြားခွင့် မရရှိခဲ့ပါဘူး။

ဒါပေမဲ့ ဦးခင်မောင် (ဘဏ်) ရဲ့ အိမ်မှာ တော့ ဆရာဦးခင်မောင်က ပေါ်ဦးသက်၊ ဝင်းဖေတို့နဲ့အတူ ဦးအေးမြင့်ကိုပါ အိမ် ခေါ်ပြီး ပန်းချီဆေးအသစ်တွေ မှာယူ၊စက္ကူ တွေ မှာယူပြီး ပန်းချီရေးဆွဲတာ သင်ကြား ပေးပါတယ်။ ပေါ်ဦးသက်၊ ဝင်းဖေ၊ ဦးအေး မြင့်တို့နဲ့အတူ ရောရိရောရာ ဘကြီးမိုး လည်း ဆရာဦးခင်မောင်အိမ်မှာ လိုက်ပြီး ပန်းချီဆွဲသင်ခဲ့ဖူးပါတယ်။ ထုံးစံအတိုင်း ဖြစ်ဖြစ်မြောက်မြောက်တော့ မတတ် မြောက်ခဲ့ပါဘူး။ ဒါပေမဲ့ ပန်းချီပညာရပ် သဘောတရားတွေကို စာအုပ်စာတမ်း တွေ ဖတ်ရှုခွင့်ရပြီး အတော်အတန်သိလာ တဲ့အတွက် မန်းခေတ်သတင်းစာတိုက်မှာ ဘကြီးမိုးက ပန်းချီဆောင်းပါးတွေ အများ ကြီး အများကြီး ရေးဖြစ်ခဲ့သူ ဖြစ်လာပါ တယ်။

ဘကြီးမိုးရဲ့ငယ်ပေါင်း ပန်းချီဆရာ သုံးဦးအနက် ဆရာဦးအေးမြင့်ဟာ ပြီးခဲ့ တဲ့ နှစ်နှစ်လောက်က ကွယ်လွန်သွားရှာ ပါတယ်။ ဦးအေးမြင့်ဟာ မြန်မာမှု မြန်မာ ဒီဇိုင်းတွေကို စနစ်တကျလေ့လာ လိုက် စား ရေးဆွဲသူဖြစ်လေတော့ မြန်မာ့ပန်းချီ လောကမှာ မြန်မာမှု ပန်းချီဒီဇိုင်းတွေကို ရေးဆွဲသူအဖြစ် ထင်ရှားပါတယ်။ သူနဲ့ အတူ တမ္ဗဝတီဦးဝင်းမောင်ကလည်း ပန်းပု ဆရာအဖြစ် မန ္တလေး မြို့ရဲ့ အကျော် ကြား ဆုံး ပန်းပုဆရာတစ်ဦးဖြစ်ပြီး မန္တလေး ရဲ့ မြန်မာမှုပန်းချီပန်းပုများ လုပ်ဆောင်ရာ မှာ ထင်ရှားတဲ့ ပန်းချီဆရာကြီး ပန်းပုဆရာ ကြီး ဖြစ်ခဲ့ပါတယ်။

အဲသည်လို အဲသည်လိုနဲ့ ဘကြီးမိုးရဲ့ ငယ်ပေါင်း ပန်းချီဆရာကြီးသုံးဦးတို့ဟာ ဘကြီးမိုး ထုတ်ဝေတဲ့ မဂ္ဂဇင်းတွေမှာ ရေး ဆွဲရ၊ စာအုပ်တွေမှာ မျက်နှာဖုံးရေးဆွဲရေ ဖြစ်ခဲ့ပါတယ်။ ဒါကတော့ မန္တလေးမှာရှိစဉ် အတွင်း ဘကြီးမိုး ရဲ့အနှိပ်စက်ခံငယ်ပေါင်း  ပန်းချီဆရာသုံးဦးပဲ ဖြစ်ပါတယ်။