Breaking News

သီဟလတ် - ၈၈ကာလ လူငယ်တဦး၏ ၂၀၂၁ အတွေးအပိုင်းအစများ



သီဟလတ် - ၈၈ကာလ လူငယ်တဦး၏ ၂၀၂၁ အတွေးအပိုင်းအစများ

(ပထမပိုင်း)
(မိုးမခ) မတ် ၄၊ ၂၀၂၁

လက်ရှိနိုင်ငံရေးအခြေအနေကိုနားလည်ဖို့အတွက် စဉ်းစားရင်း အတွေးတွေက ၁၉၈၈ ခုနှစ်ကာလတွေဆီ ရောက်သွားမိပါတယ်။

၈၈ အရေးတော်ပုံကာလက မြန်မာနိင်ငံမှာ မဆလ တပါတီတည်းရှိပါတယ်။ မဆလ ပါတီဆိုတာ ၆၂ ခုနှစ်အာဏာသိမ်းတော်လှန်ရေးကောင်စီခေတ်မှာ အမြုတေပါတီဆိုပြီး သန္ဓေတည်‌ပေါက်ဖွားခဲ့တဲ့ပါတီပါ။ ၇၄ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကလည်း မဆလ တပါတီတည်းကြီးစိုးဖို့ တော်လှန်ရေးကောင်စီက ကြီးမှူးရေးဆွဲခဲ့တာပါ။ ပြောရရင် အာဏာသိမ်း တော်လှန်ရေးကောင်စီကစစ်ဗိုလ်တွေ အရပ်ဝတ်လဲပြီး ဆက်အုပ်ချုပ်နိုင်အောင်ရေးခဲ့တဲ့ ဥပဒေပေါ့။ အဲဒါကြောင့် ၈၈ အရေးတော်ပုံကာလက

၁။ စစ်တပ်
၂။ စစ်တပ်ခေါင်းဆောင်တွေကြီးစိုးတဲ့မဆလပါတီ
၃။ စစ်တပ်ခေါင်းဆောင်တွေအလိုကျရေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ
၄။ စစ်တပ်ခေါင်းဆောင်တွေဦးစီးတဲ့ လွှတ်တော်နဲ့အစိုးရတွေဟာ တစ်ထပ်တည်းဖြစ်ပါတယ်။

အဲ့ဒါအပြင် လူထုလူတန်းစားအဖွဲ့အစည်း‌တွေလို့ မဆလပါတီကခေါ်ဝေါ်တဲ့ အလုပ်သမားအစည်းအရုံး၊တောင်သူလယ်သမားအစည်းအရုံးနဲ့ လမ်းစဉ်လူငယ်တွေဆိုတာ‌တွေကလည်း သူတို့အလိုကျဖွဲ့စည်းထားတာပါ။

အဲဒီအချိန်က မြို့နယ်အဆင့်နဲ့အထက်အာဏာပိုင်တွေ၊ အစိုးရဌာနတွေကဝန်ကြီးတွေ၊အရာရှိကြီးတွေ အားလုံးလိုလိုဟာ စစ်တပ်ကမိုးကျရွှေကိုယ်တွေဖြစ်နေကြပြီး အာဏာပိုင်အဖွဲ့အစည်းတွေနဲ့အစိုးရဌာန‌တွေက ဝန်ထမ်းတွေဟာအလုပ်ရဖို့၊ ရာထူးတိုးဖို့၊ ပညာတော်သင်သွားဖို့တွေအတွက် မဆလပါတီကို မဖြစ်မနေဝင်ကြရပါတယ်။ အဲ့ဒါကြောင့် ၈၈ အရေးတော်ပုံကာလမှာ အာဏာပိုင်အဖွဲ့အစည်းတွေကဝန်ထမ်း‌တွေ၊ အစိုးရဌာန‌တွေကဝန်ထမ်းတွေဟာ စုပေါင်းပြီး မဆလပါတီဝင်အဖြစ်ကနုတ်ထွက်တာ၊ ပါတီဝင်ကဒ်တွေဖျက်ဆီးတာတွေလုပ်ကြပါတယ်။ ရုံးလည်းမတက်၊အလုပ်လည်းမသွားကြတော့ပဲ အထွေထွေသပိတ်ကြီးမှာ ပူးပေါင်းပါဝင်လာကြပါတယ်။

၈၈ အရေးတော်ပုံက လူထုတိုက်ပွဲပုံသဏ္ဍာန်တွေဟာ ဆန္ဒပြချီတက်ပွဲ၊ ရုံးမတက် အလုပ်မသွားတဲ့အာဏာဖီဆန်ရေးတိုက်ပွဲ၊ အမိန့်တွေမနာခံတဲ့ အာဏာဖီဆန်ရေးတိုက်ပွဲ၊ အစာငတ်ခံဆန္ဒပြပွဲ အစရှိတဲ့အထွေထွေသပိတ်တိုက်ပွဲတွေသာရှိခဲ့ပါတယ်။ မူလလွှတ်တော်နဲ့အစိုးရဟာ လူထုဆန့်ကျင်ဖက်မှာရှိနေခဲ့လို့ တိုက်ပွဲတွင်းမပါဝင်ခဲ့ပါဘူး။

၈၈ အရေးတော်ပုံကြွေးကြော်သံတွေမှာတွေ့ရတဲ့ လူထုရဲ့အဓိကတောင်းဆိုချက်တွေကတော့

- တပါတီအာဏာရှင်စနစ်ဖျက်သိမ်းရေး တို့အရေး
- ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး တို့အရေး
- ပါတီစုံဒီမိုကရေစီရရှိရေး တို့အရေး
- ကြားဖြတ်အစိုးရဖွဲ့စည်းရေး တို့အရေး
တွေပဲဖြစ်ပါတယ်။

"တပါတီအာဏာရှင်စနစ်ပျက်သွားအောင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်ရမယ်။ ပါတီစုံဒီမိုကရေစီကိုကူးပြောင်းဖို့ ယုံကြည်စိတ်ချရတဲ့ ကြားဖြတ်အစိုးရဖွဲ့ရမယ်" ဒီလိုစိတ်တွေနဲ့ လူထုကကြွေးကြော်ကြတာပါ။

ဒါပေမယ့်ကြားဖြတ်အစိုးရ ဖြစ်မလာပဲ ၁၈-၉-၈၈ ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းလိုက်ပါတယ်။ အဲဒီနောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ)ဆိုတာကိုဖွဲ့လိုက်ပြီး မဆလခေတ်ကရှိတဲ့ အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်ကိုဖျက်သိမ်းပါတယ်။ဒါပေမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရေးကော်မရှင်ကိုတော့ မဖျက်သိမ်းပဲ ဆက်ထားထားပါတယ်။ ပါတီအဖွဲ့အစည်းတွေပြင်ဆင်ဖွဲ့စည်းခွင့်ပြုတာနဲ့အတူ "နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊နည်းဥပဒေ" တွေလည်းထွက်လာပါတယ်။

ဒီလိုနဲ့ ၈၈ အရေးတော်ပုံရဲ့ရလဒ်အဖြစ် ပါတီအဖွဲ့အစည်းတွေပေါ်ပေါက်လာခဲ့ပါတယ်။ ဒီနေ့အင်အားကြီးပါတီဖြစ်တဲ့ NLD ပါတီကိုလည်း ၂၇-၉-၈၈ ရက်နေ့မှာစတင်တည်ထောင်ခဲ့ပါတယ်။

အဲဒါအပြင်တချို့ရလဒ်တွေလည်းရှိပါတယ်။အဲဒါတွေကတော့ ဈေးကွက်စီးပွားရေး တဖြည်းဖြည်းဖွံ့ဖြိုးလာပြီး ပုဂ္ဂလိကကုန်ထုတ်လုပ်ငန်းကြီးတွေ၊ ပုဂ္ဂလိကကုန်သွယ်လုပ်ငန်းကြီးတွေ၊ ပုဂ္ဂလိကဘဏ်တွေ၊ ပုဂ္ဂလိကသတင်းမီဒီယာ‌တွေ၊ လူမှုအဖွဲ့အစည်း‌တွေ စတာတွေလည်းထွက်ပေါ်လာပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေကိုလည်း အရင်ကထက်သွားရလာရလွယ်ကူလာပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု‌တွေလည်း တိုးတက်လာပါတယ်။ ပုဂ္ဂလိကကဏ္ဍတွေအဘက်ဘက်က ကျယ်ပြန့်လာပါတယ်။

အချုပ်ပြောရရင် တပါတီအာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး ဆိုတာတွေအောင်မြင်ခဲ့ပြီး ပါတီစုံဒီမိုကရေစီရရှိရေးကတော့ တဝက်တပျက်ပဲအောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် တကယ့်လက်မဲကြီးအစစ် စစ်အာဏာရှင်စနစ်ကတော့ ဆက်ရှိနေခဲ့တယ်ဆိုတာ . . .။

အတွေးတွေ ပစ္စုပ္ပန်ကိုပြန်ဆွဲယူလိုက်ချိန်မှာ ပေါက်ကွဲသံတွေဆူညံနေပါတော့တယ်။

(ဒုတိယပိုင်းဆက်‌ရေးပါမယ်။)

သီဟလတ်