Breaking News

မောင်လူရေး - နိုင်ငံသားပြုန်းတီးမှု

၂၀၁၃ တုန်းက စောငို၏ ကာတွန်း


မောင်လူရေး - နိုင်ငံသားပြုန်းတီးမှု

(မိုးမခ) ဇန်နဝါရီ ၃၀၊ ၂၀၂၀
သမတဖြစ်တာနဲ့ ပထမဦးစားပေးလုပ်ရမှာကတော့ “နိုင်ငံသားပြုန်းတီးမှုပြဿနာ”ဖြစ်သည်။ အဲဒီအတွက် အရေးအကြီးဆုံးက ကိုယ်သမ္မတဖြစ်ခွင့်ရှိဖို့ပင်။ ခုလက်ရှိမြေပြင်အခြေအနေက နိုင်ငံသားတိုင်း သမ္မတဖြစ်ခွင့်မရှိ။ နိုင်ငံသားမဖြစ်သူတွေအဖို့ကတော့ ဆယ်အိမ်ပိုင်ထားတောင် ဆယ်အိမ်မှူး ဖြစ်စရာပင်မရှိ။ လဝကဝန်ကြီးတွေ မှိုလိုပေါက်လာပေမယ့် နိုင်ငံသားမှတ်ပုံတင်မရလို့ နိုင်ငံသားမဖြစ်သူတွေက ဒုနဲ့ဒေး။ ဒီတခါ ရွေးကောက်ပွဲအတွက်များ သေချာလုပ်ပေးနိုင်ရင်တော့မသိ။ မဟုတ်ရင် နိုင်ငံသားဖြစ်ဖို့ အလွယ်ဆုံးနည်းလမ်းက စစ်ထဲ ဝင်တာဘဲ ရှိတော့သည်။ စစ်ထဲကျပြန်တော့ မည်သို့လုပ်လိုက်သည်မသိဆိုတာလို နိုင်ငံသားက တရက်အတွင်း ဖြစ်သွားပြန်သည်။

ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ လူတိုင်း လူ့အခွင့်အရေးရဖို့ဆိုတဲ့ပေါ်လစီကို ဦးထိပ်ပန်ဆင်လျှင် နိုင်ငံသားတိုင်း သမ္မတဖြစ်ခွင့်ရှိရမည်ဆိုတဲ့ဥပဒေပြုဖို့လောက်တော့ လက်ရှိလွှတ်မင်းများက နားလည်မှုရှိဖို့ လိုပေလိမ့်မည်။ ယခု ခြေဥပြင်ဆင်ရေးသည် နိုင်ငံသားတိုင်း သမ္မတဖြစ်မှု အခြေပြု ခြေဥပြင်ဆင်ရေးဖြစ်ရမည်လေ။ ခုဟာက သမ္မတဖြစ်ခွင့်ကို အနိုင်ရပါတီခေါင်းဆောင်နဲ့ တပ်ကဘဲ ပါမစ်ရထားသလိုဖြစ်နေသည်။ ဒါ မဟုတ်သေး၊ ပြီးပြည့်စုံသော နိုင်ငံရေးဖြစ်ထွန်းမှုမဟုတ်သေး။ ဆိုလိုတာက နိုင်ငံရေးကိစ္စ မပြီးသေး။ 

နိုင်ငံရေးကိစ္စပြီးဖို့က နိုင်ငံသားတိုင်း သမ္မတဖြစ်ခွင့်ရှိသည့်စနစ်တရပ် ထူထောင်ရမည်။ အဲ အဲဒါဆိုရင် နိုင်ငံသားတိုင်း နိုင်ငံသားဖြစ်ရမည်က ပိုအရေးကြီးမည်ထင်သည်။ နိုင်ငံသားဖြစ်မှုဟူသည် မှတ်ပုံတင်ရှိမှုကိုဆိုသည်။ ဒီပြည်မှာက သားစဉ်မြေးဆက် ဒီမှာမွေးပြီး သားစဉ်မြေးဆက် ကိုယ့်မြို့ ကိုယ့်ရွာအပြင် မထွက်ဖူးလဲ မှတ်ပုံတင်မရှိရင် နိုင်ငံသားမဟုတ်။ ကနေ့မှ ပြည်ကြီးကလာလဲ မှတ်ပုံတင်ရှိလျှင် နိုင်ငံသားဖြစ်သည်။ မှတ်ပုံတင်ရဖို့က သိပ်ခက်သလားဆိုတော့ တချို့တွေအတွက် သားစဉ်မြေးဆက် ခက်နိုင်သလို တချို့တွေအတွက် တရက်ထဲနဲ့ ရသည်။ 

တနေ့က စစ်သားကုန်ကူးခံရတဲ့ကလေးနှစ်ယောက် မျက်စိရှေ့မှောက် ရောက်လာသည်။ တယောက်က ကုလားမို့ လက်မခံ၊ တယောက်ကို အသက်မပြည့်သေးလို့ ခနချန်ထားသတဲ့။ ကုလားမဟုတ်တဲ့ သူ့ကိုတော့ ရောက်တဲ့ရက်မှာ မှတ်ပုံတင်လုပ်ပေးထားသတဲ့။ သူ့မှာ မိဘမရှိ၊ လာခေါ်မယ့် အမျိုးအဆွေမရှိ။ ခေါ်ပေးမယ့်အသိမိတ်ဆွေကလဲ လာမခေါ်နိုင်၊ ဆိုင်ကယ်အက်စီးဒင့်ဖြစ်ထားသမို့ လူမှုရေးအသင်းအဖွဲ့များကို အကူအညီတောင်းနေတုန်း သူ ပြန်ထွက်သွားသည်။ သူက မှတ်ပုံတင် ရချင်လို့ ကုန်ကူးခံခဲ့တာဆိုတော့ ပြန်သွားယူချင်ပုံရသည်။ သူ့အဝတ်အိပ်နဲ့အတူ လုပ်ပေးထားတဲ့ မှတ်ပုံတင်အသစ်က ကျန်ရစ်သည်တဲ့။ သူတို့ကို တပ်အပြင်က အဆောင်လေးမှာ ထားသည်တဲ့။ လမ်းလျှောက်ရင်း လျှောက်ရင်း ကိုယ့်ဆီ ရောက်လာကြတာ ဖြစ်သည်။ သူ့လို မိဘမဲ့ ဆွေမဲ့မျိုးမဲ့အဖို့ မှတ်ပုံတင်ရနိုင်တဲ့ တခုတည်းသောနည်းလမ်းက စစ်ထဲဝင်တာဘဲ ရှိမည်။ ဟိုကုလားလေးကို ဒလက သူ့အကို အမနဲ့ အဒေါ် က လာခေါ်သည်။ ရဲစခန်းက ထောက်ခံစာနဲ့ ကားစီးလာရသည်။ သူတို့မှာလဲ မှတ်ပုံတင်မရှိ။ ဘယ်တုန်းကမှ လုပ်မပေးတဲ့။ သားစဉ်မြေးဆက်မရသေးတဲ့။ သုံးသိန်းပေးရင်တော့ ရသည်တဲ့။ သူ့မှာလဲ လှေထိုးသားဆိုတော့ သုံးသိန်းပြည့်အောင် ဘယ်တုန်းကမှ မစုနိုင်တဲ့။ မှတ်ပုံတင်လုပ်ဖို့ ငွေထုတ်ပေးတဲ့ NGO တွေ ဘာတွေ ပေါ်လာရင်တော့ မဆိုး။ ဒါ ဖွံ့ဖြိုးရေးအစစ်မို့ လုပ်သင့်သည်ထင်သည်။ လဝကဝန်ကြီးသစ်တွေ သိဖို့။
နိုင်ငံသားပြုန်းတီးမှု ပြောမလို့ဟာ ဘယ်ရောက်ကုန်မှန်း မသိ။ အရင် စစ်အစိုးရခေတ်မှာ ပထမ ဦးနှောက်ယိုစီးတယ်ဆိုတဲ့ဟာ ဖြစ်သည်။ စင်္ကာပူတို့ ဘာတို့ဆီ ပညာတတ်တွေ ထွက်ကုန်သည်။ အဲဒီနောက် အလုပ်အကိုင်မဖန်တည်းပေးနိုင်တော့ မလေးရှား ထိုင်း တရုတ် ထွက်လိုက်ကြတာ၊ ပညာတတ်တတ် မတတ်တတ်၊ လူငယ် လူရွယ်ကုန်သလောက်ကို ဖြစ်ရော။ ဟော ခု အရပ်သားအစိုးရလက်ထက် ကိုရီးယား ဂျပန်တွေပါ ထွက်နေကြပြီ။ စစ်ကိုင်းဆို အစိုးရကိုယ်တိုင်က ဂျပန်သင်တန်းတွေလုပ်ပို့ဖို့ စိုင်းပြင်းနေကြသည်။ နောက်ထပ်လဲ လက်ကျန်တွေက အကုန်ထွက်ကြတော့မယ့်ကိန်း။

 ပြည်တွင်းမှာက လုပ်ချင်စရာ နေချင်စရာ ဘာတခုမှ မကောင်း။ တရက် လေးထောင်ပေးပြီး ၁၄နာရီလောက် ပိတ်ရက်မရှိ ခိုင်းချင်တဲ့တိုင်းပြည်လေ။ ဘယ်သူက လုပ်စားချင်မှာလဲ။ တိုင်းပြည်မှာက ဘုန်းကြီးနဲ့ မယ်သီလရယ်၊ ဘာသာရေးခေါင်းဆောင်တွေရယ်၊ စစ်သားရယ်၊ ဝန်ထမ်းရယ် အစိုးရလုပ်မယ့်သူရယ်၊ အရက်သမား ဆေးသမားရယ်၊ လူအိုလူမင်းရယ် ကလေးရယ်ဘဲ ကျန်တော့တာ။ 

အဲဒီမှာလဲ အခံရဆုံးက ကလေး။ ခိုင်းစရာက ကလေးဘဲ ကျန်တော့တာဆိုတော့ ကလေးကို ဘုန်းကြီးနဲ့ ဘာသာရေးဆရာတွေကလု၊ မယ်သီလက လု၊ စစ်တပ်က လု၊ လက်ဖက်ရည်ဆိုင် စားသောက်ဆိုင်က လု၊ အလုပ်ရုံက လုနဲ့ ဖြစ်ချင်တိုင်း ဖြစ်နေတာ။
သမ္မတဖြစ်တာနဲ့ အဲဒီပြဿနာ စကိုင်တွယ်ရမှာ။ မဟုတ်ရင် ကိုယ်အုပ်ချုပ်ဖို့တောင် လူကျန်ဖို့မလွယ်ဘူး။ ၂၀၁၈တုန်းက NLDအစိုးရက တနာရီ ၆၀၀နဲ့ တရက် ၄၈၀၀ အနိမ့်ဆုံးလုပ်အားခ သတ်မှတ်ထားတယ်။ အလုပ်ချိန် ၈နာရီအတွင်းပေါ့။ အထည်ချုပ်သမလေးတွေ တိုက်ပွဲဝင်ကြလို့ ပေးတာ။ နိုင်ငံခြားမထွက်သာသေးတဲ့မိန်းခလေးတွေလေ။ ထွက်သာရင် အိပ်ရေးပျက်ခံ တောင်းနေမှာမဟုတ်ဖူး။ ခု သူတို့က ၄၈၀၀ဟာ ဘယ်လိုမှ မရပ်တည်လောက်လို့ တရက်လုပ်အားခ ၉၈၀၀ တောင်းနေကြပြီ။ 

နယ်မှာက တကယ့်ဆိုးဆိုးဝါးဝါးကြီးတွေ ဖြစ်နေသည်။ တရက်မှ ၃၀၀၀/၄၀၀၀ ပေးတာရယ်။ ခိုင်းချိန်က ၁၂နာရီ ၁၃နာရီ ၁၄နာရီနော်။ ပုံမှန်အလုပ်ချိန် ၈နာရီထဲကကို အလုပ်ရှင်က ၈၀၀၊ ဒါမှမဟုတ် ၁၈၀၀ဖြတ်သုတ်ထားပြီးသား။ အချိန်ပိုက လုပ်အားခ၂ဆဆိုတော့ ၁၂နာရီခိုင်းသူဆိုရင် နောက်ထပ် ၄၈၀၀ ထပ်သုတ်ထားတာလေ။ ၁၃နာရီဆိုရင် ၆၀၀၀။ ၁၄နာရီခိုင်းတဲ့သူဆိုရင် ၇၂၀၀။ အလုပ်ရှင်က အလုပ်သမားဆီက တရက်တရက် တသောင်းနီးနီး ခေါင်းပုံဖြတ်ထားကြတာ။ တရက် အနိမ့်ဆုံးလုပ်အားခ ၄၈၀၀နဲ့တွက်တာနော်။ အဲလောက်နေ့တွက် အဲလောက်အလုပ်ချိန်နဲ့ ဘယ်သူမှ အလုပ်ခွင်မှာ ပျော်ဖို့ မဖြစ်နိုင်ဘူး။ အလုပ်ခွင်ထဲ ရောက်ဖို့လဲ မလွယ်ဘူး။ အဲဒါကြောင့် ခိုးသူ၊ လုသူ၊ ချဲရောင်း ဆေးရောင်းတွေ ပေါလာတာ။ နိုင်ငံခြားသွား အလုပ်လုပ်မလား၊ ဒါဘဲ ရှိတော့တာလေ။ 

အချိန်နဲ့ လုပ်အားခ မှန်မှန်ကန်ကန်မပေးတော့ အချိန်ပိုင်းအလုပ်ဆိုတာလဲ မရှိ။ ပညာရှာရင်း အလုပ်လုပ်လို့မရ။ အကုန် ကမောက်ကမတွေ ဖြစ်လာတာ။ အလုပ်ချိန်နဲ့ လုပ်အားခကို မှန်မှန်ကန်ကန်ဖြစ်အောင် မကြည့်ကြပ်နိုင်ရင် တိုင်းပြည်က ပျက်မှာ၊ သူခိုးသူဝှက်သူသတ်တွေနဲ့ ကန္တာရကြီးဖြစ်လာမှာ။ ဒါဟာ တိုင်းပြည်တွင်းက နေ့စဉ်ကျင့်ခံနေရတဲ့ မုဒိမ်း၊ ကျင့်နေကြတဲ့မုဒိမ်းတခုဘဲလေ။ မုဒိမ်းတန္တထွန်းကားမှတော့ ကန္တာရဖြစ်ရုံကလွဲလို့ ဘာရှိတော့မှာလဲ။
မောင်လူရေး