မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၇ မြင်ကွင်း
မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၇ မြင်ကွင်း
(မိုးမခ) ဇွန် ၈၊ ၂၀၂၂
သေဒဏ်ကွပ်မျက်မှု လုပ်ဆောင်မှာကို ကန့်ကွက်မှုတွေနဲ့ တုံ့ပြန်မှု
ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ ဦးကျော်မင်းယု(ခ)ဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် လှိုင်သာယာမှ စစ်အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့ ဆက်နွယ်ပြီး ကျောင်းဆရာမတဦးကို သတ်ဖြတ်မှုနဲ့ စစ်ခံရုံးက သေဒဏ်ချမှတ်ထားသူ ၂ ဦး စုစုပေါင်း ၄ ဦးကို သေဒဏ်စီရင်ချက် အယူခံ ရှုံးပြီး ကွပ်မျက်ဖို့ စီရင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ နိုင်ငံခြား သံရုံး ၂ ရုံးနဲ့ ကုလသမဂ္ဂအဖွဲ့တို့က ဒီလိုလုပ်ဆောင်မှုကို ကန့်ကွက်တယ်ဆိုတဲ့ ကြေညာချက် ကုလသမဂ္ဂ အဖွဲ့က အလွန်စိုးရိမ်တယ်ဆိုတဲ့ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။
အမေရိကန် သံရုံး နဲ့ ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ၂ ရုံးက ပြင်းပြင်းထန်ထန် ရှုတ်ချကြောင််း နဲ့ အမေရိကန် သံရုံးကတော့ တရားဥပဒေစိုးမိုးမှုကို ဂရုမစိုက်ကြောင်း ပြသလိုက်တာလို့ ထုတ်ပြန်ချက်ထဲ ဖေါ်ပြထားပါတယ်။ ပြင်သစ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ တရားမဝင်စစ်အစိုးရဲ့ အကြမ်းဖက် လုပ်ရပ်တွေ လို့ ရည်ညွှန်းထားတဲ့ စာသားက စစ်ကောင်စီကို တည့်တည့် ရည်ညွှန်းလိုက်တဲ့ စကားလုံးဖြစ်ပြီး စစ်ကောင်စီကို စိမ်ခေါ်သလို ဖြစ်ပြီး သံတမန်ရေးအရ နောက်တရက်မှာ တရားမဝင် စစ်အစိုးရ ဆိုတဲ့ စကားလုံး သုံးနှုန်းတာကို ပြင်းပြင်းထန်ထန် တုံ့ပြန်ကန့်ကွက်ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။
ပြင်သစ် နိုင်ငံက သေဒဏ်အပြစ်ပေးခြင်းကို ဆန့်ကျင်တဲ့ နိုင်ငံလည်းဖြစ်ပြီး အခြေအနေအရပ်ရပ်မှာ သေဒဏ်ပေးတာကို ဆန့်ကျင်ကြောင်းလည်း ဖေါ်ပြထားပါတယ်။ အမေရိကန်နိုင်ငံကတော့ သေဒဏ်အပြစ်ပေးခြင်းကို ဥပဒေအရ လက်ခံထားတဲ့ နိုင်ငံဖြစ်ပြီး သေဒဏ်ပေးမှုတွေလည်း ရှိတဲ့နိုင်ငံဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးမှာတော့ နိုင်ငံရေး နဲ့ ဆက်စပ်ပြီး တရားရုံးက သေဒဏ်အပြစ်ပေးကွပ်မျက်မှုတွေက ဆယ်စုနှစ်များစွာမှသာ ဖြစ်ပွားလေ့ရှိတာဖြစ်ပြိး စစ်အာဏာ သိမ်းမှုမတိုင်ခင် နောက်ဆုံး နိုင်ငံရေးအရ သေဒဏ် အပြစ်ပေးကွပ်မျက်မှုက ၁၉၇၆ နဲ့ ၁၉၇၇ ခုနှစ်တွေမှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ တရားရုံးက သေဒဏ် စီရင်ချက်ချပြီး သေဒဏ်ပေးကွပ်မျက်ခံရတဲ့ နိုင်ငံရေးနဲ့ သက်ဆိုင်သူ တဦးမျှ မရှိခဲ့ဘူးလို့ မှတ်တမ်းတွေ အရဆိုပါတယ်။
သို့ပေမယ့်လည်း တရားရုံးပြင်ပ ၊ တရားစီရင်ရေးစနစ်ရဲ့ ပြင်ပ မှာ ဥပဒေမဲ့ သတ်ဖြတ်မှုတွေက တခုမက ၊ ဆယ်နဲ့ချီ ရှိနေခဲ့မှာ မြေကြီးလက်ခတ်မလွဲပါဘူး။ ဒီလို လူသိရှင်ကြား သေဒဏ်တရားစီရင်ပြီး ကွပ်မျက်မှုက ဂယက်ရိုက်ခတ်မှုရှိတာကြောင့် လက်နက်ကိုင် လှုပ်ရှားမှုတွေနဲ့ ဆက်စပ်တဲ့ နိုင်ငံရေးသမားအချို့ လက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့က ဖမ်းဆီးခံရတဲ့ နေရာမှာတင်သော်လည်းကောင်း၊ ဖမ်းဆီးစစ်ဆေးတဲ့ ဖြစ်စဥ်တွေမှာသော်လည်းကောင်း အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
၁၉၈၈ ကနေ ၂၀၁၁ ထိအကြားထဲ စစ်တပ်က ဖမ်းဆီးခံရတဲ့ သူအချို့ စစ်ထောက်လှမ်းရေး လက်ထဲမှာ စစ်တပ်ရဲ့ လက်ထဲမှာ အသက်ဆုံးရှုံးခဲ့ကြရသူတွေ အများအပြားရှိပါတယ်။ ကိုယ်လက်လှမ်းမှီတဲ့ ဒေသ မြို့နယ်တွေမှာ တောင် မှတ်မှတ်ရရ ဖြစ်ပျက်ခဲ့တာ ဖြစ်လို့ တခြား လက်လှမ်းမမှီတဲ့ ဒေသတွေမှာ ဘယ်မျှသော အရေအတွက် ရှိခဲ့မယ်ဆိုတာ မပြောနိုင်ပါဘူး။
ဒီနောက်ခံ အချက်တွေကို ပြန်သုံးသပ်ကြည့်ရင်အခု သေဒဏ်စီရင်မှု လုပ်ဆောင်ခံရမယ့် အန်အယ်လ်ဒီ ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း မြို့ပြပြောက်ကျား အစုအဖွဲ့တွေကို စီမံခန့်ခွဲသူ၊ လက်နက် အထောက်အပံ့တွေ စီစဥ်သူ အဖြစ်နဲ့ ပုံဖေါ်ခံရသူ ၂ ဦး နဲ့ ဆန္ဒပြမှု စီဒီအမ် လှုပ်ရှားမှုတွေ ဖြိခွဲမှုတွေကာလမှာ ဆရာမ တဦးကို သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သေဒဏ်အပြစ်ပေးခံရသူ ၂ ဦးတို့ကို လက်တွေ့ စီရင်ကွပ်မျက်ခြင်းအားဖြင့် နိုင်ငံရေးအရ သက်ရောက်မှု တခုကို စစ်ကောင်စီဘက်က ရည်ရွယ်ပုံရတယ်လို့ မှန်းဆရပါတယ်။
တဘက်မှာ စစ်တပ် ထောက်ခံသူ တွေရဲ့ အားမလို အားမရဖြစ်မှု သူတို့ကို မကာကွယ်ပေးနိုင်ဘူး၊ လုံလောက်တဲ့ အရေးယူမှုမလုပ်ဘူး ဆိုတဲ့ အားမရဖြစ်မှုတွေကို အဖြေပေးဖို့ ရည်ရွယ်တာလည်း ဖြစ်နိုင်ပါတယ်။
စစ်ကောင်စီရဲ့ ဒီလို ရှေ့တိုးလုပ်ဆောင်မှုက ဘာအကျိုးဆက်တွေ ဖြစ်လာနိုင်သလဲဆိုတာကတော့ မှန်းဆကြည့်ရင် လက်တုံ့ပြန်မှုတွေ မြို့တွေ နယ်တွေမှာ တုံ့ပြန် တိုက်ခိုက်မှုတွေ မြင့်တက်လာနိုင်တဲ့ အလားအလာတွေ ရှိပါတယ်။
ဒီနေ့အဖို့ အခြားသတင်းအကြောင်းအရာ တခုမှာတော့ ဝ အဖွဲ့နဲ့ နိင်ငံရေး စစ်ရေးအရ နီးစပ်သလို နယ်မြေအားဖြင့်လည်း ဆက်စပ်နေတဲ့ NDAA မိုင်းလားအဖွဲ့က နေပြည်တော်မှာ စစ်ကောင်စီရဲ့ ဖိတ်ကြားမှုနဲ့ ငြိမ်းချမ်းရေးကိစ္စ လာရောက်စဥ်မှာ မိုင်းလား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးဖို့ ထပ်မံတောင်းဆိုလိုက်တဲ့ သတင်းအကြောင်းအရာ ဖြစ်ပါတယ်။
မိုင်းလားအဖွဲ့ အနေနဲ့ ၂၀၁၆ ခုနှစ် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ပထမအကြိမ် ညီလာခံတွေတုန်းကတည်းက မိုင်းလား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ဖူးတာ ဖြစ်ပြီး အခုအဲဒီအချက်ကိုပဲ ထပ်မံအလေးပေးပြောဆိုတာ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်က မူအရ လက်ခံတယ်လို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ အခုလို တိုင်းပြည်အခြေအနေ ရှုပ်ထွေးနေစဥ် ကာလ မှာ ငြိမ်းချမ်းရေးဆွေးနွေးတာဟာ ရေရှည်အရေးကို မျှော်တွေးပြီး တာရှည်ခံမယ့် သဘောတူညီမှုမျိုး အဖက်ဖက်က ကျေနပ်လက်ခံကြတဲ့ သဘောတူညီမှုမျိုးထက် လတ်တလောအကြပ်အတည်း ထွက်ပေါက်လိုမျိုး ဖြစ်မယ်လို့ အများက အကဲဖြတ်ကြတာ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာလည်း စစ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အများအပြားနဲ့ အပစ်ရပ် သဘောတူညီမှုတွေ ရယူခဲ့ပြီး သဘောထားတင်းမာတဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီးအတိုက်အခံတွေကို လက်ခံထားတဲ့ အဖွဲ့တွေကို ဦးတည်တိုက်ဖို့ လုပ်ဆောင်ခဲ့တဲ့ သာဓကတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar